ကွန်ကရစ် ပန်းချီပိတ်ကားများ

မြန်မာနိုင်ငံ၏ တိမ်မြုပ်နေသော လမ်းဘေးပန်းချီ ရေးဆွဲသူများသည် နိုင်ငံရေးသဘောတရားထက် ပန်းချီပန်းပု အနုပညာ သီအိုရီအခြေခံများကြောင့် စိတ်ခွန်အား ပို၍ဖြစ်စေလျက်ရှိသည်။

ဂျာရတ် ဒေါင်းနင်း ရေးသားသည်။ ဓာတ်ပုံ – မာရို ဗာလီ

ROAR (Release of Artistic Rage) လမ်းဘေးနံရံပန်းချီ အဖွဲ့သားများ နောက်ထပ်ရေးသားမည့် လမ်းဘေးနံရံပန်းချီသည် ၁၉ လမ်းတွင်ရေးမည့် လင်းနို့လူသားပုံနှင့် စူပါမင်းပုံတို့ပင် ဖြစ်သည်။ ယင်းကို ဟောလိဝုဒ်က စပွန်ဆာပေး၍ ရေးသားခိုင်းခြင်း မဟုတ်ပေ။

“ကျွန်တော်တို့က လင်းနို့လူသားနဲ့ စူပါမင်းကို ကြိုက်လို့ ရေးဆွဲတာသာ ဖြစ်ပါတယ်” ဟု ROAR အဖွဲ့ဝင် ဘာ့တ် Bart က ပြောသည်။

အသက် ၂၀ အရွယ်ရှိသော ဘာ့တ်သည် ရန်ကုန်မြို့ရှိ အဆောက်အအုံ နံရံများတွင် ညသန်းခေါင်အချိန် လမ်းဘေးနံရံပန်းချီများ ရေးသားရာတွင် အမည်မဖော်ဘဲ လက်မှတ်သာ ရေးထိုးလေ့ရှိသည်။ သူသည် ကာတွန်းစာအုပ်များနှင့် ပိုကီမွန်ကတ် Pokemon card များကို လေ့လာပြီး ရေးဆွဲခြင်း ဖြစ်သည်။ သူနှင့် နောက်အဖွဲ့သား တစ်ဦးဖြစ်သော နိုင်းမိုက်ခရို 9 Micro တို့သည် နောက်ဆုံးထွက် စတားဝါးစ် Star Wars ဇာတ်ကားကို ကြည့်ရှုနိုင်ရန် နှစ်နာရီနီးပါးပင် တန်းစီစောင့်ခဲ့ကြသည်။

သူတို့သည် ညအချိန် လမ်းဘေးနံရံပန်းချီ ရေးဆွဲရန် ထွက်ခွာချိန်၌ ထိုရုပ်ရှင်ထဲမှ လူကြမ်းဇာတ်လိုက် ကိုင်လို ရင် Kylo Ren ပုံနှင့် ဆေးဘူးများကို ယူဆောင်သွားလေ့ရှိသည်။

ROAR အဖွဲ့ဝင်များသည် ဇာတ်လိုက်သူရဲကောင်း ပုံများကိုသာ ရေးဆွဲနေခြင်း မဟုတ်ပေ။ သူတို့သည် ပန်းချီပန်းပု အနုပညာ အခြေခံများကို နှစ်ပေါင်းများစွာ လေ့လာနေခြင်း ဖြစ်ပြီး ယင်းတို့ကို မှုတ်ဆေးများနှင့် ကွန်ကရစ်နံရံများကို အသုံးချ ဖော်ထုတ်နေကြခြင်း ဖြစ်သည်။ ၎င်းတို့၏ အလုပ်သည် အိမ်ခေါင်မိုးများ၊ အမှိုက်ကန်များ၊ လမ်းဘေးဓာတ်တိုင်များတွင် အရောင်များ၊ မျဉ်းကြောင်းများကို အသုံးပြု ရေးဆွဲရခြင်း ဖြစ်ပြီး အတော်အတန် အာရုံစိုက်ရသော အလုပ်ဖြစ်သည်။ တစ်ခါတစ်ရံတွင် စီးပွားရေးလုပ်ငန်းများက စပွန်ဆာပေးပြီး ရေးဆွဲခိုင်းသည်များ ရှိသည်။

၎င်းတို့အဖွဲ့တွင် သုံးဦးပါဝင်ပြီး ရန်ကုန်ရှိ အခြား လမ်းဘေးနံရံပန်းချီ ရေးသူများကဲ့သို့ပင် ကိုယ်ရေးချင်သော ပုံကိုသာ ရေးဆွဲကြခြင်း ဖြစ်သည်။ အနုပညာဆိုင်ရာ ဖန်တီးမှုများကို ချိုးနှိမ်တားမြစ်လေ့ရှိသော မြန်မာနိုင်ငံတွင် လမ်းဘေးနံရံပန်းချီ ရေးဆွဲသူများသည် ဆန့်ကျင်ဟန့်တားသူများ အာဏာပိုင်များကို ရင်ဆိုင်နေရသဖြင့် ဖွံ့ဖြိုးတိုးတက်မှု မရှိခဲ့ပေ။ ၎င်းတို့သည် နံရံများကိုသာ ပိတ်ကားများအဖြစ် အသုံးပြုနေရဆဲ ဖြစ်သည်။

typeof=

ကင်းဗတ်နှင့် ဆေးဘူး

မြန်မာနိုင်ငံတွင် နာမည်အကြီးဆုံး လမ်းဘေးနံရံပန်းချီကို ပြောပါဆိုလျှင် ၂၀၁၂ ခုနှစ်၌ အမေရိကန် သမ္မတ လာရောက်မလည်ပတ်မီက ရေးဆွဲခဲ့သော သမ္မတ အိုဘားမား ပုံတူပန်းချီဖြစ်သည်ဟု ROAR အဖွဲ့သားများက ပြောသည်။

“ဒါက အသေအချာ ပစ်မှတ်ထား ရေးဆွဲခဲ့တာပါ။ ရေးဆွဲတဲ့သူက အိုဘားမား လာမယ်ဆိုတာ သိတယ်။ အိုဘားမားပုံဆွဲရင် မီဒီယာရဲ့ အာရုံစိုက်မှု ရမယ်ဆိုတာ သိတယ်။ သူက လမ်းဘေးနံရံ ပန်းချီလို့ ပြောလို့ရအောင် မှုတ်ဆေးကိုပဲ သုံးထားတယ်။ ဒါက တကယ့် လမ်းဘေးပန်းချီ စစ်စစ် မဟုတ်ပါဘူး။ လမ်းဘေးပန်းချီဆိုတာ ကိုယ့်အတွက်ပဲ ကိုယ်ဆွဲကြတာပါ” ဟု ဘာ့တ်က ပြောသည်။

Yangon Street Association ၏ လမ်းဘေးပန်းချီအဖွဲ့ဝင် ကိုတိုးက မြန်မာနိုင်ငံမှ လမ်းဘေးအနုပညာရှင် အများစုသည် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ အနုပညာဖန်တီးခြင်းမှလွဲ၍ အခြားရည်ရွယ်ချက် မရှိကြကြောင်း ဆိုသည်။

ဖျက်ဆီးလို၊ ရမ်းကားလို၍ ရေးဆွဲသူများအကြောင်း မေးမြန်းကြည့်ရာ သူက “နည်းနည်းပါးပါးပါ၊ ငါးယောက် ခြောက်ယောက်လောက်တော့ ရှိပါလိမ့်မယ်။ ကျန်တဲ့လူတွေက သူတို့အနုပညာ သူတို့ ဖန်တီးလိုကြတာပါ” ဟု ပြောပြသည်။

YSA သည် မြန်မာနိုင်ငံ၏ လမ်းဘေးပန်းချီ ရေးဆွဲမှု အစဉ်အလာကို ထိန်းသိမ်းလာသည့် အဖွဲ့အစည်း ဖြစ်သည်။ အထက်တန်းကျောင်းသားဘဝက အင်တာနက်ကဖီးများတွင် လမ်းဘေးပန်းချီများကို လိုက်လံရှာဖွေပြီး ရေးဆွဲသူများနှင့် ချိတ်ဆက်နိုင်ရန် ဘာ့တ် ကြိုးပမ်းခဲ့စဉ်က YSA သည် သူ၏ စံပြအဖွဲ့အစည်း ဖြစ်ခဲ့သည်ဟု ဆိုသည်။

typeof=

ဘာ့တ်က သူအထက်တန်းကျောင်းတက်စဉ် လမ်းဘေးပန်းချီများ ယခုထက် ပိုမို များပြားကြောင်း ဆိုသည်။ ဗြိတိသျှ လမ်းဘေးအနုပညာရှင် ဘင်စကီသည် မြန်မာနိုင်ငံမှ အထက်တန်း ကျောင်းသားကလေးများကို လမ်းဘေးပန်းချီများ ရေးဆွဲဖို့ အချင်းချင်း တွေ့ဆုံကြရန်နှင့် ယင်းတို့ကို ဖေ့စ်ဘွတ်တွင် ဝေမျှကြရန် စေ့ဆော် ပေးခဲ့သည်။ သင်္ဃန်းကျွန်းမြို့နယ်ရှိ အီးဂဲလ် ဂါးဒင်း Eagle Garden စကိတ်ကွင်းသည် ၎င်းတို့ ဆုံစည်းစုဝေးရာ နေရာ ဖြစ်ခဲ့သည်။ သို့သော် ယင်းမှာ ဖျက်သိမ်းခံရပြီး လမ်းဘေးပန်းချီ ရေစီးကြောင်းသည်လည်း ယင်းနှင့်အတူ တိမ်ကောသွားခဲ့သည်။

“အဲဒီတုန်းက ကျွန်တော်တို့တွေ ပိုပြီး တပူးတွဲတွဲ ရှိခဲ့ကြတယ်။ လမ်းတွေပေါ်မှာလည်း လမ်းဘေးနံရံပန်းချီတွေ အတော်များများ ရှိခဲ့တယ်။ အခုတော့ လူတွေက အသက်ကြီးလာပြီး အလုပ်အကိုင်တွေလည်း ကိုယ်စီ ရကုန်ကြပြီဆိုတော့ မလုပ်ဖြစ်ကြတော့ဘူး” ဟု ဘာ့တ်က ပြောပြသည်။

ROAR အဖွဲ့ဝင် နိုင်း မိုက်ခရိုကလည်း “ကျွန်တော်တို့ ရူးသွပ်ခဲ့ကြတာပေါ့” ဟု ကြားဖြတ်ဝင်ပြောသည်။

လမ်းဘေးအနုပညာရှင်များ တဖြည်းဖြည်း နည်းပါးလာသည်ကို ကိုတိုးက လက်ခံသည်။ သို့သော် ကျန်ရစ်နေသော အနုပညာရှင်များသည် ပိုမို စွဲလမ်းခုံမင်သူများ ဖြစ်ကြသည်ဟု ဆိုသည်။ လမ်းဘေးနံရံပန်းချီ ရေးဆွဲရာသို့ ဂီတပညာရှင်များ၊ ရုပ်ရှင်သမားများ၊ ပါရမီရှင် အနုပညာသမားများဖြစ်သည့် ROAR အဖွဲ့ဝင် အသက် ၃၈ နှစ်ရှိ ဝဏ္ဏတို့ကဲ့သို့သော လူများ လာရောက်တတ်သည်။ ဝဏ္ဏသည် ROAR အဖွဲ့တွင် အသက်အကြီးဆုံးဖြစ်ပြီး ကွန်ကရစ်ပေါ်၌ မှုတ်ဆေးဖြင့် လမ်းဘေးပန်းချီ မဆွဲခင်ကတည်းက ကျွမ်းကျင်ပညာရှင် ပန်းချီဆရာ၊ ဂရပ်ဖစ် ဒီဇိုင်းနာ တစ်ဦးဖြစ်သည်။

ဤနည်းအားဖြင့် လမ်းဘေးပန်းချီများသည် အခြားအနုပညာပုံစံများနှင့် ပိုမိုတူညီလာပြီး မူရင်းအနေအထားကို ဖျက်ဆီးသော သဘောမပါဘဲ ကိုယ့်ကိုယ်ကိုယ် ဖော်ကျူးပြသမှုများ ပိုမိုပါဝင်လာသည်။

ကိုတိုး၏ YSA အဖွဲ့သားများသည် နံရံများကို ပိုမိုဆွဲဆောင်မှု ရှိလာအောင် ပြုလုပ်ရန်သာ ရည်ရွယ်လေ့ရှိကြသည်။ ယင်းအဖွဲ့သည် ဘုန်းကြီးကျောင်းများ၊ ခရစ်ယာန် ဘုရားရှိခိုးကျောင်းများကို လုံးဝ မထိချေ။ ထို့ပြင် ကလောမြို့နှင့် တောင်ကြီးကဲ့သို့သော မြို့ကြီးအချို့တွင်လည်း ရေးဆွဲခြင်း မရှိပေ။ “မြို့က လှပြီးသား ဖြစ်နေရင် ကျွန်တော်တို့ မဆွဲပါဘူး” ဟု ကိုတိုးက ပြောသည်။

“တစ်ခါတရံကျရင် ကျွန်တော်တို့က စနစ်တွေကို ဖျက်ဆီးပစ်ဖို့ တမင်ရည်ရွယ် ကြိုးပမ်းပါတယ်။ ဘာလို့လဲဆိုတော့ တချို့စနစ်တွေက တကယ်အသုံးမကျလို့ပါ” ဟု ကိုတိုးက ပြောပြသည်။

လမ်းဘေးနံရံပန်းချီ ဆိုသည်မှာ နိုင်ငံရေးနှင့် မပတ်သက်သင့်၊ တော်လှန်ပြောင်းလဲခြင်းနှင့် မစပ်ဆိုင်သင့်ဟု ကိုတိုးက မယုံကြည်ချေ။ လမ်းဘေးပန်းချီ၏ နောက်တွင် အကျိုးဆက် သတင်းစကား မပါလျှင် ပြီးသည်ဟု ဆိုသည်။ အိုဘားမား၏ ပုံတူကို ဆွဲခဲ့သော အနုပညာရှင်အတွက် သူသည် ဘာ့တ်ထက်ပင် ပိုမို စာနာမိသူဖြစ်သည်။ ထိုသို့သော လုပ်ရပ်သည် လမ်းဘေးနံရံပန်းချီ၏ အစဉ်အလာ သရုပ်သကန်ကို  အမြတ်ထုတ်ခြင်းဖြစ်ပြီး ယင်းသရုပ်သကန်ကို ပျက်စီးစေသည် ဟုဆိုသည်။

“နောက်တမျိုးကတော့ အစိုးရမဟုတ်ပါဘူး။ လူ့အဖွဲ့အစည်းပဲ ဖြစ်ပါတယ်။ လူတွေက လမ်းဘေးနံရံပန်းချီကို အနုပညာလို့ မမြင်ကြဘူး။ ဖျက်လိုဖျက်ဆီး လုပ်ရပ် တစ်ခုလို့ပဲ မြင်ကြတယ်။ ဂရပ်ဖစ်တီဆိုတဲ့ လမ်းဘေးနံရံပန်းချီဟာ ရမ်းကားဖျက်ဆီးတာ မဟုတ်ကြောင်း သူတို့ကို သက်သေပြဖို့ ကျွန်တော်တို့ ဂရပ်ဖစ်တီပြပွဲတွေ လိုအပ်ပါတယ်” ဟု ကိုတိုးက ပြောပြသည်။

typeof=

ဘောင်အတွင်းက ဖျက်ဆီးရေးဆွဲသူများ

ဂရပ်ဖစ်တီ အနုပညာရှင် ကိုစေတန်သည် အခြားသူများ၏ ထင်မြင်ယူဆချက်ကို ဂရုမစိုက်သူ ဖြစ်သည်။ သူသည် ရန်ကုန်တက္ကသိုလ် အနုပညာကျောင်းသား တစ်ဦးဖြစ်ပြီး သူနှင့် သူ့ သူငယ်ချင်းများသည် ကျောင်းဝင်းတွင်းရှိ ရုပ်တုတစ်ခုကို အရက်မူးကာ ဖျက်ဆီးခဲ့မှုဖြင့် ကျောင်းထုတ်ခံခဲ့ကြရသည်။ သူက အဆိုပါ ရုပ်တုကြီးကို သူတို့၏ စိတ်ထဲတွင် ကြောက်မက်ဖွယ် ကောင်းသည်ဟု မြင်မိကြောင်း ပြောပြသည်။ သို့သော် သူသည် သူ့အတွက် ကာကွယ်ပြောဆိုခြင်း မရှိပေ။ သူသည် အနုပညာကို သဘောတရား အယူအဆ တစ်ရပ်အဖြစ် လက်ခံထားခြင်း မဟုတ်ကြောင်း၊ ပုံဆွဲချင်သည့် စိတ်သာ သူ့တွင် ရှိနေခြင်းဖြစ်ကြောင်း သူက ဆိုသည်။

ကိုစေတန်သည် ကုမ္ပဏီကြီးများက ချီးမြှင့်သည့် ဉာဏ်ပူဇော်ခ အမြောက်အမြား ယူကာ ရေးဆွဲနေသူလည်း ဖြစ်သည်။ သို့သော် သူသည် သူရေးဆွဲလိုသော ပုံများကိုသာ လက်ခံရေးဆွဲတတ်သည်။ ယင်းပုံများသည် သစ်ပင်ပုံများ၊ လူပုံများနှင့် သူဝတ်ထားသည့် ခါးပတ်ခေါင်းမှ နွားခေါင်းပုံ စသည်ဖြင့် သူကြိုက်နှစ်သက်ရာကိုသာ ရေးသည်။

“ကျွန်တော့်မှာ နှစ်ကြိမ်ပြန်တွေးစရာ အကြောင်းမရှိပါဘူး။ သူတို့မကြိုက်ရင် အဲဒီအပေါ်ကနေ ဆေးပြန်သုတ်လို့ ရပါတယ်။ တစ်ခါက ကျွန်တော် လှည်းတန်းလမ်းဆုံမှာ မျောက်ပုံ ရေးဆွဲနေတော့ အဖွားတစ်ယောက်က လာပြောတယ်။ နင်ဘာလို့ ဒါကို ဖျက်ဆီးနေတာလဲတဲ့။ ဒါမျိုးလုပ်ချင်ရင် ကိုယ်အိမ်မှာ ကိုယ်ဆွဲပါလားလို့ လာပြောတယ်။ ကျွန်တော်က ပြန်ပြောလိုက်တယ်။ ကျွန်တော့်အိမ်မှာ ဆွဲထားတာတွေ များလွန်းလို့ နေရာမရှိတော့ဘူးလို့ ပြန်ပြောလိုက်တယ်” ဟု ကိုစေတန်က ပြောပြသည်။

typeof=

ဂရပ်ဖစ် ရေးဆွဲဖို့ နေရာရှာဖွေရန် တွန်းအားပေးမှုများသည် ရန်ကုန်တွင် တိုးပွားလာလျက် ရှိသည်။ ၂၀၁၅ ဒီဇင်ဘာလတွင် ပြင်သစ်ယဉ်ကျေးမှုဌာန French Institute သည် ပထမဆုံးသော ရန်ကုန် လမ်းဘေးပန်းချီ ပွဲတော် Yangon Street Art Festival ကို ကျင်းပပေးခဲ့သည်။ ယင်းမှာ တူးဗို့ Tuborg ဘီယာက ကုန်ကျခံ ကျင်းပပေးသော ပြပွဲတစ်ခု ဖြစ်သည်။ ထိုပွဲကို ကူညီစီစဉ်ပေးခဲ့သော အယ်လိုဒီ ဆော့ဆက် Elodie Sobczak က ပြောကြားရာတွင် ရန်ကုန်တွင် တိုးတက်လာသော အနုပညာပုံစံများ၌ ဂရပ်ဖစ်တီသည်လည်း နေရာတစ်ခု ရရှိနေသေးသည် ဟူ၏။ သို့သော် ယင်းနေရာ ဆက်လက်တည်တံ့နိုင်ရန် အသက်ရှူပေါက် လိုအပ်နေသေးသည်ဟု ဆိုသည်။

“ဒီလိုမြို့ကြီးတစ်ခုဟာ ဂရပ်ဖစ်တီကို လက်ခံပေးရင် အများကြီး ပြောင်းလဲသွားမှာပါ။ အထူးသဖြင့် ဂရပ်ဖစ်တီ အနုပညာရှင်တွေအတွက် ဖြစ်ပါတယ်။ သူတို့ရဲ့ အနုပညာတွေကို ပြသနိုင်ဖို့ တရားဝင် နေရာတစ်ခု သူတို့ လိုအပ်နေတာပါ” ဟု မစ္စ ဆော့ဆက်က ပြောသည်။

သို့သော် သူသည် အကောင်း မြင်လျက်ရှိသည်။ “ဒါလည်း ဖြည်းဖြည်းချင်းတော့ ပြောင်းလဲလာနေပါတယ်” ဟု သူက ဆိုသည်။

ROAR အဖွဲ့ဝင်များအတွက်မူ ယင်းပြောင်းလဲမှုသည် ကုမ္ပဏီများထံမှ ချီးမြှင့်ငွေများ၊ တရားဝင် ပြပွဲများ အသွင်ဖြင့် ရောက်ရှိလာသည်။ သူတို့သည် သူတို့လုပ်ချင်သော အလုပ်ကို လုပ်နေရလျှင် အလုပ်အတွက် ငွေရသည် မရသည်ကို သိပ်ဂရုမထားကြတော့ချေ။

တစ်ခါက သူတို့သည် မော်လမြိုင်တွင် ကျင်းပသော အနုပညာပွဲတော် တစ်ခု၌ ပါဝင်ဆင်နွှဲအပြီးတွင် ရုပ်ပုံများကို ဆက်လက်ဆွဲနေခဲ့သည်။ “အဲဒီည ပွဲတော်အပြီးမှာ ကျွန်တော်တို့ တစ်မြို့လုံးကို ရုပ်ပုံတွေ လိုက်ဆွဲပစ်လိုက်တယ်” ဟု ဘာ့တ်က ပြောပြသည်။

“ကျွန်တော်တို့က ငယ်ငယ်ကတည်းက ပုံဆွဲချင်တဲ့ ကလေးတွေအဖြစ်ကနေ ကြီးပြင်းလာတာပါ” ဟု နိုင်း မိုက်ခရိုက ပြောသည်။

typeof=

သူတို့၏ အကောင်းဆုံး ဂရပ်ဖစ်တီလက်ရာသည် ရှာဖွေရ အခက်ဆုံးများထဲမှ တစ်ခုဖြစ်သည်။ ယင်းကို ရန်ကုန်မြို့ အရှေ့တောင်ဘက်ရှိ ကွန်ဒိုအဆောက်အအုံ တစ်ခု၏ ခေါင်မိုးတွင် ရေးဆွဲထားခြင်း ဖြစ်သည်။ ယင်းမှာ စိတ္တဇပန်းချီစာလုံးများနှင့် ROAR ဟူသော စကားလုံးကို မြန်မာအင်္ဂလိပ် အက္ခရာနှစ်မျိုးဖြင့် ရေးဆွဲထားခြင်း ဖြစ်သည်။ ယင်းမှာ ဘာ့တ်၊ နိုင်း မိုက်ခရိုနှင့် ဝဏ္ဏတို့ သုံးဦးစလုံး၏ ရေးဟန်များကို စုစည်းတွေ့ရှိရခြင်း ဖြစ်သည်။

ဘာ့တ်က အားလပ်ရက်ယူ၍ စင်ကာပူမှ ပြန်လာစဉ် သုံးဦး ပြန်လည်ဆုံစည်းသော အထိမ်းအမှတ်အဖြစ် ရေးဆွဲခဲ့ကြခြင်း ဖြစ်သည်။ ROAR အဖွဲ့သားများသည် ထိုသို့ သုံးဦးစလုံး ဆုံစည်း၍ ရေးဆွဲမည့် ဂရပ်ဖစ်တီ ပန်းချီကားများ မည်မျှထပ်ဆွဲနိုင်ကြဦးမည်ကို မသိရှိရသေးပေ။ ဘာ့တ်ကမူ ဂရပ်ဖစ်တီ ရေးဆွဲသည့် အလုပ်ကိုသာ ဆက်လုပ်သွားမည်ဟု ဆိုသည်။

သူက ဂရပ်ဖစ်တီကို အနုပညာလောကထဲသို့ ဆွဲသွင်းနိုင်ရန် ကြိုးပမ်းလိုသည်။ သူက နယူးယော့ခ်နှင့် လော့စ် အိန်ဂျလိစ်တို့မှ ဂရပ်ဖစ်တီ ရေးဆွဲသူများကဲ့သို့ လုပ်ဆောင်လိုကြောင်း၊ ထိုသို့လုပ်ဆောင်နိုင်ရန် အမေရိကန်ပြည်ထောင်စုသို့ သွားရောက်ရမည်ဆိုလျှင်ပင် သွားလိုကြောင်း ဆိုသည်။

“ရန်ကုန်က ကျွန်တော်တို့လို ဂရပ်ဖစ်တီ ပန်းချီသမားတွေ လုပ်ချင်တဲ့ နည်းလမ်းမျိုး လုပ်နိုင်ဖို့ အထောက်အကူ ပေးနိုင်တာမျိုး မရှိဘူး။ ကျွန်တော်တို့မှာ ကြံရာမရ ဖြစ်နေဆဲပါပဲ” ဟု ဘာ့တ်က ညည်းတွားသည်။

သို့ရာတွင် သူသည် သူရေးဆွဲလိုသည်များကို ဆက်လက်ရေးဆွဲနေမည်သာ ဖြစ်သည် ဆို၏။

ဤဆောင်းပါးကို မာရို ဗာလီ ကူညီရေးသားသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar