Soe Than Lynn
နေပြည်တော်
ရခိုင်အမျိုးသားပါတီ၏ ခေါင်းဆောင်က နိုဝင်ဘာ ၈ ရွေးကောက်ပွဲတွင် အမျိုုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ရှုံးနိမ့်ခဲ့ရသော်လည်း လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ထပ်မံယှဉ်ပြိုင်သွားရန် မေ ျှာ်လင့်ထားသည်ဟု ပြောကြားသည်။
“ကျွန်တော် နောက်တစ်ကြိမ် ထပ်ကြိုးစားသွားမှာပါ။ ကြားဖြတ်ရွေးကောက်ပွဲမှာပေါ့”ဟု လက်ရှိ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဒေါက်တာအေးမောင်က Frontier ကို ဒီဇင်ဘာ ၁၇ က ပြောကြားသည်။ ၎င်းသည် ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့သည်။
ဒေါက်တာအေးမောင်သည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နေရာအတွက် မေ ျှာ်မှန်းထားသူတစ်ဦးဖြစ်သည်ဟု သိထားကြသည်။ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်တွင်း လွှတ်တော်ကိုယ်စားလှယ် ၃၅ နေရာရှိသည့်အနက် ရခိုင်အမျိုးသားပါတီက ၂၂ နေရာ အနိုင်ရရှိခဲ့သည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ကိုးနေရာနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက သုံးနေရာ အနိုင် ရရှိခဲ့သည်။
အမျိုးသားရေးစိတ်ဓာတ်ပြင်းထန်သည့် ရခိုင်အမျိုးသားပါတီက အစိုးရသစ်အနေဖြင့် ရခိုင်ပြည်နယ်၏ ဝန်ကြီးချုပ်အသစ်ကို ပါတီဝင်များထဲမှ တစ်ဦးအား ခန့်အပ်စေလိုကြသည်။ ဝန်ကြီးချုပ်နေရာအတွက် ပါတီဝင်တစ်ဦးကို စဉ်းစားထားပြီးဖြစ်သည်ဟုလည်း ဒေါက်တာအေးမောင်က ပြောသည်။
“ဝန်ကြီးချုပ်ကို ကျွန်တော်တို့ ပါတီထဲက ခန့်အပ်တာကို သူတို့ ခွင့်ပြုသင့်တယ်။ ဘာလို့လဲဆိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဦးတည်ချက်က ဒီမိုကရက်တစ်လမ်းစဉ်နဲ့ ဖယ်ဒရယ်စနစ်ကို မြှင့်တင့်ဖို့ဖြစ်တယ်လေ။ ကျွန်တော်တို့ပါတီက ပြည်နယ်ထဲမှာ နေရာအများဆုံး အနိုင်ရရှိထားတာ” ဟု ၎င်းကပြောသည်။
“ဝန်ကြီးချုပ်နောက်မှာ ကျွန်တော်ရှိနေမှာပါ။ အထက်မှာတော့ မဟုတ်ပါဘူး” ဟု ဒေါက်တာအေးမောင်က ပြောသည်။
မြန်မာနိုင်ငံ၏ အဆင်းရဲဆုံးနှင့် ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးပြည်နယ်တစ်ခုဖြစ်သည့် ရခိုင်ပြည်နယ်အနေဖြင့် ပြည်နယ်တွင်းမှ ထွက်ရှိသော သဘာဝအရင်းအမြစ်များ ရောင်းချမှုမှ ရရှိသည့် ငွေများထဲမှ ပြည်နယ်အတွက် ပိုမိုရရှိရန် ပါတီက တောင်းဆိုထားသည်။ ရခိုင်ပြည်နယ်တွင် သဘာဝဓာတ်ငွေ့အရင်းအမြစ် အများအပြားတည်ရှိနေသည်။
သဘာဝရင်းမြစ်များကို ပိုမိုမ ျှတစွာ ရယူသုံးဆွဲရေးနှင့် လုံခြုံရေးအစီအမံများ တိုးမြှင့်ခြင်းက ရခိုင်တိုင်းရင်းသားဒေသခံများအတွက် ပိုမိုကောင်းမွန်သည့် အနာဂတ်ကို ပေါ်ထွန်းစေမည်ဟု ဒေါက်တာအေးမောင်က ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးစဉ်က ပြောကြားခဲ့ဖူးသည်။
ရခိုင်ပြည်နယ်မှ ဘင်္ဂါလီလူမျိုးများအရေးသည် နောက်တက်လာမည့် ပြည်ထောင်စုအစိုးရအသစ်အတွက် ခေါင်းခဲစရာ ပြသနာတစ်ခု ဖြစ်လာဖွယ်ရှိနေသည်။
“သူတို့က ရခိုင်ပြည်နယ်မှာ နေထိုင်ကြတဲ့ ဘင်္ဂါလီတွေပါ။ လက်ရှိဥပဒေအရ သူတို့ကို နိုင်ငံသားအဖြစ် လျောက်ထားကြဖို့အတွက် ကျွန်တော်တို့တိုက်တွန်းပါတယ်။ လက်ရှိဥပဒေအရဆို ရှိနေတဲ့ ၅၀ ရာခိုင်နှုန်းလောက်က နိုင်ငံသားကတ်တွေ ရပြီးကြပြီလို့ ကျွန်တော်ထင်ပါတယ်” ဟု ဒေါက်တာအေးမောင်က ပြောသည်။