ကြားဖြတ်ရွေးကောက်ပွဲကို ဧပြီ ၁ ရက်နေ့ ကျင်းပမည်

နေပြည်တာ်၊ အောက်တိုဘာ ၁၁

ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၇ ခုနှစ် ဧပြီ ၁ ရက်နေ့မှာ ကျင်းပ ပြုလုပ်မယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဒီနေ့ ကြေညာလိုက်ပါတယ်။

မဲဆန္ဒရှင်စာရင်း ကွင်းဆင်း ကောက်ခံတာတွေကို မကြာခင် စတင်တော့မယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ အတွင်းရေးမှူး ဦးတင်ထွန်းက Frontier ကို အောက်တိုဘာ ၁၀ ရက်နေ့က အတည်ပြုပြောကြားပြီး နောက်တစ်ရက်မှာပဲ ကျင်းပမယ့်ရက်ကို အတည်ပြုထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအပြီး အစိုးရအဖွဲ့အသီးသီးနဲ့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေမှာ တာဝန်ထမ်းဆောင်ကြရလို့ လစ်လစ်သွားတဲ့ မဲဆန္ဒနယ်မြေတွေအတွက် ကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပရမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်တွေအရ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ ပြည်နယ်လွှတ်တော်တွေအတွက် ကိုယ်စားလှယ်နေရာ စုစုပေါင်း ၁၈ နေရာ လစ်လပ်တယ်လို့ သိရပါတယ်။

ပြည်သူ့လွှတ်တော်အတွက် ရန်ကုန်တိုင်းဒေသကြီးမှာ ကော့မှူး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ ဒဂုံမြို့သစ်(အရှေ့)၊ လှိုင်သာယာ မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးမှာ မုံရွာမဲဆန္ဒနယ်၊ မွန်ပြည်နယ်၊ ချောင်းဆုံမဲ ဆန္ဒနယ်နဲ့ ရခိုင်ပြည်နယ်၊ အမ်းမဲဆန္ဒနယ်၊ ရှမ်းပြည်နယ် မိုင်းရှုး၊ ကျေးသီးမဲဆန္ဒနယ်တို့ ပါဝင်ပြီး စုစုပေါင်း ကိုးနေရာဖြစ်ပါတယ်။

အမျိုးသားလွှတ်တော်မှာ စုစုပေါင်းလစ်လပ်နေရာ သုံးနေရာဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးက ကမာရွတ်၊ လှိုင်၊ ကြည့်မြင်တိုင်၊ လသာ၊ လမ်းမတော်၊ အလုံ၊ ဆိပ်ကမ်းမြို့နယ်တွေ အကျုံးဝင်တဲ့ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၆၊ ချင်းပြည်နယ်၊ ထန်တလန်မဲဆန္ဒနယ်၊ ပဲခူးတိုင်းဒေသကြီးမှာရှိတဲ့ ညောင်လေးပင်၊ ကျောက်တံခါး မြို့နယ်တွေ ပါဝင်တဲ့ အမှတ် ၄ မဲဆန္ဒနယ် တို့ပါဝင်ပါတယ်။

ပြည်နယ်လွှတ်တော် လစ်လပ်နေရာ ခြောက်နေရာကတော့ ကယားပြည်နယ် ဖရူဆိုမဲဆန္ဒနယ်အမှတ် ၁၊ ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ် အမှတ် ၂၊ ကျေးသီးမြို့နယ် အမှတ် ၁၊ ၂ ၊ မိုင်းရှုးမြို့နယ် အမှတ် ၁၊၂ မဲဆန္ဒနယ်တွေ ဖြစ်ပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့လို အင်အားကြီးပါတီတွေကလည်း လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ နေရာအားလုံး ဝင်ပြိုင်နိုင်ဖို့နဲ့ ရာနှုန်းပြည့်အနိုင်ရဖို့ ပြင်ဆင်နေကြပြီဖြစ်ပါတယ်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar