ရန်ကုန်၊ ဧပြီ ၁
ကြည့်မြင်တိုင်မြို့နယ်ရှိ မဲရုံတစ်ခုတွင် မှတ်ပုံတင်မပါရှိသည့် အမျိုးသမီးတစ်ဦးအား ဆန္ဒမဲပေးရန် မဲရုံအတွင်းသို့ တာဝန်ရှိသူများက တားမြစ်ခဲ့ပြီးနောက် မဲပေးရန် လာရောက်စဉ် မှတ်ပုံတင်ယူဆောင်လာရန် လိုမလို မေးခွန်းထုတ်မှု ပေါ်ထွက်ခဲ့သည်။
ယနေ့ကျင်းပနေသည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ကြည့်မြင်တိုင်မြို့နယ်၊ မဲရုံ ၁၊ ၂ နှင့် ၃ ဖွင့်လှစ်ထားသည့် နေရာတွင် ရဲအရာရှိဟု သိရသော အမျိုးသမီးတစ်ဦးက မဲလာပေးရာတွင် ၎င်း၏ မှတ်ပုံတင်ကို ယူဆောင်လာခြင်း မရှိသည့်အတွက် မဲရုံတာဝန်ရှိသူများက တားမြစ်ခဲ့ခြင်း ဖြစ်သည်။
ကြားဖြတ် ရွေးကောက်ပွဲတွင် အမှားကင်းစွာ ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ယူ ဆောင်လာရန် မဲဆန္ဒရှင်များအား ကြိုတင်အသိပေးထားပြီးဖြစ်ကြောင်း ကြည့်မြင်တိုင်မြို့နယ်၊ ရပ်ကွက် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးမြတ်မော်က Frontier ကို ပြောကြားသည် ။
“ကြားဖြတ် ရွေးကောက်ပွဲမှာ အမှားအယွင်းမရှိအောင်၊ ဒါမျိုးတွေကို ကာကွယ်ချင်လို့ ကျွန်တော်အနေနဲ့ နိုင်ငံသား ကတ်ပြားများကို ယူဆောင်လာစေဖို့ရန် စီစဉ်ခဲ့ခြင်းဖြစ်ပါတယ်” ဟု ၎င်းက ပြောသည် ။
မဲဆန္ဒရှင်များက များသောအားဖြင့် ဆန္ဒမဲလက်မှတ်များအား ကိုယ်တိုင် လာရောက် မထုတ်ယူပဲ မိသားစုဝင်များကတစ်ဆင့် ထုတ်ယူလေ့ရှိကြကြောင်း ၎င်းက ပြောကြားသည်။
ထို့ကြောင့် မဲပေးခွင့်လက်မှတ် ပျောက်ဆုံးခဲ့ပြီး တစ်စုံတစ်ဦးက ထိုလက်မှတ် လာရောက်မဲပေးခြင်းမျိုး ရှိလာနိုင်သည့်အတွက် နိုင်ငံသား စိစစ်ရေးကတ်၊ သို့မဟုတ် ဝန်ထမ်းကတ်ကဲ့သို့ အထောက်အထား ယူဆောင်လာသင့်သည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။
“ကျွန်တော်တို့တာဝန်ရှိသူတွေအားလုံးက သူမကို မသိကြဘူး။ ဒါ့ပြင် သူမမှာ သက်သေအထောက်အထား တစ် စုံတစ်ရာ ပြစရာမရှိဘူး” ဟု ဥိးမြတ်မော်က ဆက်လက်ပြောကြားသည်။ ထို့ကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ သို့မဟုတ် နီးစပ်ရာ ရဲအရာရှိတစ်ဦးက တာဝန်ယူပေးနိုင်ပါက မဲပေးခွင့် ပြုသွားမည်ဟု ၎င်းကပြောကြားခဲ့သည်။
အဆိုပါဖြစ်ရပ်ကို မြင်တွေ့ခဲ့သည့် မဲဆန္ဒရှင်တစ်ဦးက ယခုကဲ့သို့ မှတ်ပုံတင်မပါသဖြင့် မဲပေးခွင့် တားမြစ်ခြင်းမှာ မှန်ကန်သည့်လုပ်ရပ်မဟုတ်ဟု ထောက်ပြပြောဆိုခဲ့သည်။
မဲပေးပိုင်ခွင့်လက်မှတ် ရရှိထားသူတစ်ဦးအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပါမလာပါက မဲပေးခွင့်မရှိဟု ပြဌာန်းထားခြင်းမရှိကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။
“ဆရာတို့အနေဖြင့် ယခုလိုမျိုး တားမြစ်ခြင်းသည်း ရွေးကောက်ပွဲဥပဒေကို ကျော်လွန်၍ လုပ်နေခြင်းတစ်ခုဖြစ် မနေဘူးလား” ဟု ၎င်းက စည်းမျဉ်းများကို ဖတ်ကြားမေးမြန်းခဲ့သည် ။
“ပြီးတော့ တစ်ခြားမဲရုံတွေမှာ နိုင်ငံသားကတ် ကိုင်ဆောင်ဖို့မလိုပဲ မဲဆန္ဒပေးပိုင်ခွင့်ရနေပြီး ဒီမဲရုံတစ်ခုအနေဖြင့် ဒီလိုမျိုးပိတ်ပင်ခြင်း မဖြစ်သင့်ပါဘူး” ဟု ၎င်းက ထောက်ပြခဲ့သည်။
Frontier က ရောက်ရှိခဲ့သည့် မဲရုံများအနက် လှိုင်မြို့နယ် မဲရုံ (၂) တွင်မူ မဲဆန္ဒရှင်များ မဲပေးပိုင်ခွင့် လက်မှတ် ပျောက်ဆုံး၊ သို့မဟုတ် မေ့ကျန်ခဲ့သည်ဆိုပါက ၎င်းတို့ရရှိခဲ့သော ကတ်ပါ နံပါတ်များကို တာဝန်ရှိသူများအား ပြောကြားပြီး ကတ်များ ပြန်လည်ထုတ်ယူကာ မဲပေးခွင့်ပေးနေသည်ဟု ဆိုသည်။
သတင်း-ဆုမြတ်မွန်