ကျွန်းသစ် သူဌေးကြီးတစ်ဦး ချန်ထားရစ်ခဲ့သော အမွေအနှစ်

ကရင်ပြည်နယ်ရှိ ကျေးရွာတစ်ရွာမှ ဘုန်းကြီးကျောင်းတွင်ရှိသော ဗုဒ္ဓကျောင်းဆောင်နှစ်ခုသည် တစ်ချိန်က ဧရာဝတီဖရော်တီလာနှင့် ယှဉ်ပြိုင်မှုတွင် ရှုံးနိမ့်ခဲ့သော ကျွန်းသစ်လုပ်ငန်းရှင် သူဌေးကြီးတစ်ဦး ချန်ထားရစ်ခဲ့သည့် အမွေအနှစ်ဖြစ်သည်။ 

ကျော်ရဲလင်း ရေးသားသည်။

ဓါတ်ပုံများ – စတိဗ် တစ်ခ်နာ

ကရင်ပြည်နယ်မှ အေးဆေးငြိမ်သက်သည့် ကျေးရွာလေးတစ်ရွာသည် ဗုဒ္ဓဘာသာဆိုင်ရာ ယဉ်ကျေးမှု ဗိသုကာလက်ရာများကို ကြည့်ရှုခံစားလိုသော ခရီးသွားများကြား၌ ရေပန်းစားနေသည်။ 

ကော့နတ်ရွာရှိ ဘုန်းကြီးကျောင်းဝင်းအတွင်းမှ အဆောက်အဦးများနှင့် ကျောင်းဆောင်များကို ရက်ရောသော မွန်လုပ်ငန်းရှင် ၃ ဦးက ပြီးခဲ့သည့် ရာစုနှစ်တစ်ခုခန့်က တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ထိုနေရာသည် ဘားအံ့မြို့နယ်တွင် တည်ရှိသော်လည်း မွန်ပြည်နယ်၊ မော်လမြိုင်မြို့နှင့် ပိုမိုနီးစပ်သည်။ 

ထိုဒေသသို့ လာရောက်လည်ပတ်သူ အများစုသည် နိုင်ငံခြား ကမ္ဘာလှည့် ခရီးသွားများဖြစ်ပြီး ရိုးရာနှင့် နိုင်ငံခြား ဗိသုကာလက်ရာများအား ရောစပ် တည်ဆောက်ထားသော ကျောင်းဆောင်များကို လာရောက် ကြည့်ရှုကြခြင်း ဖြစ်သည်။ ထိုနေရာတွင် ၁၈၉၅ ခုနှစ်က တည်ဆောက်ထားခဲ့သည့် သိမ်နှင့် ၁၉၀၂ နှင့် ၁၉၀၄ ခုနှစ်များအကြား တည်ဆောက်ခဲ့သော ကျောင်းဆောင် ၃ ခုနှင့် စေတီ ၂ ခု တို့ကို တွေ့ရှိရသည်။ 

ထိုလုပ်ငန်းရှင်များထဲမှ ၂ ဦးဖြစ်သူ နိုင်ထော်အဲနှင့် နိုင်ထွန်းကျော်တို့သည် ဥရောပနွယ်သည့် Indo-European နှင့် တရုတ်ပုံစံဒီဇိုင်းများကို အသုံးပြုပြီး ဘုန်းကြီးကျောင်းကို တည်ဆောက်ခဲ့သည်။ ကျန်လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် နိုင်နာအောက်ကမူ ဗမာပုံစံ ဒီဇိုင်းဖြင့် ကျောင်းဆောင် ၂ ခုကို တည်ဆောက်ခဲ့သည်။ 

ဓာတ်ပုံ-စတိဗ်တစ်ခ်နာ

ဓာတ်ပုံ-စတိဗ်တစ်ခ်နာ

အသက် ၈၁ နှစ်အရွယ်၊ ၁၉၁၃ ခုနှစ်တွင် ကွယ်လွန်သွားခဲ့သော ဦးနာအောက်သည် သာမန်ဆင်းရဲသော ဘဝမှ သစ်လုပ်ငန်းရှင်သူဌေးကြီး ဖြစ်လာခြင်း ဖြစ်သည်။ 

၁၈၈၅ ခုနှစ်၊ တတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲအပြီး ဗြိတိသျှကိုလိုနီများက မန္တလေးမြို့ကို သိမ်းပိုက်ပြီးချိန်တွင် မန္တလေးရှိ ဘုန်းတော်ကြီးတစ်ပါး၏ အကူအညီဖြင့် ဦးနာအောက်က တော်ဝင် ဗိသုကာပညာရှင်များကို ခေါ်ယူကာ ထိုကျောင်းဆောင်များကို တည်ဆောက်စေခဲ့သည်။ 

ကျောင်းဆောင်များကို ရပ်သပ်ရှုမောဖွယ် အချွန်အတက်များ၊ ကနုတ်ပန်းများ၊ အမိုးတွင် ဘုံအဆင့်ဆင့်ဖြင့် အလှဆင်ထားသည်။ အတွင်းနံရံများတွင် ဗုဒ္ဓဝင်ဇာတ်လမ်းများနှင့် ရှေးဘုရင်များ၏ အကြောင်းအရာများကို သရုပ်ဖော်ထားသည်။ 

အလှဆင်ထားသည့်အရာများကို ရွှေရည်သုတ်လိမ်းထားသောကြောင့် အသစ်အတိုင်းပင် ရှိနေသေးသည်။ ကျောင်းဆောင်သို့ ဝင်ပေါက်ကို ကြေးမုဒ်ဦးဖြင့် အလှဆင်ထားသည်။ အမိုး၏ အစွန်းများတွင် ကနုတ်ပန်းများ ပုံဖော်ထားသည်။ 

တိုင်များ၏ အောက်ခြေတွင် မှန်စီရွှေချထားသော်လည်း ကာလကြာမြင့်ပြီ ဖြစ်သောကြောင့် ပျက်စီးယိုယွင်းနေပြီ ဖြစ်သည်။ ၎င်းတို့ကို အစားထိုး ပြုပြင်ထားသော်လည်း အစားထိုး မှန်စီရွှေချများမှာ နဂိုမူလနှင့် မတူညီဘဲ အရည်အသွေးလည်း ညံ့ဖျင်းလှသည်။ 

ကြမ်းပြင်များ၊ နံရံများ၊ မျက်နှာကြက်များနှင့် တံခါးဘောင်များကိုမူ အရည်အသွေးမြင့် ကျွန်းသစ်များနှင့် ပြုလုပ်ထားပြီး မပျက်စီးသေးပေ။ 

ဓာတ်ပုံ-စတိဗ်တစ်ခ်နာ

ဓာတ်ပုံ-စတိဗ်တစ်ခ်နာ

ကျောင်းဆောင်တစ်ခုတွင် ရပ်တော်မူ ဗုဒ္ဓရုပ်ပွားတော် နှစ်ဆူ ရှိနေသည်။ ရုပ်ပွားတော်တစ်ခုက ၁၅ ပေ မြင့်ပြီး ကျန်တစ်ခုက ၁၄ ပေ မြင့်သည်။ ထိုရုပ်ပွားတော်နှစ်ခုလုံးမှာ ကျွန်းသစ်လုံးတစ်လုံးစီမှ ထွင်းထုထားကြခြင်း ဖြစ်သည်။ 

အရည်အသွေးမြင့် ကျွန်းသစ်များကိုသာ ဦးနာအောက်က အသုံးပြုခဲ့ခြင်းမှာ ထူးဆန်းလှသည်တော့ မဟုတ်ပေ။ ဦးနာအောက် နွားကျောင်းသားဘဝမှ မြန်မာနိုင်ငံ၏ အချမ်းသာဆုံးသူများထဲတွင် ပါဝင်လာခြင်းမှာ ကျွန်းသစ်ကြောင့် ဖြစ်သည်။ 

မွန်လူမျိုးဖြစ်သည့် ဦးနာအောက်ကို ကရင်လူမျိုးများ အများစုနေသော ရွာတွင် ၁၈၃၂ ခုနှစ်က  မွေးဖွားခဲ့သည်။ ၎င်း၏ မိဘများသည် လယ်သမားများသာ ဖြစ်ကြသည်။ ကျောင်းပြီးသွားသောအခါ ဦးနာအောက်က ဒေသတွင်းရှိ သစ်လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် နိုင်ထော်အဲထံတွင် အလုပ်ဝင်ရောက် လုပ်ကိုင်ခဲ့သည်။ နိုင်ထော်အဲက ရန်ကုန်တွင်လည်း ကုမ္ပဏီတစ်ခု တည်ထောင်ထားသည်။ 

ထို့နောက် ဦးနာအောက်၏ ရိုးသားမှု၊ လုံ့လဝီရိယရှိမှုနှင့် ခေါင်းဆောင်မှု အရည်အသွေးတို့ကို နိုင်ထော်အဲက သဘောကျပြီး မန်နေဂျာအဖြစ် ချက်ချင်း ရာထူးတိုးပေးခဲ့သည်။ ဦးနာအောက်က ကိုယ်ပိုင် သစ်လုပ်ငန်း ထူထောင်ချိန်တွင်လည်း နိုင်ထော်အဲက အကူအညီ ပေးခဲ့သည်။ ဦးနာအောက်တစ်ယောက် ကရင်နီ ပြည်နယ်သို့ လုပ်ငန်းချဲ့ထွင်သောအချိန်တွင် အောင်မြင်မှု ရရှိလာခဲ့သည်။ ယနေ့ခေတ်ဆိုလျှင် ကယားပြည်နယ် ဖြစ်သည်။ 

ဓာတ်ပုံ-စတိဗ်တစ်ခ်နာ

ဓာတ်ပုံ-စတိဗ်တစ်ခ်နာ

ဗြိတိသျှတို့က မန္တလေးကို သိမ်းပိုက်ပြီးချိန်တွင် တိုင်းရင်းသားလူမျိုးစုများ နေထိုင်သော အစွန်အဖျား ဒေသများကို ဆက်လက်သိမ်းပိုက်ခဲ့သောကြောင့် ရှမ်းစော်ဘွားများနှင့် တခြားတိုင်းရင်းသား ခေါင်းဆောင်များ လက်နက်ချခဲ့ကြရသည်။ ကရင်နီပြည်နယ်တွင်မူ တစ်ချို့သော အုပ်ချုပ်သူများက ဗြိတိသျှ လက်အောက်သို့ ဝင်ရောက်ရန် ငြင်းဆိုခဲ့ကြသည်။ 

ကရင်နီပြည်နယ်မှ စော်ဘွားတစ်ဦးက ၎င်းပိုင် သစ်တောများနှင့် စိုက်ခင်းများကို ဦးနာအေက်ထံသို့ ဈေးပေါပေါဖြင့် ရောင်းချပြီး ဗြိတိသျှကို ဆက်လက်တွန်းလှန်ခဲ့သည်ဟု ကော့နတ်ရွာမှ သက်ကြီးရွယ်အိုတစ်ဦးဖြစ်ပြီး ဘုန်းတော်ကြီးကျောင်း၏ ဂေါပကအဖွဲ့ဝင်ဖြစ်သော ဦးထွန်းကလေးက ပြောသည်။ 

မိုးလေဝသကြောင့် ဦးနာအောက် ကံကောင်းသွားခဲ့ကြောင်း ၎င်းက ပြန်ပြောင်းပြောပြသည်။ ထိုအချိန်က မိုးများ ဆက်တိုက်ရွာသွန်းခဲ့သောကြောင့် သစ်လုံးများကို သံလွင်မြစ်ကြောင်းအတိုင်း ပို့ဆောင်ပေးရန် လွယ်ကူခဲ့သည်ဟု ၎င်းက ဆိုသည်။ 

“သစ်လုံးတွေက မြစ်ထဲမှာ အလွယ်တကူပဲ ပေါလောပေါ်ပြီး ကော့နတ်ကို ပို့ဆောင်ဖို့ လွယ်ကူသွားတယ်” ဟု ဦးထွန်းကလေးက Frontier ကို နိုဝင်ဘာလအတွင်းက ပြောကြားခဲ့သည်။ 

ဓာတ်ပုံ-စတိဗ်တစ်ခ်နာ

ဓာတ်ပုံ-စတိဗ်တစ်ခ်နာ

ဦးနာအောက်က သစ်လုံးများကို ဘုံဘေဘားမား ကူးသန်းရောင်းဝယ်ရေးကော်ပိုရေးရှင်းထံ ရောင်းချခဲ့ရာ ၈၀ ရာခိုင်နှုန်း အမြတ်အစွန်း ရရှိခဲ့သည်ဟု ၎င်းက ဆိုသည်။ 

ထိုအရာက ဦးနာအောက်၏ “ရွှေခေတ်” အစဖြစ်သည်ဟု ၎င်းကပြောသည်။ နောက်ပိုင်းတွင် ဦးနာအောက်က လုပ်ငန်းများကို ရှမ်းပြည်နယ်ဘက်အထိ တိုးချဲ့ခဲ့သည်ဟုလည်း ဆိုသည်။

ဒါက Nar Auk ဦးနာအောက်ရဲ့ ရွှေခေတ် အစပဲ။ နောက်ပိုင်းမှာ သူက လုပ်ငန်းကို ရှမ်းပြည်ဘက်အထိ တိုးချဲ့ခဲ့တယ်ဟု ဦးထွန်းကလေးက ဆိုသည်။ 

နောက်ပိုင်းနှစ်များတွင် ဦးနာအောက်က စပါးအရောင်းအဝယ် လုပ်ကိုင်ခဲ့သလို လယ်သမားများကို ကူညီလိုသောကြောင့် ငွေချေးလုပ်ငန်းကိုလည်း လုပ်ကိုင်ခဲ့သည်။ 

“အဲဒီလုပ်ငန်းတွေက သူ့အတွက် အမြတ်အစွန်း မရပါဘူး။ ဒါပေမဲ့ လယ်သမားတွေ ချစ်တီးတွေဆီမှာ အကြွေးမတင်ရအောင် သူက ကူညီပေးတာပါ” ဟု ဦးထွန်းကလေးက ပြောသည်။ 

ဓာတ်ပုံ-စတိဗ်တစ်ခ်နာ

ဓာတ်ပုံ-စတိဗ်တစ်ခ်နာ

မြန်မာနိုင်ငံ၏ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးကို ဗြိတိသျှပိုင် ဧရာဝတီဖရော်တီလာကုမ္ပဏီ  (Irrawaddy Flotilla Company) က လက်ဝါးကြီးအုပ် ချယ်လှယ်နေသည်ကို စိန်ခေါ်ရန်အတွက် ၁၉၁၀ ခုနှစ်တွင် ဦးနာအောက်က ကုမ္ပဏီတစ်ခု ထူထောင်ခဲ့သည်။ 

ထို့နောက် ဦးနာအောက်က တူဖြစ်သူကို စကော့တလန်သို့ စေလွှတ်ပြီး McKie & Baxter ထံမှ သင်္ဘော ၉ စီးကို ဝယ်ယူခိုင်းခဲ့သည်။ ထို့နောက် Glasgow မှ ရေကြောင်း အင်ဂျင်နီယာများကိုလည်း ခေါ်ယူခဲ့သလို ယခု မော်လမြိုင်မြို့အနီးတွင် ဆိပ်ကမ်းတစ်ခု တည်ဆောက်ခဲ့သည်။ 

သံလွင်မြစ်အောက်ပိုင်း၊ အထ္တရံမြစ်နှင့် ဂျိုင်းမြစ်ကြောတစ်လျောက် ဦးနာအောက်ပိုင် သင်္ဘောများနှင့် ဧရာဝတီဖရော်တီလာတို့အကြား လုပ်ငန်းယှဉ်ပြိုင်မှုများအကြောင်းကို ယခုထက်တိုင် ဆွေးနွေး ပြောဆိုနေကြဆဲ ဖြစ်သည်ဟု ဦးထွန်းကလေးက ပြောသည်။ 

ကုမ္ပဏီ ၂ ခုက သင်္ဘောစီးနင်းခများကို အပြိုင်အဆိုင် လျှော့ချကြသည့်အပြင် မိမိ၏ သင်္ဘောအား ခရီးသည်များ ပိုမိုရရှိစေရန်အတွက် ခရီးသည်များကို လက်ဆောင်များပင် ပေးခဲ့ကြသည်ဟု ၎င်းက ပြောသည်။ 

“လူတွေ မသိသေးတဲ့အချက်က ဆိပ်ကမ်းတွေမှာ ဦးနာအောက်ရဲ့ သင်္ဘောတွေ ကပ်ခွင့် မရရှိအောင် ဧရာဝတီဖရော်တီလာက ဆိပ်ကမ်းတွေကို ကော်မရှင်တွေပေးပြီး မတရားတဲ့နည်းနဲ့ ယှဉ်ပြိုင်ခဲ့တာပဲ” ဟု ဦးထွန်းကလေးက ပြောသည်။ 

ဓာတ်ပုံ-စတိဗ်တစ်ခ်နာ

ဓာတ်ပုံ-စတိဗ်တစ်ခ်နာ

၎င်းတို့ ပြိုင်ဆိုင်အငြင်းပွားမှုသည် တရားရုံအထိပင် ရောက်ရှိသွားခဲ့သည်။ တရားရုံးတော်က သင်္ဘောလိုင်း နှစ်ခုလုံး ပြည်တွင်းတွင် ပြေးဆွဲပိုင်ခွင့်ရှိကြောင့် ဆိပ်ကမ်းမှ အရင်ထွက်ခွာသော သင်္ဘောသည် နောက်ဆိပ်ကမ်းတွင် ပထမဆိုက်ကပ်ရမည်ဟု ဆုံးဖြတ်ခဲ့သည်။ မလိုက်နာပါက ဒဏ်ငွေဆောင်ရမည်ဟုလည်း ပါရှိသည်။ 

“ဦးနာအောက်ရဲ့ သင်္ဘောတွေက ပိုကောင်းတော့ ဧရာဝတီဖရော်တီလာရဲ့ သင်္ဘောတွေ အမြဲဒဏ်ရိုက်ခံခဲ့ရတယ်” ဟု ဦးထွန်းကလေးက ပြောသည်။ “အဲဒီအချိန်တုန်းက သင်္ဘောဆိုက်ချိန်ဆိုရင် ဆိပ်ကမ်းမှာ ခရီးသည်တွေ ပြည့်ကြပ်နေပြီး ဦးနာအောက်ရဲ နာမည်ကို အော်ဟစ်ပြီး အားပေးကြတယ်” ဟုလည်း ၎င်းက ဆိုသည်။ 

သို့သော် ၂ နှစ်ခန့် အပြင်းအထန် ပြိုင်ဆိုင်ပြီးချိန်တွင် ဦးနာအောက်တစ်ယောက် လက်လျှော့လိုက်ရပြီး သူ၏ သင်္ဘောများကိုလည်း ရောင်းချလိုက်ရသည်။ 

ဦးနာအောက်တွင် ဇနီး ၅ ဦးရှိခဲ့သော်လည်း ကလေးတစ်ယောက်မှ မရရှိခဲ့ဟု ဦးထွန်းကလေးက ပြောသည်။ ရန်ကုန်နှင့် တခြားမြို့များတွင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေသော ဦးနာအောက်၏ တူနှင့် တူမများ၏ မိသားစုဝင်များက ထိုကျောင်းဆောင်ကို ထိန်းသိမ်းရန် ရန်ပုံငွေ ထောက်ပံ့ပေးကြသည်။ 

ဓာတ်ပုံ-စတိဗ်တစ်ခ်နာ

ဓာတ်ပုံ-စတိဗ်တစ်ခ်နာ

ပြည်နယ်အစိုးရတာဝန်ရှိသူများက ထိုကျောင်းဆောင်များနှင့် ဘုန်းကြီးကျောင်းများကို ထောက်ပံ့ပေးမည်ဟု ပြောကြားခဲ့ကြသော်လည်း လက်တွေ့တွင်မူ မည်သည့်အကူအညီမှ မရရှိခဲ့ကြောင်း ဦးထွန်းကလေးက ပြောသည်။ 

“ငွေကြေးအထောက်အပံ့က အကန့်အသတ်နဲ့ဖြစ်နေတယ်။ အဲဒါကြောင့် ကျောင်းဆောင်တွေကို ဖြေးဖြေးချင်းပဲ ဂရုတစိုက် ပြုပြင်နေရတယ်

ဘဏ္ဍာရေး အထောက်အပံ့က အရမ်းနည်းပါးတယ်။ ဒီတော့ နတ်ကွန်းတွေကို ကျွန်တော်တို့ ဖြည်းဖြည်းချင်းပဲ ဂရုတစိုက် ပြုပြင်နေရတယ်ဟု ဦးထွန်းကလေးက ပြောသည်။ 

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

ကျော်ရဲလင်း

ကျော်ရဲလင်း

ရန်ကုန်အခြေစိုက် သတင်းထောက်တစ်ဦးဖြစ်သည့် ကျော်ရဲလင်းသည် ၂၀၁၁ ခုနှစ်တွင် ပေါ်ပြူလာသတင်းဂျာနယ်တွင် လုပ်ကိုင်ခြင်းဖြင့် ဂျာနယ်လစ်ဘဝကို စတင်ခဲ့သည်။ Frontier နှင့် လက်မတွဲမီက အလွတ်တန်းသတင်းထောက်နှင့် Fixer အဖြစ်လည်း လုပ်ကိုင်ခဲ့သည်။

Share on facebook
Share on twitter
Share on email

More stories

မွန်ပြည်နယ်က သစ်သီးခြံရှင်တွေဟာ ဝင်ငွေကျဆင်းတဲ့ အကျပ်အတည်းကာလကို ရင်ဆိုင်နေရပါတယ်။ ဒါကို ဘယ်လိုကျော်ဖြတ်နေပါသလဲ။ နားဆင်ကြည့်နိုင်ပါပြီ။

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar