“ကျွန်တော်တို့ရဲ့ စည်းမျဉ်းများကို စပြီး ညှိနှိုင်း အလျှော့ပေးမယ်ဆိုရင် ကျွန်တော်တို့လုပ်ငန်းကို ထိခိုက်မယ့် အန္တရာယ်နဲ့ တွေ့နိုင်ပါတယ်”

နော်ဝေနိုင်ငံမှ မစ္စတာ ကနွတ်အော့စ်ဘီ  (Mr. Knut Ostby) သည် ကနေဒါနိုင်ငံသူ မစ္စရီနားတား လော့ ဒါ ဆယ်လီယံ  (Ms Renara Lok-Dessallien) နေရာအား အစားထိုးရန် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေ ညိုနှိုင်းရေးမှူး နှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညိုနှိုင်းရေးမှူးအဖြစ် နိုဝင်ဘာလက ခန့်အပ်ခံခဲ့ရသည်။

သူသည် အရှေ့တီမောနိုင်ငံတွင် ကုလသမဂ္ဂ ဌာနေညိုနှိုင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ပြီး နိုင်ငံပေါင်းများစွာတွင်လည်း ကုလသမဂ္ဂ၏ ရာထူးအဆင့်ဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။ မြန်မာနိုင်ငံတွင် တာဝန်ယူပြီးနောက် ပထမဆုံး မီဒီယာအင်တာဗျူးအဖြစ် Frontier မှ ရှောင်ဂလေစင်နှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံအပေါ် ကုလသမဂ္ဂ၏ မဟာဗျူဟာ၊ ရခိုင်ပြည်နယ် မြောက်ပိုင်းမှဒုက္ခသည်များကို ပြန်လည်လက်ခံရေး အစီအစဉ်တွင် ပါဝင်မည့် ကုလသမဂ္ဂ၏ အခန်းကဏ္ဍနှင့် မြန်မာနိုင်ငံတွင် တာဝန်ထမ်းဆောင်ချိန်ကာလအတွင်း လုပ်ဆောင်နိုင်ရန် မျှော်လင့်ချက်များကို ပြောကြားခဲ့သည်။

လူကြီးမင်း မတိုင်မီက ဌာနေညိုနှိုင်းရေးမှူးဟာ သူမရဲ့ တာဝန်သက်တမ်းကာလမှာ မီဒီယာကိုတွေ့ဖို့ သိပ်ပြီး လိုလားခြင်းမရှိကြောင်း နာမည်ထွက်ခဲ့ပါတယ်။ ဒါ့ကြောင့်ပထမဆုံးမေးချင်တာက အခုလို အင်တာဗျူးကို လက်ခံဖို့ ဘာ့ကြောင့် ခင်ဗျားသဘောတူရပါသလဲ။

ကျွန်တော်တို့ ဆက်သွယ်ပြောဆိုမှုတွေ ပိုလုပ်ဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။ ကျွန်တော့်အနေနဲ့ တူရကီနိုင်ငံက ဘဏ္ဍာရေးဝန်ကြီးဟောင်း ကီမားဒါဗစ်ဆီက စိတ်ဝင်စားဘို့ကောင်းတဲ့ သင်ခန်းစာ ရခဲ့တယ်။ သူ့ရဲ့အချိန်တစ်ဝက်ကို တူရကီနိုင်ငံရဲ့ ဘဏ္ဍာရေးအကြပ်အတည်းကို ကယ်တင်ဖို့ ကြိုးစားခဲ့သလို ကျန်တဲ့အချိန်တစ်ဝက်ကို အဲဒီကိစ္စအကြောင်း ပြောဖို့ အသုံးပြုခဲ့တယ်လို့ ကျွန်တော့်ကို ပြောပြခဲ့တယ်။ ဒါကြောင့် ကျွန်တော်တို့အလုပ်မှာ ဆက်သွယ်ပြောဆိုမှုတွေက အလွန်အရေးကြီးတယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ိုပြင်ပက ပုဂ္ဂိုလ်တွေက လူတွေဖွံ့ဖြိုးဖို့ မလုပ်နိုင်ဘူး၊ သူတို့ကိုယ်တိုင်လုပ်ကြရမယ်။ ဒါကြောင့် လူတွေကို ကျွန်တော်တို့ ဘာတွေ စဉ်းစားနေတယ်၊ ဘာတွေလုပ်နေတယ်ဆိုတာ ပြောပြမှ သူတို့က ကျွန်တော်တို့နဲ့ ပူးပေါင်းလုပ်ကိုင်ဖို့ သဘောတူတယ်၊ သဘောမတူဘူးပြောခွင့်ရရှိပြီး သူတို့ကို လက်တွဲခေါ်ပြီး အတူတူသွားဖို့ အခွင့်အလမ်းရမှာ ဖြစ်ပါတယ်။

ဒါဆိုရင် အရင်က အခုလို ဆက်သွယ်ပြောဆိုမှုတွေမရှိခဲ့တာက ဒီရုံးအတွက် အားနည်းချက်တရပ်လို့ ကုလသမဂ္ဂက ဒီအတိုင်းယုံကြည်သလား။

အဲဒီတုံးက ကျွန်တော်ဒီမှာမရှိတော့ ဘယ်လိုဖြစ်တယ်ဆိုတာ မပြောတတ်ဘူး။ ဒါပေမဲ့ ကျွန်တော်က ဆက်သွယ်ပြောဆိုမှု အပေါ် ယုံကြည်တယ်။ ကျွန်တော့်အထင်တော့ ကုလသမဂ္ဂဟာ တစ်ခါတစ်ရံမှာ အတိုက်အခိုက် ခံရသလို တစ်ခါတစ်ရံမှာတော့ ပြောပြစရာကောင်းတဲ့အရာတွေ အများကြီးှရှိပါတယ်။ ဒီ နှစ်မျိုးလုံးကို ကိုင်တွယ်ဖို့တော့ လိုပါတယ်။

မနှစ်က မြန်မာနိုင်ငံရှိ ကုလသမဂ္ဂရဲ့ လုပ်ငန်းတွေကို ပြန်လည်သုံးသပ်ချက် ပြုလုပ်ပြီး အထွေထွေ အတွင်းရေးမှူးချုပ်ထံ ပေးပို့ရာမှာ မြန်မာနိုင်ငံမှာရှိတဲ့မစ်ရှင်ဟာ “glaringly dysfunctional” ဆိုပြီး အလုပ်မဖြစ်ကြောင်း ပေါ်လွင်ထင်ရှားတယ်လို့ သုံးသတ်ချက်ပါရှိတယ်လို့ သိရပါတယ်။ လူကြီးမင်းကို အခုလို ခန့်ထားတာ အဲဒီသုံးသပ်ချက်နဲ့ သုံးသပ်ချက်က ထောက်ပြတဲ့ အားနည်းချက်တွေကို တုံ့ပြန်တဲ့ သဘောလား။ အခုလို ဝေဖန်သုံးသပ်ချက်အချို့ကို မှားယွင်းကြောင်း ပြသဖို့ ခင်ဗျားရဲ့ အစီအစဉ်တွေက ဘာတွေပါလဲ။

အဲဒီစွပ်စွဲချက်တွေကို ကျွန်တော်ကောင်းစွာ သိပါတယ်။ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂဌာနေအစုဖွဲ့ (UN Country Team) ထံက  ကျွန်တော်ပထမဆုံး ကြားရတာက အဲဒီအကြောင်းဖြစ်ပြီး သူတို့ပြောတာက “ကျွန်တော်တ့ိုကို အလုပ်မဖြစ်ဘူးလို့ စွပ်စွဲတယ်၊ ဒါကိုကျွန်တော်တို့ အပြင်းအထန် သဘောမတူကြဘူးလို့” ကျွန်တော့်ကို ပြောကြတယ်။ ကျွန်တော်ကတော့ အခုလို နိုင်ငံတွေမှာရှိတဲ့ ကုလသမဂ္ဂဌာနေအစုဖွဲ့ အများအပြားကို ကိုင်တွယ်ခဲ့ဘူးတယ်။ အငြင်းပွားဖွယ်ရာတွေက အမြဲတမ်းရှိတတ်ပါတယ်။

ကုလသမဂ္ဂမှာ ပြုလုပ်နေတဲ့ ပြုပြင်ပြောင်းလဲမှုများဟာ ရည်ရွယ်ချက်တစ်ခုကြောင့် ဖြစ်တယ်။ ကျွန်တော်တ့ိုက ခြောက်ပြစ်ကင်း မဟုတ်ပါဘူး။ မြန်မာနိုင်ငံရဲ့ ကုလသမဂ္ဂဌာနေအစုဖွဲ့ကိစ္စ ကျွန်တော်ကြိုးစားနေတာက အဖွဲ့အတွင်းမှာ ဆက်သွယ်မှု ပိုမိုပြုလုပ်ပြီး တစ်ဦးနဲ့တစ်ဦး စကားပြောဆိုကြဖို့၊ ပိုမိုအားကောင်းစွာ လက်တွဲ လုပ်ကိုင်ကြဖို့ ဖြစ်ပြီး ဥပမာ ရခိုင်ကိစ္စကို မဟာဗျူဟာအသစ်နဲ့ ချဉ်းကပ်ဖို့ စဉ်းစားထားပါတယ်။ ရခိုင်ကိစ္စကို ဘယ်လို ဆက်လုပ်သွားရမလဲဆိုတာ အချင်းချင်း သဘောတူညီမှု အပြည့်အဝ မရှိသေးတော့ ကျွန်တော်က လူတွေကိုစည်းရုံးဖို့ လိုအပ်နေပါတယ်။

ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာမှုနဲ့ လူ့အခွင့်အရေးဘက်ကို ပိုမိုအလေးပေးဖို့ တိုက်တွန်းတဲ့ ဝန်ထမ်းများကို ဘေးဖယ်ထားတယ်လို့ သတင်းထွက်ခဲ့ပါတယ်။ အခု ချဉ်းကပ်မှုပုံစံအသစ်ကို စဉ်းစားတာက ကုလသမဂ္ဂအနေနဲ့ ရခိုင်မှာဖြစ်နေတဲ့ အခြေအနေကိုတားဆီးဖို့ ဒီထက်ပိုပြီး လုပ်ခဲ့သင့်တယ်ဆိုတာကို အသိအမှတ်ပြုတဲ့ သဘောပါလား။

ကျွန်တော်တွေ့ရတာကတော့ အကြပ်အတည်း မတွေ့ခင်ထဲကရော၊ တွေ့ပြီး နောက်ပိုင်းမှာပါ အများကြီး လုပ်ခဲ့ကြတယ်လို့ ပထမဆုံး ပြောချင်ပါတယ်။ အကြပ်အတည်းနောက်ပိုင်းမှာ ဘာတွေလုပ်ပေးခဲ့တာတော့ ခင်ဗျားတို့ မြင်နေရတာဘဲ။ အဆင့်မြင့်ပိုင်းကပါ ပါဝင်လာတာတွေ အားလုံးပေါ့။ အခုအကြပ်အတည်း မစခင်မှာကို ဒီရုံးကရော၊ ရုံးချုပ်ကပါ စာတွေထုတ်၊ အစည်းအဝေးတွေလုပ်၊ စိုးရိမ်ပူပင်ကြောင်း ဖေါ်ပြခဲ့ကြတယ်။ ဒီထက်ပိုပြီး လုပ်ခဲ့သင့်တယ်ဆိုတာက အမြဲရှိတတ်ပါတယ်။ ကျွန်တော့အနေနဲ့လည်း သူတို့အများကြီး လုပ်ခဲ့ကြတယ်လို့ ခံစားမိတယ်။ ဒါပေမယ့် ကျွန်တော်ဒီမှာရှိနေတာက အရင်ကလုပ်ခဲ့တာတွေနဲ့ ကိုယ့်ကိုကိုယ် နှိုင်းယှဉ်ဖို့ မဟုတ်ပါဘူး။ အခုဒီကိစ္စကို ကြိုးစားပြီး ကိုင်တွယ်နေပါတယ်။

မဟာဗျူဟာနဲ့ လူ့အခွင့်အရေးကိစ္စ ချဉ်းကပ်မှုမှာတော့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး ဝန်ထမ်းများက ပြည်ဝင်ခွင့်မရသလို လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စယန်ဟီလီကိုလည်း ပြည်ဝင်ခွင့်ပေးဖို့ ငြင်းဆန်ထားတယ်။ ကျွန်တော်တို့ကတော့ အစိုးရအနေနဲ့ ကျွန်တော်တို့ရဲ့ လူ့အခွင့်အရေး ယန္တရားတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဆက်ပြီး တိုက်တွန်းနေပါတယ်။

ဒီမဟာဗျူဟာကို ကျွန်တော်မပြီးသေးပါဘူး။ လုပ်နေတုံးပါ။ ကုလသမဂ္ဂသာမက နိုင်ငံတကာ NGO များနဲ့ သံရုံးများကပါ ဘုံအာရုံစူးစိုက်နိုင်မဲ့ အပိုင်းကို ပါဝင်ဆွေးနွေးနိုင်ကြဖို့ ကြိုးစားနေပါတယ်။ ရုတ်တရက်အသစ် ပေါ်လာတာလည်း မဟုတ်ပါဘူး။ ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်ရဲ့ အစီရင်ခံစာကိုအခြေခံပြီး လုပ်နိုင်ဖို့ ကြိုးစားနေတာပါ။ ဖွံ့ဖြိုးရေး၊ လူသားချင်းစာနာမှုအကူအညီပေးရေး၊ ဒုက္ခသည်များပြန်လာရေးနဲ့ လူ့အခွင်းအရေးကိစ္စတွေ ပါဝင်မယ်လို့ ယုံကြည်ပါတယ်။

မကြာခင်က လူကြီးမင်းပို့ခဲ့တဲ့ နှစ်သစ်ကူးသဝဏ်လွှာမှာ ဒီမှာရှိတဲ့ ကုလသမဂ္ဂရုံးအနေနဲ့ လက်ရှိ လုပ်ဆောင်နေတဲ့ အပြုသဘောဆောင်ပြီး စည်းမျဉ်းနဲ့ညီသော ဆက်ဆံရေးကို အစိုးရနဲ့ လုပ်ဆောင်သွားဖို့ိ့ ဆုံးဖြတ်ထားကြောင်း ပြောထားထားတယ်။ ဘာကိုဆိုလိုတာလဲလို့ နဲနဲထပ်ရှင်းပြပါလား။

ဒီနိုင်ငံမှာ ကျွန်တော်တို့ကူညီဖို့ ကြိုးစားနေတဲ့ အဓိက ပြောင်းလဲမှုသုံးခုရှိတယ်လို့ ကျွန်တော် ထင်ပါတယ်။ တစ်ခုက လက်ရှိသွားနေဆဲဖြစ်တဲ့ ဒီမိုကရေစီဘက်ကို ပြောင်းလဲခြင်းပါ။ နောက်တစ်ခုက ပဋိပက္ခကနေ ငြိမ်းချမ်းရေးဆီကို ပြောင်းလဲခြင်းဖြစ်ပြီး ပြီးဆုံးခြင်းမရှိသေးပါဘူး။ နောက်တစ်ခုကတော့ တံခါးပိတ် စီးပွားရေးကနေ တံခါးဖွင့်စီးပွားရေးဘက် ပြောင်းလဲခြင်းပေါ့။ ကျွန်တော်တို့က အဲဒီ သုံးမျိုးလုံးမှာ ဖွံ့ဖြိုးမှုအစီအစဉ်အမျိုးမျိုးနဲ့ ပါဝင်ခဲ့ပါတယ်။ ဗဟိုနဲ့ ဒေသန္တရအဆင့်အဖွဲ့အစည်း နှစ်မျိုးလုံးကို စွမ်းရည်မြှင့်တင်ပေးရေး အစီအစဉ်တွေ၊ နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ တိုက်ရိုက်မပါဝင်သော်လည်း အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်မှုကို အထောက်အကူပြုတဲ့ အစီအစဉ်တွေမှာ ပါဝင်ပါတယ်။ ဝင်ငွေတိုးတက်ရေးနဲ့ အခြေခံ ဝန်ဆောင်မှုပေးရေးတွေမှာလဲ ပါဝင်ပါတယ်။

ကျွန်တော်တို့လိုတဲ့ အပြုသဘောဆောင်တဲ့ စည်းမျဉ်းနဲ့အညီ ချဉ်းကပ်မှုဆိုတာ ဖွံ့ဖြိုးရေးနဲ့ လူ့အခွင့်အရေးကိစ္စ တွေမှာ စိန်ခေါ်မှုရော၊ အခွင့်အလမ်းရောရှိပါတယ်။ ဖွံ့ဖြိုးမှုနယ်ပယ်အမျိုးမျိုးနဲ့ အချို့သောလူသားချင်း စာနာမှု နယ်ပယ်တွေမှာ အစိုးရရဲ့ အစိတ်အပိုင်းအသီးသီးက ကျွန်တော်တို့နဲ့အတူ လုပ်ကိုင်ဖို့ စိတ်ဝင်စားမှုရှိတာ တွေ့ရပါတယ်။ ကျွန်တော်တို့အကူအညီပေးလိုတဲ့ ထိခိုက်လွယ်တဲ့ပြည်သူတွေအတွက် အကျိုးပြုနိုင်တဲ့ အခွင့်အလမ်းတွေကို ရယူပြီး အစိုးရနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့အတူ လက်တွဲလုပ်ကိုင်နိုင်ဖို့ အရေးကြီးတယ်လို့ ကျွန်တော်ထင်ပါတယ်။ သို့သော် တစ်ချိန်ထဲမှာ ကျွန်တော်တို့ရဲ့စည်းမျဉ်းကို သတိပြုဖို့နဲ့ စည်းမျဉ်းတွေအပေါ် ညှိနှိုင်းမှု မလုပ်ဖို့လည်း ဂရုစိုက်ရပါတယ်။

img_2938-2.jpg

ပြန်လည်ရောက်ရှိလာကြမည့် ဒုက္ခသည်များအား ယာယီနေရာချထားပေးမည့် လှဖိုးခေါင်စခန်းတွင် ဆောက်လုပ်ထားသည့် ရွက်ဖျင်တဲအသစ်များအား တွေ့ရစဉ်။ ဓာတ်ပုံ-မြတ်ကျော်သူ

ကုလသမဂ္ဂရဲ့ စေတနာကောင်းနဲ့ ကြိုးပမ်းမှုတွေအပေါ် အစိုးရက အလားတူ တုံ့ပြန်မှုမရှိတဲ့ လက္ခဏာ အများအပြား ရှိခဲ့ပါတယ်။ ကျွန်တော်နားလည်တာက အစိုးရအနေနဲ့ ဒီလုပ်ငန်းကို ကြီးကြပ်ဖို့အတွက် လက်ထောက် အထွေထွေ အတွင်းရေးမှုးတစ်ဦး ခန့်ထားဘိုကိစ္စကို ငြင်းပယ်ခဲ့တဲ့အပေါ် အပေးအယူအနေနဲ့ လူကြီးမင်းကို ခန့်ထားတဲ့သဘော ဖြစ်တယ်။ ဒါက ဒီလုပ်ငန်းတွေမှာ ကုလသမဂ္ဂ ပါဝင်နိုင်ဖို့အတွက် စည်းမျဉ်းတွေကို ညှိနှိုင်းခဲ့ရတဲ့ နမူနာ မဟုတ်ဘူးလား။

ကျွန်တော်တို့စည်းမျဉ်းကို စပြီးလျှော့ပေးတာနဲ့ ကျွန်တော်တို့ရဲ့အလုပ်ကို ထိခိုက်မယ့်၊ ဒါမှမဟုတ် အားပျော့သွား စေမယ့် အန္တရာယ်နဲ့ု တွေ့နိုင်တယ်။ ကျွန်တော်တို့အစီအစဉ်တွေကို ဆောင်ရွက်ရာမှာ လူသားချင်းစာနာမှုဖြစ်ဖြစ်၊ ဖွံ့ဖြိုးရေးအတွက်ဖြစ်ဖြစ် ကျွန်တော်တို့ ပြန်ကြည့်ပြီး တစ်ချိန်လုံး ဘာတွေလုပ်ခဲ့တယ်ဆိုတာ ပြန်သုံးသပ်ပါတယ်။ အခု အဲဒါကို လုပ်နေတာပဲ။ အများကြီးအာရုံစိုက် စဉ်းစားနေရပါတယ်။ ကျွန်တော်ပြောချင်တာက လူဦးရေ ၅၁ သန်းရှိတဲ့ နိုင်ငံတစ်ခုလုံးမှာ အားလုံးက မကောင်းဘူး၊ ဒါမှမဟုတ် အားလုံးက ကောင်းတယ်လို့ ဆိုလိုတာ မဟုတ်ဘူး။ ဖြစ်လည်း မဖြစ်နိုင်ဘူး။ ဒီတော့ ကျွန်တော်တ့ို လုပ်ဖို့လိုတာက ကောင်းတာတွေ အချို့ရှာပြီး လုပ်ဖို့နဲ့ မကောင်းတာတစ်ချို့ကို တွေ့တဲ့အခါလည်း စိုးရိမ်မှုကို ဖေါ်ပြပြီး ဝေဖန်ထောက်ပြဖို့ပါ။ ကျွန်တော်တို့က အရာအားလုံးကို အကောင်းဆုံးဖြစ်ဖို့ လုပ်တိုင်းလည်း အောင်မြင်မှုအမြဲတမ်းမရနိုင်ပေမယ့် အဲဒီလမ်းကြောင်းကို လိုက်ဖို့ပဲ တိုက်တွန်းချင်ပါတယ်။ ဘာဘဲဖြစ်ဖြစ် ကျွန်တော်တို့မှာ နိုင်ငံမဲ့သူတွေ၊ ဒါမှမဟုတ် လူသားချင်းစာနာမှုအကူအညီ လိုအပ်သူတွေ၊ ဒါမှမဟုတ်  ဆင်းရဲမွဲတေမှု အောက်မှာနေရသူတွေ စသည်ဖြင့် ထိခိုက်လွယ်တဲ့လူတွေ အများကြီး ရှိပါတယ်။ ဒါတွေကို လုပ်ပေးခြင်းအားဖြင့် သူတို့တွေ အကျိုးခံစားရမှာဖြစ်ပါတယ်။

လူကြီးမင်းရဲ့ အလုပ်တာဝန်သဘာဝကို အကျယ်ပြောပြပေးနိုင်င်မလား၊ ကျွန်တော်နားလည်ထားတာက ဒီနိုင်ငံအတွက် တာဝန်ပေးထားတဲ့ ခြောက်လသက်တမ်းရဲ့ တစ်ဝက်ရှိလာပြီ။ အခုလို ခြောက်လအတွက်ပဲ ခန့်ထားတာက ကုလသမဂ္ဂအနေနဲ့ လက်ထောက် အထွေထွေအတွင်းရေးမှူးအဆင့် တစ်ဦးကို ခန့်ထားရေး အောင်မြင်စွာ ဆွေးနွေးညှိနှိုင်းဖို့ မျှော်လင့်ချက်ကို ကိုင်တွယ်ထားလို့ပါလား။

နယူးယောက်ရုံးချုပ်ရဲ့ အခြေအနေကို ကျွန်တော်အတိအကျ မသိပါဘူး၊ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်ရဲ့ လက်ထဲမှာပဲရှိပါတယ်။ သူကပဲ ဆုံးဖြတ်မှာပါ။ ကျွန်တော့်ကို အချိန်တိုအတွင်း အသိပေးပြီး ဒီကို ပို့လိုက်တာက မြန်မာအစိုးရက လက်ထောက်အထွေထွေအတွင်းရေးမှူးတစ်ဦး ခန့်ထားပေးမှာကို သဘောမတူကြောင်း ပြောကြားပြီးတဲ့ နောက်မှာပါ။ ဒါပေမယ့် ရေရှည်သက်တမ်းနဲ့ထားသလို အလုပ်လုပ်သွားဖို့ ပြောလိုက်တဲ့အတိုင်း ကျွန်တော်ဆောင်ရွက်နေပါတယ်။ ကျွန်တော်ကတော့ သက်တမ်းတိုးပြီးဆက်လုပ်ဖို့ ဖြစ်နိုင်ခြေအတွက်လည်း အဆင်သင့်ပါဘဲ။ ဒါပေမယ့် နယူးယော့မှာရှိတဲ့ ကျွန်တော့် အကြီးအကဲများရဲ့ သဘောအတိုင်းပါပဲ။

ဒါပေမဲ့ ဒီလိုမျိုးခန့်ထားတာက ပုံမှန်မဟုတ်ပါဘူး။

ပုံမှန်မဟုတ်ပါဘူး။ ရိုးရိုးခန့်ထားတာဆိုရင် နိုင်ငံအလိုက်မူတည်ပြီး သုံးနှစ်ကနေ ငါးနှစ်ကာလအတွက် ဖြစ်ပါတယ်။ ကျွန်တော်လည်း ပုံမှန်အတိုင်း ခန်အပ်ခံရတဲ့ အကြိမ်တွေ အများကြီးရှိပါတယ်။ ဒါကပုံမှန်မဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့ဘက်မှာလည်း ပုံမှန်မဟုတ်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်။ သူတို့တင်ပြတဲ့ အဆိုပြုချက်အပေါ်မှာ အစိုးရနဲ့ သဘောတူညီမှု မရတဲ့အတွက် ရှေ့ဆက်ဖို့နည်းလမ်းရှာခဲ့ရတယ်။ အခြားနည်းလမ်းတွေထက် ဒီနည်းလမ်းကို ဘာကြောင့် ရွေးချယ်ရတယ်ဆိုတာကိုတော့ ကျွန်တော် မပြောတတ်ပါဘူး။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့ အစီအစဉ်နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍအပေါ် မီဒီယာသတင်းပို့ချက်တွေက ကွဲလွဲချက် အများကြီး ရှိနေတယ်။ ကုလသမဂ္ဂရဲ့ ပူးပေါင်း ဆောင်ရွက်မှုအပေါ် ခင်ဗျားအနေနဲ့ ရှင်းလင်းပြောပြနိုင်ပါသလား။

အစည်းအဝေးတွေက ထွက်ပေါ်လာတဲ့ အချက်တွေအရဆိုရင် မီဒီယာထဲမှာ မှားယွင်းဖော်ပြထားတယ်လို့ပြောရင် မျှတပါလိမ့်မယ်။ ခင်ဗျားမေးခွန်းကို တိုက်ရိုက်ဖြေရမယ်ဆိုရင် လက်ရှိအခြေအနေမှာ ပူးပေါင်း ဆောင်ရွက်မှု မရှိပါဘူး။ ကျွန်တော်တို့ဘက်က လက်တွဲလုပ်ကိုင်ဖို့ စိတ်ဝင်စားပါတယ်။ ဒါပေမယ့် UNHCR က ဦးဆောင်လုပ်ကိုင်နေပြီး ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးနဲ့ပတ်သက်လို့ ဘယ်လိုဖြစ်သင့်တယ်ဆိုတာကို အစိုးရကိုတင်ပြဖို့ ကြိုးစားနေပါတယ်။ သိတဲ့အတိုင်း တာဝန်ရှိရှိ ပြန်လည်ဝင်ရောက်လာဖို့အတွက် သူတို့မှာလည်း လိုက်နာရမဲ့ စံနှုန်းများ၊ စည်းကမ်းများနဲ့ ကျင့်စဉ်အချို့ ရှိနေပါတယ်။ အခြားသော ကုလသမဂ္ဂ အေဂျင်စီများကလည်း ပါဝင်ဖို့ အသင့်ရှိကြပါတယ်။ ကျွန်တော်တို့ဘက်ကတော့ လက်ရှိမှာ အဓိက ဆွေးနွေးမှုများက UNHCR နဲ့သာ ဖြစ်ပါတယ်။ ဒါပေမမယ့် အကောင်အထည်ဖော်နိုင်မယ့် လုပ်ငန်းအဆင့်တော့ မရောက်သေးပါဘူး။ အဲ့ဒီမှာ ရောက်နေတဲ့ အေဂျင်စီများက သတင်းအချက်အလက် တစ်ချို့ကို ကြားသိပြီး အဆိုပြုချက်အချို့ကို တင်ပြခဲ့ကြပါတယ်။ သို့သော် လူတွေပြန်လာရေးအတွက် ရှေ့ဆက်ဆောင်ရွက်ဖို့ တိကျတဲ့လုပ်ငန်းအစီအစဉ်တွေ၊ သို့မဟုတ် အဆိုပြုချက်တွေနဲ့ အကြောင်း မပြန်ခဲ့ပါဘူး။ ရခိုင်ပြည်နယ်ရဲ့ ယေဘူယျကျန်းမာရေး အခြေအနေကို ဆွေးနွေးပေးကြပေမယ့် ကျွန်တော်တို့လိုချင်တဲ့ ရလာဒ်နဲ့ တစ်ခြားစီပါ။ သူတို့က အဲ့ဒီအခွင့်အလမ်းကို အသုံးချပြီး ဒုက္ခသည်များ၊ သူတို့ရဲ့ မူရင်းနေရာကို ဆန္ဒအလျှောက် ဂုဏ်ရှိရှိနဲ့ ပြန်လာနိုင်ရေးကိစ္စကို ပြောပြကြတယ်လို့ ကျွန်တော့်ကို ပြောပါတယ်။

တကယ်လို့ ဒုက္ခသည်များကို ပြန်လည်လက်ခံရေးအတွက် မြန်မာအစိုးရရဲ့ လက်ရှိအစီအစဉ်အတိုင်း ဆက်လက် လုပ်သွားမယ်ဆိုရင် ကုလသမဂ္ဂအနေနဲ့ အဲဒီမူဘောင်အောက်မှာ လုပ်ကိုင်ဖို့ စဉ်းစားထားပါသလား။

ကျွန်တော်ကတော့ အနာဂတ်မှာ ဘာဖြစ်လာနိုင်တယ်။ ဖြစ်မလာနိုင်ဘူးဆိုတဲ့အပေါ် မှန်းဆချက် မလုပ်ချင်ပါဘူး။ ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ မြန်မာအစိုးရတို့အကြား နားလည်မှုစာချွန်လွှာ ရှိတာကို ကျွန်တော်တို့သိထားပြီး အဲ့ဒီစာချွန်လွှာမှာ UNHCR နှင့် ကုလသမဂ္ဂ အေဂျင်စီတွေကို ဖော်ပြထားပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်ကတော့ သူတို့ကို ချက်ချင်းလုပ်ကိုင်စေဖို့ ပြောနေပေမယ့် မြန်မာဘက်ကတော့ သူရဲ့စာသားက “ဆက်စပ်သည်နှင့် အမြန်ဆုံး” ဆိုတာမျိုး ဖော်ပြထားပါတယ်။ UNHCR က ကျွန်တော်တု့ိဘက်ကို တရားဝင် တုံ့ပြန်ထားပါတယ်။ ပြန်လာသူတွေကို ဘယ်လို ကူညီရမယ်ဆိုတာကို ဆွေးနွေးဖို့ အစိုးရထံ စာနဲ့ တင်ပြထားပါတယ်။

တကယ်လို့ ပြန်လည်လက်ခံတာကို တာဝန်ရှိရှိ လုပ်ကိုင်ဖို့ စံနှုန်းများကို အမှန်တကယ် ဆွေးနွေးပြီး အမှန်တကယ် သဘောတူညီချက် ရမယ်ဆိုရင် ကျွန်တော်တို့ သွားရောက်ပြီး ကူညီဖို့ အများကြီး စိတ်အားထက်သန်နေပါတယ်။ ဒါပေမဲ့ အခုအချိန်ထိ အဲဒီသဘောတူညီမှုနဲ့ နီးကပ်နေပြီဆိုတဲ့ ညွှန်ပြချက်တွေ မရှိသေးပါဘူး။ ဆွေးနွေး ညှိနှိုင်းဖို့အတွက် UNHCR ရဲ့ မေတ္တာရပ်ခံချက်အပေါ် တရားဝင် တုံ့ပြန်ချက်လည်း မရှိသေးပါဘူး။

တကယ်လို့ လုံခြုံစိတ်ချပြီး ဆန္ဒအလျှောက်ပြန်လာနိုင်မယ့် စံနှုန်းတွေ အပြည့်အဝ မရရှိသေးပေမယ့် ပူးပေါင်းဆောင်ရွက်ဖို့ ကုလသမဂ္ဂကို ဖိတ်ခေါ်မယ်ဆိုရင်  ဘာဖြစ်လာမယ်လို့ လူကြီးမင်းထင်ပါသလဲ။

ကျွန်တော်ပြောခဲ့သလိုပဲ။ အနာဂါတ်မှာ အခြေအနေတစ်ခုကို ခန့်မှန်းပြီး ဘာကိုလုပ်မယ်ဆိုတာ မခန့်မှန်းချင်ပါဘူး။

ဒါက ဖြစ်လာနိုင်ခြေတစ်ခုပါဘဲ။ ဒီအဆင့်မှာ ဒီလိုမျိုးဖြစ်မလာနိုင်ဘူးလို့တော့ လူကြီးမင်း အလေးအနက် ပြောလို့မရပါဘူး။

ဖြစ်လာနိုင်တာကအများကြီးပါပဲ။ ကျွန်တော်တို့က တာဝန်ရှိရှိနဲ့ ပြန်လည်လက်ခံဖို့ အဆိုပြုပြီး အဲဒီကိစ္စအတွက် ဆွေးနွေးဖို့ အသင့်ပြင်ဆင်ထားတယ်။ ပြီးတော့ ရခိုင်အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖေါ်ရာမှာ ကူညီဖို့လည်း အဆိုပြုထားတယ်။ ဒါပေမယ့် အနာဂတ်မှာ ဖြစ်နိုင်ခြေ မေးခွန်းတွေအပေါ် ခန့်မှန်းဖို့ ကျွန်တော်တို့ရဲ့ အင်အားကို စူးစိုက်မထားပါဘူး။

မြန်မာနိုင်ငံမှာ ကုလသမဂ္ဂရဲ့ ဆောင်ရွက်ချက်တွေအပေါ် အစိုးရကရော၊ ပြည်သူတွေကပါ အမုန်းစိတ် အတော်များနေတယ်လို့ ထင်ရပါတယ်။ မြန်မာနိုင်ငံကို မတည်မငြိမ်ဖြစ်စေပြီး ထိခိုက်စေတဲ့ အစီအစဉ်ရဲ့ အစိတ်အပိုင်းတစ်ရပ်လို့လည်း အခိုင်အမာပြောကြပါတယ်၊ ဒါကို ခင်ဗျားဘယ်လိုမျိုး တုန့်ပြန်ချင်ပါသလဲ။

ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံ ပြည်နယ်နဲ့ တိုင်းဒေသကြီးအားလုံးမှာ အစိုးရနဲ့ အရပ်ဘက် အဖွဲ့အစည်းများနဲ့ပါ ပုံမှန် ပူးပေါင်းဆောင်ရွက်နေတာ အများကြီးပါ။ ဥပမာ WHO နဲ့ UNICEF အဖွဲ့တို့ကတစ်ဆင့် ကာကွယ်ဆေးထိုးတဲ့ အစီအစဉ်ဆိုရင် ကလေး ၁၅ သန်းအတွက် ထိုးပေးပြီးပါပြီ။ မနေ့ကဆိုရင် မြေငလျှင်ဒဏ် ကြိုတင်ပြင်ဆင်ဖို့ သဏ္ဍာန်တူ လေ့ကျင့်ပွဲကို ကျွန်တော်ရောက်ခဲ့တယ်။ အစိုးရနဲ့ စစ်ဖက် အကြီးတန်းအရာရှိအဆင့် အမျိုးမျိုးကို တွေ့ခဲ့ရတယ်။ အဲဒီလိုမျိုး ဖွံ့ဖြိုးမှုအစီအစဉ်များ၊ လူသားချင်း စာနာမှု၊ အကူအညီ အစီအစဉ်များ တသီတတန်းကြီး ရှိပါတယ်။ အဲဒီအစီအစဉ်တွေကို ကူညီရာမှာ ကျွန်တော်တို့ ကောင်းကောင်းလက်တွဲ လုပ်ကိုင်လျှက်ရှိပါတယ်။

တစ်ချိန်တည်းမှာ ကျွန်တော်တို့လိုချင်တဲ့ လက်တွဲဆောင်ရွက်မှုမျိုး အားလုံးကိုတော့ မရရှိသေးပါဘူး။ ဥပမာ  ရခိုင်ပြည်နယ် မြောက်ပိုင်း၊ ကချင်နဲ့ ရှမ်းပြည်နယ် အစိတ်အပိုင်းအချို့နဲ့ ကယားပြည်နယ်အပါအဝင် သွားရောက်ခွင့် မရှိတဲ့ ကိစ္စမှာ တွေ့ရပါတယ်။ အကျိုးဆက်အနေနဲ့ ပြည်တွင်းနေရပ်စွန့်ခွာ ရွှေ့ပြောင်း နေထိုင်ရသူများအနေနဲ့ လူသားချင်း စာနာမှု အကူအညီများ၊ သို့မဟုတ် ဖွံ့ဖြိုးရေးအကူအညီများကို မရရှိကြပါဘူး။

ကျွန်တော် ကြိုးစားပြီးပြောနေတာက အထက်ပိုင်းက အစိုးရအဖွဲ့ဝင် အတော်များများနဲ့ အဖွဲ့အစည်း အတော်များများက ကျွန်တော်တို့နဲ့ ပုံမှန်လက်တွဲ လုပ်ကိုင်နေပြီး ကျွန်တော်တို့ အစီအစဉ်အသစ်တွေလည်း တစ်ချိန်လုံး ရှိနေပါတယ်။ ကျွန်တော်အတည်ပြု ပြောလိုတာက ကျွန်တော်တို့ဟာ ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်း ကြံစည်မှုရဲ့ အစိတ်အပိုင်းတစ်ရပ် မဟုတ်ပါဘူး။ (ရယ်မောလျှက်) ကျွန်တော်တို့ဒီမှာ ဘာတွေလုပ်နေသလဲဆိုတာကို လုံလုံလောက်လောက် သိထားတဲ့အတွက် ဒီအချက်က အမှန်ပဲလို့ ပြောနိုင်ပါတယ်။ ကျွန်တော်တို့ ဒီကို ရောက်ရှိနေတာကလည်း အစိုးရရဲ့ ဖိတ်ကြားချက်နဲ့ ဖြစ်ပါတယ်။

ကျွန်တော်တို့က ဘယ်သူတွေလည်း၊ ကျွန်တော်တို့ ဘာတွေလုပ်နေသလဲဆိုတာနဲ့ နိုင်ငံနဲ့ ပြည်သူတွေ နှစ်ဖက်လုံးအတွက် ကျွန်တော်တို့လုပ်ပေးတဲ့ ကောင်းမွန်တဲ့အချက် အများအပြားကိုလည်း အများပြည်သူထံကို အသိပေးဖို့ အရေးကြီးတယ်လို့ ကျွန်တော်ထင်ပါတယ်။ အဲဒီအချက်တွေအကြောင်း လုံလောက်တဲ့ ဗဟုသုတ မရှိသေးတဲ့အတွက် ကျွန်တော်တို့ ပိုမိုပြီး လုပ်ဆောင်ပေးချင်ပါတယ်။

ကျွန်တော်တို့ စကားပြောနေတုန်းမှာဘဲ ကချင်ပြည်နယ်မှာ နောက်ထပ်ဗုံးကျဲတာတွေ၊ နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေတာတွေ ရှိနေပါတယ်။ နိုင်ငံမြောက်ပိုင်းမှာ ဖြစ်နေတဲ့ နောက်ဆုံးပဋိပက္ခအပေါ် ကုလသမဂ္ဂက ဘယ်လိုတုန့်ပြန်ပြီး အစိုးရကို ဘာတွေတင်ပြထားပြီးပြီလဲ။

အခုနောက်ဆုံး တိုက်ခိုက်မှုတွေအပေါ် ကျွန်တော်တို့ဘက်က အစိုးရကို အတိအကျ တင်ပြချက်မျိုး မလုပ်ရသေးပါဘူး။ ဒီလိုဖြစ်နေတာကိုတော့ စိုးရိမ်ပူပန်ပါတယ်။ ကျွန်တော်တို့က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အကူအညီပေးနေပြီး လူသားချင်းစာနာမှု အကူအညီအတွက် သွားရောက်ခွင့်လည်း တောင်းဆိုထားပါတယ်။ မနေ့ကပဲ ကျွန်တော့်အနေနဲ့ ရှေ့တမ်းစစ်မျက်နှာကို ဖြတ်ကျော်ပြီး IDP တို့နဲ့ အခြားသူတွေဆီကို သွားရောက်နိုင်ဖို့ ဘယ်လိုဆွေးနွေးရမယ့် နည်းလမ်းရှိသလဲဆိုတာ တိုင်ပင်နေပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးဖြစ်စဉ် အရှိန်ရလာဖို့ ကြီးမားတဲ့ အစီအစဉ်အသစ်တွေကို ထုတ်မပြနိုင်သေးတာကတော့ ကံမကောင်းတဲ့ အချက်ပါ။ ကျွန်တော်တို့က ငြိမ်းချမ်းရေးဖြစ်စဉ်ကို အကူအညီပေးဖို့နဲ့ အပြန်အလှန်စကားပြောတာကို ထိန်းထားနိုင်ဖို့ လုပ်ဆောင်နေပြီး လက်ရှိအနေနဲ့ ဒီလောက်ပဲ လုပ်နိုင်ပါသေးတယ်။

ကုလသမဂ္ဂဟာ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အထောက်အကူပြုရာမှာ အဓိကအစိတ်အပိုင်း တစ်ရပ်ဖြစ်ခဲ့ပြီး အနည်းဆုံးတော့ ၂၀၁၅ ခုနှစ် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်ကို လက်မှတ် ရေးထိုးခဲ့တဲ့ လက်နှက်ကိုင်အဖွဲ့အချို့ကို ဆွေးနွေးဖို့ စားပွဲဝိုင်းကို ပို့ပေးခဲ့ပါတယ်။ အခုတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ ထူးခြားမှုရှိပုံ သိပ်မပေါ်သေးပါဘူး။ ပြန်စဉ်းစားကြည့်ရင် ကုလသမဂ္ဂအနေနဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက်နဲ့ ဆက်စပ်တဲ့ တည်ဆောက်မှုများအတွက် အထောက်အကူပေးခဲ့တာ မှန်ကန်ရဲ့လား၊ တခြားနည်းလမ်းတွေနဲ့ လုပ်နိုင်တာများ ရှိသေးသလားဆိုတာ သိလိုပါတယ်။

ကျွန်တော် အသေးစိတ်အချက်တွေကို အတွင်းကျကျ မသိတဲ့အတွက် တခြားနည်းလမ်းတွေနဲ့ လုပ်နိုင်ခဲ့မလားလို့ အဖြေရှာဖို့ နည်းနည်းခက်ပါတယ်။ ဒါပေမယ့် မူအရ ကျွန်တော်တို့ဟာ ငြိမ်းချမ်းတဲ့အဖြေမျိုးရဖို့ အမြဲပဲ ကူညီခဲ့ပါတယ်။ ကျွန်တော်တို့ လုပ်နိုင်တဲ့နည်းလမ်းတွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် သက်ဆိုင်ရာတွေက ကျွန်တော်တို့ပါဝင်ဖို့ လိုလားမှ လုပ်နိုင်ပါတယ်။ သူတို့က ကျွန်တော်တို့ကို ပါဝင်စေချင်ရင်တော့ ပိုပြီးလုပ်နိုင်မှာ သေချာပါတယ်။ ဖြန်ဖြေရေး၊ ရင်ကြားစေ့ရေး လုပ်ငန်းစဉ်တွေမှာ ဝင်ရောက်လုပ်ဆောင်နိုင်ပေမယ့် သူတို့ရဲ့ ဖိတ်ကြားမှုကိုတော့ လိုအပ်ပါတယ်။

ဒီဖြစ်စဉ်မှာ တပ်မတော်၊ အရပ်သားအစိုးရနဲ့ လက်နှက်ကိုင်အုပ်စုများအားလုံး ပါဝင်နေပါတယ်။ သူတို့အကြား ဆွေးနွေးပွဲလုပ်ရင် ပါတီအားလုံးရဲ့ ပါဝင်မှု လိုအပ်ပါတယ်။ ကျွန်တော် ဒီမှာရောက်နေတုန်း  အဲဒီလုပ်ငန်းစဉ်ထဲမှာ ကျွန်တော်တို့ ပိုမိုပါဝင်ဖို့ သက်ဆိုင်သူအားလုံးထံက တက်တက်ကြွကြွ စိတ်ဝင်စားတာကို မတွေ့ရပါဘူး။ ဒါကလည်း ကျွန်တော် ရောက်နေတာ သုံးလပဲ ရှိပါသေးတယ်။

ဒီပြဿနာနဲ့ ပဋိပက္ခဟာ သက်တမ်း ၇၀ ကြာခဲ့ပါပြီ။ ကျွန်တော်တို့က ဒီပဋိပက္ခ ပြီးဆုံးဖို့အတွက် အကူအညီပေးနိုင်ရင် ဒါမှမဟုတ် အနည်းဆုံး တစ်စိတ်တစ်ပိုင်း ကူညီနိုင်ရင်တောင် အလွန်အမင်း ဝမ်းသာရမှာပါ။

လူကြီးမင်းရဲ့ လုပ်ငန်းတာဝန်ကို သက်တမ်းတိုးပြီး ဒီနိုင်ငံမှာ သုံးနှစ်ကနေ ငါးနှစ်အထိ ဆက်လက်တာဝန် ထမ်းဆောင်ရမယ်ဆိုရင် အဲဒီကာလအတွင်း ကုလသမဂ္ဂအနေနဲ့ ဒီမှာ ဘယ်လိုအောင်မြင်မှုများကို မြင်ချင်ပါသလဲ။

မြင်ချင်တာတော့ အများကြီးပါ။ အပြောင်းအလဲ သုံးမျိုးကို ကျွန်တော်ပြောခဲ့ပြီးပါပြီ။ ဒီမိုကရေစီစနစ် အကူးအပြောင်း အပြည့်အစုံရရှိဖို့ မျှော်လင့်ချက်ရှိကြသလို ကျွန်တော်တို့အနေနဲ့ အတွေ့အကြုံ၊ ကျွမ်းကျင်မှု အများကြီးရှိတဲ့ အချက်ဖြစ်ပြီး အကူအညီ ပေးနိုင်ပါတယ်။ အဲဒီကာလအတွင်း အမှန်တကယ် တိုးတက်မှုကို လုပ်ဆောင်ပေးနိုင်ဖို့ အချိန် လုံလောက်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဘယ်လိုတိုးတက်မှုများ ရှိနိုင်မလဲလို့ ကျွန်တော် မခန့်မှန်းရဲပေမယ့် တိုးတက်မှုအချို့တော့ ဖြစ်လာနိုင်ပါတယ်။ စီးပွားရေး အပြောင်းအလဲကိစ္စမှာတော့ ရင်းနှီးမြှုပ်နှံမှု အသစ်တွေနဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းအသစ်တွေအတွက် လမ်းပွင့်လာခဲ့ပြီး ဒါတွေကို ဆက်လက်လုပ်သွားဖို့ လိုအပ်ပါတယ်။ အဲဒီအပိုင်းတစ်ချို့ကို ကျွန်တော်တို့ ကူညီနိုင်ပါတယ်။ ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုအတွက်ဆိုရင် နိုင်ငံတကာဘဏ်များက ကျွမ်းကျင်မှုပိုမိုရှိကြသလို ကုလသမဂ္ဂစနစ်အောက်မှာလည်း အကူအညီပေးနိုင်မယ့် အစိတ်အပိုင်း အများကြီး ရှိပါတယ်။

ကျွန်တော့် စိတ်ထဲမှာ စွဲနေတဲ့တစ်ချက်ကတော့ လူသားချင်းစာနာမှု အကူအညီပေးဖို့အတွက် သွားလာခွင့် ရရှိရေးပဲ ဖြစ်ပါတယ်။ အစားအစာနဲ့ ရေအတွက်သာမက အကာအကွယ်ပေးရေးအတွက်လည်း လိုအပ်ပြီး ကျွန်တော်တို့ဒီနေ့ မရောက်နိုင်သေးတဲ့ ဒေသနဲ့ လူတွေအတွက် လုပ်နိုင်သလောက် လုပ်ခွင့်ရသင့်တယ် ဆိုတာပါပဲ။ ဒုက္ခသည်များ ပြန်လည်လက်ခံရေးမှာ တိုးတက်မှုရရှိဖို့ ကျွန်တော်အပါအဝင် လူတိုင်းက မြင်တွေ့လိုကြပေမယ့် ကျွန်တော်တို့အနေနဲ့ တာဝန်ရှိတဲ့ နည်းလမ်းနဲ့ ဆန္ဒအလျှောက် ဂုဏ်သိက္ခာရှိရှိနဲ့ မူရင်းနေရာကို ပြန်လာနိုင်ဖို့အတွက် အကူအညီပေးဖို့ အသင့်ရှိနေပါတယ်။

ကုလသမဂ္ဂစနစ်ထဲမှာ ရှိခဲ့တဲ့ လူ့အခွင့်အရေးဆိုင်ရာအဖွဲ့ (Human Rights Theme Group) ကို ကျွန်တော် ပြန်လည်စတင် လုပ်ဆောင်နေပါတယ်။ သီရိလင်္ကာနိုင်ငံ ပြည်တွင်းစစ်ပြီးဆုံးချိန်က စတင်ခဲ့တဲ့ လူ့အခွင့်အရေး ဦးစားပေး လှုပ်ရှားမှုအစီအစဉ် (Human Rights Up Front initiative) လု့ိ ခေါ်ပါတယ်။ အဲဒီအတိုင်း ကျွန်တော်တို့ အပြည့်အဝ လက်ခံကြဖို့ ကျွန်တော်ကြိုးစားနေပါတယ်။ လေးနှစ်သက်တမ်း မကုန်မီ လုပ်သွားနိုင်မယ်လို့ ထင်ပါတယ်။

ဒီနိုင်ငံမှာ လုပ်နိုင်တဲ့အရာတွေ အများကြီးရှိပါတယ်။ အောင်မြင်မှု အများကြီးရနိုင်တဲ့ တိုင်းပြည်ပါ။ အရှေ့တောင်အာရှဒေသမှာ မဟာဗျူဟာကျတဲ့ အလယ်ဗဟိုမှာ ရှိနေပါတယ်။ နောက်ပြီးတော့ ဖြေရှင်းရမယ့် စိန်ခေါ်မှု အမြောက်အများလည်း ရှိနေပြီး နိုင်ငံအနေနဲ့ လူမှုရေး၊ နိုင်ငံရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးမှုအတွက် ရှေ့ကို သွားသင့်သလောက် မသွားနိုင်တဲ့ အဟန့်အတားတွေ ဖြစ်နေပါတယ်။ အကောင်းဆုံး ဖြစ်ချင်တာက ကျွန်တော်တို့အနေနဲ့ ရှေ့ကိုသွားနိုင်ဖို့ကိစ္စ အားလုံးမှာ ကူညီနိုင်တဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ဖို့ပါဘဲ။ ကျွန်တော့်အနေနဲ့ လေးနှစ်အတွင်း လုပ်နိုင်တာထက် ပိုပြီး စဉ်းစားနေတာလည်း ဖြစ်နိုင်ပါတယ်။ မြန်မာနိုင်ငံနဲ့ ကုလသမဂ္ဂတို့အကြား ခိုင်မာတဲ့ မိတ်ဘက်အဖြစ်ရှိနေရင် နိုင်ငံကို ရှေ့ဆက်လက် သွားနိုင်ရေးအတွက် အမှန်တကယ် အကူအညီတစ်ခု ဖြစ်နိုင်ပါတယ်။

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar