“ကျွန်တော်တို့ပတ်ပတ်လည် မြေတွေပြိုနေပြီ” (ဝါ) မြစ်သဲများ တရားလွန်ထုတ်ခံနေရသော ဧရာဝတီ

ဧရာဝတီမြစ်ထဲမှသဲများကို တာဝန်မဲ့တရားလွန် ထုတ်ယူနေကြသောကြောင့် လယ်သမားများနှင့် ရေလုပ်သားများ၏ အသက်မွေးလုပ်ငန်းများ ပျက်စီးနေရပြီ။ နိုင်ငံ၏ အားထားရာ စပါးကျီဒေသ၏ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးခံနေရသည်။

ဟိန်းကိုစိုးနှင့် ကလဲရ် ဟမ်မွန်တို့ ရေးသားသည်။

ဇန်နဝါရီလ ၁၆ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ တက်သစ်ကျွန်းကျေးရွာအုပ်စုမှ ဒေသခံ ၂၅၀ ခန့်သည် လှေများဖြင့် ဧရာဝတီမြစ်ကြောင်းအတိုင်း ရွှေတောင်မြို့သို့ ဆန်တက်လာကြသည်။

ဧရာဝတီမြစ်အတွင်း သဲထုတ်ခြင်းကို ရပ်တန့်ပါ၊ သဲထုတ်ခွင့်လိုင်စင်ချပေးသော အကျင့်ပျက်ခြစား ဝန်ထမ်းများကို အရေးယူပါ၊ ဒေသခံရေလုပ်သားများ၏ အခွင့်အရေး ကာကွယ်ပေး၊ ကမ်းပြိုဘေးဒုက္ခသည်များ အရေး ကာကွယ်ပေး ဟုရေးသားသော ဆိုင်းဘုတ်များကိုကိုင်၊ ကြွေးကြော်သံများ ကြွေးကြော်ကာ ဆန္ဒပြကြသည်။

ထိုနေ့က ဧရာဝတီမြစ်တွင် သောင်တူးသင်္ဘော တစ်စင်းမှ မမြင်ခဲ့ရပါ။ စိတ်ထိခိုက်နေကြသော ရေလုပ်သားများနှင့် လယ်သမားများက သူတို့သွားလိုရာသို့ ဦးတည်ခုတ်မောင်းနေကြသည်။ သူတို့ဦးတည်သွားနေသည့် နေရာမှာ ရေအရင်းအမြစ်နှင့် မြစ်ကြောင်းထိန်းသိမ်းရေး ညွှန်ကြားမှုဦးစီးဌာနရုံး (ရွှေတောင်မြို့နယ်) Directorate of Water Resources and Improvement of River System (DWIR) ပင်ဖြစ်သည်။ ထိုရုံးရှေ့သို့သွားပြီး မြစ်သဲထုတ်ယူမှုကို ချက်ချင်းရပ်တန့်ရန် တောင်းဆိုနေကြသည်။ ထိုသို့ စုပ်ယူမှုကြောင့် သူတို့နေထိုင်ရာရွာနှင့် စိုက်ခင်းများ ပြိုကျပျက်စီးရသည်ဟု ယုံကြည်ကြသည်။

“ဒီမှာဆက်ပြီး သောင်တူးနေတာ ကျွန်တော်တို့ လုံးဝမလိုလားဘူး၊ ကျွန်တော်တို့ပတ်ပတ်လည် မြေတွေပြိုနေပြီ။ တာဝန်ရှိတဲ့အစိုးရကလည်း ဘယ်သူမှလာပြီး တားမယ့်လူမရှိဘူး” ဟု ဆန္ဒပြသူထဲမှ ဦးသိန်းလွင်ဆိုသူက Frontier ကိုပြောသည်။ သူ့ဘေးမှလူများကလည်း သောင်တူးသင်္ဘောတွေကို ဖျက်ဆီးပစ်မည်ဟု ခြိမ်းခြောက်နေသည်။

၂၀၁၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၌ ဆောက်လုပ်ရေးလုပ်ငန်းများ ထွန်းကားများပြားလာချိန်မှစ၍ ဧရာဝတီမြစ်ထဲမှ သဲစုပ်ထုတ်မှု များပြားလာခဲ့သည်။ သဲကို အင်္ဂတေဖျော်ရာတွင်လည်းကောင်း၊ လမ်းခင်းရာတွင် ကတ္တရာနှင့် ရောရန်လည်းကောင်းလိုအပ်သည်။ မြစ်ထဲမှ သဲအလွန်အကျွံထုတ်ယူမှုကြောင့် ဧရာဝတီမြစ်ကြောင်း မတည်မငြိမ်ဖြစ်ကာ နိုင်ငံ့စပါးကျီဟု ဆိုရသော ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ အနေအထားကို ရိုက်ခတ်လာသည်ဟု ပတ်ဝန်းကျင်ပညာရှင်များက ပြောသည်။

ဧရာဝတီမြစ်မှ သဲများစုပ်ထုတ်နေသည့်နှုန်းမှာ ဆက်မထိန်းနိုင်တော့သည့်၊ အခြေပျက်မည့်အဆင့်သို့ ရောက်နေပြီဖြစ်ကြောင်း၊ နိုင်ငံဖွံ့ဖြိုးမှုကြောင့် ဆက်တိုးလာဖွယ်သာရှိနေကြောင်း ကျွမ်းကျင်သူများက ပြောသည်။

လူသိနည်းနေသေးသော အဆိုပါ ပတ်ဝန်းကျင်ဆိုင်ရာပြဿနာမှာ အာရှတိုက်ရှိ အခြားမြစ်များတွင်လည်း မြစ်သဲအလွန်အကျွံ ထုတ်ယူသုံးစွဲမှုပြဿနာနှင့် ကြုံတွေ့နေရသည်။ ထိုလုပ်ဆောင်မှုမှာ အလွန်ထိခိုက် ပျက်စီးစေသဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံများ၌ မြစ်တွင်းမှ သဲထုတ်ယူမှုကို တားမြစ်ထားသည်။ မြန်မာနိုင်ငံတွင် မြစ်သဲထုတ်ယူမှုကို စနစ်တကျ စီမံကွပ်ကဲမှုမရှိပါက မြေနုကျွန်းဒေသသို့ အဖိုးတန် သဲအနည်အနှစ်ပို့ချမှု ယုတ်လျော့သွားခြင်းဖြင့် မြစ်၏ ဂေဟစနစ်ကို ထိခိုက်စေမည့်အပြင် ဧရာဝတီမြစ်ဝှမ်းတလျှောက် လုပ်ကိုင်စားသောက်နေထိုင်ကြသော လူဦးရေ ၃၄ သန်းကိုလည်း ထိခိုက်စေမည်ဖြစ်သည်။

ပဲခူးတိုင်း ရွှေတောင်မြို့နယ်၌ ဇန်နဝါရီ ၁၆ ရက်က ဧရာဝတီမြစ်သဲထုတ်ယူနေမှုကို ဆန္ဒဖော်ထုတ်စဉ်။ ဓာတ်ပုံ - သူရဇော်

ပဲခူးတိုင်း ရွှေတောင်မြို့နယ်၌ ဇန်နဝါရီ ၁၆ ရက်က ဧရာဝတီမြစ်သဲထုတ်ယူနေမှုကို ဆန္ဒဖော်ထုတ်စဉ်။ ဓာတ်ပုံ – သူရဇော်

“လှေတွေရှိနေတဲ့နေရာ ကျွန်တော့်အရင်ယာမြေပေါ့ဗျာ”

ကိုထိန်လင်းသည် ပေ ၃၀ ခန့်မြင့်သော သဲကမ်းပါးနံရံကြီးကို ရေတိုက်စားထားသော လမ်းလေးအတိုင်း တွယ်ကပ်တက်လာသည်။ ကျောပေါ်တွင် သူ့စိုက်ခင်းထဲမှ ချိုးလာသော ပြောင်းဖူးအိပ်ကြီးကို ထမ်းထားသည်။ ထို့နောက်ကမ်းတွင် ချည်ထားသော သူ့လှေထဲသို့ ပြောင်းဖူးတွေကို သွန်ချလိုက်သည်။ အပေါ်တွင် သူ့ပြောင်းခင်းက သဲကမ္ဘားအစွန်တွင် ဆုံးသွားသည်။ မနှစ်က သူ့စိုက်ခင်းတစ်ဝက်လောက် မြစ်ထဲပြိုကျပြီး ပါသွားခဲ့ပြီ။

ကိုထိန်လင်းသည် ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ အနောက်ကုန်းရွာတွင် နေထိုင်ပါသည်။ ရွှေတောင်မြို့နှင့် မျက်နှာချင်းဆိုင် ဧရာဝတီမြစ် အနောက်ဘက်ကမ်း၌ ရှိသည်။ သူက ဧရာဝတီမြစ်အတွင်းမှ ကျောက်စရစ်တွေ ထုတ်ယူနေသော မော်တော် ၁၂ စင်းကို လက်ညိုးထိုးပြသည်။

“ကျွန်တော့်မြေက အရင်က အဲဒီမော်တော်တွေ ရပ်ထားတဲ့နေရာမှာပေါ့” ဟု သူကပြောသည်။

ကိုထိန်လင်း၏ ယာမြေဟောင်းကိုကြည့်ရန် Frontier နှင့်အတူ ပါလာကြသော ရွာသားတစ်စုက သဲစုတ်မော်တော်တွေကို ရပ်ခိုင်းပေးဖို့ သက်ဆိုင်ရာအစိုးရကို နှစ်ပေါင်းများစွာ ပြောဆိုတင်ပြခဲ့သော်လည်း အချည်းနှီးသာဖြစ်ခဲ့ကြောင်း ပြောပြသည်။ မနှစ်ကပဲ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဆိုလာစီမံကိန်းဖွင့်ပွဲအတွက် လာရောက်စဉ်က သူတို့ရွာသို့လည်း ဝင်ကြည့်ခဲ့ကြောင်း၊ ဝန်ကြီးချုပ်က သဲထုတ်ယူမှုကို သူရပ်မပေးနိုင်ကြောင်း ပြောခဲ့သည်ဟုဆိုပါသည်။ တိုင်းဒေသကြီးအစိုးရမှာ အခွန်ဘဏ္ဍာလိုအပ်ကြောင်း၊ ရန်ကုန်မြို့က ဆောက်လုပ်ရေးကဏ္ဍတွင်လည်း သဲနှင့်ကျောက်စရစ်များ လိုအပ်နေကြောင်း ပြောသွားသည်ဟု သိရှိရသည်။

ပြည်မြို့ မြစ်သဲ၊ ကျောက်ထုတ်လုပ်ရေးအသင်း အတွင်းရေးမှူး ဦးဝါဝင်းက မြစ်သဲ၊ ကျောက်ထုတ်လုပ်မှုမှာ ဘာမှမှားယွင်းမှုမရှိကြောင်း၊ “ကျွန်တော်တို့က မြစ်သဲထုတ်တဲ့အခါမှာ ထုတ်သင့်တဲ့ပမာဏထက် ဘယ်တော့မှ ပိုမထုတ်ဘူး။ ဒါကြောင့် မြစ်ကိုရော၊ လူတွေကိုရော မထိခိုက်ပါဘူး၊ နောက်ပြီး ကျွန်တော်တို့က အခွန်တွေလည်း ဆောင်ထားပါတယ်” ဟုပြောသည်။

“ပြည်မှာ မြစ်ကမ်းတွေပြိုနေတာနဲ့ သဲထုတ်ယူမှုက ဆက်စပ်မှုရှိတာ မတွေ့ရပါဘူး။ အစိုးရကလည်း ကျွန်တော်တို့လုပ်ငန်းကို ခွင့်ပြုထားတာပဲ။ မြစ်ကမ္ဘားတွေတိုက်စားမှုနဲ့ မြစ်ရေလမ်းကြောင်းတွေ ပြောင်းလဲမှုဟာ ဆက်စပ်မှုမရှိပါဘူး” ဟု သူကပြောပြပါသည်။

ဧရာဝတီမြစ်ကြောင်းအတိုင်း အနောက်ကုန်းရွာမှ စုန်ဆင်းသွားလျှင် တက်သစ်ကျွန်းကျေးရွာအုပ်စုသို့ ရောက်သည်။ ဇန်နဝါရီလအတွင်းကလည်း ထိုရွာသားတို့ ကန့်ကွက်ခဲ့ကြသေးသည်။ ဦးလှဝင်းက ရေထဲပါသွားပြီဖြစ်၍ မရှိတော့ပြီဖြစ်သော သူမွေးဖွားကြီးပြင်းခဲ့သည့် ရွာကလေးအကြောင်း ပြောပြသည်။ ၁၉၉၈ ခုနှစ်တွင် ရွာမြေ မြစ်ရေထဲပါသွားပြီးနောက် စစ်အစိုးရက မြစ်သဲစုပ်ယူမှုကို တားမြစ်လိုက်သည်။

သို့သော် ၂၀၁၀ တွင် မြစ်သဲစုပ်ယူလုပ်ငန်းကို ပြန်လုပ်ကြပြန်သည်။ ထိုအချိန်မှစ၍ ယခုထိ လူနေအိမ် ၂၀၀ ခန့် မြစ်ထဲပါသွားခဲ့ချေပြီ။ ကိုလှဝင်းသည် ယခုအချိန်တွင် စည်သာရွာ၌ အမျိုးများနှင့်အတူ နေထိုင်လျက်ရှိသည်။ စည်သာရွာမှာ မြေပြိုပြောင်းရွှေ့လာသူ မိသားစုများနှင့် တဖြည်းဖြည်း ညပ်သိပ်လာရာ ခြံဝင်းတစ်ဝင်းတွင် အိမ် ၂ လုံး ၃ လုံး ဆောက်လုပ်နေထိုင်ကြရသည်။

စည်သာရွာသားအများစုလိုပင် ကိုလှဝင်းသည်လည်း တချိန်က ရေလုပ်သားတစ်ဦးပင်ဖြစ်သည်။ သို့သော် သဲများစုပ်ထုတ်နေမှုကြောင့် ငါးဖမ်းရခက်လာသည်ဟု ပြောပြသည်။ သောင်တူးစက်ဖြင့် ပါလာသော သဲကျောက်စရစ်များက သောင်ခုံများကိုဖြစ်စေကြောင်း၊ ထိုသောင်ခုံများတွင် ငါးဖမ်းပိုက်များ ငြိနေရာ ရေများနောက်ကျိသွားကြောင်း ကိုလှဝင်းကပြောပြသည်။ ယခုအချိန်တွင် လွန်ခဲ့တဲ့ငါးနှစ်ခန့်ကကဲ့သို့ ငါးမရတော့ကြောင်း၊ ရသည့်ငါးများမှာလည်း အရွယ်အစားသေးငယ်သော ငါးများသာဖြစ်ကြောင်း ကိုလှဝင်းကပြောပြသည်။ စည်သာရွာတွင် ယခင်က ရေလုပ်သားဦးရေ ၈၆ ယောက်ရှိခဲ့ရာ ယခုအခါ ငါးဖမ်းသူ ၂၆ ဦးသာ ရှိတော့သည်ဟုသိရသည်။

၂၀၁၅ ခုနှစ်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရသည် ဒေါ်လာ ၆ သိန်း (ယခုငွေလဲနှုန်းအရ ကျပ်သန်း ၉၁၀ ခန့်) အကုန်အကျခံကာ ဧရာဝတီမြစ်လယ်၌ သဲသောင်ကျွန်းဖန်တီးကာ ယခင်ရေလုပ်သားများကို ဖရဲ၊ ခရမ်းချဉ်နှင့် ပဲများ စိုက်ပျိုးစေသည်။

ယခင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဘုန်းကျော်က “သဲသောင်ကျွန်းနားမှာကပ်ပြီး သဲလာတူးနေကြတော့ မြေနုကျွန်းကပြိုတော့မယ်” ဟု Frontier ကိုပြောသည်။ “ဒီသဲသောင်ကြီး ပျောက်ကွယ်သွားရင် ကျွန်တော်တို့တစ်ရွာလုံး မြစ်ထဲမျောပါကုန်မှာ” ဟုဆိုသည်။

သူက အထွေထွေအုပ်ချုပ်ရေးဌာနသို့ ပေးပို့ခဲ့သော ကန့်ကွက်စာမိတ္တူကို Frontier ကိုပြသည်။ သဲတူး ကျောက်တူးခွင့်လိုင်စင်ကို ထွေအုပ်ဦးစီးဌာနက တရားဝင်ထုတ်ပေးနေခြင်းဖြစ်သည်။

သဲထုတ်ယူမှုကြောင့် ကမ်းပြိုကျမှုများဖြစ်ပွားကာ မနှစ်က သူ့မြေတဝက်ဆုံးရှုံးခဲ့ရသူ ကိုထိန်လင်း။ ဓာတ်ပုံ - ဗစ်တိုရီးယားမီလ်ကို

သဲထုတ်ယူမှုကြောင့် ကမ်းပြိုကျမှုများဖြစ်ပွားကာ မနှစ်က သူ့မြေတဝက်ဆုံးရှုံးခဲ့ရသူ ကိုထိန်လင်း။ ဓာတ်ပုံ – ဗစ်တိုရီးယားမီလ်ကို

ယင်းပြဿနာကို လွှတ်တော်ကိုယ်စားလှယ်များကစ၍ သတိပြုလာကြသည်။ အင်န်အယ်လ်ဒီပါတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်နှင်းသစ်က သူ့မဲဆန္ဒနယ်မှ မြစ်သဲကျောက်တူးလုပ်ငန်းမှာ ရပ်ရွာတည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးကို ခြိမ်းခြောက်နေသည်ဟု Frontier ကိုပြောသည်။ ဒီလုပ်ငန်းကို ပိုမို၍ စနစ်တကျ စီမံခန့်ခွဲမှုကို ပြုလုပ်စေလိုကြောင်း၊ နောက်ဆက်တွဲ ဆိုးကျိုးခံစားနေရသူများကိုလည်း အကာအကွယ်ပေးဖို့လိုကြောင်း သူကပြောပြသည်။

“ကျွန်မက ကျွမ်းကျင်ပညာရှင်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ မဆီလျော်တော့တဲ့ လုပ်ထုံးလုပ်နည်းဥပဒေတွေ၊ စစ်ဆေးထိန်းညှိမှု မရှိတာတွေကြောင့် ပဋိပက္ခတွေ၊ မြစ်ကမ်းတိုက်စားပြိုကျမှုတွေ၊ ငါးရှားပါးလာမှုတွေ ကြုံတွေ့နေရတယ်” ဟု သူကပြောပြသည်။

ပဲခူးတိုင်းဒေသကြီးလွှတ်တော်၊ သဘာဝရင်းမြစ်၊ သစ်တောနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကော်မတီသည် မြစ်သဲတူးဖော်မှု၏ အကျိုးဆက်များ၊ လိုင်စင်ထုတ်ပေးမှုလုပ်ငန်းစဉ်၊ ဖြစ်ပေါ်နေသော ပဋိပက္ခများကို စုံစမ်းစစ်ဆေးရန် စီစဉ်လျက်ရှိသည်။ ထိုကော်မတီဥက္ကဋ္ဌ (ရွှေကျင် -၂ အင်န်အယ်လ်ဒီအမတ်) ဒေါ်လှလှဝင်းက “ကျွန်မတို့ကော်မတီက မြစ်သဲကျောက်ထုတ်နေသူတွေကိုရော၊ မြစ်ထဲမှာ တရားမဝင် လုပ်ကိုင်နေသူတွေကိုရော မကြောက်ပါဘူး” ဟု ပြောသည်။

အလွန်ကြီးမားသော စူပါမားကတ်ကြီး ဧရာဝတီ

ဧရာဝတီမြစ်သည် အရှေ့တောင်အာရှတွင် လွတ်လပ်စွာစီးဆင်းနေသော အရှည်ဆုံးမြစ်များ၌ တစ်ခုအပါအဝင်ဖြစ်ပြီး မြန်မာနိုင်ငံတွင် အရေးပါဆုံးမြစ်လည်းဖြစ်သည်။ မြန်မာနိုင်ငံ လူဦးရေ၏ သုံးပုံနှစ်ပုံသည် ဧရာဝတီမြစ်ဝှမ်းတွင် နေထိုင်ကြရသူများဖြစ်သည်။ ၎င်းပြင် ကမ္ဘာပေါ်၌ ဇီဝမျိုးကွဲများ အပေါများဆုံးဒေသများတွင်လည်း တစ်ခုအပါအဝင်ဖြစ်သည်။

ဧရာဝတီသည် တရုတ်ပြည်ထဲရှိ မီတာ ၅၀၀၀ (ပေ ၁၅၀၀၀ ကျော်) အမြင့်ရှိ တောင်ပေါ်ဒေသတွင် မြစ်ဖျားခံသည်။ ထိုမှ မတ်စောက်သောမြစ်လက်တက်များဖြင့် အရှိန်ပြင်းပြင်း စီးဆင်းလာသောကြောင့် အနည်အနှစ်များစွာ သယ်ဆောင်လာခဲ့သည်။ သစ်တောပြုန်းတီးလာမှု၊ သတ္ထုတူးဖော်မှုများကြောင့်လည်း အနည်အနှစ်တို့ တိုးပွားလာပြန်သည်။ ထိုအနယ်များမှာ ကချင်ပြည်နယ်တောင်ပိုင်း မြေပြန့်တွင် ပို့ချလိုက်သောအခါ မြစ်ရေစူးအနက်လျော့သွားပြီး ဘေးကို ပြန့်ကားကျယ်ဝန်းသွားသည်။ ထို့ကြောင့် ကမ်းဘေးတိုက်စားမှု၊ ရေလွှမ်းမိုးမှုနှင့် ရေကြောင်းသွားလာမှု၌ အခက်အခဲများ ဖြစ်ပေါ်လာသည်။

မြစ်ကြီးနားမှ အောက်ဘက်စီးဆင်းသွားရာ အထူးသဖြင့် မန္တလေးမြို့နှင့် ရန်ကုန်မြို့အကြားတွင် အလျင်အမြန်ဖွံ့ဖြိုးမှု တည်ဆောက်ရေးလုပ်ငန်းများနှင့်အတူ ကွန်ကရစ်နှင့် ကတ္တရာတို့တွင် အသုံးပြုရန် သဲဝယ်လိုအား တိုးတက်များပြားလာသည်။

အနည်အနှစ်ဟုဆိုရာတွင် အရွယ်အစား အမျိုးမျိုးရှိသည်။ အလွန်သေးငယ်သော အနည်များကို ရွှံ့စေးအဖြစ် ပို့ချသည်။ ထို့နောက် နုံး silt ၊ သဲ sand ၊ ကျောက်စရစ် gravels နှင့် ယင်းထက်အရွယ်အစားပိုကြီးသော ကျောက်စရစ်ခဲ pebbles နှင့် ထို့ထက်ပိုကြီးသော ကျောက်လုံးလေးများ stone ဟူ၍ အမျိုးမျိုးရှိသည်။ ထုံးစံအားဖြင့် အရွယ်ပိုကြီးသောအနည်များမှာ ပိုမိုရှားပါးပြီး မြစ်ကြောင်းတည်ငြိမ်ရေးအတွက် အထူးအရေးပါသော ကျောက်စရစ်တုံးအခဲများဖြစ်သည်။ ထိုကျောက်စရစ်များသည်ပင် ဆောက်လုပ်ရေး၌ အလိုချင်ဆုံးအရာများဖြစ်သည်။

ဧရာဝတီမြစ်ထဲက အနည်အနှစ်တို့ကို မည့်သည့်နှုန်းနှင့် ထုတ်ယူနေသည်ဆိုသည့် အချက်အလက်များ ကောက်ယူခြင်း၊ တွက်ချက်ထားခြင်း မရှိချေ။ သို့သော် ကမ္ဘာ့တောရိုင်းတိရစ္ဆာန် ရန်ပုံငွေအဖွဲ့ World Wildlife Fund အဖွဲ့၏ ခန့်မှန်းတွက်ချက်မှုအရ တစ်နှစ်လျှင် တန်သန်းပေါင်း ၂၀ ခန့်အနည်းဆုံးရှိမည်ဟုဆိုသည်။ ထိုပမာဏမှာ ဧရာဝတီက နှစ်စဉ်ပို့ချနေသော အနည်အနှစ်အားလုံး၏ ၁၀ ရာခိုင်နှုန်းရှိသည်။

ယင်းသည် မြစ်အလယ်ပိုင်းတွင် အနည်အနှစ် အလွန်များသော ထူးခြားအခြေအနေတစ်ရပ်ကို ဖန်တီးပေးသည်။ သို့ဖြင့်ရေလွှမ်းမိုးမှုကို ပိုမိုဆိုးဝါးစေပြီး ရေကြောင်းသွားလာမှုကို ခက်ခဲစေသည်။ သို့သော် မြစ်အောက်ပိုင်း၌ အနည်အလုံအလောက် မရတော့ခြင်းကြောင့် မြစ်ကမ်းပြိုခြင်းကို ဖြစ်ပေါ်စေသည်။ အထူးသဖြင့် မကွေး၊ ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ဖြစ်ပေါ်နေသည်။

မြစ်ရေတိုက်စားမှုအချို့သည် သူ့သဘာဝအလျောက် ဖြစ်နေကြသည်မှန်သော်လည်း မြစ်အောက်အကြေအရပ်တွင် မြစ်ကမ်းပါးတိုက်စားမှု အများအပြားမှာ မြစ်ထဲမှ သဲနှင့်ကျောက်စရစ် အများအပြားထုတ်ယူနေမှုနှင့် ဆက်စပ်နေသည်ဟုဆိုလျှင်လည်း ဆိုနိုင်ပေသည်ဟု ကမ္ဘာ့တောရိုင်းတိရစ္ဆာန် ရန်ပုံငွေအဖွဲ့၊ မဟာမဲခေါင်အစီအစဉ် WWF Greater Mekong Programme မှ မစ္စတာ မာ့ခ် ဂိုးချတ် Mr. Muc Goichot ကပြောသည်။

အနည်အနှစ်ပို့ချမှု လျော့သွားသဖြင့် မြစ်ဝကျွန်းပေါ်ဒေသတွင် နိုင်ငံ၏အစားအစာ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့် အာဟာရရရှိမှုလည်း လျော့ကျသွားသည်။ အနည်အနှစ်သည် အစားအစာကွင်းဆက်တွင် အလွန်အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ငါးများအတွက် အစာအာဟာရပေးပြီး သီးနှံများအတွက် မြေသြဇာပေးသည်။

သရုပ်ဖော်ပုံ - ဂျာရတ်ဒေါင်းနင်း။ ဓာတ်ပုံ - ဗစ်တိုရီးယားမီလ်ကို

သရုပ်ဖော်ပုံ – ဂျာရတ်ဒေါင်းနင်း။ ဓာတ်ပုံ – ဗစ်တိုရီးယားမီလ်ကို

ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်းနှင့် လမု၊ ကနစို ဒီရေတောများ လျော့နည်းလာမှုကြောင့်လည်း မြစ်ဝကျွန်းပေါ် မြေနုဒေသအပေါ် ဖိစီးမှုများ ပိုလာသည်။ သည်ကြားထဲ အနည်အနှစ်စီးဝင်မှု လျော့ကျလာသဖြင့် မြေနုကျွန်းဒေသမှာ ပို၍အင်အားချည့်နဲ့လာရသည်။ အပူပိုင်းမုန်တိုင်းများနှင့် ပင်လယ်ရေမြင့်တက်လာမှုကို ခံနိုင်ရည်အား ပိုနည်းလာသည် ဟု WWF ကဆိုပါသည်။

WWF အဖွဲ့က မြေနုကျွန်းကမ်းရိုးတန်းကို လေ့လာတိုင်းတာစဉ်က ထူးခြားကြီးမားသော အနည်အနှစ် အရွယ်အစားကြောင့် မြေနုကျွန်းဒေသကို ကျန်းမာကြံ့ခိုင်စွာ တွေ့ရလိမ့်မည်ဟု မျှော်လင့်ခဲ့သည်။

“ဒဏ်ရာဒဏ်ချက်တွေ ရရှိထားတဲ့ လက္ခဏာတွေ တွေ့လိုက်ရတော့ အတော်အံ့သြသွားကြတယ်” ဟု မစ္စတာ မာ့ခ် ဂိုးချတ်ကပြောသည်။ ခုနေများ ဆိုင်ကလုန်းနာဂစ်ကဲ့သို့ အင်အားပြင်းအပူပိုင်းမုန်တိုင်းမျိုး နောက်တစ်လုံးနှင့်တွေ့ခဲ့ပါက အပျက်အစီး အဆုံးအရှုံးပိုများနိုင်ကြောင်း ၎င်းကပြောသည်။ ၂၀၀၈ နာဂစ်မုန်တိုင်း တိုက်ခတ်စဉ်က လူပေါင်း ၁၃၈,၀၀၀ ခန့် သေကျေပျောက်ဆုံးခဲ့ရသည်။

ပြဿနာက မြစ်သဲကျောက်စုပ်ထုတ်မှုကို တားမြစ်လိုက်ရုံနှင့် ပြီးမသွားနိုင်ပေ။ မြန်မာနိုင်ငံသည် အခြားဖွံ့ဖြိုးဆဲနိုင်ငံများနှယ်ပင် လမ်းနှစ်သွယ်နှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။ မြစ်သဲ၊ ကျောက်ထုတ်ယူမှုကြောင့် မြစ်များခြိမ်းခြောက်ခံနေရသည်။ သို့သော် စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သဘာဝအရင်းအမြစ်တို့ကိုမူ ထုတ်ပေးနေရမည်ဖြစ်သည်။

ကွန်ကရစ်နှင့် ကတ္တရာတို့တွင် သဲက ၈၀ ရာခိုင်နှုန်းခန့်ပါရှိသည်။ သဲက အလွန်လေးလံပြီး သယ်ယူဖို့ခက်ခဲသဖြင့် အနီးဆုံးရနိုင်သော နေရာကပင် ထုတ်ယူကြရသည်။ မြန်မာနိုင်ငံ၌ ဧရာဝတီမြစ်ကြီး ကမ်းဘေးတလျှောက်တွင် အလျင်အမြန်ဖွံ့ဖြိုးနေသော မြို့ကြီးများ တန်းစီရှိနေသည်။ ထိုအထဲတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ မြို့တော်များလည်းပါဝင်သည်။ ရန်ကုန်မြို့ကြီး၏ ဆောက်လုပ်ရေးကဏ္ဍတွင် အသုံးပြုနေသော အနည်အနှစ်များကိုလည်း ဧရာဝတီမြစ်ကြီးထဲကပင် ထုတ်ယူသုံးနေရသည်။

ဤလုပ်ငန်းသည် အလွန်စီးပွားဖြစ်သော လုပ်ငန်းဖြစ်သည်။ ကမ္ဘာ့ဘဏ်၏အစီရင်ခံစာအရ ၂၀၁၇ ခုတွင် ဆောက်လုပ်ရေးကဏ္ဍသည် အမေရိကန်ဒေါ်လာ လေးဘီလျံခန့်ရှိရာ ဂျီဒီပီ၏ ၅ ဒသမ ၇ ရာခိုင်နှုန်းရှိသည်။ မြစ်တို့က သဘာဝအတိုင်း အနည်အနှစ်များကို အရွယ်အစားအမျိုးမျိုး ခွဲခြားထုတ်ပေးသည်။ မစ္စတာ ဂိုးချတ် ပြောသလို အလွန်ကြီးမားသော စူပါမားကက်ကြီးဖြစ်နေပေရာ ထုတ်ယူသုံးစွဲမည့်သူများက ဘယ်အရွယ်အစားကို ဘယ်နေရာမှာ ထုတ်ယူရမည်ဆိုသည်ကို တိတိကျကျ သိနေလေတော့သည်။

နိုင်ငံလုံးဆိုင်ရာ မူဝါဒလိုအပ်နေပြီ

ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာခြင်းနှင့်အတူ လာမည့်နှစ်များတွင်လည်း သဲနှင့်ကျောက်စရစ် လိုအပ်ချက်တိုးလာမည်သာဖြစ်ရာ စဉ်ဆက်မပြတ် မြစ်သဲ၊ ကျောက် ထုတ်ယူနိုင်ရေးအတွက် နိုင်ငံလုံးဆိုင်ရာ မူဝါဒများ လိုအပ်နေပြီဟု ကျွမ်းကျင်သူတို့က ပြောနေကြသည်။ လက်ရှိအချိန်၌ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများထံတွင် ၎င်းတို့သင့်တော်မည်ထင်သလို လိုင်စင်ထုတ်ပေးပိုင်ခွင့် ရှိနေသည်။

မြစ်သဲကျောက်ထုတ်ခွင့်လိုင်စင်ကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနများတွင် လျှောက်လွှာတင်ရသည်။ ရေအရင်းအမြစ်နှင့် မြစ်ကြောင်းထိန်းသိမ်းရေး ညွှန်ကြားမှုဦးစီးဌာန DWIR က ရေကြောင်းတိုင်းတာရေးများ လုပ်ကိုင်ပြီး သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို ထောက်ခံချက်ပေးရသည်။ ထွေအုပ်က လိုင်စင်ထုတ်ပေးရေး မပေးရေး အပြီးသတ်ဆုံးဖြတ်ချက်ကို ချမှတ်သည်။

ဤစနစ်သည် ပြည်နယ်နှင့် တိုင်းဒေသကြီးများအကြား မတူကွဲပြားသော လုပ်ထုံးလုပ်နည်းကို ခွင့်ပြုထားသည်။ ပြည်မြို့တွင် လုပ်ကိုင်နေကြပုံကို မြစ်သဲကျောက်ထုတ်လုပ်သူများက Frontier ကို ဤသို့ပြောပြသည်။ ထုတ်လုပ်ခ production fees နှင့် အခွန် tax အပြင် ရပ်ကွက်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများက ကျောင်းနှင့်လမ်းစီမံကိန်းများအတွက်ဟုဆိုကာ သိန်း ၃၀ ခန့်အထိ အလှူငွေတောင်းခံကြသည်။

ထုတ်လုပ်ခမှာ ကျောက်စရစ်တစ်ကျင်း (၁၀၀ ကုဗပေ) ကျပ် ၁၅,၀၀၀ နှင့် သဲတစ်ကျင်း ကျပ် ၈၀၀၊ အခွန်မှာ ကျောက်စရစ်တစ်ကျင်း ကျပ် ၂,၅၀၀ နှင့် သဲတစ်ကျင်းအတွက် ကျပ် ၅၀၀ ပေးရသည်ဟု Frontier ကို ပြောသည်။ မကွေးက ကျောက်စရစ်မှာ မြန်မာပြည်တလွှား အခြားနေရာများထက် ပိုမိုကောင်းသဖြင့် ထုတ်လုပ်သူတို့ အကြိုက်ဖြစ်သည်။ ထို့ကြောင့် အဂတိတရားတွေများသည်ဟု မကွေးသားတစ်ယောက်က ဆိုသည်။ ထွေအုပ်က ဈေးအများဆုံးပေးသော ထုတ်လုပ်သူကိုသာ လိုင်စင်ချပေးကြောင်းပြောသည်။

မကွေးထွေအုပ် ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးကတော့ ဒီလိုမဟုတ်ပါ။ ကုမ္ပဏီအားလုံး လိုင်စင်ကြေးအတူတူသာ ပေးရပါသည်ဟုဆိုသည်။ ၂၀၁၅ မတိုင်မီက နေရာတစ်နေရာမှ ဘယ်နှစ်ကျင်းသာ ထုတ်ရမည်ဟု ကန့်သတ်ချက်မထားခဲ့ဟု ရန်ကုန်မြို့ သဲကျောက်ထုတ်လုပ်မှု အစီရင်ခံစာ (၂၀၁၈) ကိုရေးသားသော မစ္စဘက်သီယာ ခေဒို Ms. Bethia Kadoe ကပြောပြသည်။

၂၀၁၅ မှစ၍ လိုင်စင်လျှောက်လွှာများကို စဉ်းစားရာတွင် အချက် ၂ ချက်ကို စဉ်းစားသည်ဟု မစ္စဘက်သီယာ က ပြောသည်။ ပထမအချက်မှာ မြစ်ကြောင်းထိန်းသိမ်းရေး၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် ထိုနေရာမှာ သောင်တူးစရာလိုသလား ဆိုသောအချက်ဖြစ်သည်။ ဒုတိယအချက်မှာ သောင်တူးသင်္ဘော၏ အရွယ်အစားဖြစ်သည်။ ကုမ္ပဏီတစ်ခုသည် သောင်တူးသင်္ဘောတစ်စင်းထက် ပိုမသုံးရ၊ သင်္ဘောတစ်စင်းလျှင် သဲ၊ ကျောက်စရစ် ကျင်း ၃၀ ထက် ပိုမတူးရဆိုသော သတ်မှတ်ချက်ကို ပြဋ္ဌာန်းထားသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီး DWIR ဌာနသည် မြစ်ကြောင်းထိန်းသိမ်းရေးနှင့် ရေကြောင်းသွားလာရေး လုပ်ငန်းစဉ် တစ်ရပ်အဖြစ် စည်းကမ်းဥပဒေ လိုက်နာမှုရှိ မရှိ စောင့်ကြပ်ကြည့်ရှုရန် တာဝန်ရှိသည်။ DWIR, GAD နှင့် ရဲတပ်ဖွဲ့ဌာနအသီးသီးမှ အရာရှိများပါသောအဖွဲ့သည် ပွင့်လင်းရာသီအတွင်း မြစ်ကြောင်းတလျှောက် စောင့်ကြပ်ကြည့်ရှုစစ်ဆေးမှုကို တစ်လလျှင် သုံး လေးကြိမ် ပြုလုပ်သည်။ မုတ်သုံရာသီ မိုးတွင်းမှာတော့ ရပ်နားသည်ဟု မန္တလေးတိုင်းဒေသကြီး DWIR ညွှန်ကြားရေးမှူး ဦးတိုးအောင်လင်းကပြောသည်။

တရားဝင်လိုင်စင်မရှိဘဲ မြစ်သဲကျောက်ထုတ်လုပ်သူများကို ၂၀၀၆ မြစ်များနှင့် ရေအရင်းအမြစ် ထိန်းသိမ်းရေးဥပဒေအရ တရားစွဲဆိုကြောင်း ၊ ၂၀၁၇ အတွင်း မန္တလေးတိုင်းဒေသကြီးတွင် တရားမဝင် ထုတ်ယူမှု ခြောက်ခု၊ ခုနစ်ခု တွေ့ရှိခဲ့ရကြောင်း၊ အများစုမှာ မန္တလေးအထက်၊ ဧရာဝတီမြစ်လက်တက်များရှိ မတ္တရာနှင့် စဉ့်ကူအနီးတဝိုက်တွင်ဖြစ်ကြောင်း ၎င်းကပြောသည်။

“တရားမဝင် သောင်တူးမှုတွေက မြစ်လက်တက်တွေမှာ ဖြစ်တာများပါတယ်။ မြစ်ကြောင်းထဲမှာ ဘယ်သူမဆို လွယ်လွယ်ကူကူ မြင်တွေ့နိုင်တာကိုး၊ ဒါပေမဲ့ ကျွန်တော်တို့ အုပ်ချုပ်ရေးနယ်မြေမှာ မိုင် ၃၄၀ (၅၄၇ ကီလိုမီတာ) လောက်ရှိနေတော့ တရားမဝင် တူးဖော်နေမှုတွေ ဘယ်လောက်အထိ ရှိနေမယ်ဆိုတာ အတိအကျ မသိနိုင်ပါဘူး” ဟု သူ့ရုံးခန်းအတွင်း၌ Frontier ကိုပြောသည်။

မန္တလေးတိုင်း ပခုက္ကူမြို့နယ်၌ မြစ်ကျောက်ထုတ်ယူနေစဉ်။ ဓာတ်ပုံ - ဗစ်တိုရီးယားမီလ်ကို

မန္တလေးတိုင်း ပခုက္ကူမြို့နယ်၌ မြစ်ကျောက်ထုတ်ယူနေစဉ်။ ဓာတ်ပုံ – ဗစ်တိုရီးယားမီလ်ကို

မန္တလေးတိုင်းမှ မကွေးတိုင်းသို့ Frontier က သင်္ဘောဖြင့် လိုက်ပါလာစဉ် ညောင်ဦး- ပခုက္ကူ တံတားအောက်ခြေတွင် တံတားတိုင်နှင့်ကပ်၍ သောင်တူးသင်္ဘော နှစ်စင်း ကျောက်စရစ်တူးနေသည်ကို မြင်တွေ့ရပါသည်။ ကျွန်တော်တို့က ညွှန်မှူးဦးတိုးအောင်လင်းကို ခေါ်ပြသောအခါ သူက ဒါဟာ တရားမဝင် ထုတ်နေတာဖြစ်ကြောင်း သက်ဆိုင်ရာမြို့နယ် DWIR ဌာနတာဝန်ရှိသူတွေက ဝင်တားပါလိမ့်မယ်ဟု ပြောပါသည်။ နောက်သုံးလေးနာရီကြာသည့်တိုင် ယင်းသင်္ဘောများ ဆက်လက်တူးထုတ်နေသည်ကိုသာ မြင်တွေ့ခဲ့ရပါသည်။

အဓိကပြဿနာမှာ တရားမဝင် လိုင်စင်မဲ့ တူးထုတ်နေကြသူများမဟုတ်၊ လိုင်စင်ဖြင့် တရားဝင်ထုတ်နေသူများ၊ လိုင်စင်ကခွင့်ပြုထားသည့် ပမာဏထက်ကျော်၍ ပိုထုတ်နေကြခြင်းကသာ အဓိကပြဿနာ ဖြစ်နေကြောင်း Frontier နှင့် တွေ့ဆုံမေးမြန်းခွင့်ရခဲ့သူအားလုံးက သဘောတူကြသည်။ ဒါကလည်း စောင့်ကြည့်ဖို့ အတော်ခက်သည်။ ရပ်ရွာက တိုင်တန်းပြောဆိုလာမှသာ လုပ်ကြရသည်ကများသည်။

သောင်တူးသူများက ပတ်ဝန်းကျင် ထိန်းသိမ်းရေးလမ်းညွှန်မှုတွေကို လိုက်နာနေကြပါရဲ့လား ဆိုသည်ကိုလည်း မသိနိုင်ချေ။ တစ်နှစ်လျှင် ကျောက်ခဲ၊ ကျောက်စရစ်၊ သဲကုဗမီတာ ၁,၀၀၀ ထက်ကျော်လွန်၍ ထုတ်လုပ်နေသောကုမ္ပဏီသည် ပတ်ဝန်းကျင်ထိခိုက်မှု ကင်းရှင်းကြောင်း လက်မှတ်ရရှိရန် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန၏ ပတ်ဝန်းကျင် စစ်ဆေးလေ့လာမှုခံယူရန် လျှောက်လွှာတင်ဖို့လိုအပ်သည်။ တစ်နှစ်ကုဗမီတာ ၅၀,၀၀၀ အထက် ထုတ်နေသူများကတော့ ပတ်ဝန်းကျင်ထိခိုက်မှု သုံးသပ်တိုင်းတာမှု လုပ်ဆောင်ရမည်ဖြစ်သည်။ ကျင်း ၃၀ ဆန့်သင်္ဘောတစ်စင်း မြစ်ထဲမှတစ်ခေါက် ထွက်လာလျှင် သဲကျောက်စရစ် ၂၇၅ ကုဗမီတာ ထုတ်ယူပါရှိသွားမည်သာဖြစ်သည်။

အရပ်ဖက် လူမှုအဖွဲ့အစည်း တစ်ခုဖြစ်သော Magway EITI Watch Group သည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန Environmental Conservation Department (ECD) ထံ မြစ်သဲကျောက် ထုတ်နေသူများသည် ပတ်ဝန်းကျင်ထိခိုက်မှု သုံးသပ်တိုင်းတာမှု Environment Impact Assessment (EIA) လမ်းညွှန်ချက်များကို လိုက်နာခြင်းရှိ မရှိ မေးမြန်းခဲ့ကြောင်း၊ သို့သော် ဌာနက ပူးပေါင်းဆောင်ရွက်မှုမရှိကြောင်း မကွေး EITI ၏ Coordinator ကိုအိုလာ Ko Olar ကပြောသည်။ ပို၍ကျယ်ကျယ်ပြန့်ပြန့် ကြည့်မြင်လျှင် မြစ်သဲကျောက် ထုတ်ယူမှုလုပ်ငန်းတွင် ပွင့်လင်းမြင်သာမှုမရှိခြင်းက အဂတိလိုက်စားရန် အခွင့်အလမ်းများ ဖန်တီးပေးနေသည်ဟု သူကပြောသည်။

လိုင်စင်အရေအတွက် မည်မျှချပေးထားသည်။ ဧရာဝတီမြစ်ထဲမှ နှစ်စဉ်သဲကျောက်စရစ် ပမာဏ မည်မျှထုတ်ယူနေသည်ဆိုသော အချက်အလက်များကိုရရှိရန် Frontier က ကိုယ်တိုင်ကြိုးစားကြည့်သည်။ ရလဒ်ကတော့ ကိုအိုလာ ပြောသည့်အတိုင်းပင် ဖြစ်သည်။ ဒီဇင်ဘာလအစောပိုင်းတွင် DWIR ညွှန်မှူးဦးထွန်းနိုင်နှင့် ဆက်သွယ်မေးမြန်းကြည့်ရာ ကျွန်တော်တို့လိုချင်သော အချက်အလက်တွေကို သူ့ဌာနမှ စုဆောင်းပေးမည်ဟုပြောသည်။ နောက်တစ်လခန့်အကြာ ဖုန်းအကြိမ်ပေါင်းများစွာ ဆက်သွယ်ပြီးနောက် သူက ပေးထားသောကတိကို ဖျက်လိုက်ပါတော့သည်။ သူက အချက်အလက်တွေကို မပေးနိုင်တော့ကြောင်း၊  ထွေအုပ်ကသာ လိုင်စင်ထုတ်ပေးရာတွင် တာဝန်ရှိသူဖြစ်နေသောကြောင့်ဖြစ်ကြောင်း ပြောပါသည်။

ကျွန်တော်တို့၏ အချက်အလက်တောင်းခံမှုကို ထွေအုပ်ညွှန်မှူးနှင့် ပြောခွင့်ရပုဂ္ဂိုလ်ဖြစ်သူ ဦးအောင်သိုက်ဝင်းက နားတော့ထောင်ပါသည်။ သို့သော် နောက်ထပ်ဖုန်းခေါ်တာတွေကိုတော့ မကိုင်တော့ပါ၊ ထွေအုပ်ရုံးများကို ဖုံးဆက်သော်လည်း ဘာမှရလဒ်ပေါ်ထွက်မလာတော့၊ ဌာနအချင်းချင်း တစ်ခုနဲ့တစ်ခု လွှဲချ၍သာ နေတော့သည်။ သူတို့တာဝန်မဟုတ်၊ သူတို့နှင့်မဆိုင်ဟုသာ ပြောနေကြသည်။

မန္တလေးသွားပြီး တိုင်းဒေသကြီး ထွေအုပ်ရုံးတွင် သောင်တူးလိုင်စင်ဆိုင်ရာ အချက်အလက်များကို တောင်းခံသည်။ အဆောက်အအုံ တစ်ခုမှတစ်ခုသို့ အပြန်အလှန် လမ်းညွှန်နေသည်နှင့် သုံးနာရီခန့် ကြာသွားပြီး နောက်ဆုံးတွင် အီးမေးပို့ရန်သာ ပြောလိုက်ပါသည်။ အီးမေးကိုလည်း ဘာအကြောင်းမှ မပြန်ပါလေ။

နောက်ဆုံးတွင် ဦးတင်မြင့်နှင့် ကြိုးစားကြည့်သည်။ ဦးတင်မြင့်ကား အခြားမဟုတ် ထွေအုပ်ဌာန ဦးစီးမှူးဟောင်းဖြစ်ပြီး ဇန်နဝါရီလ ၃ ရက်မှစ၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးတွင် ဒုဝန်ကြီးဖြစ်လာသူဖြစ်သည်။ သူက ကျွန်တော်တို့ကို ဖက်စ်နံပါတ်တစ်ခုပေးသည်။ ပြည်နယ်နှင့်တိုင်းဒေသကြီးတို့မှ အချက်အလက်များ စုဆောင်းပေးဖို့ သူ့ရုံးကို သူပြောမည်ဟုဆိုပါသည်။

ဤဆောင်းပါး စက်တင်ပုံနှိပ်နေချိန်ထိ သူ့ဌာနက အချက်အလက်များ စုဆောင်းနေဆဲဖြစ်ပါသည်။

မန္တလေးတိုင်း ရေအရင်းအမြစ်နှင့် မြစ်ကြောင်းထိန်းသိမ်းရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတိုးအောင်လင်း။ ဓာတ်ပုံ - ဗစ်တိုရီးယားမီလ်ကို

မန္တလေးတိုင်း ရေအရင်းအမြစ်နှင့် မြစ်ကြောင်းထိန်းသိမ်းရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတိုးအောင်လင်း။ ဓာတ်ပုံ – ဗစ်တိုရီးယားမီလ်ကို

အချက်အလက် မရရှိနိုင်ခြင်းမှာ သတင်းထောက်များအတွက်သာ ပြဿနာမဟုတ်ပါ။ ဧရာဝတီမြစ်ကြောင်း ထိန်းသိမ်းရေးအတွက် တာဝန်ရှိနေသော ဌာနဆိုင်ရာများအတွက်လည်း အခက်အခဲဖြစ်စေပါသည်။ မန္တလေးတိုင်းဒေသကြီးအတွက် DWIR ညွှန်ကြားရေးမှူး ဦးတိုးအောင်လင်းက အခြားပြည်နယ်နှင့် တိုင်းများမှ လုပ်ငန်းချင်းဆက်စပ်နေသော အခြားဌာနများနှင့် အဆက်အသွယ်မရှိသဖြင့် သူ့အလုပ်ကိုလုပ်ရန် အလွန်အခက်တွေ့ရသည်ဟု ပြောပါသည်။ ထိုမျှမက မြစ်ကြောင်းစီမံခန့်ခွဲမှု ကဏ္ဍအမျိုးမျိုးတွင် ဝန်ကြီးဌာနအသီးသီး၌ လုပ်ပိုင်ခွင့်အာဏာ အဖုံဖုံရှိနေကြပြီး အချက်အလက်များကို တစ်ဌာနနှင့်တစ်ဌာန ဝေမျှအသုံးချမှုလည်း မရှိကြပေ။

၂၀၁၄ ခုတွင် အမျိုးသား ရေအရင်းအမြစ်ကော်မတီသည် ဧရာဝတီမြစ်ဝှမ်း ပူးတွဲစီမံခန့်ခွဲရေးစီမံကိန်း Ayeyarwady Integrated River Basin Management Project ကို ကမ္ဘာ့ဘဏ်အကူအညီဖြင့် စတင်လုပ်ဆောင်ခဲ့သည်။ ရည်ရွယ်ချက်မှာ ဧရာဝတီမြစ်ဝှမ်းနှင့် အမျိုးသား ရေအရင်းအမြစ် ဖွံ့ဖြိုးရေးရှင်သန်အောင် ဆောင်ရွက်ရေးပင်ဖြစ်သည်။ အမျိုးသားရေအရင်းအမြစ် ကော်မတီ NWRC ၏ ၂၀၁၇ အစီရင်ခံစာတွင် ရရှိထားသော အချက်အလက်များ၌ သိသာထင်ရှားသော ကွာဟချက်များကို ထောက်ပြခဲ့သည်။

လက်ရှိ မြစ်သဲ၊ ကျောက်ထုတ်ယူနေသောနှုန်းမှာ စဉ်ဆက်မပြတ် ရှင်သန်နိုင်မည့် နယ်နိမိတ်နားနီးကပ်နေပြီ၊ သို့မဟုတ် ကျော်လွန်၍ပင်သွားပြီဖြစ်သည်။ ဧရာဝတီမြစ်ဝ မြေနုကျွန်းဒေသကြီး၏ ခံနိုင်ရည်များ ဆုတ်ယုတ်လျော့ပါးနေပြီ။ မြစ်ခွဲများ၏ မြစ်ဝများအနီးတွင် တိုက်စားမှုတိုးနေသည်ဟု ဖော်ပြထားပါသည်။ ကိုယ်စားပြုနိုင်သော တိကျသည့် အချက်အလက်များ စုဆောင်းပေးနိုင်သည့် အနည်အနှစ် စောင့်ကြည့်ရေးစနစ် ထူထောင်ထားရှိရန် အစီရင်ခံစာက တိုက်တွန်းထားသည်။

ဧရာဝတီမြစ်ပေါ်တွင် ကြီးမားသော ရေအားလျှပ်စစ်ဆည်ကြီး တစ်ခုတည်ဆောက်မည်ဆိုလျှင် ဤစနစ်သည် အလွန်အရေးပါလာလိမ့်မည်။ ဆည်များသည် အနည်များ လွတ်လပ်စွာ မစီးဆင်းနိုင်အောင် ဟန့်တားသည်။ မြစ်အကြေအရပ်တွင် သဲကျောက်ထုတ်ယူမှု လုပ်ကြဦးမည်ဆိုလျှင် ပို၍ဆိုးရွားသော ထိခိုက်မှုများ ဖြစ်လာတော့မည်။

ကမ္ဘာ့တောရိုင်းတိရစ္ဆာန် ရန်ပုံငွေအဖွဲ့က အနာဂတ်အတွက် ဘုံအမြင်တစ်ရပ်တော့ အရေးတကြီး လိုအပ်နေပြီဟု ထောက်ပြထားပါသည်။ ဧရာဝတီမြစ် ရင်ဆိုင်နေရသော ကျရောက်အံ့ဆဲဆဲ အန္တရာယ်များကို မီးမောင်းထိုးပြထားသော ၂၀၁၈ အစီရင်ခံစာတွင် နိုင်ငံ၌ ရေအားလျှပ်စစ်စီမံကိန်းကြီးများ၊ စက်မှုလုပ်ငန်းချဲ့ထွင်ရေး၊ ငါးလုပ်ငန်း၊ နိုင်ငံဖွံ့ဖြိုးရေး အထွေထွေလုပ်ငန်းများအတွက် ဆုံးဖြတ်ချက်များ ချမှတ်လုပ်ဆောင်ရတော့မည့် ယခုလိုအချိန်တွင် နိုင်ငံ့ခေါင်းဆောင်များသည် သူတို့ချည်း သီးသန့်လုပ်ကိုင်နိုင်စွမ်း ရှိတော့မည်မဟုတ်ပါဟု သတိပေးထားပါသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

ဤသတင်းဆောင်းပါးအတွက် Earth Journalism Network and the South East Asian Press Alliance မှ ထောက်ပံ့ကူညီမှု ရယူထားသည်။

ခေါင်းစီးဓာတ်ပုံ – ဗစ်တိုးရီးယားမီလ်ကို

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar