လယ်ဧကအနည်းငယ်သာလုပ်ကိုင်သည့် လယ်သမားများအား အဓိကထားကာ အသေးစားချေးငွေ ထောက်ပံ့နိုင်ရေးအတွက် Proximity Finance အား အမေရိကန်အစိုးရက အမေရိကန်ဒေါ်လာ ၈ သန်း ထောက်ပံ့ပေးသွားမည်ဖြစ်သည်။
Proximity Designs ၏ အသေးစားချေးငွေလုပ်ငန်းခွဲဖြစ်သော Proximity Finance သည် ဧကနည်း လယ်သမားများအတွက် လိုအပ်သောချေးငွေများကို ထုတ်ချေးပေးပြီး ကျေးလက်နေ ပြည်သူများအတွက် ဝန်ဆောင်မှုပေးနေသော လူမှုရေးအဖွဲ့အစည်းတစ်ခုဖြစ်သည်။
အမေရိကန်အစိုးရ၏ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဘဏ္ဍာရေးအကူအညီပေးရေး အဖွဲ့အစည်းဖြစ်သော နိုင်ငံရပ်ခြား ရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်း (OPIC) က မြန်မာနိုင်ငံရှိ ကျေးလက်နေချေးငွေလိုအပ်သူများ အဓိကအားဖြင့် ဧကနည်းလယ်သမားများအတွက် အသေးစားချေးငွေထောက်ပံ့ပေးနိုင်ရန် Proximity Finance အား ပံ့ပိုးပေးမည်ဖြစ်သည်ဟု ရန်ကုန်မြို့၊ အမေရိကန်သံရုံးက ဧပြီ ၄ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
ငွေကြေးထောက်ပံ့ပေးမည့် သဘောတူ စာချုပ်ကို OPIC အကြီးအကဲ အဲရစ်ဂျုန်းစ်၊ Proximity Designs အမှုဆောင်အရာရှိချုပ် ဂျင်မ်တိုင်လာနှင့် Proximity Finance ၏ ဘဏ္ဍာရေးအကြီးအကဲ ဒေါ်စိမ်းနွယ်ဦး တို့က ဧပြီ ၄ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သည်။
Proximity Finance ၏ ကာလရှည်ကြာ လက်တွဲဖက်အဖွဲ့အစည်း ဖြစ်သော Skoll Foundation ကလည်း ပူးတွဲ ထောက်ပံ့ငေပမာဏထဲတွင် တစ်စိတ်တစ်ပိုင်းအနေဖြင့် ထပ်လောင်းရန်ပုံငွေ ဒေါ်လာ ၂ သန်းကို ထည့်သွင်းပံ့ပိုးပေးမည်ဖြစ်သည်။
“လွတ်လပ်ပြီး ပွင့်လင်းတဲ့ အာရှပစိဖိတ်ဒေသအဖြစ် ဆက်လက်တည်ရှိနေဖို့ မြန်မာနိုင်ငံတွင်းက ပုဂ္ဂလိက ကဏ္ဍ တိုးတက်ရေးကို ကူညီပေးသွားဖို့ အမေရိကန်ပြည်ထောင်စုက သန္နိဋ္ဌာန်ချထားပါတယ်” ဟု အမေရိကန်သံအမတ်ကြီး စကော့မာစီရယ်က ပြောကြားသည်။
Proximity Finance က ကျေးလက်ကွန်ရက်မှတဆင့် အထူးချေးငွေများကို စိုက်ပျိုးချိန်တွင် ထုတ်ချေးပေးပြီး ရိတ်သိမ်းချိန်တွင် ပြန်လည် ကောက်ယူခြင်းများကို ဆောင်ရွက်နေပြီး လက်ရှိတွင် ချေးငွေလိုအပ်နေသော အိမ်ထောင်စု ၁၀၀,၀၀၀ ကျော်ကို ဝန်ဆောင်မှုပေးနိုင်ကာ လာမည့်ငါးနှစ်တာကာလတွင် ယင်းပမာဏ၏ နှစ်ဆရှိသော အိမ်ထောင်စုအရေအတွက်ကို ချေးငွေအကြိမ်ရေပေါင်း တစ်သန်းနီးပါး ထုတ်ချေးပေးနိုင်ရန် ရည်ရွယ်ထားသည်ဟု ဆိုသည်။ ရင်းနှီးမြှုပ်နှံထားသောကာလအတွင်း OPIC ၏ ဘဏ္ဍာရေးအထောက်အပံ့ဖြင့် အသေးစား ချေးငွေပေါင်း ၁၀၀,၀၀၀ ကို ထပ်မံပံ့ပိုးပေးနိုင်မည်ဟု မျှော်လင့်ထားသည်ဟုလည်းဆိုသည်။
“လောလောဆယ် တရားဝင်ငွေချေးကဏ္ဍက အပြည့်အဝ ထုတ်ချေးမပေးနိုင်သေးတဲ့ စွန့်ဦးတီထွင် လယ်သမားတွေအတွက် အကြိမ်ရေတစ်သန်းနီးပါးလောက်ကို Proximity Finance ကနေ လာမယ့် ငါးနှစ် အတွင်းမှာ ထုတ်ချေးသွားပါမယ်” ဟု Proximity Finance ၏ အမှုဆောင်အရာရှိချုပ် ဟက်ဗစ် ဆန်းဘာ့ဂ်က ပြောကြားသည်။
မြန်မာ့လယ်ယာကဏ္ဍတွင် တိုင်းပြည်ရှိစုစုပေါင်း လုပ်သားအင်အား၏ ၆၀ ရာခိုင်နှုန်း ဝင်ရောက်လုပ်ကိုင်လျက်ရှိပြီး လယ်ယာကဏ္ဍထုတ်ကုန်တန်ဖိုးသည် စုစုပေါင်းပြည်တွင်းထုတ်ကုန်တန်ဖိုး (GDP) ၏ ခန့်မှန်းခြေ ၃၀ ရာခိုင်နှုန်း ရှိနေသည်။ သို့ရာတွင် ကျေးလက်နေပြည်သူများမှာ ချေးငွေရရှိရန် အခက်အခဲရှိနေခြင်းကြောင့် လယ်ယာကဏ္ဍ တိုးတက်ရေးကို အဟန့်အတားဖြစ်စေပါသည်။ တရားဝင် ဘဏ္ဍာရေးဝန်ဆောင်မှုများမရရှိခြင်းကြောင့် ချေးငွေရယူသူများသည် တရားမဝင်ငွေချေးသူများထံမှ အတိုးနှုန်းကြီးကြီးဖြင့် ချေးယူရခြင်း၊ ၎င်းတို့ပိုင်ဆိုင်သော လယ်ယာနှင့် အခြားပိုင်ဆိုင်မှုများကို ပေါင်နှံကာချေးငွေရယူရခြင်းဖြင့် အရင်းအနှီးများကို ဖန်တီးနေကြရသည်။
OPIC ၏ ယာယီဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် ဒေးဗစ် ဘိုဟီဂျန်က “သူတို့အတွက် အတိုးနှုန်းနည်းနည်းနဲ့ ချေးငွေတွေကို တိုးချဲ့ထုတ်ချေးပေးခြင်းအားဖြင့် OPIC ရဲ့ Proximity နဲ့ မိတ်ဖက်လုပ်ဆောင်မှုဟာ ဧကနည်းလယ်သမားများကို သူတို့လယ်တွေ အထွက်တိုးလာအောင် လုပ်ပေးနိုင်သလို သူတို့ လုပ်ငန်းကိုလည်း တိုးချဲ့နိုင်လာအောင်လည်း လုပ်ပေးနိုင်မယ်။ ပြီးတော့ သူတို့ရပ်ရွာတွေလည်း စည်ပင်ဝပြောလာစေမယ်” ဟု ပြောကြားသည်။