လာမည့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွင်း ကျေးရွာပေါင်း ၁,၃၃၀ ကျော်ရှိ အိမ်ခြေ ၈၀,၀၀၀ ကျော် မီးလင်းစေရေးအတွက် အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်းဖြင့် ဆောင်ရွက်သွားမည်ဟု တာဝန်ရှိသူများက ပြောကြားသည်။
၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် စီမံကိန်းပထမနှစ်အနေဖြင့် လုပ်ငန်းဆောင်ရွက်မှုများ ၉၆ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်သဖြင့် ဒုတိယနှစ်စီမံကိန်းကို စတင်ဆောင်ရွက်နေပြီဖြစ်ရာ တစ်အိမ်သုံးဆိုလာစနစ်ဖြင့် ကျေးရွာပေါင်း ၁၃၀၀ နှင့် အသေးစားလျှပ်စစ်ဓာတ်အားပေးစနစ်ဖြင့် ၃၄ ရွာရရှိရန် ဆောင်ရွက်ထားသည်ဟု ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က ယမန်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။
အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်းအရ ၂၀၁၆ မှ ၂၀၂၁ ခုနှစ်အထိ ငါးနှစ်တာကာလအတွင်း မဟာဓာတ်အားလိုင်းမှ ၁၀ မိုင်ဝေးကွာကာ လာမည့် ၁၀ နှစ်အတွင်း လျှပ်စစ်မရရှိနိုင်သေးသည့် ကျေးရွာများကို ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးရရှိစေရန် ဆောင်ရွက်နေခြင်း ဖြစ်သည်။
“စီမံကိန်းအရ ကျေးလက်ဒေသတွေမှာ လျှပ်စစ်မီးရရှိဖို့အတွက် တစ်အိမ်သုံး ဆိုလာစနစ် (Solar Home System) နဲ့ အသေးစား လျှပ်စစ်ဓာတ်အားပေးစနစ် (Mini-Grid) ဆိုပြီး နည်းလမ်းနှစ်မျိုးနဲ့ အကောင်အထည်ဖော်နေပါတယ်။ ၂၀၁၆ ကနေ ၂၀၂၁ ခုနှစ်အထိ ငါးနှစ်တာ ကာလအတွင်း တစ်အိမ်သုံး ဆိုလာစနစ်နဲ့ လျှပ်စစ်ဓာတ်အား ရရှိအောင် ဆောင်ရွက်ဖို့ ရည်ရွယ်ထားတဲ့ ကျေးရွာ ၈,၄၀၀ ခန့်၊ အိမ်ခြေစုစုပေါင်းက ၆၄,၀၀၀ ခန့်နဲ့ အသေးစား လျှပ်စစ်ဓာတ်အားပေးစနစ်ကနေ ကျေးရွာ ၃၅၀ ခန့်၊ အိမ်ခြေစုစုပေါင်းက ၃၄,၀၀၀ ခန့်၊ အများပြည်သူပိုင် အဆောက်အဦးပေါင်း ၁၆,၀၀၀ ခန့်နဲ့ မီးတိုင်ပေါင်း ၄၀,၀၀၀ တိုင်ဖြစ်ပါတယ်” ဟု ဦးခန့်ဇော်က ပြောကြားသည်။
ပြီးခဲ့သည့် ၂၀၁၆ – ၁၇ ဘဏ္ဍာနှစ်တွင် တစ်အိမ်သုံး ဆိုလာစနစ်များကို ကျေးရွာ ၂၇၀၈ ရွာတွင် တပ်ဆင်ပေးခဲ့ရာ အိမ်ထောင်စုပေါင်း ၁၄,၀၀၀ ခန့် လျှပ်စစ်ဓာတ်အား ရရှိခဲ့သည်။ ထို့ပြင် အသေးစား ဓာတ်အားစနစ်ဖြင့်လည်း ကျေးရွာ ၁၀ ရွာခန့်တွင် လျှပ်စစ်မီး ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့သည်ဟု ဆိုသည်။
တစ်အိမ်သုံး ဆိုလာစနစ်အတွက် ပြည်သူမှ ထည့်ဝင်ငွေ ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းခန့်၊ အသေးစား ဓာတ်အားစနစ်အတွက် ကျေးလက်ဦးစီးဌာနက စီမံကိန်း ကုန်ကျငွေ၏ ၆၀ ရာခိုင်နှုန်းခန့်နှင့် ပြည်သူ ထည့်ဝင်ငွေ ၂၀ ရာခိုင်နှုန်းခန့်၊ ပုဂ္ဂလိကကုမ္ပဏီမှ ထည့်ဝင်ငွေ ၂၀ ရာခိုင်နှုန်းခန့်တို့ဖြင့် ဆောင်ရွက်မည် ဖြစ်ကာ အများပြည်သူသုံး အဆောက်အအုံနှင့် လမ်းမီးတိုင်များအတွက် အခမဲ့ ဆောင်ရွက်သွားမည်ဟု ဦးခန့်ဇော်က ပြောကြားသည်။
“ပထမနှစ်စီမံကိန်းမှာတော့ ၁၀ မဂ္ဂါဝပ်ခန့်တပ်ဆင်ပြီးစီးသွားပြီ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။
“လက်ရှိ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်ထဲမှာ တစ်အိမ်သုံး ဆိုလာစနစ်နဲ့ ရွာပေါင်း ၁၃၀၀ ကျော်နဲ့ အသေးစား လျှပ်စစ်ဓာတ်အားပေးစနစ်နဲ့ ၃၄ ရွာမှာ လုပ်ငန်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ၂၀၁၇-၁၈ ခုနှစ်အတွက် တပ်ဆင်နိုင်မှု စွမ်းအားကတော့ ၁၂ ဒသမ ၅ မဂ္ဂါဝပ်ခန့်ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံ၏ ကျေးလက်ဒေသများရှိ ကျေးရွာများတွင် အိမ်ခြေစုစုပေါင်း ၇၀ ရာခိုင်နှုန်းအထက် မီးလင်းပြီး ကျေးရွာမှာ ၃၅ ရာခိုင်နှုန်းခန့်သာဖြစ်ပြီး အိမ်ထောင်စုအနေဖြင့် ကျေးလက်ဒေသများရှိ အိမ်ထောင်စု ၁၆ ရာခိုင်နှုန်းခန့်သာ လျှပ်စစ်မီး ရရှိသေးသည်ဟု ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းပါ အချက်အလက်များအရ သိရသည်။
အမျိုးသား လျှပ်စစ်ဓာတ်အား ရရှိရေး စီမံကိန်း၏ ရည်မှန်းချက်အနေဖြင့် ၂၀၂၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်းခန့်၊ ၂၀၂၅ ခုနှစ်တွင် ၇၅ ရာခိုင်နှုန်းနှင့် ၂၀၃၀ ပြည့်နှစ်တွင် ၁၀၀ ရာခိုင်နှုန်း မီးလင်းနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ စီမံကိန်းကို အဓိကအားဖြင့် ကမ္ဘာ့ဘဏ်နှင့် ပူးပေါင်း လုပ်ဆောင်နေသည်။