မြင်းခြံ၊ ဖေဖော်ဝါရီ ၂၀
ဓာတုဗေဒကျောင်းသားတစ်ဦးအား ကျောင်းထုတ်ခဲ့သည့် မြင်းခြံဒီဂရီကောလိပ်မှ ကျောင်းအာဏာပိုင်များ၏ ဆုံးဖြတ်ချက်ကို ကန့်ကွက်သည့်အနေဖြင့် ကျောင်းသားအချို့က ယနေ့ နံနက်ပိုင်းတွင် ကျောင်းဝင်းအတွင်း ဆန္ဒပြခဲ့ကြသည်။
မြင်းခြံဒီဂရီကောလိပ်မှ ဓာတုဗေဒ နောက်ဆုံးနှစ်ကျောင်းသား ကိုခိုင်မြဲစံအား ကျောင်းပြင်ပတွင်ဖြစ်ပွားခဲ့သည့် ရန်ပွဲတစ်ခုတွင် ပါဝင်ပတ်သက်ခဲ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် ပြီးခဲ့သည့်သီတင်းပတ်က ကျောင်းမှ ထုတ်ပယ်ခြင်း ခံခဲ့ရကြောင်း ကိုခိုင်မြဲစံက Frontier ကို ပြောသည်။
တရားဥပဒေအရ မည်သူမည်ဝါက အပြစ်ရှိကြောင်း ဆုံးဖြတ်ချက်မချမီ ထုတ်ပယ်လိုက်ခြင်းသည် ရန်ပွဲကြောင့် မဟုတ်ဘဲ အခြားအကြောင်းအရာများနှင့်လည်း ပတ်သက်နိုင်ကြောင်း ကိုခိုင်မြဲစံက ၎င်း၏ထင်မြင်ချက်ကို ပြောကြားသည်။
“တရားဥပဒေအရ ဆုံးဖြတ်ချက်ကို ကျွန်တော် ခံယူမှာပါ။ ဒါပေမဲ့ တရားတောင် မစွဲရသေးတဲ့အချိန်မှာ တစ်ဘက်သတ် ဆုံးဖြတ်ချက်နဲ့ ကျောင်းထုတ်ခဲ့တယ်”ဟု ကိုခိုင်မြဲစံက ပြောသည်။
Frontier က ရရှိသည့် ကိုခိုင်မြဲစံကို ကျောင်းမှထုတ်ပယ်ကြောင်း ကျောင်းအုပ်ကြီး၏ လက်မှတ် ရေးထိုးထားသော ရုံးအမိန့်စာတွင် ကိုခိုင်မြဲစံသည် အရက်သေစာ သောက်စားလာပြီး ဘော်ဒါဆောင်သို့ ဝင်ရောက်ကာ ခိုက်ရန်ဖြစ်ပွားသောကြောင့် တက္ကသိုလ် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များဖြင့် ကျောင်းမှ ထုတ်ပယ်ခြင်းဖြစ်ကြောင်း ရေးသားထားသည်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၏ အဖွဲ့ဝင်လည်းဖြစ်သူ ကိုခိုင်မြတ်စံက ၎င်းအား ကျောင်းပြင်ပ ရန်ပွဲနှင့် ပတ်သက်ပြီး ကျောင်းထုတ်သည့်ကိစ္စသည် ၎င်း၏ အားနည်းချက်ကို အခွင့်ကောင်းယူကာ တက်ကြွလှုပ်ရှားသူ ကျောင်းသားတစ်ဦးကို ကျောင်းမှ ထုတ်ပယ်ခြင်းဖြစ်နိုင်သည်ဟုလည်း ဆိုသည်။
ကျောင်းမှထုတ်ပယ်ကြောင်း အကြောင်းကြားစာတွင်လည်း ကာလအပိုင်းအခြားကို သတ်မှတ်ထားခြင်း မရှိကြောင်း ကိုခိုင်မြဲစံက ပြောသည်။
“တိတိကျကျ မရှိဘူး။ ၂၀၁၆-၁၇ ပညာသင်နှစ်ကနေ ရပ်ဆိုင်းလိုက်သည်ဆိုပြီး သူတို့ စိတ်မကြည်ရင်၊ မကြည်သလောက် ရပ်ထားမယ်။ ထုတ်ထားမယ်ဆိုတဲ့ သဘောပဲ”ဟုကိုခိုင်မြဲစံက ပြောသည်။
သတင်း-ထွန်းခိုင်