၂၀၁၇ ခုနှစ်အတွင်း နောက်ဆုံးနဲ့ ဒုတိယအကြိမ်အဖြစ် ရောင်းချတဲ့ နှစ်လယ် မြန်မာ့ ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်မှာ ဒီဇင်ဘာ ၁၂ ကနေ ၂၁ ရက်နေ့အထိ ကျင်းပပြီးစီးခဲ့ပါပြီ။ ဒီပြပွဲမှာ သတိပြုမိခဲ့တဲ့ အချက် ၇ ချက်ကို ဖော်ပြလိုက်ရပါတယ်။
ကျောက်စိမ်းသာ အဓိက
ကျောက်မျက်ပြပွဲလို့ ခေါ်ဆိုပေမယ့် ပြပွဲတိုင်းမှာ အခြားသောရတနာတွေထက် ကျောက်စိမ်းက ဝင်ငွေအပြတ်အသတ် သာလွန်ပါတယ်။ အခုပွဲမှာ အခြားသော ကျောက်မျက်ရတနာစုစုပေါင်း ၃၂ တွဲ ရောင်းရပြီး ရောင်းရငွေဟာ ယူရို ၀ ဒသမ ၇၇ သန်းသာရှိပေမယ့် ကျောက်စိမ်းအတွဲ ၅,၀၅၄ တွဲ ရောင်းရငွေ စုစုပေါင်းကတော့ ယူရို ၄၃၈ ဒသမ ၅၈ သန်းအထိ ရှိပါတယ်။
ကြမ်းခင်းဈေးအမြင့်ဆုံးတွေ မရောင်းရ
ဒီပြပွဲမှာ အမြင့်ဆုံး ကြမ်းခင်းဈေးအဖြစ်သတ်မှတ်ထားတဲ့ ယူရို ၅ ဒသမ ၈ သန်းတန် ကျောက်စိမ်းအတွဲ နှစ်တွဲ လုံးဝ မရောင်းချခဲ့ရပါဘူး။ ဒါပေမယ့် ယူရို ၁ သိန်းဝန်းကျင်သာ ကြမ်းခင်းဈေး သတ်မှတ်ထားတဲ့ ၆ တုံးပါ ကျောက်စိမ်းတွဲဟာ မူလ သတ်မှတ်တန်ဖိုးထက် အဆ ၁၀၀ ကျော်ဈေးရခဲ့ပြီး တင်ဒါဈေး အမြင့်ဆုံးရရှိမှုအဖြစ် ယူရို ၁၂ ဒသမ ၅ သန်း ရရှိခဲ့ပါတယ်။
ကုမ္ပဏီအမည် ထုတ်မပြောနိုင်
ပြပွဲမှာ ရောင်းချရတဲ့ ကျောက်မျက်အတွဲတွေရဲ့ ကုမ္ပဏီပိုင်ရှင်စာရင်းတွေကို ထုတ်ပြန်ပေးဖို့ မရှိဘူးလို့ တာဝန်ရှိသူတွေက ပြောကြပါတယ်။ ဒါနဲ့ပတ်သက်ပြီး Frontier ကမေးမြန်းတဲ့အခါ “လတ်တလောတော့ စာရင်းတွေ ပြန်ထုတ် မလာနိုင်သေးဘူး။ လောလောဆယ်တော့ အတွဲအမှတ်နဲ့ပဲ ဖြေပေးနိုင်သေးတယ်။ ကုမ္ပဏီနာမည်ဆိုရင် ပြန်ပြီးတော့ ရှာရဦးမှာဆိုတော့ လတ်တလော မဖြေနိုင်သေးဘူး” လို့ မြန်မာ့ကျောက်မျက်ရတနာပြပွဲ ကျင်းပရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသန်းဇော်ဦးက ရှင်းပြပါတယ်။
ရောင်းရငွေ အကြေမရ
ပြပွဲတိုင်းမှာ တင်ဒါစနစ်နဲ့ ဝယ်ယူဖို့ အဆိုပြုခဲ့တဲ့ ကျောက်စိမ်းအားလုံးကို ကုန်သည်တွေက အမှန်တစ်ကယ် ငွေပေးချေ ဝယ်ယူလေ့မရှိပါဘူး။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနရဲ့ စာရင်းတွေအရ ပြပွဲတိုင်းမှာ စုစုပေါင်းရောင်းချရမှု ပမာဏရဲ့ ၂၀ ရာခိုင်နှုန်းနီးပါးဟာ ငွေပေးချေဖို့ ကျန်လေ့ရှိပြီး စပေါ်တင်ထားတဲ့ငွေကိုသာ ကုန်သည်တွေက အဆုံးခံလေ့ရှိကြပါတယ်။
မြန်မာ့ကျောက်မျက်ရတနာပြပွဲ ကျင်းပရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသန်းဇော်ဦးကတော့ ဘယ်ပွဲမှာမှ အတွဲ ၁,၀၀၀ ရောင်းလို့ အားလုံးငွေရတာမဖြစ်နိုင်တဲ့အတွက် တင်ဒါအဆိုပြု ကျောက်တန်ဖိုးရဲ့ ၅ ရာခိုင်နှုန်း စပေါ်ငွေ တင်ခိုင်းတဲ့စနစ်နဲ့ ကုမ္ပဏီတွေမနစ်နာရအောင် စီစဉ်ပေးထားတယ်လို့ ဆိုပါတယ်။
“တင်ဒါအောင်ပြီးမှ ဈေးကွက်မှာက ဈေးကျသွားရင် ကုန်သည်ရဲ့သဘောက လာမယူတော့ဘူး စပေါ်ငွေပဲ အဆုံးခံလိုက်တယ်။ ကျွန်တော်တို့ကလည်း ပြပွဲစည်းကမ်းအရ သိမ်းတယ်”လို့ ဦးသန်းဇော်ဦးက ပြောပါတယ်။
မီဒီယာမဝင်ရ
ပြပွဲရဲ့ ရှေ့ပိုင်းလေးရက်ကိုသာ မီဒီယာတွေ ဝင်ခွင့်ပြုပြီး တင်ဒါစနစ်နဲ့ စတင်ရောင်းချတဲ့နေ့ကစလို့ ဝင်ခွင့်မပြု တော့ပါဘူး။ ဒီအကြောင်းကိုFrontier ကမေးမြန်းတဲ့အခါ “ဒီလေးရက်အတွင်းမှာ ဘယ်ဟာမှ ကန့်သတ်ထားတာ မရှိပါဘူး။ ကြိုက်သလို ဓာတ်ပုံရိုက်၊ အင်တာဗျူးလို့ ရတယ်။ လုံလောက်တဲ့အချိန်လို့ ပြပွဲကော်မတီက စဉ်းစားထားတာဖြစ်တဲ့အတွက် ဒီလောက်ပဲ ဝင်ခွင့်ပြုတာဖြစ်ပါတယ်။ တောင်းဆိုမယ်ဆိုရင်တော့ ဆိုင်ရာကို တင်ပြပေးပါ့မယ်”လို့ ဦးသန်းဇော်ဦးက ဆိုပါတယ်။
အချောထည်မတိုးတက်
အခု ကျင်းပပြီးစီးသွားတဲ့ပြပွဲမှာလည်း အချာထည်အရေအတွက်နဲ့ ရောင်းအား တိုးတက်လာခြင်းမရှိပါဘူး။ ကျောက်မျက် ၁၉၀ တွဲ၊ ကျောက်စိမ်း ၆,၆၈၅ တွဲ ပြသထားတဲ့ ဒီပွဲမှာ အချောထည်ပါဝင်မှုမှာ ၈၅ တွဲသာ ရှိတာပါ။
“အချောထည်လုပ်ငန်း ချက်ချင်းကြီး တိုးတက်လာဖို့ကတော့ မဖြစ်နိုင်သေးဘူးလေ။ ပြည်တွင်းမှာ အချောထည် သင်တန်းတွေတော့ ဖွင့်နေပါပြီ။ ရွှေလီမှာလည်း သင်တန်း သွားတက်နေတာတွေရှိတယ်” ဟု မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းချုပ်၊ ဒုတိယဥက္ကဋ္ဌ (၄) ဦးမြင့်ဟန်က Frontier ကိုပြောပါတယ်။
တရုတ်သည်သာ အားကိုးရာ
ပြပွဲကို လာရောက်တဲ့ ပြည်တွင်း၊ ပြည်ပ ရတနာ ကုမ္ပဏီနဲ့ကုန်သည်စုစုပေါင်းရဲ့ ၅၀ ရာခိုင်နှုန်းကျော်ဟာ တရုတ်ပြည်က ဖြစ်ပါတယ်။ ကုမ္ပဏီ ၁,၆၀၀ လာရောက်ခဲ့ပြီး တရုတ်က ၈၈၈၊ ထိုင်း ၂၁၊ ကနေဒါ ၁၊ ကိုရီးယား ၃ နဲ့ ကျန်တာက ပြည်တွင်းကဖြစ်ပါတယ်။ လူဦးရေကိုကြည့်မယ်ဆိုရင်လည်း တရုတ်ကုန်သည်၂,၈၁၇ဦး၊ ထိုင်း ၂၁ ဦး၊ ကနေဒါ ၁ဦး၊ ကိုရီးယား ၃ ဦးနဲ့ ပြည်တွင်းက ၁,၅၈၀ ဦး ပါဝင်ပါတယ်။
သတင်း-ဉာဏ်လှိုင်လင်း