ကျိုးပျက်သွားသော အိပ်မက်များ – သမ္မတပညာတော်သင်ဆု ဖျက်သိမ်းခဲ့ခြင်း

၂၀၁၄ ခုနှစ်တွင် စတင်ခဲ့သော ဒေါ်လာ သန်းချီတန်သည့် နိုင်ငံရပ်ခြား ပညာတော်သင်ဆု အစီအစဉ်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရက ဖျက်သိမ်းလိုက်သောကြောင့် ကျောင်းသား ရာနှင့်ချီ စိတ်ပျက်ခဲ့ရ

အိမ့်သက်ဆု ရေးသားသည်

မကေခိုင်တစ်ယောက် သူ့ဘဝ ကိုအပြောင်းအလဲဖြစ်မည်ဟု ယုံကြည်ခဲ့သည့် စာတစ်စောင်ကို ၂၀၁၆ ခုနှစ် အစောပိုင်းတွင် လက်ခံရရှိခဲ့သည်။

သူ့ကို မြို့ပြအင်ဂျင်နီယာ ဘာသာရပ်တွင် မဟာတန်းတက်ရောက်ရန် သြစတြေးလျ တက္ကသိုလ်တစ်ခုကလက်ခံခဲ့ခြင်းဖြစ်သည်။ အစိုးရကအပြည့်အဝ ငွေကြေးအကုန်အကျခံမည့် ပညာတော်သင်ဆု အစီအစဉ်ဖြင့် ဖြစ်သည်။ နိုင်ငံတော်သမ္မတပညာတော်သင်ဆု ဟုအမည်ရသည့် အဆိုပါအစီအစဉ်ကို ၂၀၁၄ ခုနှစ်တွင်အစိုးရကကြေညာခဲ့ခြင်းဖြစ်သည်။

သူ လုပ်ရမည်မှာ အဆင့်မြင့် ပညာရေး ဦးစီးဌာနသို့ စာပို့ပြီး သဘောတူညီမှုကို စောင့်ဆိုင်းရန်သာ ဖြစ်ရာ ၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်တွင် စာတင်ခဲ့သည်။

“ကျွန်မရဲ့ ပညာရေးအတွက် ကြီးမားတဲ့ ခြေလှမ်းကြီး အစပြုလိုက်နိုင်လို့ စိတ်လှုပ်ရှားမိတယ်”ဟု မကေခိုင်က ပြောသည်။

သို့သော် အဆင့်မြင့်ပညာ ဦးစီးဌာနက အကြောင်းပြန်စာသည် လများစွာတိုင် ရောက်မလာခဲ့ပေ။

သို့သော် မကေခိုင်တစ်ယောက် နိုင်ငံခြားတွင် ကျောင်းသွားတက်ရန် ပြင်ဆင်ထားခဲ့သည်။ စနေ၊တနင်္ဂနွေတိုင်း ရန်ကုန်သို့ သွားကာ International English Language Testing System IELTS သင်တန်းများ တက်နေခဲ့သည်။ ထို စာမေးပွဲ ရလဒ်က နိုင်ငံခြားတွင် ပညာသင်ရန်အတွက် အထောက်အကူ ပြုမည်ဖြစ်သည်။ ၂၀၁၆ ခုနှစ် ဇူလိုင်လ က ဖတ်စာအုပ်များပင် ဝယ်ယူထားခဲ့သည်။

အဆင့်မြင့် ပညာရေး ဦးစီးဌာနက ဘာမှအကြောင်းမကြားသောအခါ သူ့ပညာရေးကို ၂၀၁၇ ခုနှစ်ဖေဖော်ဝါရီလအထိ ရွှေ့ဆိုင်းလိုက်သည်။

“ကျွန်မက အစိုးရကို ယုံကြည်တယ်။ တက္ကသိုလ် တက်ရမယ်လို့ပဲ ထင်ထားတာ။ ဒီ ပညာတော်သင်ဆုက ကျွန်မရဲ့ အိပ်မက်မို့လို့ တခြား နိုင်ငံခြား အလုပ်အကိုင် အခွင့်အလမ်းတွေ အားလုံးကို ကျွန်မ ငြင်းခဲ့တာ။”ဟု သူကပြောသည်။

သမ္မတပညာတော်သင်ဆုနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘိုဘိုဦးက၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် လွှတ်တော်၌မေးခွန်းမေးခဲ့သည်။ အဆင့်မြင့်ပညာဦးစီးဌာနကတစုံတရာအကြောင်းမပြန်ကြောင်း ပညာတော်သင်ဆု ရရှိထားသော ကျောင်းသား ၅၀ ကျော်က အသိပေးလာသည်ဟု စမ်းချောင်းအမတ်ကပြောသည်။

၂၀၁၆ ခုနှစ်အတွင်း သက်ဆိုင်ရာ နိုင်ငံတကာတက္ကသိုလ်အသီးသီးကကျောင်းဝင်ခွင့်ပြုနေပြီဖြစ်ရာ နိုင်ငံတော်သမ္မတ ပညာသင်ဆု ရွေးချယ်ခံရသည့် ကျောင်းသားကျောင်းသူများစွာမှာ ကျောင်းသွားတက်ရန် မျှော်လင့်ကြီးစွာဖြင့် အဖြေတစ်စုံ တစ်ရာကို စောင့်မျှော်နေကြ ပါကြောင်း ဦးဘိုဘိုဦးကလွှတ်တော်တွင် ပြောခဲ့သည်။

နိုင်ငံတော်သမ္မတ ပညာသင်ဆုဖြင့် စေလွှတ်ထားသော ကျောင်းသားကျောင်းသူ ၁၁၇ ဦး အား ဆက်လက်ပံ့ပိုးမှုရှိ/မရှိနှင့် ကျန်အရွေးချယ်ခံ ပညာသင်ဆုအောင် ကျောင်းသားကျောင်းသူများ (၎င်းတို့ထဲမှ တစ်ဦးသည် ကေခိုင်ဖြစ်သည်။ )ကို မည်သည့်အချိန်တွင် ပညာတော်သင်စေလွှတ်မည်ကို သိရှိလိုကြောင်း သူကမေးမြန်းခဲ့သည်။

ပညာရေး ဒုဝန်ကြီး ဦးဝင်းမော်ထွန်းက ပြန်လည်ဖြေကြားရာတွင် ၂၀၁၆-၂၀၁၇ ပညာသစ်နှစ်အတွက် ပြည်ပတက္ကသိုလ်အသီးသီးမှ Offer Letter ရရှိသူများအနက်မှ မဟာသင်တန်းအတွက် ၄၃ ဦး၊ ပါရဂူသင်တန်းအတွက် ၂၂ ဦး စုစုပေါင်း ၆၅ ဦးကို ပညာတော် သင်ဆု ဆက်လက်ချီးမြှင့် စေလွှတ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေဆိုသည်။

ထို့အပြင် တိုးချဲ့ပြီး တက္ကသိုလ်အသီးသီး၌ လက်ရှိတာဝန် ထမ်းဆောင်နေသော ဆရာဆရာမများ၏ အရည်အသွေး မြင့်မားတိုးတက်ရေး အတွက် နိုင်ငံတော် ပညာသင်ဆုသတ်မှတ်ပြီး ချီးမြှင့်ဆောင်ရွက်နိုင်ရန် ကြိုတင်ဆောင်ရွက်လျက်ရှိပါကြောင်း ဆက်လက်ပြောကြားခဲ့သည်။

သို့သော် ၂၀၁၇ အောက်တိုဘာလတွင် ဦးဝင်းမော်ထွန်းသည် လွှတ်တော်သို့ ပြန်လည်ရောက်ရှိလာပြီး ပညာတော်သင်ဆု အစီအစဉ်ကို ရပ်ဆိုင်းကြောင်းအဓိပ္ပါယ်ရသည့်စကားကိုပြောခဲ့သည်။

ဒုဝန်ကြီးက ပညာသင်ဆုအတွက် ဘွဲ့ကြိုအဆင့်မှ ဘွဲ့လွန် မဟာဘွဲ့အထိ နှစ်စဉ်ကျောင်းသားသစ်များခေါ်ယူနိုင်ရန် နိုင်ငံတော်ဘဏ္ဍာများစွာသုံးစွဲရမည်ဖြစ်ကြောင်းရှင်းပြသည်။

သို့ဖြစ်ရာ လက်ရှိသင်ကြားနေသော ၇၉ ဦးအတွက်သာ အစအဆုံး ဘတ်ဂျက် လျာထားပြီး နောင်အသစ် လျာထားသောပညာသင်ဆုကို နိုင်ငံအတွက် လတ်တလောလိုအပ်သော ပညာရပ်အသစ်များအတွက် ဝန်ထမ်းများ၊ ဆရာဆရာမများကို ဦးစားပေးပြီး လျာထား ဆောင်ရွက်လျက် ရှိပါကြောင်း အသိပေးခဲ့သည်။

ဆုအမည်ကိုပင် နိုင်ငံတော်သမ္မတပညာသင်ဆုအစား နိုင်ငံတော်ပညာသင်ဆုအဖြစ် ပြောင်းလဲ သတ်မှတ်ခဲ့ပြီး ဦးစားပေးအစီအစဉ်မှာလည်း ကျောင်းသားများအစား ဝန်ထမ်းများနှင့်ဆရာဆရာမများဖြစ်ခဲ့သည်။

မကေခိုင်အတွက်တော့ သူ သံသယ ရှိခဲ့သည့်အချက်ကို အတည်ပြုပြီးသား ဖြစ်သွားသည်။ သို့သော် စိတ်မသက်မသာ ဖြစ်နေဆဲပါ။

“သူတို့က ပညာတော်သင်ဆု အစီအစဉ်ကို ဆက်မလုပ်တော့ဘူးလို့ ကြေညာလိုက်တော့ ကျွန်မ အတော်စိတ်ပျက်သွားတယ်။”ဟု သူကပြောသည်။

ဤဆောင်းပါးအတွက် အင်တာဗျူးခဲ့သော ပညာတော်သင်ဆု ရရှိသူများ အားလုံးကဲ့သို့ပင် မကေခိုင်လည်းအမည်မဖော်ခဲ့ပါ။ မကေခိုင် ဟူသည့် နာမည်မှာ အမည်လွှဲတစ်ခုဖြစ်သည်။ မိမိ၏ အရည်အချင်းထက် အစိုးရ အရာရှိများနှင့် နီးစပ်သူများသာ ရရှိသည်ဟု ယူဆကာပညာတော်သင်ဆုနှင့် ဆက်စပ်သူများကိုလည်း လူမှုကွန်ရက်များပေါ်တွင် လှောင်ပြောင် ခနဲ့သူများ ရှိခဲ့သည်။

A March 2015 letter from the Presidential Scholarship Selection Committee Working Group to an applicant confirming they had been awarded a scholarship to study abroad. (Thuya Zaw | Frontier)

A March 2015 letter from the Presidential Scholarship Selection Committee Working Group to an applicant confirming they had been awarded a scholarship to study abroad. (Thuya Zaw | Frontier)

အတော်ဆုံးများအတွက် ဆု

သမ္မတ ဦးသိန်းစိန်သည် သမ္မတ ပညာတော်သင်ဆုပေးအပ်မည်ဟု ၂၀၁၄ ဖေဖော်ဝါရီလက ကြေညာခဲ့သည်။ ဆယ်စုနှစ် ၅ ခုအတွင်း ပထမဆုံးသော သမ္မတပညာသင်ဆုလည်း ဖြစ်သည်။ ထိုအစီအစဉ်ဖြင့် မြန်မာကျောင်းသားများသည် နိုင်ငံခြား တက္ကသိုလ်များသို့ တက်ရောက်နိုင်မည်ဖြစ်ပြီး အနာဂတ် မျိုးဆက်သစ်များ ပညာရေး အခွင့်အလမ်းများ တိုးပွားလာမည် ဖြစ်သည်။ ပညာတော်သင်ဆု ရရှိသူသည်လည်း အမိနိုင်ငံ ဖွံ့ဖြိုးရေးကို အကျိုးပြုနိုင်မည့် ပညာရပ်များကို လေ့လာနိုင်မည် ဖြစ်သည်။

နှစ်လယ်တွင် အစိုးရသည် နိုင်ငံရပ်ခြားမှ ဘွဲ့ရရှိလိုသူများ ၊ဘွဲ့လွန်သင်တန်း တက်ရောက်လိုသူများကို လျှောက်လွှာတင်ရန် ဖိတ်ကြားသည်။ ထို့နောက် သမ္မတ ပညာတော်သင်ဆု ရွေးချယ်ရေး ကော်မတီ လုပ်ငန်းအဖွဲ့က ရွေးချယ်မှုကို လုပ်ဆောင်သည် ။

ထိုအချိန်က တက္ကသိုလ် ဝင်ကြေး နေထိုင်စရိတ် သွားလာစားသောက် စရိတ်များ အားလုံး ပါဝင်မည့် ထိုပညာတော်သင်ဆုကို မီဒီယာ အများအပြားက စိတ်ဝင်တစား ရေးသားခဲ့ကြသည်။ လေ့လာသူ အများအပြားက နိုင်ငံရှိ လူငယ်များ၏ ပညာရေးအပေါ် ရင်းနီးမြုပ်နှံသည့်အတွက် အစိုးရကို ချီးကျူးခဲ့ကြသည်။ ကုန်ကျစရိတ် အနေဖြင့် တစ်နှစ်လျှင် ပညာတော်သင်ဆု တစ်ဆုကို ကန်ဒေါ်လာ ၈၀ ၀၀၀ ကျသင့်မည့် ထိုအစီအစဉ်သည် ရေရှည်တွင် အကျိုးဖြစ်ထွန်းနိုင်မည်ဟု ပြောခဲ့ကြသည်။

သို့သော် ဝင်ရောက်လျှောက်ထားနိုင်ရန် လိုအပ်သည့် အရည်အချင်းမှာ ခက်ခဲသည်။ အထူးသဖြင့် ဘွဲ့ကြိုကျောင်းသားများအတွက်ဖြစ်သည်။ လျှောက်ထားသူသည် အသက် ၁၆ နှစ်မှ ၂၀ အကြား ရှိရမည်။ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ရမှတ် ၅၀၀ နှင့် အထက် ရှိရမည်။ ပညာသင်ဆု လျှောက်ထားသူသည် အိမ်ထောင် မရှိရပေ။ ပညာသင်ကြားပြီးပါက မြန်မာနိုင်ငံသို့ ပြန်လာပြီး ပြည်သူ့ဝန်ထမ်းအဖြစ် ပညာသင်ကြားသက်တမ်း၏ နှစ်ဆကို ပြန်လည်တာဝန်ထမ်းဆောင်ရမည်။ ထိုကတိကို ဖောက်ဖျက်သူသည် ပညာသင်ကြားစဉ်က ကုန်ကျသော ငွေကြေး၏ သုံးဆကို ပေးလျော်ရမည် ဖြစ်သည်။

မကေခိုင်သည် သြဂုတ်လ ၃၀ ရက် နောက်ဆုံး တင်သွင်းရမည် ပညာသင်ဆု လျှောက်လွှာကို တင်သွင်းသူ ထောင်ပေါင်းများထဲက တစ်ဦးဖြစ်သည်။ ၎င်းတို့ထဲမှ ၄၀၀၀ ကျော်ကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် အင်္ဂလိပ်စာ ကျွမ်းကျင်မှု စာမေးပွဲဖြေဆိုရန် ခေါ်ယူခဲ့သည်။ ဗြိတိသျှ ကောင်စီနှင့် ပူးပေါင်းစစ်ဆေးခြင်းဖြစ်သည်။

အင်္ဂလိပ်စာ စာမေးပွဲ ဖြေဆိုသူများ၏ ၂၅ ရာခိုင်နှုန်း အောက်ခန့်ကိုသာ လူတွေ့ အင်တာဗျူး နှစ်ကြိမ် ဖြေဆိုရန် ဖိတ်ခေါ်သည်။ အင်တာဗျူးကို မြန်မာနိုင်ငံ တက္ကသိုလ်များနှင့် ပညာတော်သင်ဆု ရွေးချယ်ရေး ကော်မတီဝင်များက ၂၀၁၅ ဖေဖော်ဝါရီနှင့် မတ်လတွင် တွေ့ဆုံစစ်ဆေးသည်။

လျှောက်ထားသူ ၈၇၃ ဦးကို အုပ်စုသုံးခုခွဲပြီး အင်တာဗျူးများ ဖြေခိုင်းခဲ့သည်။ မကေခိုင်သည် ဒုတိယ အုပ်စုတွင် ပါဝင်သည်။

ပထမ အုပ်စု နှစ်ခုမှ နောက်ဆုံး အင်တာဗျူးကို ဖြေဆိုအောင်မြင်သူများကို နိုင်ငံတကာမှတက္ကသိုလ်များတွင် သူတို့သင်ကြားလိုသော ဘာသာရပ်ကို ဝင်ခွင့်လျှောက်ထားခိုင်းခဲ့သည်။ မကေခိုင်လည်း လျှောက်ထားခဲ့သည်။ တက္ကသိုလ်များမှ ဝင်ခွင့် လက်ခံကြောင်း စာရောက်လာသောအခါ ၎င်းကို အဆင့်မြင့် ပညာရေး ဦးစီးဌာနသို့ တင်ပြခိုင်းပြီး အစိုးရက ၎င်းတို့၏ ပညာသင်စရိတ်ကို ထောက်ပံ့ကြောင်း ပြန်စာကို စောင့်ရသည်။

၂၀၁၅ စက်တင်ဘာလတွင် ထိုပညာသင်ဆုအတွက် နှစ်စဉ် လျာထား ဘတ်ဂျက်ငွေ ကုန်ခမ်းသွားပုံ ရသည်။ ပညာသင်ဆု ရရှိခဲ့သော်လည်း ပညာသင်ခွင့် မရခဲ့သည့် မစောစန္ဒီဆွေကို The Voice က အင်တာဗျူးရာတွင် သူမသည် လာမည့် ဘဏ္ဍာနှစ်တွင် ရန်ပုံငွေများ ပြန်လည် ဖြည့်သွင်းပြီးသည်အထိ စောင့်ရမည်ဟု အသိပေးခံခဲ့ရသည်ဟု သိရသည်။

မကေခိုင်က ပြောရာတွင် တတိယအုပ်စုသည် အင်တာဗျူးပင် ဖြေခဲ့ရခြင်း မရှိကြောင်း ဆိုသည်။ “ကျွန်မတို့ အင်တာဗျူးတွေ ဖြေပြီးတော့ သူတို့က ကျန်ရှိနေသေးတဲ့ လျှောက်ထားသူတွေကို အင်တာဗျူးဖြေဆိုဖို့ ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း ကြေညာပါတယ်။”ဟု သူကပြောသည်။

ကုန်ကျစရိတ် တွက်ချက်ခြင်း

၂၀၁၆ ခုနှစ် မတ်လကုန်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ တက်လာခဲ့သည်။

အစိုးရသစ်သည် ဦသိန်းစိန် အစိုးရ လက်ထက်က ဖွဲ့စည်းခဲ့သော ကော်မတီများ ကော်မရှင်များနှင့် လုပ်ငန်းအဖွဲ့များ ကို ဖျက်သိမ်းပစ်ခဲ့သည်။ ၎င်းတို့အထဲတွင် သမ္မတ ပညာတော်သင်ဆု ရွေးချယ်ရေး လုပ်ငန်းအဖွဲ့လည်း ပါဝင်သည်။

အစိုးရသစ်သည် နိုင်ငံအသုံးစရိတ်များကို လျှော့ချရန်ရည်ရွယ်ကာ ဝန်ကြီးဌာန အရေအတွက်ကို များစွာ လျှော့ချခဲ့ခြင်း ဖြစ်သည်။

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက နိုင်ငံရပ်ခြားမှ ကျောင်းသားများအား ထောက်ပံ့ရေးစရိတ်ကြီးမားလွန်းသောကြောင့် ပညာသင်ထောက်ပံ့ကြေးအစီအစဉ်ကို NLD အစိုးရက ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်ဟု ပြောပါသည်။

“နိုင်ငံခြားရောက်နှင့်ပြီးသား ကျောင်းသားတွေကိုပဲ(ပညာတော်သင်စေလွှတ်ခဲ့သောပထမဆုံးအသုတ်) အတန်းမကျရင် ဆက်ပေးနေပါတယ်” ဟု သူကပြောသည်။

ပညာရေးဝန်ကြီးဌာနအနေဖြင့် ယခင်အစိုးရလက်ထက်တွင် နိုင်ငံတော်သမ္မတပညာသင်ဆုကို ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်မှစတင်ပေးအပ်ခဲ့ရာ ပညာသင်ဆု ရရှိသူပေါင်း ၁၁၇ ဦးရှိခဲ့သည်။ ၁၁၇ ဦးအနက် ၃၃ ဦးကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏အစီအစဉ်ဖြင့်ပေးအပ်သော ပညာသင်ဆုများကို ပေးအပ်ခဲ့ပြီး ကျန်ရှိသော ၈၄ ဦးကို နိုင်ငံတော်သမ္မတပညာသင်ဆုအဖြစ် ရွေးချယ်ချီးမြှင့်ခဲ့ရာတွင် ကျောင်းဝင်အကြို၊ ဘွဲ့ကြို သင်တန်းများတွင် တက်ရောက်ပြီး ကျောင်းဝင်ခွင့်မရရှိခဲ့သူတစ်ဦးသာ ရှိသည့် အတွက် ကျန် ၈၃ ဦးကို ပညာသင်ဆုရွေးချယ်ခဲ့သည်။

ပညာရေးဒုဝန်ကြီးက ၂၀၁၇ အောက်တိုဘာလတွင် လွှတ်တော်သို့ဖြေကြားခဲ့ရာတွင် ပညာသင်ဆုရွေးချယ်ရာတွင် နိုင်ငံတော် သမ္မတပညာသင်ဆုလုပ်ငန်းအဖွဲ့မှ ပညာသင်ဆုများ၊ ကျောင်းသားကျောင်း သူများ၏ အမှန်ပေးရမည့် ပညာသင်အခကြေးငွေ (Tution Fees)၊ နိုင်ငံအလိုက် နေထိုင်စားသောက်စရိတ်၊ ကျန်းမာရေးအာမခံ ကြေးပေးသွင်းရန် လိုအပ်ချက်များကို စိစစ် စစ်ဆေးပြီးမှ ပေးချေခဲ့ရာ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ကျပ်ငွေ ၃ဒဿမ၄၆၈ ဘီလီယံပေးချေခဲ့ရသည်ဟုဆိုသည်။ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် အဆိုပါကျောင်းသူ၊ ကျောင်းသားများကိုသာ ဆက်လက်ချီးမြှင့်ခဲ့သည်။

မဟာတန်းမှ ပါရဂူတန်းများ သင်တန်းပြီးဆုံးသူ လေးဦးရှိခဲ့ပြီး ပညာဆက်လက်သင်ကြားနေသူ ကျောင်းသားကျောင်းသူ ၇၉ ဦး ကျန်ရှိခဲ့သည်။၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင်တက်ရောက်ခဲ့သော ကျောင်းသားကျောင်းသူ ၇၉ ဦးအတွက် ပညာသင်နှစ် တစ်နှစ်စာအတွက် စုစုပေါင်းခန့်မှန်းကုန်ကျငွေ စရိတ်အဖြစ် ကျပ်ငွေ ၄ ဒဿမ ၈၈၈ ဘီလီယံ လျာထား ခဲ့သည်။ ထို့အပြင် နိုင်ငံတော်မှ လတ်တလောလိုအပ်နေသော အဆင့်မြင့်ပညာကဏ္ဍရှိ တက္ကသိုလ် များမှ လိုအပ်လျက်ရှိသော ဘာသာရပ်များအတွက် ဘွဲ့လွန် မဟာတန်း၊ ဘွဲ့လွန်ပါရဂူတန်းများကို ထူးချွန် သော ဆရာဆရာမများနှင့် ဝန်ထမ်းများကို နိုင်ငံတော်သမ္မတပညာသင်ဆုပေးအပ်ရန် ဝန်ထမ်း ၈၀ ဦးအတွက် ခန့်မှန်းကုန်ကျစရိတ် ငွေကျပ် ၆ ဒဿမ ၅၁၇ ဘီလီယံ လျာထားခဲ့ကြောင်း ဒုဝန်ကြီးကပြောသည်။

ပထမဆုံးပညာသင်ဆုစေလွှတ်ခဲ့သော ၇၉ ဦးကို ဘွဲ့ကြိုမှ မဟာဘွဲ့ရသည်အထိ အဆင့်ဆင့် ဆက်လက် ပညာသင်ဆုပေးရမည့်အတွက် ကုန်ကျစရိတ်များစွာရှိခဲ့ရာ ဘွဲ့ကြိုအဆင့်မှ ဘွဲ့လွန် မဟာဘွဲ့အထိ နှစ်စဉ်ကျောင်းသားသစ်များခေါ်ယူနိုင်ရန် နိုင်ငံတော်ဘဏ္ဍာများစွာသုံးစွဲရမည် ဖြစ်ကြောင်း၎င်းကပြောသည်။

ထို့ကြောင့် အဆိုပါ ၇၉ ဦးအတွက်သာ အစအဆုံး ဘတ်ဂျက် လျာထားပြီး နောင်အသစ် လျာထားသောပညာသင်ဆုကို နိုင်ငံအတွက် လတ်တလောလိုအပ်သော ပညာရပ်အသစ်များအတွက် ဝန်ထမ်းများ၊ ဆရာဆရာမများကို ဦးစားပေးပြီး လျာထား ဆောင်ရွက်လျက် ရှိကြောင်း ဒုဝန်ကြီးကလွှတ်တော်တွင်ဖြေကြားခဲ့သည်။

နောက်ဆုံးတွင် ဘွဲ့ကြို ၄၅ ဦး၊ မဟာတန်း ၄၂ ဦး၊ PhD ၃၀ စုစုပေါင်း (၁၁၇)ဦးကို ပညာသင်ဆုပေးခဲ့သည်။ ဆေးနှင့် အင်ဂျင်နီယာပညာတို့မှာ လူကြိုက်အများဆုံးဖြစ်ပြီး ကျောင်းသားအများစုမှာ ဩစတြေးလျ၊ ဗြိတိန်နှင့် တရုတ်ပြည်သို့သွားကြသည်။

မဟာနှင့် PhD ကျောင်းသား/သူအများစုမှာ အစိုးရဝန်ထမ်းများဖြစ်ကြပြီး မနှစ်ကပင် သူတို့ ဘွဲ့ရရှိပြီးခဲ့ကြပြီဟု အဆင့်မြင့်ပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်သန်းသန်းဝင်းက ပြောပါသည်။

ဘွဲ့ကြို ကျောင်းသား/သူ (၄၀)ခန့် ကို အစိုးရက ဆက်လက်ထောက်ပံ့နေဆဲဖြစ်ကြောင်း သူတို့လည်း ယခုနှစ်တွင် ဘွဲ့ရကြတော့မည်ဖြစ်ကြောင်း ပြောပါသည်။

ပညာသင်အခကြေးငွေများမှာ မေဂျာတစ်ခုနှင့်တစ်ခု မတူကြဘဲ နေထိုင်စားရိတ်မှာလည်း တစ်နိုင်ငံနှင့် တစ်နိုင်ငံမတူကြပေ။သို့သော် ဆေးကျောင်းသားတစ်ယောက် တစ်နှစ်ပျှမ်းမျှ ကုန်ကျစားရိတ်မှာ ဒေါ်လာ ၈၀၀၀၀ ခန့်ဖြစ်ကြောင်း ဒေါ်သန်းသန်းဝင်းက ပြောပါသည်။

လက်ရှိငွေလဲနှုန်းအရဆိုလျှင် ဒေါ်လာ ၈၀၀၀၀ ဆိုသောငွေမှာ မူလတန်းကျောင်းဆရာ ၅၄ ဦး တစ်နှစ်စာလခနှင့် ညီမျှသည်။

ဒီပညာသင်ဆုဟာ အကုန်ခံသင့်ရဲ့လားဟု မေးမြန်းရာတွင် ဦးကိုလေးဝင်းက “ဒီပညာသင်ဆုရဲ့ အဓိကရည်ရွယ်ချက်က လူသားအရင်းအမြစ်ထူထောင်ရေးအတွက်ပါ၊ ဒီပညာသင်ဆုကြောင့် ကျောင်းသားတွေဟာ ကမ္ဘာ့အဆင

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar