မြန်မာ့ခရီးသွားလုပ်ငန်း ရေရှည်အောင်မြင်စေလိုလျှင် တာဝန်ရှိသူ အာဏာပိုင်များက လက်ရှိဟိုတယ်များ၏ အကျိုးစီးပွား ကာကွယ်ရေးကိုသာ ဦးစားပေးမနေဘဲ ခရီးသွားနေရာများကို စနစ်တကျ စီမံခန့်ခွဲပြီး အရှုံးအမြတ်ကို ဈေးကွက်ကသာ ဆုံးဖြတ်ခွင့်ပြုသင့်ပါသည်။
ဗစ်ကီ ဘိုးမင်း ရေးသားသည်။
အိပ်ရာနှင့် နံနက်စာ ရနိုင်သော နေရာနှင့် ဟိုတယ်တို့အကြား ဘာများခြားနားမှု ရှိပါသနည်း။ အင်းလေးကန်ကြီး၏ အရှေ့ဘက် ကမ်းနဖူးတွင် အကျည်းတန်သော မြင်ကွင်းကြီး ဘာကြောင့် ဖြစ်နေရပါသနည်း။ အချို့တည်းခိုခန်း guest house တွေကို အင်္ဂလိပ်ဘာသာနှင့် ဆိုင်းဘုတ် မတပ်ရလို့ တားမြစ်ထားပြီး အချို့တည်းခိုခန်းတွေကျတော့ အင်္ဂလိပ်ဘာသာနှင့် ဆိုင်းဘုတ် မတပ်မနေရလို့ ဘာကြောင့် အမိန့်ထုတ်ထားရပါသနည်း။
ဒီလိုမျိုး အဆီအငေါ် မတည့်သော မေးခွန်းများက ဘာကိုဖော်ပြနေသလဲဆိုတော့ ခရီးသွားများ နားနေတည်းခိုမှုဆိုင်ရာ အစိုးရ မူဝါဒများသည် လိုက်နာရန် အလွန်ခက်ခဲနေတာပါပဲ။ အစိုးရက ထုတ်ပြန်လိုက်သော ပေါ်လစီတစ်ခုသည် အခြားပေါ်လစီတစ်ခုနှင့် ဝိရောဓိ ဖြစ်နေတတ်သည်။ ဥပမာ လူ့အဖွဲ့အစည်း အခြေပြု ခရီးသွားလုပ်ငန်း Community-based Tourism အတွက် မူဝါဒသည် အစိုးရ၏ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး မူဝါဒနှင့် ဝိရောဓိ ဖြစ်နေသည်။
ခရီးသွားကဏ္ဍတွင် အပြုသဘောဖြစ်စေ၊ အနုတ်သဘောပင်ဖြစ်စေ အကြီးမားဆုံး သက်ရောက်မှု ရှိနိုင်သော ကိစ္စများမှာ ခရီးသည်များ တည်းခိုနေထိုင်ရန် နေရာ ခွင့်ပြုလိုင်စင် ချထားခြင်း၊ တည်ဆောက်ခြင်းနှင့် လုပ်ငန်းလည်ပတ် လုပ်ကိုင်ခြင်းတို့ပင် ဖြစ်သည်။ တာဝန်သိသော လုပ်ငန်းများဆိုင်ရာ မြန်မာဗဟိုဌာန Myanmar Centre for Responsible Business သည် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း ထုတ်ပြန်ခဲ့သော ခရီးသွားလုပ်ငန်းအပေါ် ကဏ္ဍအလိုက် သက်ရောက်မှု သုံးသပ်ခြင်း Sector Wide Impact Assessment အဖြစ် အနီးကပ် လေ့လာမှု ပြုလုပ်ခဲ့ပါသည်။
၂၀၁၂ ခုနှစ်တွင် စီးပွားရေးလုပ်ငန်းဆိုင်ရာ ပြည်ပဧည့်သည်များ ဒလဟော ဝင်ရောက်လာသဖြင့် ရန်ကုန်တွင် ဟိုတယ်ခ ဈေးနှုန်းများ မြင့်တက်လာခဲ့ရာ ဦးသိန်းစိန် အစိုးရသည် ပြည်ပခရီးသွား အလုံးအရင်းနှင့် ဝင်ရောက်မှုအတွက် မျှော်မှန်းချက်ကြီးကြီးမားမားဖြင့် ဟိုတယ်ကြီးများ တည်ဆောက်မှုကို အားပေးခဲ့သည်။ ဤဖောင်းပွလွန်းသော မျှော်မှန်းချက်ဖြင့် ဟိုတယ်ဇုန် စီမံကိန်းကြီးများ ထွက်ပေါ်လာသည်။ နာမည်အကြီးဆုံး (နာမည်အဆိုးဆုံးဆိုလျှင် ပိုမှန်မည်) စီမံကိန်းကြီး နှစ်ခုမှာ အင်းလေးကန်နှင့် မန္တလေး ဟိုတယ်ဇုန် စီမံကိန်းကြီး နှစ်ခုပင် ဖြစ်သည်။
ဟိုတယ်ဇုန် ဆိုသည်ကို ရှင်းရှင်းလင်းလင်း အဓိပ္ပာယ် ဖွင့်ဆိုသတ်မှတ်ထားခြင်း မရှိခဲ့ပေရာ ဧည့်သည်ဝင်ရောက်မှုများသော နေရာအားလုံးအတွက် ၂၀၁၃ ခုနှစ်က ခရီးသွားလုပ်ငန်း ပင်မစီမံကိန်း Tourism Master Plan တွင် ဖွံ့ဖြိုးရေး လုပ်ဆောင်ရန် ထောက်ခံခွင့်ပြုချက် ပေးထားသော ဇုန်အလိုက် စီမံကိန်း Zonal Planning များနှင့် အဓိပ္ပာယ်ဖွင့်ဆိုမှု ရောထွေးဖွယ်ရာ ရှိနေသည်။
ခရီးသွားလုပ်ငန်း ပင်မစီမံကိန်း မတိုင်မီက စီမံကြံစည်ခဲ့ကြသော ဟိုတယ်ဇုန်များမှာလည်း များသောအားဖြင့် လယ်ယာစိုက်ပျိုးသော လယ်ကွင်းများ၌ ဟိုတယ်များ စုပြုံတည်ဆောက်ရန် လျာထားခဲ့ကြခြင်းသာ ဖြစ်သည်။ တကယ်တော့ ပင်မစီမံကိန်းကို ဆွေးနွေးကြစဉ်ကတည်းကပင် ဟိုတယ်ဇုန် အစီအစဉ်ကို ပြန်လည်သုံးသပ်ရန် တင်ပြခဲ့ကြဖူးသော်လည်း ယခင်အစိုးရက အရေးတယူ ဆောင်ရွက်ခဲ့ခြင်း မရှိပေ။
ဟိုတယ်ဇုန် တည်ဆောက်ရန် စိတ်ကူး ဘယ်လိုရလာသည်ကို မပြောတတ်ပါ။ အလားတူ စီမံချက်မျိုးက ကမ္ဘောဒီးယားနိုင်ငံ၊ အန်ကောဝပ် Angkor Wat တွင် Apsara Authority က Zoning Law ဇုန်ပိုင်းခြားမှု ဥပဒေသစ်ဖြင့် ဟိုတယ်ဇုန် တစ်ခုကို သတ်မှတ်ခဲ့သည်။ ဆီယမ်ရိ(ပ်) Siem Reap တွင် ဟိုတယ်များ ဆောက်ကြရာ၌ မြေအောက်ရေ ရရှိနိုင်မှုကို ထိခိုက်လာမှာ စိုးရိမ်သောကြောင့် ဟိုတယ်ဇုန် တည်ထောင်ရန် စိတ်ကူးခဲ့ကြခြင်း ဖြစ်သည်။
သို့သော် ဤစီမံကိန်းမှာ ပြဿနာမျိုးစုံ ရင်ဆိုင်ခဲ့ကြရသည်။ ၂၀၁၁ ခုနှစ် လေ့လာချက်အရ ဟိုတယ်အများစုမှာ ဆီယမ်ရိ(ပ်) မှ အန်ကောဝပ် သို့ သွားလာရာ အဓိက လမ်းတစ်လျှောက်ရှိ မြေကွက်များနှင့် မြို့တော်နှင့် လေဆိပ်သွားရာ လမ်းတစ်လျှောက်ရှိ မြေကွက်များကိုသာ စိတ်ဝင်စားကြသည်။ ဤတွင် မြေပိုင်ဆိုင်မှုနှင့် နစ်နာကြေးဆိုင်ရာ အငြင်းပွားမှုများလည်း ကြုံကြရသည်။
သို့ဖြင့် အန်ကောဝပ်လို၊ ပုဂံလို ဧည့်သည် အဝင်အထွက် များလွန်းသော ယဉ်ကျေးမှု အမွေအနှစ် နယ်မြေ၏ အပြင်ဘက်တွင် ဟိုတယ်ဇုန်များ တည်ဆောက်ပါမူ ယဉ်ကျေးမှု အမွေအနှစ် နေရာများကို ကာကွယ်ပြီး ဖြစ်လိမ့်မည်ဟု စိတ်ကူးရခဲ့ကြသည်။
သို့သော် မြန်မာနိုင်ငံတွင်မူ ကံအကြောင်းမလှခဲ့သဖြင့် ပုဂံ၌ ယင်းသို့လိုက်နာလုပ်ဆောင်မှု မရှိခဲ့ကြပေ။ ထို့ကြောင့်ပင် ယနေ့အချိန်၌ ပုဂံနယ်မြေကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် အသိအမှတ်ပြုရေးတွင် ယူနက်စကိုက အင်တင်တင် ဖြစ်နေရခြင်း ဖြစ်လေသည်။
မန္တလေးနှင့် ရန်ကုန်လို နေရာများကျတော့ တစ်မျိုးဖြစ်သည်။ ရင်းနှီးမြုပ်နှံသူများ ကိုယ်တိုင် စည်းမျဉ်းစည်းကမ်းအတိုင်း မိမိကြိုက်နှစ်သက်ရာ နေရာကို ရွေးချယ်ကြသည်။ ယင်းပြင် တူနီးရှားနိုင်ငံတွင် အပန်းဖြေ ခရီးသွားများ မလာကြတော့သဖြင့် ဟိုတယ်ဧရိယာ တစ်ခုလုံး ပျက်သုဉ်းသွားခဲ့ရသော အတွေ့အကြုံက ခရီးသွားဧည့်သည်များကို ဟိုတယ်ဇုန် သို့မဟုတ် ဟိုတယ်ပျံကျရပ်ကွက် တစ်နေရာတည်းတွင် စုပြုံနေထိုင် တည်းခိုစေခြင်းသည် ခရီးသွားလုပ်ငန်း ဈေးကွက် အတက်အကျ ကြုံတွေ့လာရသောအခါ တစ်နေရာတည်း စုခံရဖို့ကိန်းမျိုး ဆိုက်စေနိုင်ကြောင်း တူနီးရှား အဖြစ်ဆိုးက မီးမောင်းထိုးပြလိုက်သလို ရှိခဲ့သည်။
ကဏ္ဍအလိုက် သက်ရောက်မှု သုံးသပ်ခြင်းအတွက် တာဝန်သိသော လုပ်ငန်းများဆိုင်ရာ မြန်မာဗဟိုဌာန MCRB ၏ ကွင်းဆင်းသုတေသနအရ မန္တလေး ဟိုတယ်ဇုန်ကို ၂,၂၁၈ ဟက်တာ (၅,၄၈၀ ဧက) မြေပေါ်တွင် နိုင်ငံခြားပိုင်ဟိုတယ် ၁၀၀ နှင့် ပြည်တွင်းပိုင် ဟိုတယ် ၁၉၂ ခုအတွက် လျာထားသတ်မှတ်ထားသည်။
မန္တလေးဟိုတယ်ဇုန်ဟု ဆိုသော်လည်း မန္တလေး အနောက်တောင်ဘက် ၃၀ ကီလိုမီတာအကွာ တံတားဦးမြို့အနီး လေဆိပ်မှ ၁၄ ကီလိုမီတာ အကွာတွင်ရှိသည်။ စိတ်ဝင်စားဖို့ ကောင်းသည်မှာ ဟိုတယ်ဇုန်လုပ်မည့် မြေမှာ ၁၈၉၄ ခုနှစ် မြေရယူမှု ဥပဒေအရ မဖြစ်မနေ ရယူရမည့် မြေမဟုတ်ကြောင်း ကျွန်ုပ်တို့ လေ့လာသိရှိရသည်။ တကယ်တမ်းတွင် မြန်မာ့ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေး အများပိုင် ကုမ္ပဏီနှင့် ဒေသတွင်းနေ လယ်သမားများ တစ်ဦးချင်း ညှိနှိုင်းဆွေးနွေးပြီး မြေတစ်ဧကလျှင် ကျပ် သိန်း ၃၀ သိန်း ၁၀၀ ( ကာလပေါက်ဈေး ကန်ဒေါ်လာ ၂,၄၀၀ မှ ၈,၀၀၀) ပေး၍ ဝယ်ယူခဲ့ကြသည်။ မြေပိုင်ရှင် လယ်သမားများကို စီမံကိန်းဧရိယာအတွင်း စတုရန်းပေ ၂,၄၀၀ ရှိ မြေကွက်တစ်ကွက်စီပေးပြီး ဇုန်အတွင်း အလုပ်အကိုင်များလည်း ခန့်ထားပေးမည်ဟု ကတိပေးခဲ့ကြသည်။
အစိုးရ အရာရှိများ ပါဝင်ပတ်သက်နေသည်ကို တွေ့ရသဖြင့် လယ်သမားများသည် ၎င်းတို့ထံမှာ ရောင်းရေး၊ မရောင်းရေး ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့် ရှိ၊ မရှိ မတွေးတတ်ကြတော့ပေ။ ကုမ္ပဏီများက ဒေသဆိုင်ရာ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ အရာရှိများကို အသုံးချနေကြသဖြင့် ရွာသားများမှာ ပို၍ပင် ဇဝေဇဝါ ဖြစ်ကြရသည်။ အထွေထွေ အုပ်ချုပ်ရေး အရာရှိများ၏ အလုပ်မှာ ကြားနေပြီး နိုင်ငံသား အခွင့်အရေး ကာကွယ်ပေးရန် ဖြစ်သော်လည်း အရောင်းအဝယ်တွင် ကြားပွဲစားလုပ်ကာ မြေတစ်ဧက အရောင်းအဝယ်ဖြစ်လျှင် လက်မှတ်ထိုးခ ဆုကြေးငွေ Signature Bonus ကျပ် ၃ သိန်း ရယူကြသည်။
အချို့လယ်သမားများက စောစောပိုင်းကတည်းကပင် သဘောတူ ရောင်းခဲ့ကြသည်။ လုပ်ကိုင်ရန် မြေမရှိတော့သဖြင့် ဝင်ငွေမရှိတော့ရာ ရရှိသော မြေကွက်သစ်ကလေးကိုပင် ရောင်းချ စားသောက်ကြရသည်။ ဈေးကစားသူတွေက မြေကွက်တွေ သိမ်းကြုံးဝယ်သဖြင့် မြေဈေးတွေ တက်လာရာ စောစောရောင်းခဲ့သူတွေက မကျေမနပ် ဖြစ်ကြသည်။
၂၀၁၅ ခုနှစ်တွင် စီမံကိန်း ပျက်သွားသောအခါတွင်မှ လယ်သမားအချို့က သူတို့မှာ သူတို့ မြေရောင်းဖို့ မရောင်းဖို့ကိစ္စ ကိုယ်တိုင်ရွေးချယ်ပိုင်ခွင့်ရှိမှန်း သိလာကြသည်။ ဟိုတယ်ဇုန် စီမံကိန်း ပျက်သွားပြီးနောက် လူနေအိမ်များ ဆောက်လုပ်ရန် တံတားဦး စီမံကိန်းအမည် ပြောင်းလိုက်သည်။ မြေပိုင်ဆိုင်မှုကတော့ စုပေါင်းစပ်ပေါင်း ပိုင်ဆိုင်ကြသည်။ တည်ဆောက်သူ စီမံကိန်း တည်ထောင်သူက သုံးပုံတစ်ပုံ၊ ဝယ်ယူ ဈေးကစားသူများက သုံးပုံတစ်ပုံနှင့် ကျန်သုံးပုံတစ်ပုံကို မူလမြေပိုင်ရှင် လယ်သမားများက ပိုင်ဆိုင်ကြသည်။
မြေရောင်းရငွေဖြင့် တည်ဆောက်ထားကြသော အိမ်သစ်အချို့ကို အချို့ရွာများတွင် တွေ့မြင်ရသည်မှအပ မည်သည့် ဆောက်လုပ်ရေး စီမံကိန်းမှလည်း မမြင်တွေ့ရ၊ မည်သည့် ဟိုတယ် အလုပ်အကိုင်မှလည်း ပေါ်မလာ၊ ဘယ်ဘဝမှလည်း ပြောင်းလဲသွားသည်ကို မမြင်တွေ့ရတော့ပေ။
စီမံကိန်းက ပတ်ဝန်းကျင်အပေါ် ထိခိုက်နိုင်မှုကို လေ့လာဆန်းစစ်သော OSHE Services Company က မစားရ ဝခမန်း ဆန်းစစ်သုံးသပ် မှတ်ချက်ပြုထားလိုက်ပုံမှာ ဤနေရာတွင် ပျင်းရိငြီးငွေ့ဖွယ် လယ်ကွင်းပြင်တို့အစား ခေတ်မီဗိသုကာ လက်ရာ အဆောက်အအုံသစ်ကြီးများကို ရှုချင့်စဖွယ် ပန်းမန်ဥယျာဉ်များအားဖြည့်လျက် အစားထိုး ပေါ်ပေါက်လာတော့မည်ဖြစ်၍ ဒေသခံတို့အဖို့ သာယာချမ်းမြေ့ဖွယ် ပတ်ဝန်းကျင်သစ်ကို ရရှိနိုင်တော့မည်ဟု ဟောကိန်းထုတ်ခဲ့ပေရာ အထင်နှင့်အမြင် တခြားစီဖြစ်၍ နေတော့သည်။
ဒေသခံရွာသား တစ်ဦးက ကျွန်ုပ်တို့ကို “အတိုင်ပင်ခံ ပညာရှင်ဆိုတဲ့ ပုဂ္ဂိုလ်တွေ ကျုပ်တို့ ရွာကိုလာပြီး တစ်မနက်သာသာလောက်နေပြီး ကျုပ်တို့ ဘယ်လိုခံစားနေရတယ် ဆိုတာကို ပြောပြချင်တယ်” ဟု ရင်ဖွင့်သည်။
ယင်းဖြစ်ရပ်မှာ အင်းလေးဟိုတယ်ဇုန်က ဖြစ်ရပ်နှင့်တော့ ခြားနားလှသည်။ အင်းလေးမှာတော့ ဟိုတယ်စီမံကိန်းတွေကြောင့် သဘာဝအလှတွေ ပျက်သုန်းခဲ့ရသည်။ ၂၀၁၂ ခုနှစ်တွင် အင်းလေးကန်၏ အရှေ့ဘက် တောင်တန်းမှ မြေဧက ၆၆၂ ဧကကို မြေထိုးစက်ကြီးများဖြင့် ထိုးညှိကာ လမ်းများ ဖောက်လုပ်ခဲ့ကြသည်။ အင်းလေးလာသည့် နိုင်ငံခြား ဧည့်သည်တို့က ဧည့်လမ်းညွှန်တွေကို မေးကြသည်။ “ဒီလိုသဘာဝ အလှအပ အမွေအနှစ်နေရာမှာ ကျောက်မိုင်းတွေ တူးဖော်တာကို မင်းတို့ အစိုးရက ဘာလို့ ခွင့်ပြုရတာလဲ” ဟူ၍။
ယင်းဟိုတယ်ဇုန်ကို ယခင် ရှမ်းပြည်နယ်အစိုးရက သစ်တောဦးစီးဌာနထံမှ နှစ် ၆၀ အငှားလိုင်စင်ဖြင့် ငှားရမ်းလုပ်ကိုင်ခဲ့ကြခြင်း ဖြစ်သည်။ အနီးပတ်ဝန်းကျင် ရွာ ၆ ရွာမှ ရွာသားများကလည်း ထိုနေရာတွင် ထွန်ယက်စိုက်ပျိုး လုပ်ကိုင်နေကြရာ ယခုပင် ရေမလုံလောက်မှု ပြဿနာနှင့် ရင်ဆိုင်နေကြရပြီ။
သစ်တောမြေအဖြစ် သတ်မှတ်ထားခြင်းကြောင့် ယင်းမြေပေါ်တွင် ဖွံ့ဖြိုးရေး တည်ဆောက်မှုများ လုပ်ကိုင်လာခြင်းမှ အကာအကွယ် မပေးနိုင်ပေ။ သို့သော် ဖွံ့ဖြိုးရေး တည်ဆောက် လုပ်ကိုင်ကြသူများက မြေအတွက် လျော်ကြေးပေးစရာ မလိုတော့ဘဲ မြေပေါ်တွင် စိုက်ပျိုးသည့် သီးနှံထွက်ကုန် အတွက်သာလျှင် နစ်နာကြေး ပေးရသည်။ ယင်းမြေပေါ်တွင် စိုက်ပျိုးသော ငှက်ပျောနှင့် အခြားသီးနှံများအတွက် တစ်ဧကလျှင် သိန်း ၃၀ သာ ပေးရသည်။
သူတို့က တစ်ဖန် ဟိုတယ်တည်ဆောက်မည့် ကုမ္ပဏီကို တစ်ဧကလျှင် ကျပ်သိန်း ၉၀၀ မှ သိန်း ၁,၅၀၀ အထိ ယူကာ ထပ်မံ၍ အငှားချထားကြသည်။ သည်မှာတင် ဒေသခံ အစိုးရ အရာရှိတွေက နောက်တစ်ကြိမ် ကြားပွဲစားလုပ်ကာ စားကြပြန်သည်။ နောက်ပိုင်းတွင် ယင်းစီမံကိန်းမှာ တလွဲတချော် စီမံခဲ့ကြခြင်းဖြစ်ရာ ယခုရပ်တန့်သွားပြီဟု သိလာရသည်။ သို့သော် Google Earth မှ ကြည့်လိုက်လျှင်မူ ဤနေရာကြီးမှာ ဧရာမ သိမ်းငှက်ကြီးတစ်ကောင်က ကုတ်ဖဲ့ထားသည်နှယ် အရုပ်ဆိုး အကျည်းတန်စွာ ကျန်နေရစ်ခဲ့လေသည်။
ပျက်စီးသွားခဲ့ရသော ရေမြေတောတောင် အလှကို မည်သို့ပြင်ဆင်ကြမည်ကိုလည်းကောင်း၊ ယင်းအစီအစဉ်ကို တရားဝင် ဖျက်သိမ်း(အမှန်မှာလည်း ဖျက်သိမ်းသင့်) လိုက်လျှင်လည်းကောင်း ရင်းနှီးမြှုပ်နှံထားသူများကို နစ်နာကြေး မည်သို့ပြန်ပေးမည်ကိုလည်းကောင်း မတွေးတတ်တော့ပေ။
၂၀၁၃ နှင့် ၂၀၁၄ ခုနှစ်များအတွင်း ဟိုတယ်ဇုန်လုပ်ရန် အလားအလာကောင်းသော နေရာများကို ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနနှင့် မြန်မာ့ဟိုတယ်လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ သွားရောက်လေ့လာ ကြည့်ရှုခဲ့ကြသည်။ တစ်နေရာ၊ နှစ်နေရာက ဆန့်ကျင်တုန့်ပြန် တိုက်ခိုက်ခဲ့ကြသည်။
အထင်ရှားဆုံးမှာ ကရင်ပြည်နယ် မြောက်ပိုင်းရှိ ယခင်ကိုလိုနီခေတ်က တောင်စခန်းမြို့ကလေး ဖြစ်ခဲ့သော သံတောင်ကြီးမြို့ ဖြစ်သည်။ သံတောင်ကြီး မြို့သူမြို့သားတို့က အပြင်လူတွေလာ၍ ဟိုတယ်ဇုန်ဖွင့်ကာ စားပေါက်ထွင်ကြမည်ကို မလိုလား၊ လက်မခံကြပေ။ သူတို့ ကိုယ်တိုင် တတ်နိုင်သမျှ ခွန်အားဖြင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းအဖြစ် နိုင်ငံခြား ခရီးသွားဧည့်သည်များအတွက် အိပ်ရာနှင့် မနက်စာ Bed and Breakfast တည်းခိုခန်းများ ဖန်တီးလိုကြသည်။
ဟိုတယ်ဇုန် တည်ဆောက်ရေး စီမံကိန်းများမှာ ကံကောင်းထောက်မ၍ ရပ်တန့်သွားပုံ ရပါသည်။ တကယ်တော့လည်း ဟိုတယ်များမှာ လိုတာထက် ပိုနေပြီး မကြာသေးမီက The Voice ဂျာနယ်က ဟိုတယ်ဝန်ကြီး ဦးမြင့်ထွေးနှင့် တွေ့ဆုံမေးမြန်းရာတွင် ဦးမြင့်ထွေး ပြောပြချက်အရ ဟိုတယ်များ၏ ဧည်သည့်ဝင်ရောက်မှုနှုန်းသည် ရန်ကုန်တွင် ၅၄ ရာခိုင်နှုန်း၊ မန္တလေးတွင် ၅၁ ရာခိုင်နှုန်း၊ ညောင်ရွှေတွင် ၂၈ ရာခိုင်နှုန်း၊ တောင်ကြီးတွင် ၄၃ ရာခိုင်နှုန်း၊ ကလောတွင် ၁၈ ရာခိုင်နှုန်း အသီးသီး ရှိနေကြောင်း သိရှိရသည်။
ရန်ကုန်၊ မန္တလေးနှင့် ရှမ်းပြည်နယ် နေရာအချို့တွင် ဟိုတယ်သစ်များ တည်ဆောက်ခွင့်ကို ရပ်ဆိုင်းထားသည်ဟု စောစောပိုင်းက ထွက်လာသော သတင်းများကို ဝန်ကြီးဌာနက ငြင်းဆိုခဲ့သော်လည်း အသစ်တည်ဆောက်မည့် ဟိုတယ်များအတွက် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများ၏ ထောက်ခံချက် လိုအပ်မည်ဟု နောက်ပိုင်းတွင် ဝန်ကြီးဌာနက ထုတ်ဖော်ပြောဆိုခဲ့သည်။
အသစ်တည်ဆောက်သည့် ဟိုတယ်များက သုံးစွဲမည့် ရေပမာဏ၊ စွန့်ပစ်မည့် အညစ်အကြေးနှင့် အမှိုက်သရိုက်များကို စနစ်တကျ စီမံခန့်ခွဲမှု၊ ဒေသတွင်း အဆောက်အအုံ၏ အမြင့်ပေ ကန့်သတ်ချက် (ရှိခဲ့ပါက) မကျော်လွန်ရေးစသည့် စဉ်ဆက်မပြတ် ရှင်သန်ဖွံ့ဖြိုးနိုင်ရေးကို အခြေခံသော စည်းကမ်းသတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ရန် ဒေသဆိုင်ရာ အစိုးရ၏ တာဝန်ခံ၊ တာဝန်ယူမှု ထားရှိခြင်းသည် အပြုသဘောဆောင်၍ ကောင်းမွန်သော လုပ်ရပ်ဖြစ်ပါသည်။
သို့သော် လက်ရှိ ဟိုတယ်ပိုင်ရှင်များ၏ ဝင်ငွေကို အကာအကွယ် ပေးနိုင်ရေးအတွက် ဟိုတယ်သစ် တည်ဆောက်ခြင်းကို ကန့်သတ်ပိတ်ပင်သည့်သဘော ဖြစ်သွားမှာကိုလည်း စိုးရိမ်ရသည်။ ယခုအခါတွင် မြန်မာနိုင်ငံသည် ပြည်ပခရီးသွားများအတွက် အလွန်ဈေးကြီးသော နေရာဖြစ်နေသည်။ ထိုအထဲတွင် ဟိုတယ်ခန်းခ ဈေးနှုန်းများ မြင့်မားနေခြင်းကလည်း အကြောင်း တစ်ရပ်အဖြစ် ပါဝင်နေသည်။
ဈေးပိုမိုတင်ထားသော လက်ရှိဟိုတယ်များ ယိုယွင်းလာသောအခါ နောက်ဝင်လာမည့် ဧည့်သည်များသည် အရှေ့တောင်အာရှတွင် မြန်မာနိုင်ငံကို ရှောင်ရှားပြီး ဈေးပိုသက်သာပြီး ပိုမိုကောင်းမွန်သော နိုင်ငံများသို့သာ သွားကြပေတော့မည်။ ဟိုတယ်များ တည်းခိုမည့်သူ မလာ၍ အခန်းလွတ် များပြားနေသည့် ပြဿနာကို ဖြေရှင်းရန် တစ်ခုတည်းသော နည်းလမ်းမှာ အခန်းခများကို သင့်လျော်သည့် ဈေးနှုန်းအထိ လျှော့ချပေးပြီး ဈေးကွက်မြှင့်တင် ရှာဖွေရန်ပင် ဖြစ်သည်။
မည်သည့် ဟိုတယ်နှင့် တည်းခိုခန်းများသာလျှင် နိုင်ငံခြားသားများကို လက်ခံငှားရမ်းခွင့် ရှိသည်ဆိုသည့် ကန့်သတ်ချက်များ အပါအဝင် ထင်ရာမြင်ရာ ဆုံးဖြတ်သတ်မှတ်သော ဟိုတယ်၊ တည်းခိုခန်း အမျိုးအစား ခွဲခြားသတ်မှတ်မှုများကို မကြာမီက ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ယင်းနည်းဥပဒေ သတ်မှတ်ချက်များကြောင့် ဒေသခံများနှင့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ SMEs ကို နေရာဒေသနှင့် လိုက်ဘက်ညီသော တည်းခိုခန်းနှင့် ဟိုတယ်များ ဖွင့်လှစ်လုပ်ကိုင်ရာတွင် အဟန့်အတားများ ဖြစ်စေခဲ့သည်။ ဟိုတယ်နှင့် တည်းခိုခန်း လုပ်ငန်းလိုင်စင်နှင့် ပတ်သက်၍ ဝန်ကြီးဌာန၏ ၁/ ၂၀၁၁ အမိန့်အရ ဟိုတယ်တစ်ခုသည် အနည်းဆုံး အခန်း ၂၀ အိပ်ရာ ၄၀ နှင့် စားသောက်ဆိုင် ပါရှိရမည်ဟု ဖော်ပြထားသည်။
တည်းခိုရိပ်သာ ဖွင့်ခွင့်လိုင်စင်ကို ဒေသဆိုင်ရာ စည်ပင်သာယာရေး ကော်မတီက ထုတ်ပေးနိုင်ခွင့် ရှိသည်။ အနည်းဆုံး အခန်း ၁၀ အိပ်ရာာ ၂၀ ပါရှိရမည်။ အစားအသောက် ကျွေးမွေးရန် မလိုပေ။ သို့သော် နိုင်ငံခြားသားများကို လက်ခံလိုပါမူ ဝန်ကြီးဌာနထံမှ လိုင်စင်ရယူရန် လိုအပ်သည်။
နောက်ထပ် သတ်မှတ်ချက်များမှာ အခန်း၏ အကျယ်အဝန်း ပမာဏ၊ အိမ်သာ၊ ရေချိုးခန်း တွဲလျက် ပါရှိရန်တို့ ဖြစ်သည်။ အိပ်ရာနှင့် နံနက်စာများအတွက်မူ သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းအစိုးရထံမှ ခွင့်ပြုချက်လိုင်စင် လိုအပ်သည်။ အနည်းဆုံး ၄ ခန်းမှ ၈ ခန်း ရှိရမည်။ အနည်းဆုံး တစ်စိတ်တစ်ပိုင်း၊ သို့မဟုတ် တစ်ခုလုံး၏ ပိုင်ရှင်မှာ ထိုနေရာ ရပ်ကွက်အတွင်းမှ ဖြစ်ရမည်။ သို့သော် ပိုင်ရှင်၏ နေအိမ်နှင့် သီးခြားတည်ရှိနေရမည်။
ဇူလိုင်လအတွင်း မြန်မာ့ ဟိုတယ်လုပ်ငန်းရှင်များအသင်းက အသင်းဝင်များထံ စာပေးပို့ခဲ့ရာ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာန Ministry of Hotels and Tourism လိုင်စင် ရရှိထားသော ဟိုတယ်များ၏ ဆိုင်းဘုတ်ကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးရမည်ဟု ပါရှိသည်။
ထို့နောက် စက်တင်ဘာလတွင် စည်ပင်သာယာရေး ကော်မတီများက စည်ပင်လိုင်စင်ရ တည်းခိုခန်းများထံ ညွှန်ကြားစာ ပို့ခဲ့ပြန်သည်။ မသိနားမလည်သော နိုင်ငံခြားသားများ စုံစမ်းမေးမြန်းခြင်း မပြုစေရန် စည်ပင်လိုင်စင်ရ တည်းခိုခန်းများ၏ ဆိုင်းဘုတ်ကို မြန်မာဘာသာ တစ်ခုတည်းဖြင့်သာ ထားရှိရမည်ဟု ဝန်ကြီးဌာန၏ ညွှန်ကြားချက်အရ အမိန့်ထုတ်ပြန်ခဲ့သည်။ အဆိုပါစာရပြီး တစ်ပတ်အတွင်း ဆောင်ရွက်ရမည်ဟုလည်း ပါရှိသည်။
နိုင်ငံခြားသား တည်းခိုခွင့်ရ တည်းခိုခန်းလိုင်စင်ကို ဝန်ကြီးဌာန တစ်ခုတည်းကသာ ပေးပိုင်ခွင့် ရှိသည်ဟု ပြဋ္ဌာန်းထားသည်။ ဤအမိန့်ကို လိုက်နာရန် ပျက်ကွက်သော တည်းခိုခန်း ပိုင်ရှင်ကို ထောင်ဒဏ် ၃ နှစ်သော်လည်းကောင်း၊ သို့မဟုတ် ဒဏ်ငွေ ကျပ် ၅၀,၀၀၀ သော်လည်းကောင်း၊ သို့မဟုတ် နှစ်ခုစလုံး တစ်ပေါင်းတည်းသော်လည်းကောင်း ချမှတ်နိုင်သည်။
ထိုသို့ဆိုစေကာမူ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဝက်ဘ်ဆိုက်တွင် တင်ထားသော တည်းခိုရိပ်သာ ဖွင့်လှစ်ရန် လျှောက်လွှာ၌ ယင်းသို့သော ကန့်သတ်ချက်များ မပါရှိပေ။ နိုင်ငံခြားသားများပင် လျှောက်ထားနိုင်သည်ဟု ဆိုထားသည်။ ရှုပ်ထွေးဖွယ် ကောင်းလှပါသည်။
အခန်းအရေအတွက်၊ အခန်းအရွယ်အစား သတ်မှတ်ချက်ဖြင့် တည်းခိုရိပ်သာ အလွှာအဆင့် သတ်မှတ်ခြင်းသည် ရှုပ်ထွေးမှုနှင့် ကြိုးနီစနစ် ဖြစ်စေရုံသာမက အဂတိတရားများ ဖြစ်ပွားစေရန် အခွင့်အလမ်းများပင် ဖြစ်ပေါ်စေနိုင်ပါသည်။ ဒေသတွင်း အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ထွန်းကားပေါ်ပေါက်ရေးကိုလည်း အဟန့်အတား ဖြစ်စေပါသည်။
မန္တလေးတွင် ၁၉၄၀ ပြည့်လွန်နှစ်များအတွင်းက ဆောက်လုပ်သော မန္တလေး၌ ရှေးအကျဆုံး ဟိုတယ်ကို ပိုင်ဆိုင်သည့် မိတ်ဆွေတစ်ဦး ရှိသည်။ ထိုမိတ်ဆွေသည် သူ့အဆောက်အအုံ၏ ရှေးကျသော နောက်ခံသမိုင်းကို အခွင့်ကောင်းယူ၍ နိုင်ငံခြားသား ခရီးသည်များ အတွက် ဈေးကွက်သစ်တစ်ခု ဖန်တီးလိုသည်။
သို့သော် သူ့အဆောက်အအုံတွင် ဓာတ်လှေကား တပ်ဆင်ပြီး စားသောက်ဆိုင် ဖွင့်လှစ်နိုင်မှသာ နိုင်ငံခြားသား ဧည့်သည် တည်းခိုသည့် ဟိုတယ်လိုင်စင် ရရှိနိုင်မည်ဟု ဆိုသည်။ ကျောပိုးအိတ်တစ်လုံးနှင့် ကမ္ဘာပတ်နေသော ခရီးသွား ဧည့်သည်များသည် အာရှ၏ အခြားတိုင်းပြည်များတွင် ဘုံရေချိုးခန်း၊ အိမ်သာ ပါရှိသော တည်းခိုရိပ်သာများ၌ပင် ကျေကျေနပ်နပ် တည်းခိုနေနိုင်ကြပါလျက် မြန်မာနိုင်ငံတွင်မူ ရေချိုးခန်း၊ အိမ်သာ တွဲလျက်ပါရှိသော အခန်းများရှိမှ နိုင်ငံခြားသား ဧည့်သည် လက်ခံခွင့် ရှိသည်ဟု ဆိုတော့လည်း မန္တလေးက ကျွန်မမိတ်ဆွေမှာ လိုင်စင်ရ အိပ်ရာနှင့် မနက်စာရ တည်းခိုခန်း ဖွင့်ခွင့် မရရှာတော့ပေ။
နောက်ဆုံးတော့ လက်ရှိစည်းမျဉ်းဥပဒေများကြောင့် မည်သူမျှ စိတ်လက်ပျော်ရွှင် မရှိနိုင်ကြတော့ပေ။ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနမှ အရာရှိကြီးများကတော့ ဤစည်းမျဉ်းဥပဒေများကြောင့် အာဏာပါဝါတွေ ရထားသူများမို့ ပျော်နေကြမည်လား မပြောတတ်ပေ။ ဆောက်လုပ်ရေး ကုန်ကျစရိတ်တွေ ကြီးမြင့်နေချိန်တွင်မှ ဟိုတယ်တွေ ဆောက်နေကြသော ဆောက်လုပ်ရေး ကုမ္ပဏီများကလည်း သူတို့ဆောက်သော ဟိုတယ်များ၌ တည်းခိုသူ နည်းပါးသောကြောင့် ညည်းညူနေကြသည်။
ယင်းအခြေအနေကြောင့် ဟိုတယ်ဝန်ထမ်းများလည်း ထိခိုက်သည်။ ဧည့်သည် အဝင်နည်း၍ ဝန်ဆောင်ခ ရရှိမှုလည်း နည်းသွားသည်။ ခရီးသွားများကလည်း ဟိုတယ်အခန်းခ ဈေးကြီးသလောက် ဝန်ဆောင်မှုက ညံ့ဖျင်းကြောင်း ညည်းတွားကြသည်။ အကျိုးဆက်အားဖြင့် ခရီးသွားများမှာ မြန်မာနိုင်ငံသို့ နောက်တစ်ကြိမ် မလာကြတော့ဘဲ ပထမအကြိမ်လာမည့် လူများသည်လည်း ဝေးဝေးက ရှောင်ပြီး အခြားနေရာကို ရွေးချယ်သွားကြတော့သည်။
ယင်းသို့သော အခြေအနေတွင် စွန့်ဦးတီထွင် လုပ်ငန်းရှင်လောင်းများက နိုင်ငံခြားသား ခရီးသွားများအတွက် ရိုးရိုးရှင်းရှင်း တည်းခိုနေရာများ ပါရှိသော ကျေးလက်ခရီးသွားနေရာ ဖွံ့ဖြိုးလာအောင် ဖန်တီးလိုကြသည်။ သို့ရာတွင် အနီးအနား၌ ဟိုတယ်များ ရှိနေပါက ခွင့်မပြုနိုင်ဟု ဝန်ကြီးဌာန၊ သို့မဟုတ် ဒေသအာဏာပိုင်တို့က ဟန့်တားနေကြပြန်သည်။
ဝန်ကြီးက နောက်ထပ် အိပ်ရာ၊ မနက်စာတည်းခိုခန်းများ အလိုမရှိတော့ဟုလည်း သတင်းတွေ ထွက်နေသည်။ ဒါလည်း ဖြစ်နိုင်သည်။ ဒေသတွင်း လူ့အဖွဲ့အစည်း အခြေပြု ခရီးသွားလုပ်ငန်း Community- based Tourism Projects နှင့်ပတ်သက်၍ ဘာတွေ ခွင့်ပြုရမည် ဆိုသည်ကိုလည်း အာဏာပိုင်တို့ ခေါင်းခဲနေကြသည်။
ဟိုတယ်လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံရန် ဆုံးဖြတ်ချက် လွဲမှားသဖြင့် ဟိုတယ်ပိုင်ရှင် ဖြစ်လာကြသူများသည်လည်း ဟိုတယ်အခန်းခများကို ဈေးကွက်နှင့် လိုက်လျောညီထွေ ဖြစ်အောင် ပြင်ဆင်သတ်မှတ်ဖို့ လိုပါသည်။ သူတို့၏ အကျိုးစီးပွားကို ကာကွယ်လို၍ ဒေသတွင်း တည်းခိုရိပ်သာ လုပ်ငန်းစတင် တည်ထောင်လိုသူများကို ဟန့်တားပိတ်ပင်ခြင်းမျိုးတော့ မဖြစ်စေသင့်ပေ။ မြန်မာ့ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေလိုလျှင် လိုင်စင်ရ တည်းခိုရိပ်သာနှင့် ဟိုတယ်များကို ပြိုင်ဆိုင်မှုရှိသော အခန်းခနှုန်းထားများဖြင့် ပေါ်ပေါက်လာအောင် လုပ်ဆောင်ရန် လိုအပ်ပါသည်။
ဝန်ကြီးဌာနသည် ခရီးသွားလုပ်ငန်း ဈေးကွက်ကို ကြိုးနီဖြင့် ရစ်ပတ်ချုပ်နှောင် ထားမည့်အစား ဟိုတယ်ဆိုသည့် စကားလုံး ဝေါဟာရကိုပင် စွန့်လွှတ်ကာ တည်းခိုခန်း ဖွင့်ခွင့်လိုင်စင်ဖြင့် ချုပ်ကိုင်မနေတော့ဘဲ ခရီးသွားဒေသ စီမံခန့်ခွဲမှုကို ဒေသခံ အာဏာပိုင်များနှင့် မဟာဗျူဟာကျကျ လုပ်ကိုင်သင့်ပါသည်။
ဝန်ကြီးဌာနသည် ခရီးသွားလုပ်ငန်းကဏ္ဍ၏ အကျိုးစီးပွားများကို အခြားဝန်ကြီးဌာနများ၏ လုပ်ငန်းများနှင့် ဆက်စပ်ပြီး လုပ်ထုံးဥပဒေများကို လိုအပ်မှသာလျှင် ထုတ်ပြန်ရန် ဖြစ်သည်။
နေထိုင်တည်းခိုမှုနှင့်ပတ်သက်၍ မီးဘေးအန္တရာယ်၊ ဆောက်လုပ်ရေး ဘေးကင်းလုံခြုံမှု၊ ရေအသုံးပြုမှု၊ စွန့်ပစ်ပစ္စည်း၊ ဒေသတွင်း အမြင့်ပေ ကန့်သတ်ချက်နှင့် သွင်ပြင်သဏ္ဍာန်စသည့် လုပ်ထုံးလုပ်နည်းဥပဒေများကို ဆိုလိုပါသည်။ အလုပ်သမား အခွင့်အရေးကိုလည်း တစ်ဘက်က အကာအကွယ်ပေးထားသည့်နည်းတူ လုပ်ငန်းလိုအပ်ချက်နှင့် လျော်ညီသော အလုပ်ချိန် ကန့်သတ်ချက်များကိုလည်း တစ်ဘက်က ထည့်သွင်းပေးထားရေးကို ဆိုလိုပါသည်။
မြန်မာနိုင်ငံ၌ ခရီးသွားလုပ်ငန်း ဥပဒေသစ်ဖြင့် အသစ်မွမ်းမံထားသော ခရီးသွားလုပ်ငန်း ဝန်ကြီးဌာန ပေါ်ပေါက်လာရန် အဓိက လိုအပ်နေပါသည်။ မြန်မာနိုင်ငံတွင် တည်းခိုစရာ နေရာ၊ အမျိုးအစားမျိုးစုံ၊ အရွယ်အစားမျိုးစုံ ထားရှိပြီး ပြိုင်ဆိုင်မှုများအားဖြင့် ခရီးသွားကဏ္ဍ တိုးတက်မှုကို အားပေးရန် TripAdvisor က သုံးသပ်အကြံပြုထားဖူးပါသည်။
ဖြိုးဝင်းကိုကို ဘာသာပြန်သည်။
ယခုဆောင်းပါးကို Frontier ၏ ခရီးသွားလုပ်ငန်းကဏ္ဍအကြောင်း အထူးဆောင်းပါးများပါ Discover Myanmar အချပ်ပို၌ ကနဦး ထည့်သွင်းဖော်ပြခဲ့ပါသည်။ ခေါင်းစီးဓာတ်ပုံ – ရန်ကုန်မြို့ Rose Garden Hotel ကို တွေ့ရစဉ်။ ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး