ကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲ့နှင့် ချုပ်ဆိုထားသည့် စီးပွားရေးစာချုပ်အားလုံးကို ဖျက်သိမ်းပေးရေးအပါအဝင် ဓမ္မရုံများ ပြန်လည်လွှဲပြောင်းပေးရေးနှင့် ဟိုတယ်များအား ဥပဒေနှင့်အညီ ပြန်လည်ပြင်ဆင်ပေးရန်အပြင် ကျန်ရှိနေသည့် အခွန်အခများအား ပေးသွင်းရန်တို့ကိုပါ ရိုးရိုးလေးကုမ္ပဏီက ဝန်ခံကတိပြုခဲ့ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက စက်တင်ဘာ ၂၄ ရက်နေ့က သတင်းထုတ်ပြန်သည်။
ရိုးရိုးလေးကုမ္ပဏီပိုင်ရှင် ဦးနေထက်သိန်းနိုင်နှင့် ဝန်ကြီးဌာနရှိ တာဝန်ရှိသူအကြီးအကဲများ နေပြည်တော်ရှိ ဝန်ကြီးရုံးတွင် စက်တင်ဘာ ၂၃ ရက်နေ့က တွေ့ဆုံဆွေးနွေးပြီးနောက် ဦးနေထက်သိန်းနိုင်က ထိုသို့ ဝန်ခံကတိပြုခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
ဦးနေထက်သိန်းနိုင်က ၎င်း၏ စီးပွားရေးဆောင်ရွက်မှုများသည် ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို ကျော်လွန်၍ ဆောင်ရွက်နေမှုများကို လည်းကောင်း၊ တောင်တော်ဒေသတွင် တရားဥပဒေစိုးမိုးရေး လိုအပ်မှုများကိုလည်းကောင်း သိမြင်လာ၍ ၎င်းအနေဖြင့် ညွှန်ကြားချက်များကို လိုက်နာ ဆောင်ရွက်သွားမည်ဟု ဝန်ခံကတိပြု လက်မှတ်ရေးထိုးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဝန်ခံကတိပြုချက်အရ ကျိုက်ထီးရိုးစေတီတော် ဝတ္တကမြေအတွင်း ရိုးရိုးလေးကုမ္ပဏီက တည်းခိုခန်းအဖြစ် ပြောင်းလဲ တည်ဆောက်ထားသော ရွှေနန်းကျင်ဓမ္မာရုံနှင့် ထောက်လှမ်းရေး ဓမ္မာရုံတို့ကို ဘုရားဖူး ပြည်သူများ အခမဲ့ တည်းခိုနိုင်ရန်အတွက် လက်ရှိအခြေအနေအတိုင်း ကျိုက်ထီးရိုးစေတီ ဂေါပကအသစ်ထံ ရိုးရိုးလေးက စနစ်တကျ လွဲှပြောင်းပေးရမည်ဖြစ်သည်။
ထို့ပြင် ရိုးရိုးလေးကုမ္ပဏီက ဆောက်လုပ်ထားသော ဟိုတယ်ခုနစ်လုံး၊ အခန်း ၂၄၁ ခန်းကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက သတ်မှတ်ထားသော စည်းမျဉ်း စည်းကမ်းများနှင့်အညီ သတ်မှတ်ချိန်အတွင်း ပြင်ဆင်တည်ဆောက်၍ ဆောက်လုပ်ထားသော ဟိုတယ်ဆောင်များမှာ တည်ဆဲဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြစ်စေရန် ဆောင်ရွက်ရမည် ဖြစ်သည်။
ကျိုက်ထီးရိုးစေတီတော်ဂေါပကအဖွဲ့နှင့် ချုပ်ဆိုထားသော စီးပွားရေးလုပ်ငန်းဆိုင်ရာ ကန်ထရိုက်စာချုပ်များကို ဖျက်သိမ်းပေးရမည်ဖြစ်ကာ ဦးနေထက်သိန်းနိုင်အနေဖြင့် နိုင်ငံတော်သို့ ပေးသွင်းရန် ကျန်ရှိသော အခွန်အရပ်ရပ်ကို တည်ဆဲဥပဒေနှင့်အညီ စစ်ဆေးမှုခံယူ၍ ပေးသွင်းရမည်ဖြစ်သည်ဟု ဖော်ပြထားသည်။
ဝန်ကြီးဌာန၏ စက်တင်ဘာ ၁၂ ရက်နေ့က ထုတ်ပြန်ချက်တွင်မူ စေတီတော်ကြီးအနီးတွင် ပေ ၃၀ ထက် ကျော်လွန်တည်ဆောက်ထားသည့် ဟိုတယ်အဆောက်အဦးများကို ခေတ်မီ နည်းပညာသုံးကာ ဖျက်သိမ်းသွားမည်ဟု ဖော်ပြထားသည်။ ထို့ပြင် ရိုးရိုးလေးကုမ္ပဏီက တည်ဆောက်ထားသော ဥပဒေနှင့်အညီ ခွင့်ပြုထားသည့် ဟိုတယ်အခန်း ၁၃၅ ခန်းအပြင် ဥပဒေမဲ့စွာ ဆောက်လုပ်ခဲ့သော အခန်း ၁၀၆ ခန်း ပိတ်သိမ်းရေးကိုလည်း ဆောင်ရွက်မည်ဟု ထိုစဉ်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ကျိုက်ထီးရိုး ဆံတော်ရှင်စေတီတော်ကို အကြောင်းပြု၍ စီးပွားရေးလုပ်ငန်းရှင်အချို့က ဥပဒေမဲ့စွာဖြင့် ဟိုတယ်၊ တည်းခိုခန်းများ တည်ဆောက်ခြင်းကြောင့် ရှေးဟောင်း အဆောက်အဦ၏ မြင်ကွင်းကိုလည်းကောင်း၊ ဝန်းကျင်သဘာဝ မြင်ကွင်းကိုလည်းကောင်း အဟန့်အတားဖြစ်စေပြီး အထပ်မြင့်ဟိုတယ်များကြောင့် မူလ ဘူမိမြေသားခိုင်မာမှုကို ပျက်စီးစေ၍ မြေသားပြတ်ရွေ့မှုများ ဖြစ်ပေါ်လာစေနိုင်ပါသည်” ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သို့သော် ယခုကဲ့သို့ ဦးနေထက်သိန်းနိုင်နှင့် ဝန်ကြီးဌာန တာဝန်ရှိသူများ တွေ့ဆုံကာ အဆိုပါ အချက်များကို ဆွေးနွေးပြီးနောက် ဝန်ကြီးဌာန၏ လမ်းညွှန်ချက်အတိုင်း ပြင်ဆင်ပြောင်းလဲမှုများ ဆောင်ရွက်ရန် ဦးနေထက်သိန်းနိုင်က ကတိပြုခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်ဒေသတွင် တရားဥပဒေ စိုးမိုးရန်လည်းကောင်း၊ ဘုရားဖူး ရဟန်းရှင်လူ ပြည်သူအများ စိတ်ချမ်းမြေ့ပျော်ရွှင်စွာ ဘုရားဖူးနိုင်ရန် ရည်မှန်း၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသည် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ မွန်ပြည်နယ်အစိုးရအဖွဲ့တို့နှင့် ညှိနှိုင်းပြီး ဂေါပကအဖွဲ့ကို ကြီးကြပ်၍ ဓမ္မာရုံများတွင် ပြည်သူများ အခမဲ့ တည်းခိုနိုင်ရေးအတွက် ဂေါပကအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်သွားမည်ဟု သိရသည်။
စေတီတော်သို့ ရည်မှန်း၍ လှူဒါန်းသော အလှူငွေများကို ဂေါပကအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဂေါပကဝန်ထမ်းများ ခန့်ထားပြီး အလှူခံပုံးသို့ ထည့်သွင်း လှူဒါန်း ထိန်းသိမ်းသောစနစ်ကို ကျင့်သုံးမည်ဖြစ်ကာ ကန်ထရိုက်စနစ်ကို ဖျက်သိမ်းမည်ဖြစ်သည်။
ကျိုက်ထီးရိုးဆံတော်ရှင်သို့ လှူဒါန်းသည့် ရွှေဆိုင်းများ အရည်အသွေးပြည့်မှီ၍ ဈေးနူန်း မှန်ကန်စွာဖြင့် လှူဒါန်းနိုင်ရန် ဂေါပကအဖွဲ့၏ ကြီးကြပ်မှုဖြင့် တင်ဒါခေါ်ယူ တင်သွင်း ရောင်းချနိုင်ရေးအတွက်လည်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက လမ်းညွှန်ဆောင်ရွက်မည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။