ရဲမွန်
စင်ကာပူနိုင်ငံ၏ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်ရည်ရွယ်၍ စင်ကာပူခရီးသွားလုပ်ငန်းဘုတ်အဖွဲ့က ရန်ကုန်မြို့လယ် ဘိုကလေးဈေးလမ်းတွင် စင်ကာပူပွဲတော်ကို နိုဝင်ဘာ ၃ဝ ရက်မှ ဒီဇင်ဘာ ၂ ရက်နေ့အထိ ပြုလုပ်သွားရန် စီစဉ်နေသည်။
သုံးရက်ကြာပြုလုပ်မည့် စင်ကာပူပွဲတော်တွင် စားသောက်ဆိုင်တန်းငယ်ဖြင့် ဆိုင် ၂၀ ခန့်ဖွင့်လှစ်သွားမည်ဖြစ်ပြီး စင်ကာပူအစားအစာများနှင့် မြန်မာအစားအစာများကို စင်ကာပူနိုင်ငံ၏ ပြား ၅၀ ပွဲတော် (50 Cents Fest)ကဲ့သို့ ကျပ် ၅၀၀ ဖြင့် ရောင်းချရန်စီစဉ်ထားသည်ဟု ဘုတ်အဖွဲ့၏ အမှုဆောင်ဒါရိုက်တာတစ်ဦးဖြစ်သည့် မစ္စတာဂျွန်ဂရက်ဂရီကွန်ဆေးဆိုးက ပြောကြားသည်။
ရောင်းချမည့် မြန်မာအစားအစာများထဲတွင် လမ်းသရဲမုန့်၊ မြန်မာအသုပ်စုံ၊ ဘိန်းမုန့်၊ မုန့်လက်ဆောင်း၊ မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ ဝက်သားဒုတ်ထိုးနှင့် ပုရစ်ကြော်တို့ကို ရောင်းချသွားမည်ဖြစ်ပြီး စင်ကာပူအစားအစာများထဲတွင်မူ ဂဏန်းစမူဆာ၊ ပဲပိစပ်အနှစ် ကြက်ဆီထမင်း၊ အသားပေါင်းခေါက်ဆွဲ၊ ဆာတေး၊ မလေးရှားခေါက်ဆွဲကြော်တို့အပြင် အခြားအစားအစာလေးမျိုးကိုလည်း ရောင်းချမည်ဖြစ်သည်။
”စင်ကာပူပွဲတော်ဟာ မြန်မာနိုင်ငံအတွင်းမှာ မြန်မာနိုင်ငံသားတွေ ပါဝင်အားဖြည့်ပုံဖော်ထားတဲ့ မြန်မာနိုင်ငံသားတွေအတွက် ပွဲတော်ဖြစ်ပါတယ်”ဟု မစ္စတာဂျွန်ဂရက်ဂရီကွန်ဆေးဆိုးက ပြောကြားသည်။
ထို့ပြင် AR နည်းပညာသုံး Atypical Singapore အနုပညာပြပွဲ၊ ကလေးများအတွက် အလုပ်ရုံနှင့် ကစားကွင်း၊ စင်ကာပူနိုင်ငံသားများ၏ ဘဝနှင့်အဖြစ်အပျက်များကို စင်ကာပူဒါရိုက်တာ ခုနှစ်ဦးဖြင့် ရိုက်ကူးထားသည့် 7 Letters ရုပ်ရှင်ပြသခြင်း၊ စင်ကာပူ၏ ထိပ်တန်းစားဖိုမှုးနှစ်ဦး ပေါင်းစပ်ဖန်တီးမည့် Four-hands Dinner နှင့် talks show စသည့်အစီအစဉ်များလည်း ပါဝင်နိုင်သည်ဟု စင်ကာပူခရီးသွားလုပ်ငန်းဘုတ်အဖွဲ့က နိုဝင်ဘာ ၈ ရက်နေ့တွင် ကြေညာခဲ့သည်။
စင်ကာပူပွဲတော် ပြုလုပ်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အခြားသော ဌာနဆိုင်ရာများထံမှ ခွင့်ပြုချက်များရယူခဲ့ရပြီးဖြစ်သလို ဒို့အိမ် (Doh Eain) အဖွဲ့နှင့်ပူးပေါင်းကာ ပြည်တွင်းစီးပွားရေး အသိုက်အဝန်းများ၊ ဘိုကလေးဈေး လမ်းသူ လမ်းသားများနှင့်တကွ မြန်မာနိုင်ငံအခြေစိုက် မိတ်ဖက် ၁၈ ဦးနှင့်အတူ ချိတ်ဆက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းကိုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။
စင်ကာပူခရီးသွားလုပ်ငန်းဘုတ်အဖွဲ့အနေဖြင့် စင်ကာပူပွဲတော်ကို ၂ဝ၁၆ ခုနှစ်က မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်ခဲ့ခြင်းဖြစ်ပြီး ၂ဝ၁၈ ပွဲတော်က ဒုတိယအကြိမ်မြောက်ပြုလုပ်သည့် ပွဲတော်လည်းဖြစ်သည်။
စင်ကာပူ ခရီးသွားလုပ်ငန်းဘုတ်အဖွဲ့၏ စာရင်းအရ စင်ကာပူနိုင်ငံသို့ သွားရောက်သည့် မြန်မာခရီးသွားအရေအတွက်မှာ ၂ဝ၁၈ ခုနှ် ပထမခြောက်လအတွင်း ၇၄,ဝဝဝ အထိရှိနေသည်ဟု သိရသည်။
မြန်မာနိုင်ငံသို့ လာရောက်သော စင်ကာပူခရီးသွားအရေအတွက်သည် အရှေ့တောင်အာရှနိုင်ငံများထဲတွင် ဒုတိယအများဆုံးဖြစ်သည်။ မြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏စာရင်းအရ ၂ဝ၁၈ ခုနှစ်၊ ဇန်နဝါရီမှ စက်တင်ဘာလအထိ စင်ကာပူခရီးသွား ၄ဝ,၁၆၈ ဦး လာရောက်ခဲ့သည်။