ရန်ကုန်၊ သြဂုတ် ၁၀
မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် နာမည်ဆိုးဖြင့် ကျော်ကြားသည့် ရွှေတြိဂံဒေသအနီးတွင် ကျပ်သန်း ၆၄,၀၀၀ ကျော်တန်ဖိုးရှိသည့် စိတ်ကြွဆေးများနှင့် မူးယစ်ဆေးများကို ဖမ်းဆီးရမိခဲ့သည်ဟု အစိုးရက သတင်းထုတ်ပြန်သည်။
ယခုနှစ်အတွင်း မြန်မာနိုင်ငံတွင် အကြီးမားဆုံး ဖမ်းဆီးရမိမှုကြီးဖြစ်ဖွယ်ရှိသည့် အဆိုပါဖမ်းဆီးမှုတွင် မူးယစ်ဆေးဝါးများ၊ လက်နက်ခဲယမ်းများနှင့်အတူ တရားခံလေးဦးကိုလည်း ဖမ်းဆီးရမိခဲ့သည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ မိုင်းဟဲကျေးရွာ အုပ်စု၊ ကျဆီးကျေးရွာရှိ အဆိုပါတရားခံလေးဦး၏ နေအိမ်များအား သြဂုတ် ၈ ရက်၊ မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က သတင်းအရ သွားရောက်ရှာဖွေစစ်ဆေးရာမှ ဖမ်းဆီးမိခဲ့ခြင်းလည်း ဖြစ်သည်။
အဆိုပါနေအိမ်များမှ ဘိန်းဖြူဘလောက်တုံး ၂၆ တုံး(၉ ဒသမ ၁ ကီလိုခန့်)၊ ဘိန်းစိမ်း ၁ ဒသမ ၅ ကီလိုခန့်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၉ သန်းကျော်၊ ကတ်တမင်း ၁ ကီလိုခန့်၊ အိုက်စ် ၂၀၂ ဒသမ ၅ ကီလိုခန့်၊ အက်တက်စီဆေးပြား ခြောက်သိန်းကျော်၊ ကဖင်း ၂၃၀ ကီလိုခန့်၊ စုစုပေါင်းခန့်မှန်းတန်ဖိုးငွေ ကျပ်သန်းပေါင်း ၆၄,၀၀၀ ကျော်အပြင် စိတ်ကြွဆေးပြားထုတ်လုပ်ရာတွင် အသုံးပြုသည့် မိုလ် ၇၀ ချောင်းနှင့် ၉၉၉ တံဆိပ်ပါ မိုလ်နှစ်ချောင်း၊ ပွိုင့် ၂၂ သေနတ် နှစ်လက်၊ တစ်လုံးထိုးသေနတ်တစ်လက်နှင့် ၎င်းကျည် ၆၀ တောင့်၊ ထိုင်းဘတ်ငွေ ၁၈ သိန်း၊ တရုတ်ယွမ်ငွေ ၁၀,၀၀၀၊ ရွှေထည်ပစ္စည်းမျိုးစုံ ၈၂ ဒသမ ၈၃ ကျပ်သားခန့်တို့ကို သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ပြင် မော်တော်ယာဉ်ငါးစီးကိုလည်း ဖမ်းဆီးရမိခဲ့သည်။
“အဆိုပါမူးယစ်ဆေးဝါးများ၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသူ လေးဦးအား တာချီလိတ်မြို့မရဲစခန်း၌ တရားဥပဒေအရ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိသည်” ဟု ထုတ်ပြန်ချက်တွင် ဆက်လက် ဖော်ပြထားသည်။