ကျပ်ငွေတန်ဖိုး ကျဆင်း၊ မတည်မငြိမ်ဖြစ်နေတာ ဘယ်အချိန်ကျမှ ရပ်မှာလဲ

စည်သူအောင်မြင့် ရေးသားသည်

လက်ရှိ မြန်မာနိုင်ငံရဲ့ စီးပွားရေးကဏ္ဍမှာ ရင်ဆိုင်နေရတဲ့ ပြဿနာကြီးတစ်ခုကတော့ ကျပ်ငွေတန်ဖိုး ကျဆင်းနေတာ၊ မတည်မငြိမ်ဖြစ်နေတာ၊ အမေရိကန် ဒေါ်လာ အသုံး ကျယ်ပြန့်လာတာ (Dollarization) စတဲ့ ပြဿနာတွေ ဖြစ်ပါတယ်။

တကယ်တော့ ဒီပြဿနာတွေ ဖြစ်နေတာ ကာလ အတော်ကြာနေပါပြီ။ သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့နဲ့ ဗဟိုဘဏ် တာဝန်ရှိသူတွေက ဒီ ပြဿနာဖြေရှင်းဖို့ နည်းပေါင်းစုံ ကြိုးစားနေပေမဲ့ အောင်မြင်မှု မရသေးပါဘူး။

ခုဆိုရင်ပဲ အစိုးရသစ် တက်ကာစက အမေရိကန် တစ်ဒေါ်လာ ကျပ် ၈၀၀ ဝန်းကျင်ပဲ ရှိခဲ့တဲ့ မြန်မာကျပ်ငွေ တန်ဖိုးဟာ ကျပ် ၁,၃၀၀ ကျော်သည်အထိ ကျဆင်းနေပါပြီ။ ကျပ်ငွေတန်ဖိုး ကျဆင်းလာတဲ့အခါ အထွေထွေ ကုန်ဈေးနှုန်းနဲ့ ဝန်ဆောင်စရိတ်တွေ မြင့်တက်လာပြီး အဲဒီဒဏ်ကို အဓိက ခံကြရတာကတော့ လူလတ်တန်းစားနဲ့ အောက်ခြေ ပြည်သူတွေပါ။ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက ကျင်းပခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲကြီးမှာ ပြည်သူတွေဟာ အာဏာရ ပြည်ခိုင်ဖြိုးပါတီကို မဲမပေးဘဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို အပြတ်အသတ် ထောက်ခံမဲပေးလိုက်ကြတဲ့ ကိစ္စမှာလည်း ဒီလို စီးပွားရေးဆိုင်ရာ အကြောင်းအချက်တွေ ပါသင့်သလောက် ပါပါတယ်။

ကျပ်ငွေတန်ဖိုး ကျဆင်းမှု၊၊ မတည်ငြိမ်မှုနဲ့ Dollarization ဘာကြောင့် ဖြစ်ရတာပါလဲ၊ ဘယ်လိုဖြေရှင်းနိုင်မလဲ၊ နောက်အစိုးရသစ်လက်ထဲအထိ ဒီ ပြဿနာ ရောက်သွားမလား ဆိုတာ ဒီတစ်ပတ် ဆွေးနွေးသုံးသပ် တင်ပြသွားပါ့မယ်။

ကျပ်ငွေ တန်ဖိုးတည်ငြိမ်ရေးနဲ့ ဆက်စပ်တဲ့ အဓိက ပြဿနာတွေကတော့ အစိုးရ လိုငွေပြတာ၊ ကုန်သွယ်ရေး လိုငွေပြတာ၊ ဗဟိုဘဏ်က ငွေစက္ကူ ရိုက်ထုတ်တာ၊ ပြည်တွင်းမှာ ဒေါ်လာလို နိုင်ငံခြားငွေ အသုံးတွင်ကျယ်ပြီး စုဆောင်းမှုမှာပါ အသုံးပြုကြတာ၊ မှောင်ခိုဈေးကွက် ကျယ်ပြန့်နေတာ စတာတွေ ဖြစ်ပါတယ်။ ကျပ်ငွေတန်ဖိုး တည်ငြိမ်ရေးအကြောင်း ပြောရင် ဆက်စပ်နေတဲ့ အဲဒီ ပြဿနာတွေအားလုံးကို လေ့လာသုံးသပ်ကြည့်မှ ဖြစ်နိုင်မှာပါ။

အခုအချိန်ဟာ ပထမအကြိမ် လွှတ်တော်တွေရဲ့ နောက်ဆုံး အစည်းအဝေးတွေ ကျင်းပနေဆဲ ကာလလည်း ဖြစ်ပါတယ်။ အခု အစည်းအဝေးရဲ့ အဓိက တာဝန်ကတော့ သမ္မတ ဦးသိန်းစိန်ရဲ့ နောက်ဆုံးသက်တမ်းမှာ လိုအပ်တဲ့ နောက်ဆက်တွဲ ဘတ်ဂျက် လိုငွေတောင်းခံမှုတွေကို ဆွေးနွေး ဖြည့်ဆည်းပေးဖို့ပဲ ဖြစ်ပါတယ်။ တစ်ပြိုင်နက်တည်း ၂၀၁၄-၁၅ ဒုတိယ ခြောက်လ သက်တမ်း ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ကိစ္စတွေကိုလည်း သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက တင်ပြအစီရင်ခံတဲ့ အစည်းအဝေးလည်း ဖြစ်ပါတယ်။

စီမံကိန်းနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဒုဝန်ကြီး ဒေါ်လဲ့လဲ့သိန်းရဲ့ အစီရင်ခံချက်အရ အခုနှစ် အစိုးရ ရငွေသုံးငွေ စာရင်းကိုကြည့်ရင်  ရငွေက ကျပ် ၁၀ ထရီလျံကျော်ပဲ ရှိပြီး သုံးငွေကတော့ ၁၃ ထရီလျံကျော်နေတာ တွေ့ရပါတယ်။ လိုငွေ စုစုပေါင်း ၃ ထရီလျံနီးပါး ရှိနေတာ တွေ့ရပါတယ်။ မနည်းပါဘူး။ ရငွေရဲ့ ၂၆ ရာခိုင်နှုန်းလောက် ရှိနေတာပါ။

ရငွေ နည်းရခြင်း အကြောင်းကလည်း ဒုတိယ ခြောက်လပတ် အခွန်ကောက်ခံငွေ ကျပ် ဘီလျံ ၉၀၀ နီးပါးလောက် လျော့နည်းနေတာကြောင့်လို့ ဆိုပါတယ်။ အလားတူ ကုန်သွယ်ရေး ကဏ္ဍကို ပြန်ကြည့်ရင်လည်း လိုငွေက ဘီလျံ ၁,၈၀၀ နီးပါး ရှိနေတာ တွေ့ရပြန်ပါတယ်။ ဒါဟာ စာရင်းပေါ်မှာ မြင်ရတာ ဖြစ်ပြီး တရားမဝင် မှောင်ခို ကုန်သွယ်မှု များတဲ့ မြန်မာနိုင်ငံအတွက် ဒီထက် ပမာဏ များဖို့ပဲ ရှိပါတယ်။

ဒီအချက်အလက်တွေကို ကြည့်လိုက်ရင် မြန်မာနိုင်ငံမှာ ဘာကြောင့် ကျပ်ငွေ တန်ဖိုး ကျဆင်းနေရသလဲ ဆိုတဲ့ အဖြေ ပေါ်လွင်နေပြီဖြစ်ပါတယ်။ အစိုးရအဖွဲ့အနေနဲ့ ဝင်ငွေနဲ့ သုံးငွေ၊ သုံးငွေကများပြီး လိုငွေပြ၊ ကုန်သွယ်ရေးမှာလည်း လိုငွေပြ စတဲ့အချက်တွေဟာ အစိုးရနဲ့ ဗဟိုဘဏ်တာဝန်ရှိသူတွေကို ခေါင်းခဲစေပါတယ်။

ဒီ လိုငွေတွေအတွက် နိုင်ငံခြား အရန်ငွေတွေကို ထုတ်ယူသုံးစွဲမလား၊ ဒါမှမဟုတ် ငွေစက္ကူ ပိုမိုရိုက်ထုတ် သုံးစွဲမလား ဆုံးဖြတ်လုပ်ကိုင်ကြရတဲ့ အနေအထားပါ။ လက်ရှိ အနေအထားမှာတော့ ဗဟိုဘဏ်ဟာ အစိုးရ ဘတ်ဂျက်လိုငွေအတွက် ငွေစက္ကူတွေကို လိုအပ်တာထက် ပိုပြီး ရိုက်ထုတ်တဲ့နည်းနဲ့ ဖြေရှင်းနေလို့သာ ခုလို ငွေတန်ဖိုး ဖောင်းပွ၊ ကျပ်ငွေတန်ဖိုး ကျဆင်းမှု ဖြစ်လာတာပါ။

ကျပ်ငွေတန်ဖိုး မတည်မငြိမ် ဖြစ်ရတဲ့ အကြောင်းရင်းကတော့ ဒေါ်လာလို နိုင်ငံခြားငွေကို အသုံးများတာ၊ နိုင်ငံခြားငွေ လဲလှယ်ရေး မှောင်ခိုဈေးကွက် ကျယ်ပြန့်နေသေးတာ၊ စီးပွားရေးသမားတွေနဲ့ ပြည်သူတွေက ဒေါ်လာလို နိုင်ငံခြားငွေကိုပဲ သိမ်းဆည်းစရာ စုဆောင်းစရာ အဖြစ် နားလည်ထားကြတဲ့ အချက်တွေလည်း ပါဝင်ပါတယ်။ ဒါနဲ့ ပတ်သက်လို့လည်း အစိုးရဘက်က သိပ်ပြီး ကိုင်တွယ်နိုင်တာ မတွေ့ရသေးပါဘူး။

နိုင်ငံခြားသားတွေ နိုင်ငံခြားကုမ္ပဏီတွေနဲ့ ဆက်ဆံနေရတဲ့ ဟိုတယ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်း အပါအဝင် လုပ်ငန်းတချို့ကို ပြီးခဲ့တဲ့ လပိုင်းက နိုင်ငံခြားငွေ ကိုင်ဆောင်ခွင့် ပယ်ဖျက်တဲ့ အမိန့်တစ်ရပ် ထုတ်ပြန်ခဲ့ပါသေးတယ်။ ဒါပေမယ့် ဒီ ညွှန်ကြားချက် သိပ်ပြီး သက်ရောက်မှု မရှိသေးပါဘူး။ လက်ရှိ အချိန်ထိ ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးဆက်အောင် အပါအဝင် တာဝန်ရှိသူတွေက လုပ်ငန်းရှင်တွေ၊ စီးပွားရေးသမားတွေဆီ လှည့်လည်ပြီး ရှင်းရ လင်းရ စည်းရုံးနေရတုန်းပါပဲ။

ပြင်ပ မှောင်ခို နိုင်ငံခြားငွေ ရောင်းဝယ်မှုတွေကိုတော့ အရေးယူ ကိုင်တွယ်တာ မရှိသလောက်ပါပဲ။ ဒီ လုပ်ငန်း လုပ်ကိုင်သူတွေဟာ မြန်မာကျပ်ငွေ တည်ငြိမ်နေတာမျိုးကို သိပ်ပြီး လိုလားကြတာ မဟုတ်ပါဘူး။ အလှုပ်အခတ် အခါအယမ်းရှိမှ အကျိုးအမြတ် များတာကြောင့် တရားဝင် ငွေလဲကောင်တာတွေနဲ့ နှုန်းထား မတူအောင် ဆွဲတင် ဆွဲချတာမျိုး လုပ်တတ်ကြပါတယ်။ နောက်တစ်ခုက Dollarization ဖြစ်နေတဲ့ ပြဿနာပါ။ ဒါကလည်း အထူးအဆန်းမဟုတ်ပါဘူး။ အရင် စစ်အစိုးရလက်ထက်ကတည်းက ဖြစ်ခဲ့ဖူးပါတယ်။ မြန်မာကျပ်ငွေတန်ဖိုးဟာ တစ်နှစ်ကို ၂၀ ရာခိုင်နှုန်းအထက် ကျဆင်းနေပြီဆိုရင် ဘယ်သူမှ ဘဏ်မှာ အပ်ဖို့ မစဉ်းစားတော့ပါဘူး။ လက်ထဲမှာလည်း ကိုင်မထားချင်တော့ပါဘူး။ နိုင်ငံတကာမှာလို မြန်မာနိုင်ငံမှာ သွားပြီး ရင်းနှီးမြှုပ်နှံစရာ Capital Market, Gold Market, Stock Market လိုမျိုး မရှိပါဘူး။ ဒါကြောင့် ကျပ်ငွေထက် ပိုခိုင်မာတဲ့ ဒေါ်လာ ဝယ်ယူစုဆောင်းတာ၊ အိမ်ခြံမြေ လုပ်ငန်းမှာ မြှုပ်နှံတာမျိုး လုပ်ကြပါတယ်။ ဒီလိုနည်းနဲ့ Dollarization ကျယ်ပြန့်လာတာ ဖြစ်ပါတယ်။

ပြောရရင် အစိုးရ ဘတ်ဂျက် လိုငွေနည်းမှ ၊ ကုန်သွယ်မှု လိုငွေ နည်းမှ မြန်မာကျပ်ငွေ တန်ဖိုး အလျင်အမြန် ကျဆင်းနေတာ ရပ်သွားမှာပါ။ အခုနောက်ဆုံး လွှတ်တော်မှာ အစိုးရက ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွက် ဖြည့်စွက် ဘတ်ဂျက် ကျပ်ဘီလျံ ၂,၅၀၀ လောက် တောင်းထားတာကို ဖြတ်တောက်မှု မလုပ်ဘဲ ခွင့်ပြုပေးလိုက်ပြန်ပါပြီ။ ဒါကိုကြည့်ရင် ကျပ်ငွေတန်ဖိုး ကျဆင်းမှု ပြဿနာကို ကုစားနိုင်မှာ မဟုတ်ဘူးဆိုတာ သေချာစေပါတယ်။

တကယ်ရေရှည်အတွက် လုပ်ကိုင်ရမှာက အင်န်အယ်လ်ဒီ အမတ်တွေ လွှမ်းမိုးတဲ့ လာမယ့် လွှတ်တော်က လုပ်ရမှာပါ။ လာမယ့် လွှတ်တော် အသစ်ကျရင် အင်န်အယ်လ်ဒီ အမတ်တွေဟာ ပေါ်ပေါက်လာမယ့် အင်န်အယ်လ်ဒီ အစိုးရအဖွဲ့အတွက် ၂၀၁၆-၁၇ ဘတ်ဂျက် ရေးဆွဲပေးရာမှာ လိုငွေ နည်းနိုင်သမျှ နည်းအောင် ဆွဲရပါလိမ့်မယ်။ ကုန်သွယ်ရေး လိုငွေ ကာမိဖို့ နိုင်ငံတကာ ချေးငွေ ရယူတာတွေ၊ FDI နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုတွေ အများကြီး ဝင်လာအောင် ဆွဲဆောင်ရပါလိမ့်မယ်။

ခြုံပြီးပြောရရင် မြန်မာကျပ်ငွေ တန်ဖိုး တည်ငြိမ်ရေးကို လက်ရှိ အစိုးရက လုပ်နိုင်မှာ မဟုတ်ဘဲ နောင် ပေါ်ပေါက်လာမယ့် အင်န်အယ်လ်ဒီ လွှတ်တော်နဲ့ အစိုးရအဖွဲ့က ဆက်ပြီး ကိုင်တွယ် ဖြေရှင်းပေးရမယ့် အခြေအနေအထိ ရောက်သွားမှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar