မွန်ပြည်နယ်က သူ့ရဲ့ ကျေးရွာမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ လူငယ်တစ်ယောက်အကြောင်းကို Frontier နဲ့ ဒို့အသံအစီအစဉ်တို့ကနေ ဇူလိုင်လအတွင်းက ဖော်ပြခဲ့ဖူးပါတယ်။
အခုတော့ ရက်ရောလှတဲ့ အလှူရှင်တစ်ယောက်ကြောင့် သူ့အတွက် အားတက် ပျော်ရွှင်ဖွယ်ရာ ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာခဲ့ပါတယ်။
အသက် ၃၁ နှစ်ရှိပြီဖြစ်တဲ့ ကိုကံထူးဟာ သူ့ရဲ့ ခြေထောက်တွေကို အသုံးပြုလို့မရဘဲ မွေးဖွားလာခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် သူက ဘဝကို အရှုံးမပေးခဲ့ပါဘူး။ ကျိုက်ထိုမြို့နယ်က အထက်ကန်နီရွာမှာ နေထိုင်သူတွေကို သူက ဆေးဝါး ကုသပေးနေတာ ဆယ်စုနှစ်တစ်ခုနီးပါး ရှိနေခဲ့ပါပြီ။ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ NGO တစ်ခုဖြစ်တဲ့ Population Services International က ပြုလုပ်တဲ့ စီမံကိန်းတစ်ခုရဲ့ အစီအစဉ်နဲ့ ငှက်ဖျားရောဂါကုသပေးနေတာက သူ့အလုပ်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။
ကိုကံထူးအောင်ဟာ သူ့ရဲ့အိမ်မှာ ဆေးခန်းတစ်ခု ဖွင့်ထားပြီး အိမ်တိုင်ရာရောက်လည်း လိုက်လံ ကုပေးနေတယ်ဆိုတာကို ‘မဖြစ်နိုင်ဘူးဆိုတာ ဘာမှမရှိ’ ဆိုတဲ့ အစီအစဉ်မှာ ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် အိမ်တိုင်ရာရောက် လိုက်လံ ကုသပေးတာမျိုးတွေကတော့ သွားရေးလာရေးစီစဉ်ရတာ ခက်ခဲနိုင်ပါတယ်။ လူနာရဲ့အိမ်ကို ဆိုင်ကယ်နဲ့ လိုက်ပို့ပေးဖို့ ရွာထဲက လူတစ်ယောက်ရဲ့ အကူအညီ လိုအပ်ပါတယ်။
သွားရေးလာရေးအတွက် သူများကို အားကိုးနေရတာကို အဆုံးသတ်ဖို့ ဘတ္ထရီနဲ့ မော်တာသုံး ဘီးတပ်ကုလားထိုင်လေးရှိရင် သိပ်ကောင်းမှာပဲလို့ ကိုကံထူးအောင်က Frontier ကို ပြောခဲ့ပါတယ်။ ဒါပေမယ့် သူကိုယ်တိုင်တော့ ဝယ်ဖို့ မတတ်နိုင်ခဲ့ပါဘူး။
အဲဒီနောက်မှာတော့ ရန်ကုန်မှာထုတ်လုပ်တဲ့ သုံးဘီးဆိုင်ကယ်ပုံစံ ဘတ္ထရီစွမ်းအင်သုံး ဘီးတပ်ကုလားထိုင်တစ်လုံးကို ဝယ်ပြီး ပို့ပေးဖို့ သဘောတူခဲ့တဲ့ အလှူရှင်တစ်ဦး ပေါ်ပေါက်လာခဲ့ပါတယ်။ ဒီကုလားထိုင်တန်ဘိုးက အမေရိကန်ဒေါ်လာ ၆၀၀ လောက် တန်ပါတယ်။ အလှူရှင်ကတော့ သူဘယ်သူလဲဆိုတာ ထုတ်မပြောဖို့ မေတ္တာရပ်ခံထားပါတယ်။
သြဂုတ် ၄ ရက်နေ့က အသစ်စက်စက် ဘီးတပ်ကုလားထိုင် မရခင်ကဆို သိပ်ကို စိတ်လှုပ်ရှားနေလို့ ညညအိပ်လို့တောင် မရဘူးလို့ သူကပြောပါတယ်။ အရင်ကတည်းက အမြဲတမ်းလှုပ်ရှားသွားလာနေရပေမယ့် စိတ်မပျက်ဖူးပါဘူးလို့ သူက Frontier ကို မကြာသေးမီက ပြောကြားခဲ့ပါတယ်။
“ကျွန်တော် သွားချင်တဲ့နေရာ သွားနိုင်လို့ အရမ်းပျော်ပါတယ်။ ဒီဘီးတပ်ကုလားထိုင်လှူတဲ့အတွက် အလှူရှင်ကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ ပြီးတော့ ကျွန်တော့်အကြောင်း Frontier ကို ပြောခဲ့တဲ့အတွက် PSI ကိုလည်း ကျေးဇူးတင်ပါတယ်” လို့ သူက ပြောပါတယ်။
တစ်ခုတည်းသော စိန်ခေါ်မှုကတော့ ဘတ္ထရီ အားပြန်သွင်းရတာဖြစ်ပါတယ်။ အထက်ကန်နီမှာ လျှပ်စစ်မီး မရှိတာကြောင့် ကိုကံထူးအောင်တစ်ယောက် အားပြန်သွင်းဖို့အတွက် တစ်မိုင်ခန့်ဝေးသော အခြားရွာတစ်ရွာဆီကို မောင်းသွားရပါတယ်။
အား အပြည့်အ၀ ပြန်ဖြည့်ဖို့ ခြောက်နာရီဝန်းကျင်ကြာမြင့်ပြီး အားပြည့်သွားပါက ကိုကံထူးအောင်အတွက် ၃၅မိုင်ခန့် (ကီလိုမီတာ၅၀ခန့်) သွားလာနိုင်ပါတယ်။ သွားလာရေးမှာ အခြားသူတွေကို အားကိုးဖို့ မလိုအပ်တော့အတွက် ကိုကံထူးအောင်တစ်ယောက် လူနာများ ပိုမို ကြည့်ပေးလာနိုင်ပါတယ်။ Frontier နဲ့ စကားပြောချိန်မှာတော့ သူအနေဖြင့် ရွာနီးချင်း သုံးရွာသို့ အကူအညီမပါဘဲ သွားရောက်ခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။
ဘီးတပ်ကုလားထိုင်ကို အသုံးပြုရာမှာ အလေ့အကျင့်ဖြစ် အသားကျစေဖို့ အချိန်အနည်းငယ်ယူရပြီး သုံးရက်မြောက်နေ့မှသာ ကျွမ်းကျင်လာတယ်လို့ ကိုကံထူးအောင်က ပြောပါတယ်။ “အဲဒါကိုရတဲ့နေ့က စားစရာတစ်ခုခု ဝယ်ဖို့ ကျွန်တော် မောင်းသွားခဲ့တာ။ ပလာတာဆိုင်ထဲကို တန်းနေအောင် ဝင်သွားတော့တာပဲ။ ဒါပေမယ့် ကြီးကြီးမားမား ပျက်စီးတာ မရှိခဲ့ဘူးလို့” သူက ရယ်မောရင်း ပြောပါတယ်။