ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်ချက်တွေနဲ့ ရခိုင်မြောက်ပိုင်း

အစိုးရရဲ့ဝန်ဆောင်မှု လိုအပ်ချက်ကြီးမားနေချိန်မှာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ NGOs တွေကို ပိတ်ပင်ထားတာနဲ့ ဒေသခံတွေရဲ့ ခရီးသွားလာခွင့်ကို ကန့်သတ်ထားတာက အဲ့ဒီက လူ့အသိုင်းအဝိုင်းရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို လိုအပ်ချက်တွေဆက်လက်ဖြစ်ပေါ်စေမှာပါ။ ဒါတွေက ကိုဖီအာနန်ရဲ့ အကြံပြုချက်တွေကို မထီမဲ့မြင်လုပ်ရာလည်း ကျနေပါတယ်။

ဒေါက်တာနေလင်းထွန်း

ဒီနှစ်မတ်လအတွင်းမှာ မောင်တောမြို့က အစိုးရဆေးရုံနဲ့ ငါးမိုင်ကျော်လောက်ဝေးတဲ့ ရွာတစ်ရွာက အမြွှာကိုယ်ဝန်ဆောင်ထားတဲ့ အမျိုးသမီးငယ်တစ်ဦးဟာအရပ်လက်သည်နဲ့ မီးဖွားဖို့ကြိုးစားခဲ့ပါတယ်။ နှစ်ရက်လောက်အကြာမှာ အခြေအနေဆိုးဝါးလာတော့ သူမမိသားစုက ကားနဲ့ မိနစ် ၄၀ လောက်မောင်းရတဲ့ ဆေးရုံကို ခေါ်သွားခဲ့ပါတယ်။ ဒါပေမဲ့ အမြွှာနှစ်ယောက်ရဲ့အသက်ကို ကယ်ဖို့က နောက်ကျသွားခဲ့ပြီး ကလေးနှစ်ယောက်ဟာ လူ့လောကကိုရောက်မလာတော့ပါဘူး။ မိခင်ဖြစ်သူသာ အသက်ရှင်ခဲ့ပြီး ဆေးရုံမှာ နှစ်ရက်လောက်နေပြီး အိမ်ပြန်နိုင်ခဲ့ပါတယ်။

အဲဒီတုန်လှုပ်ခြောက်ခြားဖွယ်အဖြစ်အပျက်ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ကျန်းမာရေးစောင့်ရှောက်မှုမလုံလောက်လို့ မလိုလားအပ်ဘဲ အသက်ဆုံးရှုံးမှုတွေရဲ့ သာဓက တစ်ခုမျှပါ။ ရခိုင်ပြည်နယ်မြောက်ပိုင်းဟာ ၂၀၁၇ အကျပ်အတည်းပြီးကထဲက အခြေအနေ အလွန်ဆိုးဝါးလာခဲ့ပါတယ်။ ဒါ့အပြင် တပ်မတော်နဲ့ အေအေကြား တိုက်ခိုက်မှုက ဒီနှစ်ပိုင်းမြင့်မားလာပြီးကတည်းက ရခိုင်ပြည်နယ် မြောက်ပိုင်းရော အလယ်ပိုင်းမှာပါ အခြေအနေက ပိုဆိုးလာခဲ့ပါတယ်။
ကျနော်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ၂၀၁၇ခုနှစ်ကတည်းက ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း လုပ်နေတေ့ာ ကျန်းမာရေးဆိုးရွားယိုယွင်းနေတာတွေကို ကိုယ်တွေ့မြင်နေရတာပါ။ လိုအပ်ချက်တွေများပြားလှပြီး အထူးသဖြင့် အခြေခံကျန်းမာရေးစောင့်ရှောက်မှု၊ မျိုးဆက်ပွားကျန်းမာရေးဝန်ဆောင်မှု၊ ကာကွယ်ဆေးထိုးနှံမှုနဲ့ အရေးပေါ်အခြေအနေမှာ ပံ့ပိုးကူညီမှုတွေမှာ လိုအပ်နေပါတယ်။

ကုလသမဂ္ဂကဖော်ပြထားတဲ့ စာရင်းတွေအရ ၂၀၁၇ သြဂုတ်လက ရခိုင်ပြည်နယ်မြောက်ပိုင်းက လုံခြုံရေးစခန်းတွေကို အာဆာ က ဝင်တိုက်ပြီးတဲ့နောက် တပ်မတော်က ရှင်းလင်းမှုစစ်ဆင်ရေးတွေ ပြုလုပ်နေစဉ်အတွင်း ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးတဲ့ ရိုဟင်ဂျာမွတ်စလင် ၇၂၀,၀၀၀ ကျော်ရှိတယ်ဆိုပါတယ်။ အစုလိုက်အပြုံလိုက်ထွက်ပြေးပြီးတဲ့နောက် ရိုဟင်ဂျာလူဦးရေးရဲ့ သုံးပုံတစ်ပုံလောက်ရှိတဲ့ ရိုဟင်ဂျာ ၃၀၀,၀၀၀ လောက်ကတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာပဲ ကျန်နေခဲ့ပါတယ်။ သူတို့ဟာ အခြားဒေသခံတွေနဲ့အတူ ကျန်းမာရေးစောင့်ရှောက်မှုတိုးတက်ရရှိဖို့ စောင့်မျှော်နေကြတာပါ။

မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်၊ မြို့ပြဧရိယာတွေမှာ ကန့်သတ်ခံထားရလို့ ပြည်တွင်းနဲ့ နိုင်ငံတကာ NGOအများစုဟာ ကျန်းမာရေးဝန်ဆောင်မှုကိုအနည်းငယ်သာပေးနိုင်ပါတယ်။ ကျေးလက်ဒေသတွေကို ဝင်ရောက်မှုကိုတော့ ခက်ခဲတဲ့ ခရီးသွားလာရေးခွင့်ပြုချက်စနစ်က တားဆီးထားပါတယ်။ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ့နဲ့ ကုလကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်တို့ကို ကျေးလက်ဒေသတွေမှာ အခြေခံလူသားချင်းစာနာမှုအကူအညီတွေပေးဖို့ ခွင့်ပြုချက်ပေးထားပေမဲ့ အများအပြားကတော့ သူတို့လိုအပ်တဲ့ အသက်ကယ်ထောက်ပံ့မှုတွေ မရကြပါဘူး။

ကျေးလက်ဒေသက ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်ချက်တွေကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီရဲ့ ကူညီမှုနဲ့အတူ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဋ္ဌာနနဲ့ မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့တို့က ဆောင်ရွက်တဲ့ ရွေ့လျားဆေးခန်းတွေက လုံလုံလောက်လောက်ဖြည့်ဆည်းပေးနေတယ်လို့ ရခိုင်မြောက်ပိုင်းက ဒေသခံအစိုးရအရာရှိတွေကတော့ ဆိုပါတယ်။ ဒါပေမဲ့ ဒီရွေ့လျားဆေးခန်းတွေမှာ ဝန်ထမ်းတွေလုံလောက်အောင်ခန့်ထားပေမဲ့ ဆေးဝါးဖြည့်ဆည်းမှုအပိုင်းမှာတော့ အကန့်အသတ်တွေရှိနေပါတယ်။ အနည်းဆုံးတော့ ကျေးလက်နေရာအနည်းငယ်က ရွေ့လျားဆေးခန်းတွေကို လုပ်ဆောင်ဖို့ နိုင်ငံတကာNGO တစ်ခုကို မကြာသေးခင်က ခွင့်ပြုခဲ့ပါတယ်။ ဒါပေမဲ့ အသက်အန္တရာယ်ခြိမ်းခြောက်နိုင်တဲ့ အခြေအနေကတော့ ရှိနေဆဲပါ။

ရွေ့လျားဆေးခန်းတွေရဲ့ အချိန်နဲ့အလုပ်အကန့်အသတ်အရ ဆေးခန်းအများစုက လေးလ တစ်ကြိမ် ဒါမှမဟုတ် ခြောက်လတစ်ကြိမ်လောက်သာ သွားနိုင်ပါတယ်။ ဒါဟာ ဒေသခံတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ လုံလောက်မှုမရှိပါဘူး။ တခါတလေ ဝေးလံတဲ့ရွာတွေမှာ လူနာကြည့်ချိန်က သုံးနာရီလောက်သာ အချိန်ရပြီး အခြေစိုက်စခန်းကို ပြန်ကြရပါတယ်။

မြန်မာနိုင်ငံတစ်ဝန်း ကျန်းမာရေးစောင့်ရှောက်မှုစနစ်က ညံ့ဖျင်းပါတယ်။ အစိုးရရဲ့ ကျန်းမာရေးအသုံးစရိတ်နည်းပါးမှုကြောင့် အကန့်အသတ်တွေ ဖြစ်ပေါ်စေပါတယ်။ ဒါ့အပြင် သဘာဝဘေးဒဏ် မကြာခဏခံရသူတွေနဲ့ ပြည်တွင်းပဋိပက္ခဒဏ်ခံရသူတွေကို ကူညီရတဲ့အခါ ကျေးလက်ကာကွယ်ဆေးထိုးလုပ်ငန်းနဲ့ အခြေခံဝန်ဆောင်မှုလုပ်ငန်းတွေလုပ်ဆောင်ဖို့ မလုံလောက်တာမျိုးလည်း ရှိတတ်ပါတယ်။

လိုအပ်ချက်ရှိတဲ့ လူ့အသိုင်းအဝိုင်းတွေဆီသွားဖို့ နိုင်ငံတကာလူသားချင်းစာနာမှုနဲ့ ဖွံ့ဖြိုးရေးအဖွဲ့အစည်းတွေရဲ့ အထောက်အပံ့ကို ပိတ်ဆို့မယ့် အစိုးရရဲ့ ဆုံးဖြတ်ချက်တွေဟာ သူတို့ ခံစားနေရတဲ့ ဒုက္ခတွေကို ပိုပြီးရှည်ကြာစေပါတယ်။
 ကွယ်လွန်သူ ကုလအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်ခဲ့တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေနဲ့ ဆန့်ကျင်စွာပဲ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ကျန်းမာရေးစောင့်ရှောက်မှုကို တူညီစွာမရခြင်းကတော့ ရှိနေဆဲပါ။

၂၀၁၇သြဂုတ်လက ထုတ်ပြန်ခဲ့တဲ့ ကော်မရှင်ရဲ့ နောက်ဆုံးအစီရင်ခံစာမှာ အကြံပြုချက် ၈၈ ချက်ပါရှိပြီး အဲဒီအထဲမှာ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာအချက် ကိုးချက်နဲ့ လူသားချင်းစာနာမှုရရှိရေးဆိုင်ရာဆိုင်ရာအချက်လေးချက် ပါဝင်ခဲ့ပါတယ်။
ကျန်းမာရေးဆိုင်ရာ အကြံပြုချက်အမှတ် ၃၈မှာ ပြောကြားထားတာကတော့ ပြည်ထောင်စုအစိုးရနဲ့ ရခိုင်ပြည်နယ်အစိုးရတို့သည် လူမျိုးဘာသာကျားမနိုင်ငံသားအဆင့်မခွဲခြားဘဲ ကျန်းမာရေးစောင့်ရှောက်မှုကို တူညီစွာရရှိနိုင်အောင် ကြေညာလုပ်ဆောင်သင့်သည်။ ထို့အပြင် ကျန်းမာရေးစောင့်ရှောက်မှုရယူရာတွင် ကြန့်ကြာစေသည့် အုပ်ချုပ်ရေးဆိုင်ရာ အတားအဆီးများကို ဖယ်ရှာပေးရန် အဆိုပါအကြံပြုချက်က တောင်းဆိုထားသည်။

ဝင်ရောက်ဆောင်ရွက်ခွင့်ဆိုင်ရာအကြံပြုချက်အမှတ် ၂၇ တွင် မြန်မာအစိုးရသည် နိုင်ငံသား သို့မဟုတ် နိုင်ငံတကာဝန်ထမ်းများကို ရခိုင်ပြည်နယ်ရှိ လူ့အသိုင်းအဝိုင်းအားလုံးအတွက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေးလုပ်ငန်းများဝင်ရောက်ဆောင်ရွက်ခွင့်ကိုအချိန်မရွေး နှောင့်နှေးမှုမရှိဘဲ အပြည့်အဝခွင့်ပြုသင့်သည်ဟု ဆိုသည်။ 

ရခိုင်ပြည်နယ်ရှိ IDP စခန်းတစ်ခုမှ ကလေးငယ်များ(ဓာတ်ပုံ-နေလင်းထွန်း)

ရခိုင်ပြည်နယ်ရှိ IDP စခန်းတစ်ခုမှ ကလေးငယ်များ(ဓာတ်ပုံ-နေလင်းထွန်း)

အဆီးအတားများ

အစီရင်ခံစာမှာ ပါတဲ့ အချက် ၈၈ ချက်အနက် ၈၁ ချက်ကို အကောင်အထည်ဖော်ပြီးပြီလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စင်ကာပူမှာ မနှစ်က သြဂုတ်မှာပြောခဲ့ပါတယ်။ ဒါပေမဲ့ ရခိုင်မြောက်ပိုင်းမှာ လူသားချင်းစာနာမှုအကူအညီဝင်ရောက်မှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှုရယူနိုင်မှုက အနည်းငယ်သာရရှိသေးပြီး အထူးသဖြင့် လွတ်လပ်စွာသွားလာခွင့်မရှိတဲ့ ရိုဟင်ဂျာတွေအတွက်ပါ။

၂၀၁၇ သြဂုတ်လက စတင်ခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ကျေးလက်ဒေသအများအပြားမှာ အခမဲ့ဝန်ဆောင်မှုပေးနေတဲ့ နိုင်ငံတကာ NGO ဆေးခန်းတွေ ပိတ်သွားခဲ့ရပြီး လက်ရှိရွေ့လျားဆေးခန်းတွေက အစားမထိုးနိုင်သေးပါဘူး။
ရခိုင်မြောက်ပိုင်းက ကျန်းမာရေးစောင့်ရှောက်မှုအတွက် အကြီးမားဆုံးအတားအဆီးတစ်ခုကတော့ ကုန်ကျစရိတ်ပါ။ အဲဒီက ဒေသခံအများစုက ဆင်းရဲပါတယ်။ ဆေးရုံတက်တဲ့ ဘယ်သူမဆို ရခိုင်ပဲဖြစ်ဖြစ် ရိုဟင်ဂျာပဲဖြစ်ဖြစ် ဝန်ဆောင်မှုတိုင်းအတွက် ပိုက်ဆံပေးရပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုကုန်ကျစရိတ်က ဒေသခံအများစုအတွက် လက်လှမ်းမမီပါဘူး။

သာဓကအနေနဲ့ အရေးပေါ်မွေးဖွားမှုတစ်ခုဟာ ကျပ် နှစ်သိန်းအထိကုန်ကျနိုင်ပါတယ်။ ပုံမှန်မွေးဖွားမှုတစ်ခုတောင် ကျပ်ငါးသောင်းလောက်ကျပါတယ်။
ရိုဟင်ဂျာတွေအတွက်တော့ တခြားပိုပြီးဆိုးတဲ့ ဘဏ္ဍာရေးအတားအဆီးတွေရှိပြီး တစ်ခုကတော့ သွေးသွင်းကုသမှုအတွက် ကုန်ကျစရိတ်ပါ။ သွေးဘဏ်တွေမရှိပါဘူး။ လှူတမ်းတဲ့ကွန်ရက်နဲ့ မှောင်ခိုဈေးကွက်ကလည်း လူမျိုးစုအလိုက်ခွဲခြားမှုရှိပါတယ်။ ရခိုင်လူမှုရေးအဖွဲ့အစည်းတွေကတော့ ရခိုင်လူနာတွေကို အခမဲ့သွေးလှူဒါန်းမှုတွေ လုပ်ပါတယ်။

ဒါပေမဲ့ ရိုဟင်ဂျာတွေမှာတော့ အလားတူလူမှုရေးအဖွဲ့အစည်းတွေမရှိပါဘူး။ ရိုဟင်ဂျာလူနာတွေဟာ ရောင်းချင်တဲ့ တခြားရိုဟင်ဂျာတွေဆီက သွေးဝယ်ရပါတယ်။ တစ်ခါတစ်လေ ဆေးရုံတွေမှာ အသင့်စောင့်နေတဲ့ လျို့ဝှက်ပွဲစားတွေက တဆင့်ဝယ်ရပါတယ်။
ပုံမှန်သွေးလှူသူဆယ်ယောက်သာရှိတဲ့ ဘူးသီးတောင်မြို့နယ်မှာ လူနာတွေဟာ ၄၅၀မီလီလီတာတစ်ယူနစ်ကို ကျပ် တစ်သိန်းကနေ တစ်သိန်းခွဲအထိ ပေးဝယ်ရပါတယ်။ အရေးပေါ်ခွဲစိတ်မှုလို ပြင်းထန်တဲ့လူနာတွေအတွက်ဆို တစ်ယူနစ်ထက်မက လိုတတ်ပါတယ်။

ပုံမှန်သွေးလှူသူတွေဟာ အိတ်ချ်အိုင်ဗွီ၊ အသည်းရောင် ဘီပိုး၊ စီပိုးတို့ကို ကနဦးလှူချိန်မှာသာ စစ်ပြီး နောက်တော့ စစ်ခဲတာကြောင့် ကျန်းမာရေးအန္တရာယ်ရှိပါတယ်။ မောင်တောဆေးရုံက အထူးကုဆရာဝန်တစ်ယောက်ပြောတာကတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပုံစံအမျိုးမျိုးနဲ့ စီပိုးကူးစက်ခံရသူတွေ အများကြီးရှိနေတယ်လို့ ဆိုပါတယ်။အဲဒီလိုကူးစက်မှုတွေထဲမှာ သွေးစစ်ဆေးမှုမရှိခြင်း၊ သွားပွတ်တံကို မျှသုံးခြင်းနဲ့ သင်တုံးဓါးတွေကို ပြန်လည်သုံးခြင်းတို့လို ရပ်ရွာတွေရဲ့ နေ့စဉ်အကျင့်တွေကနေ ကူးစက်မှုအန္တရာယ်နဲ့ ရိုးရာအရပ်လက်သည်နဲ့ ရမ်းကုတွေမှာ သန့်ရှင်းရေးအသိမလုံလောက်တာတို့ပါဝင်ပါတယ်။

ရိုဟင်ဂျာကျေးရွာတစ်ခုသို့လာရောက်ကုသပေးနေသော ရွှေ့လျားဆေးကုသမှုတစ်ခု(ဓာတ်ပုံ-နေလင်းထွန်း)

ရိုဟင်ဂျာကျေးရွာတစ်ခုသို့လာရောက်ကုသပေးနေသော ရွှေ့လျားဆေးကုသမှုတစ်ခု(ဓာတ်ပုံ-နေလင်းထွန်း)

လမ်းပိတ်ထားမှု နဲ့ ရမ်းကု

ရိုဟင်ဂျာတွေအပေါ်သွားလာမှုကန့်သတ်လိုက်ခြင်းက သူတို့ဟာ မောင်တောဆေးရုံကို အလွန်အကျွံမှီခိုရမည်ဆိုတဲ့ အဓိပ္ပါယ်တစ်ခုလည်း သက်ရောက်ပါတယ်။ မီးယပ်သားဖွားဆရာဝန်၊ ကလေးအထူးကုဆရာဝန်နဲ့ မေ့ဆေးဆရာဝန်တွေအပါအဝင် အထူးကုဆရာဝန်အများအပြားခန့်ထားပြီးတဲ့နောက် မောင်တောဆေးရုံက အဆင့်ရှိပါတယ်။ ဒါပေမဲ့ အဓိကအားဖြင့်တော့ သူတို့က ကျောင်းဆင်းကာစပါ။ ဘူးသီးတောင်ဆေးရုံက ရိုဟင်ဂျာလူနာတွေကို မောင်းတောဆေးရုံကို လွှဲလေ့ရှိပါတယ်။ အဲဒီလိုလွှဲလို့ ခရီးသွားရရင် လမ်းမှာရှိတဲ့ ရဲစစ်ဆေးရေးဂိတ်တွေမှာ တရားဝင်မဟုတ်တဲ့ အခကြေးငွေပေးကြရပါတယ်။

အဆင့်မြင့်ကုသမှုလိုအပ်တဲ့ လူနာတွေကို ပြည်နယ်မြို့တော် စစ်တွေမှာရှိတဲ့ ဆေးရုံကို လွှဲဖို့လိုအပ်ပါတယ်။ ဒါပေမဲ့ လွှဲပြောင်းမှုဟာ ဘူးသီးတောင်နဲ့ မောင်တောက ရိုဟင်ဂျာတွေအတွက်တော့ မဖြစ်နိုင်ပါဘူး။ ရောဂါဘယ်လောက်သည်းသည်းပေါ့။ ဘာဖြစ်လို့လဲဆိုတော့ စစ်တွေကိုသွားတဲ့ လမ်းမှာ စစ်ဆေးရေးဂိတ်တွေက သူတို့ကို တားထားလို့ပါ။

၂၀၁၇ မတိုင်မီက ရိုဟင်ဂျာလူနာတွေဟာ ဘင်္ဂလားဒေ့ရှ်ဘက်က ကော့ဘဇားကို သွားပြီးကုသဖို့ ကြိုးစားလေ့ရှိတယ်။ ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ်ကို ကူးဖို့က အဲဒီကတည်းက မဖြစ်နိုင်သလောက်ပါ။ နယ်စပ်မှာ လုံခြုံရေးတင်းကျပ်လို့ပါ။ အသည်းသန်ဆုံးလူနာတွေဟာ မောင်တောဆေးရုံမှာပဲ သေဆုံးလေ့ရှိပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ဟာ လိုအပ်တဲ့ကုသမှုကို မရသလို စစ်တွေကိုလည်း မလွှဲနိုင်လို့ပါ။

ဘူးသီးတောင်နဲ့ မောင်တောဆေးရုံတွေမှာ ကာကွယ်ဆေးက အကန့်အသတ်နဲ့သာရနိုင်လို့ ရခိုင်မြောက်ပိုင်းမှာ ခွေးရူးပြန်ရောဂါကူးစက်မှုဟာ ပိုပြီးတော့ ဆိုးလာပါတယ်။ ခွေးကိုက်ခံရတဲ့သူတွေဟာ ပုဂ္ဂလိကဆေးခန်းတွေမှာပဲ ကုသရလေ့ရှိပြီး ဆေးငါးလုံးထိုးရာမှာ တစ်လုံးအတွက် ၁၈၀၀၀ ကျပ်ကနေ ကျပ်၂၀၀၀၀ အထိပေးဖို့ ပြင်ဆင်ထားရပါတယ်။.ဆိုးဆိုးဝါးဝါးကိုက်ခံရတဲ့သူတွေဟာ ကျပ် တစ်သိန်းကျော်ကုန်ကျနိုင်တဲ့ immunoglobulin ထိုးဆေးချက်ခြင်းထိုးပေးဖို့လိုပါတယ်။ လူနာတွေဟာ များသောအားဖြင့် ဒီထိုးဆေးတွေကို မတတ်နိုင်ပါဘူး။
သင့်လျော်တဲ့ကုသမှုကို မရတဲ့ ဒါမှမဟုတ် ဈေးကြီးလို့ မတတ်နိုင်တဲ့ ရိုဟင်ဂျာရွာသားတွေဟာ ရိုးရာကုထုံးနဲ့ပဲကုရလေ့ရှိပါတယ်။ အဲဒီကုသသူတွေက ရမ်းကုတွေဖြစ်ပြီး ခေတ်မီဆေးဝါးတွေအကြောင်းကိုနားမလည်ကြပါဘူး။
 ဒီလိုဖြစ်နေတာကတော့ ၂၀၁၇ သြဂုတ်လကတည်းက ကျန်းမာရေးဋ္ဌာန ဆေးရုံတွေမရှိတော့တဲ့ နေရာအများအပြားမှာဖြစ်ပါတယ်။ ဒါပေမဲ့ ယခုအချိန်အထိလုပ်ငန်းဆောင်ရွက်နေတဲ့ ကျန်းမာရေးဋ္ဌာနအနည်းငယ်လည်း ဝန်ထမ်းနဲ့ ဆေးဝါးမလုံလောက်လို့ ရမ်းကုတွေသာ တွင်ကျယ်နေဆဲဖြစ်ပါတယ်။

အများအားဖြင့် ရခိုင် ဒါမှမဟုတ် ဗမာဗုဒ္ဓဘာသာတွေသာဖြစ်တဲ့ အစိုးရဆေးဝန်ထမ်းတွေကလည်း ရိုဟင်ဂျာဒေသတွေမှာ သွားအလုပ်မလုပ်ချင်ကြပါဘူး။ အစိုးရကျန်းမာရေးဋ္ဌာနတွေက ရိုဟင်ဂျာဝန်ထမ်းတွေဆိုတာကလည်း သန့်ရှင်းရေးနဲ့ အစောင့်တွေသာဖြစ်ပါတယ်။

မမွေးခင်နဲ့ မွေးပြီးကုသစောင့်ရှောက်မှုက အားနည်းလို့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မိခင်နဲ့မွေးကင်းစကလေးသေဆုံးမှုနဲ့ အသေမွေးမှုတွေက ရှိနေဆဲပါ။ ဆေးရုံတက်ကုန်ကျစရိတ်ကြီးမြင့်တာ သွားလာရေးခက်ခဲတာတွေကြောင့် အမျိုးသမီးအများစုဟာ အိမ်မှာပဲမွေးပြီး အရပ်လက်သည်ကိုပဲ အားကိုးကြရပါတယ်။ အဲဒီလက်သည်တွေဟာ များသောအားဖြင့် အသက် ၅၀ကျော်တွေဖြစ်ပြီး မွေးဖွားရာမှာအသုံးပြုတဲ့အရာတွေကို ဘယ်လိုအသုံးပြုရမယ်ဆိုတာနဲ့ အန္တရာယ်ကင်းတဲ့ မွေးဖွားမှုပုံစံတွေကို နားမလည်ကြပါဘူး။

ကျန်းမာရေးဝန်ကြီးဋ္ဌာနကပြုလုပ်တဲ့ ကာကွယ်ဆေးထိုးနှံရေးလှုပ်ရှားမှုတွေဟာလည်း ၂၀၁၇ခုနှစ်က အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ပျက်စီးခဲ့ပါတယ်။ ဒါတွေကို ဆက်လက်ဆောင်ရွက်ဖို့ ကြိုးပမ်းမှုတွေဟာလည်း ရိုဟင်ဂျာလူ့အဖွဲ့အစည်းနဲ့ အစိုးရကိုယ်စားလှယ်တွေကြား ကျန်ရှိနေတဲ့ ယုံကြည်မှုကလည်း ပျက်ပြားနေလို့ ရှုပ်ထွေးမှုတွေဖြစ်နေပါတယ်။တစ်စိတ်တစ်ပိုင်းအားဖြင့် ဘေးထွက်ဆိုးကျိုးတွေ တွေ့ရတာကြောင့် သူတို့ရဲ့ကလေးတွေကို ထိုးဆေးတွေနဲ့ အဆိပ်ခတ်နေတာလို့ ရိုဟင်ဂျာအချို့ကယုံကြည်နေကြပါတယ်။ ကာကွယ်ဆေးထိုးဖို့ ရွာတွေကို သွားတဲ့အခါ ရိုဟင်ဂျာတွေဟာ သူတို့ရဲ့အိမ်ထဲက ထွက်လာဖို့ ငြင်းဆန်ကြတယ်လို့ အစိုးရကျန်းမာရေးဝန်ထမ်းတွေက ဆိုပါတယ်။

ရွှေ့လျားဆေးကုသမှုကို စောင့်ဆိုင်းနေသော ရိုဟင်ဂျာရွာသားအချို့(ဓာတ်ပုံ-နေလင်းထွန်း)

ရွှေ့လျားဆေးကုသမှုကို စောင့်ဆိုင်းနေသော ရိုဟင်ဂျာရွာသားအချို့(ဓာတ်ပုံ-နေလင်းထွန်း)

ပြန်ဝင်လာဖို့ အားပေးမှု

 

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ချို့တဲ့ပြီး အသံမထွက်တဲ့ ရပ်ရွာအဖွဲ့အစည်းတွေ အများကြီးရှိပါတယ်။ သူတို့ဟာ တိုးတက်တဲ့ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးနဲ့သက်မွေးမှုတွေ အရေးတကြီးလိုအပ်နေပါတယ်။
ချက်ချင်းဦးစားပေးလုပ်ဆောင်ရမဲ့အရာတွေထဲမှာ လူ့အသိုင်းအဝိုင်းအားလုံးအတွက်အခြေခံကျန်းမာရေးစောင့်ရှောက်မှုဝန်ဆောင်မှုလုပ်ငန်းတွေကို ချဲ့ထွင်ခြင်းနဲ့ တိုးတက်အောင်လုပ်ခြင်း၊ အသည်းရောင် စီပိုးလို ကူးစက်တတ်တဲ့ရောဂါတွေနဲ့ ဆီးချို၊ သွေးတိုးတို့လို မကူးစက်တတ်တဲ့ ရောဂါတွေအတွက် ထိန်းချုပ်ရေးလုပ်ငန်းစဉ်တွေနဲ့ အစီစဉ်တွေချမှတ်ခြင်း
ရပ်ရွာလူ့အဖွဲ့အစည်းမှာရှိတဲ့ ကျန်းမာရေးလုပ်သားတွေရဲ့ အရည်အချင်းကို မြင့်တင်ပေးခြင်း၊ ကျေးရွာတွေက အရေးပေါ်လူနာတွေကို ထိထိရောက်ရောက်လွှဲပြောင်းကုသပေးခြင်း၊ မမွေးမီမွေးပြီးစောင့်ရှောက်မှုနဲ့ မိသားစုစီမံကိန်းတွေအပါအဝင် ထိရောက်တဲ့ မျိုးဆက်ပွားကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကို ဖန်တီးစီစဉ်ပေးခြင်းနဲ့ ပဋိပက္ခဖြစ်နေတဲ့ နေရာတွေအပါအဝင် ဒေသတွင်းမှာ ကာကွယ်ဆေးထိုးလုပ်ငန်းတွေ ပြီးစီးအောင်ဆောင်ရွက်ခြင်းတို့ပါဝင်သင့်ပါတယ်။
ဒီလိုရည်မှန်းချက်တွေ အောင်မြင်ဖို့အတွက် အစိုးရဟာ လိုအပ်တဲ့သူတွေကို အဓိကအထောက်အပံ့တွေပေးနေတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ကဏ္ဍကို မြင့်တင်ဖို့လိုပါတယ်။ ဒါ့အပြင် နိုင်ငံတကာ NGO တွေ ကုလအေဂျင်စီတွေနဲ့လည်း ပိုပြီး ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ ကျန်းမာရေးစောင့်ရှောက်ခွင့်ရရှိခြင်းဟာ အခြေခံလူ့အခွင့်အရေးတစ်ခုဖြစ်ပြီး အတားအဆီးအားလုံး အထူးသဖြင့် သွားလာလှုပ်ရှားမှုကန့်သတ်ချက်တွေကို ဖယ်ရှားဖို့ ကြိုးပမ်းမှုတွေ လုပ်ဆောင်ရမှာဖြစ်ပါတယ်။
ဒီအစိစဉ်တွေကို ထောက်ခံတဲ့ နိုင်ငံတကာအေဂျင်စီတွေနဲ့ အစိုးရအဖွဲ့တွေဟာ အားနည်းတဲ့ လူတွေရဲ့ အခြေခံလူ့အခွင့်အရေးကို ထိခိုက်မခံဘဲ လူသားချင်းစာနာမှုဆိုင်ရာအခွင့်အာဏာကို ဖြည့်ဆည်းဖို့ ဒီအေဂျင်စီတွေကို ခွင့်ပြုတဲ့ နည်းလမ်းနဲ့ အပြည့်အဝကုသမှုရရှိရေးအတွက် ကြိုးပမ်းသင့်ပါတယ်။
ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးအတွက် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ဟာ သဘောတူထားပြီး လက်ခံကြိုဆိုရေးစခန်းတွေကို ရခိုင်မြောက်ပိုင်းမှာ ဆောက်ထားပါတယ်။ ဒီလမ်းကြောင်းကနေတော့ ဘယ်သူမှပြန်မလာသေးပါဘူး။ သူတို့ရဲ့ အခွင့်အရေးတွေကို မြန်မာအစိုးရက လေးစားလိမ့်မယ်လို့ မယုံကြည်ကြောင်း ဒုက္ခသည်အများအပြားက ပြောပါတယ်။ ဒါ့ကြောင့် သူတို့က ပြန်မလာချင်ကြပါဘူး။
လူမျိုးဘာသာမခွဲဘဲ ရခိုင်မြောက်ပိုင်းမှာ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းဟာ ဒုက္ခသည်တွေ မြန်မာနိုင်ငံကို ပြန်လာဖို့ အားပေးရာမှာ နည်းလမ်းတစ်ခုဖြစ်ပါလိမ့်မယ်။ ဒါ့အပြင် ကိုဖီအန်နန်ကော်မရှင်ရဲ့အကြံပြုချက်တွေကို အကောင်အထည်ဖော်ရာမှာ မြန်မာအစိုးရက အလေးအနက်ရှိကြောင်း ပြသရာလည်း ရောက်ပါလိမ့်မယ်။

အောင်ကျော်ဦး ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ-ရခိုင်ပြည်နယ်(မြောက်ပိုင်း)မှကျေးရွာတစ်ရွာရှိ ရွှေ့လျားဆေးကုသမှုအစီအစဉ်တစ်ခု (ဓာတ်ပုံ-နေလင်းထွန်း)

 

 

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar