ကျည်ဆံကြား လှုပ်ရှားနေသော သတ္တိခဲအသက်ကယ်သူများ

မြောက်ပိုင်းရှမ်းပြည်တွင် လူနာတင်ယာဉ်လုပ်သားများသည် တိုက်ပွဲဇုန်အတွင်းမှ လူနာများအား အသက်စွန့်ကယ်ဆယ် ပို့ဆောင်ပေးလျက်ရှိသည်။

ကျော်လင်းထွန်း ရေးသားသည်။

လားရှိုးသို့အပြန် ၃၂ ကီလိုမီတာခရီးတွင် မီနီဗင်ကားထဲ၌ လူသေအလောင်းမှ အနံ့များ ထွက်နေသည်။ တိုယိုတာ စူပါကပ်စတန် မီနီဗင်ကားနောက်ခန်းထဲတွင် အဝါရောင်ပလပ်စတစ်အိတ် နှစ်အိတ်ထဲ၌ မန်ခေါင်ရွာမှ ဦးဝင်းမောင် (၆၁ နှစ်) နှင့် သူ့ဇနီး ဒေါ်အေးမြတို့၏ အလောင်းများထည့်ထားသည်။ 

ကမ်းလက်များ ပရဟိတ ဖောင်ဒေးရှင်း Giving Hand Aid Group လုပ်အားပေးအဖွဲ့ဝင်များအတွက်တော့ ထိုအနံ့က ရိုးနေပုံရသည်။ မန်ကောင်ရွာမှ ကားထွက်လာစဉ် ကိုကောင်းဇော် (အသက် ၂၂ နှစ်) က မျက်နှာပေါ်အုပ်ထားသော နှာခေါင်း၊ ပါးစပ်ဖုံးတို့ကို အောက်သို့ဆွဲချလိုက်ပြီး လူသေအလောင်းအိတ်ကိုမှီ၍ ထောင်ထားသော စပရိုက်အချိုရည်ပုလင်းကိုယူကာ မော့နေသည်။ 

ကမ်းလက်များ ပရဟိတအဖွဲ့တွင် လုပ်အားပေးလုပ်လာခဲ့သည်မှာ သုံးနှစ်ခန့် ရှိပြီဖြစ်သော ကိုကောင်းဇော်သည် ကွေ့ကာဝိုက်ကာသွားနေသော ကားလမ်းကြောင့် အလောင်းအိတ် လျှော လျှောကျလာသည်ကို ဂရုမထားဘဲ လားရှိုးပြန်ခရီးတလျှောက်လုံး သူ့ဖုန်းမှ ဖေ့စ်ဘွတ်ခ်ကိုသာ ပွတ်၍ လိုက်ပါလာခဲ့သည်။

သို့သော် ယခုကိစ္စမှာ သာမန်အရေးပေါ်ကိစ္စမဟုတ်ပေ၊ တပ်မတော် စစ်သားဟောင်းတစ်ဦးဖြစ်သော ဦးဝင်းမောင်သည် မိုင်းယန်းပြည်သူ့စစ်ခေါင်းဆောင်ဖြစ်သည်။ သြဂုတ်လ ၂၀ ရက်ညက သူတို့အိမ်ကို လက်ပစ်ဗုံးများ၊ M-79 grenade-launcher တို့နှင့်ပစ်ခတ်၍ သူတို့လင်မယားနှစ်ယောက်စလုံး သေဆုံးခဲ့ခြင်းဖြစ်ရာ တမင်ရည်ရွယ်၍ ပစ်ခတ်တိုက်ခိုက်ခဲ့ပုံရသည်။

တိုင်းရင်းသားလက်နက်ကိုင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များဖြစ်ကြသော TNLA ၊ MDAA နှင့် AA အဖွဲ့ဝင်များက “စစ်ဆင်ရေးနယ်မြေအတွင်းရှိ မည်သည့် အစိုးရလက်နက်ကိုင်အဖွဲ့ဝင်ကိုမဆို မိမိကိုယ်ကို ကာကွယ်ရေးအတွက် ထိရောက်စွာအရေးယူမည်” ဟု ကြေညာချက်ထွက်ပေါ်လာပြီး သုံးရက်အကြာတွင် ယခုကဲ့သို့ ဦးဝင်းမောင်တို့ဇနီးမောင်နှံအိမ် ပစ်ခတ်တိုက်ခိုက်ခံရခြင်းဖြစ်သည်။

ဤသို့သောအခြေအနေမျိုးတွင် သေဆုံးသူအလောင်းများကို သာမန်အရပ်သူ အရပ်သားများက ကိုင်တွယ်ခြင်းမပြုကြရန် တပ်မတော်နှင့် အာဏာပိုင်များက သတိပေးထားသဖြင့် တိုက်ခိုက်မှုအပြီးတွင် ဦးဝင်းမောင်၏အိမ်ကို မန်ကောင်ရွာသူရွာသားများက မချဉ်းကပ်ရဲဘဲ ရှောင်ရှားနေခဲ့ကြသည်။ 

သို့သော်လည်း သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း ရုပ်အလောင်းများကို သယ်ယူဖယ်ရှားရန် ကြိုးစားမှုမပြုခဲ့ကြချေ။ သို့ဖြစ်ရာ ကမ်းလက်များ ပရဟိတအဖွဲ့ဝင်များ ရောက်မလာမီ ၁၂ နာရီကြာအောင် အိမ်ပျက်ထဲတွင် အလောင်းများမှာ သည်အတိုင်းရှိနေခဲ့သည်။

တိုက်ခိုက်မှုသတင်း ကြားလျှင်ကြားချင်း လားရှိုးမှ ပရဟိတအဖွဲ့များက မန်ကောင်ရွာသို့ သွားလိုသော်လည်း တပ်မတော်နှင့် အထွေထွေအုပ်ချုပ်ရေးဌာနထံမှ ခွင့်ပြုချက်မရသဖြင့် နောက်တစ်နေ့အထိ စောင့်ဆိုင်းနေခဲ့ကြရသည်။
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးတွင်အခြေစိုက်ပြီး မြောက်ပိုင်းရှမ်းပြည်နယ်တွင်လည်း ရုံးခွဲများဖွင့်ထားသော Tai Youth Organization ‘သျှမ်းလူငယ်အဖွဲ့’ ၏ ဥက္ကဋ္ဌဖြစ်သူ ကိုစိုင်းဟန် Sai Han က ကမ်းလက်ပရဟိတ လူနာတင်ယာဉ်မသွားခင် ရှေ့ကသွားနှင့်ပြီး လမ်းတလျှောက်ရှိ တပ်မတော်စစ်ဆေးရေးဂိတ်များမှ တာဝန်ကျတပ်မတော်အရာရှိများနှင့် ညှိနှိုင်းမှုများ ပြုလုပ်နေရသည်။

ကျွန်တော်တို့ မန်ကောင်ရွာသို့ရောက်သောအခါ ပရဟိတဝန်ထမ်းသုံးယောက်သည် မီးလောင်ပျက်စီးနေသော အိမ်ထဲသို့ ခပ်သွက်သွက် ဝင်သွားသည်။ မပေါက်ကွဲသေးသည့် ဗုံးနှင့်ခဲယမ်းများ ရှိနေနိုင်သည်ကိုလည်း ကြောက်ရွံ့စိုးရိမ်ပုံ အလျင်းမရပေ။ အခင်းဖြစ်ပွားရာ မြင်ကွင်းကို ဓာတ်ပုံရိုက်သည်။ နောက်ပိုင်းတွင် ဤပုံများကို သက်ဆိုင်ရာအာဏာပိုင်များထံ ပေးအပ်ခဲ့သည်။ 

“ကျွန်တော်တို့မှာ ကြောက်စိတ်လည်း မရှိတော့ဘူးဗျ။ အလောင်းတွေက ပုံပျက်ပန်းပျက်ဖြစ်နေတာ။ ကြာတော့လည်း ဒါတွေကျင့်သားရပြီး ရိုးသွားတာပါပဲဗျာ” ဟု ကိုကောင်းဇော်က ပြောသည်။

ပြည်သူ့စစ်ခေါင်းဆောင် ဦးဝင်းမောင်နှင့် ဇနီးသည် ဒေါ်အေးမြတို့၏ရုပ်အလောင်းများကို လားရှိုးဆေးရုံသို့သယ်ယူစဉ်။ ဓာတ်ပုံ - စတိဗ်တစ်ခ်နာ

ပြည်သူ့စစ်ခေါင်းဆောင် ဦးဝင်းမောင်နှင့် ဇနီးသည် ဒေါ်အေးမြတို့၏ရုပ်အလောင်းများကို လားရှိုးဆေးရုံသို့သယ်ယူစဉ်။ ဓာတ်ပုံ – စတိဗ်တစ်ခ်နာ

မြောက်ပိုင်းရှမ်းပြည်တွင် ပရဟိတလူနာတင်ယာဉ်များ လုပ်နေရသည့်အလုပ်များထဲမှာ အလောင်းများ လိုက်ကောက်ရသည့်အလုပ်ကတော့ စိတ်မသက်သာစရာ အကောင်းဆုံးအလုပ်ပါပဲ။ ပရဟိတ လူနာတင်ယာဉ်များသည် အမှတ်အသား ရေးကပ်ထားသော အရပ်သားကားများသာဖြစ်ကြပြီး အသက်ကယ်ကိရိယာများ အလုံအလောက်ပါရှိကြသည်လည်း မဟုတ်ပေ။ 

သို့သော် အစိုးရနှင့် မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့တို့ကလည်း ဤအလုပ်ကို မစွမ်းဆောင်နိုင်ကြသည်ဖြစ်ရာ ဤပရဟိတလုပ်ငန်းအဖွဲ့မှာ မရှိမဖြစ် လိုအပ်ချက်ကို အထူးတလည် ဖြည့်ဆည်းပေးနေရသူများ ဖြစ်လေသည်။ လက်နက်ကိုင်တိုက်ခိုက်မှု မရှိချိန်များတွင် ပရဟိတ လူနာတင်ယာဉ်များသည် ယာဉ်မတော်တဆမှုများကို ကူညီခြင်း၊ လူနာများ၊ ထိခိုက်ဒဏ်ရာရသူများကို ဆေးရုံသို့ ပို့ပေးခြင်း၊ သေဆုံးသူများကို အခမဲ့သြင်္ဂိုဟ်ပေးခြင်းအလုပ်များကို ဆောင်ရွက်ပေးကြသည်။

 သြဂုတ် ၁၅ ရက်မှစ၍ ရှမ်းပြည်မြောက်ပိုင်းတွင် တိုက်ခိုက်မှုများဖြစ်လာခဲ့ရာ ပရဟိတ လူနာတင်ယာဉ်အဖွဲ့သည် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာကြသူများကို စောင့်ရှောက်ပေးခြင်း၊ အရပ်သားနှင့် စစ်သားအလောင်းများကို သယ်ယူပေးခြင်းတို့ကိုသာ အဓိကလုပ်ဆောင်ပေးခဲ့ကြရသည်။

တိုင်းရင်းသားလက်နက်ကိုင် သုံးဖွဲ့နှင့် တပ်မတော်အကြား တိုက်ပွဲများသည် တခါတရံအလွန်ပြင်းထန်သည်။ ကုလသမဂ္ဂမှ ထုတ်ပြန်သော စာရင်းများအရ တိုက်ပွဲများကြောင့် စက်တင်ဘာ ၄ ရက်အထိ သေဆုံးသူ အရပ်သား အနည်းဆုံး ၂၇ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၂၇ ဦးနှင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသူ ၇,၅၀၀ ဦးရှိသည်။

စက်တင်ဘာ ၇ ရက်ခန့်က ဘုန်းကြီးကျောင်းများနှင့် ယာယီခိုလှုံရာစခန်းများတွင် ၁,၆၀၀ ခန့်သာ ကျန်ရှိပြီး ကျန်လူများမှာ မိမိတို့နေအိမ် ရပ်ရွာသို့ ပြန်နိုင်ခဲ့ကြပြီဟု သိရှိရသည်။
တိုက်ပွဲဖြစ်နေချိန်အတွင်း အကူအညီပေးရာတွင် လူမှုကူညီရေးအဖွဲ့ဝင်များသည် အသက်ကို ရင်းထားကြရသည်။ လူနာတင်ယာဉ်များကို သြဂုတ် ၁၅ ရက်မှစပြီး အနည်းဆုံး နှစ်ကြိမ် ပစ်မှတ်ထားခံရကြောင်း လားရှိုးနှင့် ကွတ်ခိုင်မြို့နယ်အနီးတွင် အကူအညီပေးနေသော လူမှုကူညီရေးအသင်းခေါင်းဆောင်များက ပြောသည်။

လူ သေဆုံးမှုဖြစ်ခဲ့သည့် သြဂုတ် ၁၇ ရက်က ဖြစ်ပွားသည့် ကယ်ဆယ်ရေးယာဉ်တစ်စီး တိုက်ခိုက်ခံရမှုသည် မြောက်ပိုင်းမဟာမိတ်အဖွဲ့ တဖွဲ့ဖွဲ့၏လက်ချက်ဖြစ်ကြောင်း လူမှုကူညီရေး အသင်းသားများက ယူဆထားကြသည်။
လူမှုကူညီရေးယာဉ်အနီးတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသွားသည့်အတွက်  ကားမောင်းသူ လားရှိုးလူငယ်များ လူမှုကူညီရေးအသင်းဥက္ကဌ ဦးထွန်းမြင့် ဒဏ်ရာအပြင်း အထန်ရသွားပြီး မော်တော်ယာဉ်မှာ လမ်းဘေးသို့ကျကာ တိမ်းမှောက်သွားသည်။

လူမှုကယ်ဆယ်ရေး မော်တော်ယာဉ်သည် တိုက်ပွဲကြောင့် ဒဏ်ရာရသူများကို ကယ်ဆယ်ရန် သွားနေခြင်းဖြစ်ပြီး လားရှိုးမှ ၂၀ ကီလိုမီတာအကွာနေရာ၌ တိုက်ခိုက်ခံလိုက်ရသည့်အတွက်  မော်တော်ယာဉ်ပေါ်ပါသူ သုံးဦးအနက်မှ နှစ်ဦးဒဏ်ရာရသွားသည်။
လူမှုကယ်ဆယ်ရေးယာဉ်မှန်း သိသာစေသော အမှတ်အသားများကို အထင်အရှား မြင်နေရသော်လည်း တိုက်ခိုက်ခဲ့သည့်တွက် ငြိမ်းချမ်းရေးတက်ကြွလှုပ်ရှားသူများနှင့် ပဋိပက္ခ စောင့်ကြည့်သူများက ပြစ်တင်ဝေဖန်ခဲ့ကြသည်။ ယင်းလုပ်ရပ်သည် ဂျနီဗာသဘောတူညီချက်ကို ချိုးဖောက်ရာရောက်ကြောင်း အချို့ကပြောကြသည်။

တစ်နေ့တည်းမှာပင် လားရှိုး-မူဆယ်ကားလမ်းရှိ လားရှိုးမှ ၆၉ ကီလိုမီတာအကွာ၌ တိုက်ပွဲဖြစ်ပွားနေသဖြင့် ကွတ်ခိုင်မြို့နယ် နန့်ဖက်ကာမြို့အခြေစိုက် မေတ္တာရှင် လူမှုကူညီရေးအသင်း၏ လူနာတင်ကားကို ကျည်ဆန်ထိမှန်သွားရာ အနည်းငယ်ပျက်စီးသွားသည်။ သို့သော် ထိခိုက်ဒဏ်ရာရရှိသူ မရှိချေ။

တိုက်ပွဲဖြစ်ပွားနေသည့် အဖွဲ့အစည်းများသည် ဆေးရုံနှင့် ရွေ့လျားဆေးကုသရေးအဖွဲ့များအား “ မည်သို့သော အခြေအနေမျိုးတွင်မဆို တိုက်ခိုက်ခြင်း မပြုရ၊ ၎င်းတို့အား လေးစားမှုထားပြီး အကာအကွယ်ပေးရမည်” ဟု ဂျနီဗာသဘောတူညီချက် အပိုဒ် ၁၉ တွင် ဖော်ပြထားသည်။

လူမှုကူညီရေးယာဉ်ကို  TNLA  သို့မဟုတ် တပ်မတော်က တိုက်ခိုက်ခဲ့သလား ဆိုသည့်အချက်ကို မသိကြောင်း တအာန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

လားရှိုးမွတ်စလင်သုဿာန်တွင် ကွယ်လွန်သူ ဦးထွန်းမြင့်၏ ရုပ်အလောင်းကို မြှုပ်နှံစဉ်။ ဓာတ်ပုံ - စတိဗ်တစ်ခ်နာ

လားရှိုးမွတ်စလင်သုဿာန်တွင် ကွယ်လွန်သူ ဦးထွန်းမြင့်၏ ရုပ်အလောင်းကို မြှုပ်နှံစဉ်။ ဓာတ်ပုံ – စတိဗ်တစ်ခ်နာ

ကယ်ဆယ်ရေးယာဉ်များကို တပ်မတော်သားများ သယ်ဆောင်ရာတွင် အသုံးပြုနေကြောင်း မြောက်ပိုင်းမဟာမိတ်တပ် အဖွဲ့ဝင်များက “ရည်ရွယ်ချက်ရှိရှိဖြင့်  သတင်းမှားများ ဖြန့်နေသည်” ဟု ကွတ်ခိုင်မြို့တွင် ပြီးခဲ့သည့် သြဂုတ်လက ဖွဲ့စည်းခဲ့သည့် ကရုဏာ အခမဲ့လူနာတင်ယာဉ် အကူအညီပေးရေးအဖွဲ့မှ အသင်းသားတစ်ဦးဖြစ်သူ ဦးမျိုးက Frontier ကိုပြောသည်။

“အခုလို သတင်းမှားတွေကြောင့် လူနာတင်ယာဉ်တွေ တိုက်ခိုက်ခံနေရတယ်လို့ ထင်ပါတယ်။ ဒါပေမဲ့  ဒီစွပ်စွဲချက်ကို မှန်ကန်ကြောင်း ထောက်ပြနိုင်မယ့် သက်သေအထောက်အထားမရှိပါဘူး”ဟု ဦးမျိုးက ပြောသည်။
တပ်မတော်သားများအား လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ပေးနေကြောင်း သတင်းဖြန့်နေသူများအား ကိုစိုင်းဟန်က  ပြစ်တင်ရှုတ်ချထားသည်။

“လူနာတင်ယာဉ် မောင်းတဲ့သူတွေဟာ မိုက်မဲတဲ့သူတွေ မဟုတ်ပါဘူး။ ကျင့်ဝတ်ဖောက်ဖျက်တာမျိုး သူတို့ မလုပ်ကြပါဘူး”ဟု ကိုစိုင်းဟန်က  Frontier ကိုပြောသည်။

“လူမှုကူညီရေးအဖွဲ့အစည်းတွေရဲ့ ကားတွေကို ကျွန်တော်တို့ အသုံးပြုစရာမလိုပါဘူး။ တပ်မတော်မှာ ကိုယ်ပိုင်ယာဉ်တွေ ရှိပါတယ်”ဟု တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားကြောင်း မြန်မာတိုင်းမ်သတင်းစာတွင် သြဂုတ်လ ၁၀ ရက်က ဖော်ပြထားသည်။ တပ်မတော်သည် တပ်များကို ရွှေ့ပြောင်းရာတွင် လူမှုအကူအညီပေးရေးအဖွဲ့များ၏ ယာဉ်များကို အသုံးပြုနေသည်ဟု တအာန်း လွတ်မြောက်ရေးတပ်မတော်က စွပ်စွဲပြောဆိုထားခြင်းနှင့်ပတ်သက်ပြီး တပ်မတော်ဘက်က တုံ့ပြန်ပြောဆိုထားခြင်းဖြစ်သည်။TNLA ၏ စွပ်စွဲပြောဆိုချက်ကို မြန်မာတိုင်းမ်တွင်  ကိုးကားဖော်ပြထားခြင်းမရှိသည့်အတွက်   အသေးစိတ်ကို Frontier က မဖော်ပြနိုင်ချေ။

သျှမ်းလူငယ်အဖွဲ့ TYO တွင်  လူနာတင်ယာဉ်မရှိပေ။ သို့သော်  စစ်ဘေးရှောင်ရွာသားများနှင့်    ဒဏ်ရာရသူများကို အကူအညီပေးရာတွင် ကိုစိုင်းဟန်သည် သူ၏ဆီဒင်ကားကို ကယ်ဆယ်ရေးယာဉ်တန်း ရှေ့ဆုံးမှဦးဆောင်ပြီး အမြဲသွားလေ့ရှိသည်။
ရှမ်းပြည်တိုးတက်ရေးပါတီ၏ လက်နက်ကိုင်အဖွဲ့ဖြစ်သည့် ရှမ်းပြည်မြောက်ပိုင်းတပ်မတော်မှ အရာရှိဟောင်းတစ်ဦးဖြစ်သူ ကိုစိုင်းဟန်သည်  ကယ်ဆယ်ရေးယာဉ်တန်းကို တပ်မတော် စစ်ဆေးရေးဂိတ်မှ  ရပ်တန့်စစ်ဆေးသည့်အခါ အဆင်ပြေချောမွေ့အောင် ကူညီပေးလေ့ရှိသည်။

လူမှုအကူအညီပေးရေးအဖွဲ့များ ကယ်ဆယ်ရေးအတွက်သွားရန် တပ်မတော်မှ အထက်အရာရှိများနှင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနထံမှ ခွင့်ပြုချက်ရရှိထားပြီဖြစ်သော်လည်း  စစ်ဆေးရေးဂိတ်များတွင်  အဆင်ပြေအောင် ပြောဆိုရသေးသည်။
လူနာတင်ယာဉ်များ တိုက်ခိုက်ခြင်းကို တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏   အောက်ခြေတပ်သားများက ပြုလုပ်ခြင်းသည် ဂျနီဗာသဘောတူညီချက်ကို မသိကျိုးကျွံပြုခြင်းဖြစ်နိုင်သလို စာမတတ်ခြင်းကြောင့်လည်းဖြစ်နိုင်ကြောင်း ကိုစိုင်းဟန်ကပြောသည်။

“ဒါကြောင့် ရဲကားတွေလို မီးနီမီးပြာတွေဖွင့်ပြီး ဥသြဆွဲသွားနေတဲ့ လူနာတင်ယာဉ်ကို အခုလို အောက်ခြေတပ်သားတွေက တိုက်ခိုက်တာ မဆန်းပါဘူး”ဟု ကိုစိုင်းဟန်က ပြောသည်။

သျှမ်းလူငယ်အဖွဲ့ ဥက္ကဋ္ဌ ကိုစိုင်းဟန်(ဝဲဘက်) နှင့် အုပ်စုအဖွဲ့ဝင် နန်းထွေးလူ(ယာ) တို့ ကုန်းဆာရွာ၌ နေရပ်စွန့်ခွာသူများအရေး ဆွေးနွေးစဉ်။ ဓာတ်ပုံ - စတိဗ်တစ်ခ်နာ

သျှမ်းလူငယ်အဖွဲ့ ဥက္ကဋ္ဌ ကိုစိုင်းဟန်(ဝဲဘက်) နှင့် အုပ်စုအဖွဲ့ဝင် နန်းထွေးလူ(ယာ) တို့ ကုန်းဆာရွာ၌ နေရပ်စွန့်ခွာသူများအရေး ဆွေးနွေးစဉ်။ ဓာတ်ပုံ – စတိဗ်တစ်ခ်နာ

လားရှိုးတွင်  လူမှုကူညီရေးအဖွဲ့ ၂၀ ခန့်ရှိပြီး ကွတ်ခိုင်၌ လေးဖွဲ့ရှိရာ အချို့ကို ပြီးခဲ့သည့် ၁၀ နှစ်အတွင်း တည်ထောင်ထားခြင်းဖြစ်သည်။ ယင်းအဖွဲ့အားလုံးသည် အစိုးရက အသိအမှတ်ပြု ထားသည့်  မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ချုပ် အဖွဲ့ဝင်များဖြစ်ကြသည်။  မြန်မာနိုင်ငံ အနှံ့အပြားရှိ လူမှုကယ်ဆယ်ရေး အဖွဲ့အစည်းအများစုမှာ  မြို့နယ်အလိုက် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ရပ်ရွာလူထု၏ အလှူငွေဖြင့် ရပ်တည်နေကြခြင်းဖြစ်သည်။

ရှမ်းပြည်မြောက်ပိုင်းက စေတနာ့ဝန်ထမ်းအများစုမှာ ကုန်စုံဆိုင်၊ လက်ဖက်ရည်ဆိုင်နဲ့ ရွှေဆိုင်များလို အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ပိုင်ရှင်များ ဖြစ်ကြသည်။

ဒေသခံစေတနာ့ဝန်ထမ်းများထူထောင်သည့် လူနာတင်ယာဉ်အုပ်စုများမှာ ၁၉၉၀ ပြည့်လွန်နှစ်များကတည်းက ရှိနေပါပြီ။ ထိုအချိန်က ဆိုရှယ်လစ်စီးပွားရေးကို ဖျက်သိမ်းလိုက်၍ ပုဂ္ဂလိကသက်သာချောင်ချိရေး ဖန်တီးမှုများ တဟုန်ထိုးမြင့်တက်လာခဲ့သည်။

သို့ရာတွင် ထိုအဖွဲ့များသည် လွန်ခဲ့သည့်ဆယ်စုနှစ်အတွင်း နိုင်ငံတဝန်း တိုးတက်များပြား ပျံ့နှံ့လာခဲ့သလို ရှမ်းပြည်နယ်ကဲ့သို့ ဒေသများမှာလည်း ပဋိပက္ခများ မြင့်မားလာခဲ့သည်။ ယင်းအချိန်က အရပ်ဖက်အဖွဲ့အစည်းများအပေါ် တင်းကျပ်မှုဖြေလျှော့ပေးခဲ့သလို ကားဈေးနှုန်းများလည်း သိသိသာသာ ကျဆင်းသွားခဲ့သည်။

လားရှိုးမှာ အရပ်ဘက်လူနာတင်ယာဉ် အုပ်စုများထဲမှပထမဆုံးကို ဗမာနှင့် ဗမာယာဉ်မောင်းများ ထောင်ခဲ့ကြောင်း ကိုစိုင်းဟန်က ပြောသည်။ သူတို့က လူ့အသိုင်းအဝိုင်းက လူတွေအားလုံးကို ကူညီဖို့ အခြားတိုင်းရင်းသားတို့ထက် ပိုပြီးပြင်ဆင်ခဲ့ကြကြောင်း သူကဆိုသည်။

“သူတို့က ရဲရင့်စွန့်စားပြီး ရှမ်းတစ်ယောက်၊ ဒါမှမဟုတ် ပလောင်တစ်ယောက် လိုအပ်တဲ့အချိန်မှာ ကူညီဖို့ အသင့်ရှိပါတယ်။ ဒါ့အပြင် လူနာတင်ယာဉ်တွေ တိုက်ခိုက်မခံရဖို့ အာဏာပိုင်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ အစွမ်းကုန်လုပ်ပေးသင့်တယ်” ဟုလည်း ကိုစိုင်းဟန်ကပြောသည်။

“ဒီလိုရဲရင့်သူတွေက အပြင်ထွက်ပြီး ဒဏ်ရာရတဲ့သူတွေကို ကူညီဖို့ကြောက်နေရင် ကျွန်တော်တို့ ဘယ်သူ့ကို အားကိုးရမလဲ” ဟု သူကပြောသည်။ အစိုးရနှင့် မြန်မာကြက်ခြေနီတို့ လုပ်မပေးနိုင်သည့် အရေးပေါ် ဝန်ဆောင်မှုများကို စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများက လုပ်ပေးနိုင်သဖြင့် ထိုအဖွဲ့များ မရှိမဖြစ် လိုအပ်ကြောင်း ကွတ်ခိုင်အခြေစိုက် လူသားချင်း စာနာကူညီရေးအဖွဲ့ဗြဟ္မစိုရ်နှလုံးသား၏ တာဝန်ခံ အသက် ၄၈ နှစ်အရွယ် ဦးတင်ဝင်းက ပြောသည်။

“များသောအားဖြင့် အကူအညီလိုအပ်နေတဲ့လူတွေ ရှိနေတဲ့နေရာကို ကျွန်တော်တို့မသွားရင် ဦးဆောင်လုပ်မယ့်သူက မရှိဘူး” ဟု သူကပြောသည်။

လွန်ခဲ့သည့် ရှစ်နှစ်က လူမျိုးပေါင်းစုံပါဝင်သော ဗြဟ္မစိုရ်နှလုံးသားကို တည်ထောင်သည့်အခါ ရင်ဆိုင်ရသည့် အကြီးမားဆုံးပြဿနာက စေတနာ့ဝန်ထမ်းများ ဆောင်ရွက်သည့် ရပ်ရွာအခြေပြု လူနာတင်ယာဉ်ဝန်ဆောင်မှု သဘောတရားကို ဒေသခံများ နားမလည်ကြခြင်းဖြစ်သည်ဟု သူကဆိုသည်။

“ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်းတွေရဲ့ငွေနဲ့ ဒီအလုပ်ကို စလုပ်တယ်။ ဒါပေမဲ့ ကျွန်တော်တု့ိရဲ့အလုပ်နဲ့အကူအညီကို ရပ်ရွာကစပြီး တန်ဖိုးထားလာတဲ့အခါ မြို့ခံတွေကစပြီး လှူဒါန်းလာကြပါတယ်” ဟု ဦးတင်ဝင်းကပြောသည်။

လိုအပ်သောကိရိယာများဝယ်ရန်၊ သို့မဟုတ် အဆင့်မြှင့်တင်ရန် နောက်ထပ်ရန်ပုံငွေလိုကြောင်း လူနာတင်ယာဉ်အုပ်စုအားလုံးက ပြောကြသည်။ လူနာတင်ယာဉ်အများစုမှာ တိုယိုတာမီနီဗင်များဖြစ်ကြပြီး ထိုယာဉ်များပေါ်၌ အောက်ဆီဂျင်ဘူးများသယ်ကာ စေတနာ့ဝန်ထမ်းတို့က တာဝန်ယူ လိုက်ပါဆောင်ရွက်ပေးသည်။ သို့ရာတွင် သူတို့အားလုံး တစ်ယောက်မကျန် လေ့ကျင့်သားကျသည့် ဆေးဝန်ထမ်းများ မဟုတ်ချေ။ ယာဉ်များပေါ်ကပ်ထားသော စတစ်ကာများက မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးအဖြစ် အဖွဲ့အမည်ကို ဖော်ပြထားသည်။ 

၎င်းတို့အဖွဲ့က တိုက်ပွဲကြောင့် ထိခိုက်သူများကို ကယ်တင်နိုင်မှုကြောင့် ပြည်သူများ၏လေးစားမှု တိုးရရှိလာပြီး နောက်ထပ်လှူဒါန်းများရရှိခဲ့ကြောင်း ကရုဏာအဖွဲ့မှ ဦးမျိုးက ပြောသည်။ “လူတွေက ပိုပြီးလှူဒါန်းလာလို့ အခုဆို ကျွန်တော်တို့မှာ လူနာတင်ယာဉ် လေးစီးတောင်ရှိပါတယ်” လို့ သူကဆိုသည်။

တောင်ထူထပ်သည့်နေရာများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများအတွက် အသုံးဝင်သော လေးဘီးယက်ယာဉ် တစ်စီးဝယ်ယူနိုင်ရန်လည်း ကရုဏာအဖွဲ့က စုဆောင်းနေသည်ဟု သူကပြောသည်။

ကယ်ဆယ်ရေးဝန်ဆောင်မှုအသင်းဥက္ကဋ္ဌ ဦးထွန်းမြင့် ထိခိုက်သေဆုံးခဲ့ရသည့် လားရှိုး-မူဆယ်လမ်းဖောက်ခွဲမှုကြောင့် တိမ်းမှောက်ခဲ့ရသော အရေးပေါ်သူနာတင်ယာဉ်။ ဓာတ်ပုံ - စတိဗ်တစ်ခ်နာ

ကယ်ဆယ်ရေးဝန်ဆောင်မှုအသင်းဥက္ကဋ္ဌ ဦးထွန်းမြင့် ထိခိုက်သေဆုံးခဲ့ရသည့် လားရှိုး-မူဆယ်လမ်းဖောက်ခွဲမှုကြောင့် တိမ်းမှောက်ခဲ့ရသော အရေးပေါ်သူနာတင်ယာဉ်။ ဓာတ်ပုံ – စတိဗ်တစ်ခ်နာ

လူနာတင်ယာဉ်အုပ်စုများမှာ အစိုးရထံက မည်သည့်အထောက်အပံ့မှမရဘဲ ပြည်သူများထံမှ လှူဒါန်းမှုကိုသာ လုံးလုံးအားထားနေရကြောင်း ဦးမျိုးကပြောသည်။ လှူဒါန်းသူများတွင် စီးပွားရေးလုပ်ငန်းရှင်များ၊ ဝန်ထမ်းမိသားစုများနှင့် သာမာန်ပြည်သူများ ပါဝင်သည်ဟု သိရှိရသည်။

ကမ်းလက်များ ပရဟိတအဖွဲ့ တည်ထောင်သူ အသက် ၄၂ နှစ်အရွယ် ဦးမြင့်ဇော်ကမူ လားရှိုးအခြေစိုက် သူ့အဖွဲ့၏လူနာတင်ယာဉ် သုံးစီးပေါ်လိုက်ပါဆောင်ရွက်သည့် စေတနာ့ဝန်ထမ်းများကို ကောင်းစွာလေ့ကျင့်ပေးထားကြောင်းဆိုပြီး ယင်တို့အထဲ၌ ရှေးဦးသူနာပြုစုနည်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်သော နောက်ဆက်တွဲစည်းမျဉ်းများပါသည်ဟုဆိုသည်။ ယင်းစည်းမျဉ်းများထဲ၌ ယာဉ်မတော်တဆမှုကြောင့် တစ်စုံတစ်ယောက်သေဆုံးသည့်အခါ လိုက်နာရမည့်အချက်များလည်း ပါရှိသည်။

ထိုကိစ္စမျိုးများတွင် စေတနာ့ဝန်ထမ်းများသည် အလောင်းမရွှေ့ခင် အခင်းဖြစ်ရာသို့ ရဲတပ်ဖွဲ့များ ရောက်လာသည်အထိ စောင့်ရမည်ဖြစ်သည်။ ဒဏ်ရာဝေဒနာ ခံစားနေရသူများဆိုပါက ချက်ချင်းစောင့်ရှောက်မှုပေးထားပြီး ဆေးရုံပို့နိုင်အောင် ပြင်ဆင်ထားရမည်ဖြစ်သည်။

ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးသူများနှင့် ဒဏ်ရာရသူများအား ပို့ဆောင်ပေးရသည့်အပြင် တိုက်ပွဲကြောင့်ပိတ်မိနေသူများ၊ သို့မဟုတ် အိမ်မှမထွက်ခွာနိုင်အောင် တားဆီးခံနေရသူတို့ထံ အစားအစာနှင့် လိုအပ်သောပစ္စည်းများကို ကူညီကယ်ဆယ်ရေးယာဉ်တို့က ပို့ဆောင်ပေးသည်။ အချို့်ဖြစ်ရပ်များတွင်မူ  ပဋိပက္ခဖြစ်ရာဒေသမှ လူများက သူတို့နေအိမ်၊ ပစ္စည်းပစ္စယများနှင့် မွေးမြူထားသည့်တိရစ္ဆာန်များကို စောင့်ရှောက်လိုသဖြင့် နေရပ်စွန့်ခွာဖို့ ငြင်းဆန်တတ်ကြသည်။
ဦးမြင့်ဇော်က ယင်းအလုပ်မှာ စွန့်စားရသကဲ့သို့ လုပ်ရကျိုးလည်းနပ်သည်ဟု ဆိုသည်။ 

ကမ်းလက်များ ပရဟိတအဖွဲ့ စေတနာ့ဝန်ထမ်းအချို့က စိုးရိမ်ကြောက်လန့်မှုကို သိသိသာသာမပြသည့်တိုင် “ကူညီကယ်ဆယ်ရေးမစ်ရှင်တွေထွက်တိုင်း ကျွန်တော်တို့ တချိန်လုံးကြောက်လန့်နေရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှ မသွားရင်လည်း နေရပ်စွန့်ခွာသူတွေနဲ့ ဒဏ်ရာရသူတွေခမျာ ပိုဒုက္ခရောက်ကြရမှာလေ” ဟု သူကပြောသည်။

ဦးကိုကို၊ အောင်ကျော်ဦးနှင့် သီရိမင်းထွန်း ဘာသာပြန်သည်။
 

ခေါင်းစီးဓာတ်ပုံ – စတိဗ်တစ်ခ်နာ

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar