ကျဆင်းနေသော အစိုးရနှင့်မီဒီယာဆက်ဆံရေး

အစိုးရနှင့် မီဒီယာတို့၏ ဆက်ဆံရေးမှာ အဆိုးသံသရာထဲမှာသာ တဝဲလည်လည်ဖြစ်နေသည်။ ဒီသံသရာမှ ရုန်းထွက်နိုင်ဖို့မှာ အစိုးရက သတင်းသမားများကို ကိုင်တွယ်ရခက်သော အန္တရာယ်ကောင်များလို့ မမြင်ဘဲ ဒီမိုကရေစီဖွံ့ဖြိုးရေးတွင် မိတ်ဖက်များဟု သဘောထားနိုင်ဖို့လိုပေသည်။

ဘန်ဒူးနန့် ရေးသားသည်။

လွန်ခဲ့သော ၁၀ နှစ်ကတော့ ကိုယ့်နိုင်ငံသတင်း သိချင်လျှင် လက်ဖက်ရည်ဆိုင်က ကောလာဟလသတင်းတွေ၊ အစိုးရ၏ဝါဒဖြန့်သတင်းတွေ၊ အစိုးရက ဆင်ဆာအဆင့်ဆင့်ဖြတ်တောက်ထားသော အပတ်စဉ်ဂျာနယ်တွေ၊ ပြည်တွင်းက အဆုံးအဖြတ်ပေးနေသော အစိုးရခေါင်းဆောင်တို့နှင့် လက်လှမ်းမီခဲလှသော ပြည်ပအသံလွှင့်ဌာနများမှ သတင်းထောက်များ ထုတ်လွှင့်သည့်သတင်းတွေ၊ ဒီသတင်းတွေထဲကပဲ ထုတ်နုတ်စစ်ထုတ်ပြီး ရသမျှယူကြရသည်။ စစ်အစိုးရက တင်းကျပ်စွာထိန်းချုပ်ခြင်းမဟုတ်ဘဲ လုံးဝပိတ်ပင်ခြင်း၊ ဖိနှိပ်ခြင်းပြုလုပ်ခြင်းဖြစ်သည်။

အငြိမ်းစားဗိုလ်ချုပ်ကြီးများနှင့် ဖွဲ့စည်းထားသော သမ္မတဦးသိန်းစိန်ဦးဆောင်သည့် အစိုးရသည် ၂၀၁၁ မှ ၂၀၁၆ အထိ အုပ်ချုပ်ခဲ့ရာတွင် ပြုပြင်ပြောင်းလဲမှုများကို တသီကြီးလုပ်ခဲ့သည်။ နိုင်ငံရေးပါဝင်မှု၊ ဒီဘိတ် ခေါ် ငြင်းခုန်ပြောဆိုမှုတို့ ထူးထူးခြားခြား ကျယ်ပြန့်ထွန်းကားလာသည်။

သို့သော် ဖိနှိပ်သောဥပဒေများ၊ စစ်ဗိုလ်ချုပ်တို့၏ အထူးအခွင့်အရေးများ ရှိနေသေးသောကြောင့် တိုးတက်မှုမှာ မညီမညာနှင့် နောက်ပြန်လှည့်ဖို့ပင် အဆင်သင့်ဖြစ်နေခဲ့သည်။ မီဒီယာပြုပြင်ပြောင်းလဲရေးကတော့ အရေးပါခဲ့ပြီး အစီအစဉ်တစ်ရပ်လုံးတွင် ထင်သာမြင်သာအရှိဆုံး အစိတ်အပိုင်းဖြစ်ခဲ့သည်။ တရုတ်နိုင်ငံနှင့် အနောက်အုပ်စုအကြား ပထဝီနိုင်ငံရေးယှဉ်ပြိုင်မှု ရှေ့တန်းစစ်မျက်နှာတွင် တည်ရှိနေသော နိုင်ငံ၊ နိုင်ငံတကာအသိုက်အဝန်းမှ သီးခြားကင်းလွတ်၍ ဧကစာရီကျင့်နေခဲ့သော နိုင်ငံ၊ ဒီလိုနိုင်ငံမှ ဒီလိုကောင်းသတင်းကိုပဲ နိုင်ငံတကာက ကြားချင်မြင်ချင်နေခဲ့တာဖြစ်သည်။

ပုံနှိပ်ထုတ်ဝေခြင်းမပြုမီ ကြိုတင်ဆင်ဆာပြုလုပ်ခြင်းကို ၂၀၁၂ သြဂုတ်လတွင် အဆုံးသတ်ဖျက်သိမ်းလိုက်သည်။ ၂၀၁၄ ခုနှစ်တွင် ကြိုးမဲ့ဆက်သွယ်ရေးကဏ္ဍ လွတ်လပ်မှုပေးလိုက်ရာ လူထုအတွင်း အင်တာနက်ဆက်သွယ်မှု ထူးထူးခြားခြားကျယ်ပြန့်သွားတော့သည်။ ဤတွင် နိုင်ငံရေး၊ လူမှုရေးသတင်းအချက်အလက်များ တရားဝင်ပုံနှိပ်ဖြန့်ဝေမှု ပေါက်ကွဲမှုကြီးဟု ဆိုရလောက်အောင် ပျံ့နှံ့လာသည်။ ၂၀၁၃ ခုနှစ်၊ ဧပြီလတွင် စတင်ထုတ်ဝေခွင့်ရရှိခဲ့ရာ တခဏအတွင်းမှာပင် နေ့စဉ်သတင်းစာစောင်ရေ တစ်ဒါဇင်ကျော်ရှိလာသည်။ သို့သော် လူထု၏ သတင်းစားသုံးမှု (ရရှိမှု)မှာ အွန်လိုင်းဘက်သို့သာ တိုး၍တိုး၍လှည့်သွားရာ ၂၀၁၆ အကုန်တွင် ပုံနှိပ်နေ့စဉ်သတင်းစာ တစ်ဝက်လောက်သာ ကျန်တော့သည်။

ကိုယ်တိုင်စည်းကမ်းချမှတ်ထားသော မီဒီယာလုပ်ငန်းကို စတင်အုတ်မြစ်ချသည့် ၂၀၁၄ သတင်းမီဒီယာဥပဒေက ဆင်ဆာမှ ကင်းလွတ်မှုနှင့် မီဒီယာလုပ်သားများ၏ အခွင့်အရေးများကို ပြဋ္ဌာန်းပေးခဲ့သည်။ ၂၀၁၄ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းဥပဒေက လိုင်စင်သက်တမ်းကို တစ်နှစ်မှ ငါးနှစ်အထိ တိုးပေးသည်။ ၂၀၁၂ ကပင် ထွက်ပေါ်လာခဲ့သော မြန်မာနိုင်ငံသတင်းစာဆရာအသင်း Myanmar Journalists Association နှင့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ (သို့) Press Council သတင်းကောင်စီကို တည်ထောင်ပြီး သတင်းသမားများနှင့် ပုံနှိပ်ထုတ်ဝေသူများဘက်မှ ကြားဝင်ဆက်သွယ်ဆောင်ရွက်ရန်၊ တရားစွဲခံရမှုများမှ ရှောင်ရှားနိုင်ရန်နှင့် သတင်းသမားများ အကျိုးစီးပွားအတွက် လုပ်ဆောင်နိုင်ရန် ရည်ရွယ်တည်ထောင်ခဲ့ကြသည်။

၂၀၁၅ နှောင်းပိုင်း ရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီပါတီ ဝက်ဝက်ကွဲ အနိုင်ရခဲ့သည်အထိ သွားရာလမ်းကြောင်းမှာ ငြင်းဆိုဖွယ်မရှိအောင် အပေါင်းလက္ခဏာဆောင်နေခဲ့ပါသည်။ အစိုးရနှင့် ဆက်သွယ်ပေါက်ရောက်နိုင်မှု တိုးတက်ရရှိလာသည်။ ရုပ်လုံးမပေါ်သေးသည့်တိုင် အကြောင်းအကျိုးနှင့် အချေအတင်ပြောဆိုမှု၊ ငြင်းခုံဆွေးနွေးမှုများ တိုးပွားလာခဲ့သည်။ အများပြည်သူ အကျိုးစီးပွားအတွက် သတင်းရေးသားပေးပို့ရာတွင် ယခင့်ယခင်သတင်းသမားများ ကြုံတွေ့ခဲ့ရသော အန္တရာယ်နှင့် ဒုက္ခများ မကြုံရတော့ဘဲ အလျော့အတင်းများလည်း မလုပ်ရတော့ဘဲ အရှိအတိုင်းရေးသားနိုင်သော မျိုးဆက်သစ်သတင်းသမားတို့ ပေါ်ပေါက်လာခဲ့ပါသည်။

မည်သို့ပင်ဆိုစေ ဤအခြေခံအုတ်မြစ်များမှာ တရားရုံးများသည် နိုင်ငံရေးသြဇာအရှိန်အဝါအောက်တွင် အလွယ်တကူလွှမ်းမိုးခံရလေ့ရှိသော နိုင်ငံ၊ ရည်ရွယ်ချက်ကောင်းကောင်းနှင့် ပြဋ္ဌာန်းထားသော ဥပဒေများသည်ပင်လျှင် မကြာခဏ မပီဝိုးတဝါးဖြစ်တတ်သော နိုင်ငံ၊ အခွင့်အရေးများ လုပ်ပိုင်ခွင့်များကို ကာကွယ်ရာတွင် ဝိရောဓိဖြစ်တတ်သော နိုင်ငံ၊ လုပ်ပိုင်ခွင့် အာဏာရှိသူများကို တာဝန်ယူ၊ တာဝန်ခံစေသောနိုင်ငံ၏ ဌာနအဖွဲ့အစည်းများကို ဘေးချိတ်လေ့ရှိသော၊ ရှောင်ကွင်းလေ့ရှိသော နိုင်ငံ ဤသို့သော နိုင်ငံမျိုးတွင် ဤအခြေခံအုတ်မြစ်များသည် ခနော်ခနဲ့ ယိုင်နဲ့နဲ့သာလျှင် ဖြစ်လေသည်။

အင်န်အယ်လ်ဒီအစိုးရ အုပ်ချုပ်ရေးစတင်ပြီး မကြာမီမှာပင် သတင်းသမားတို့၏ အကောင်းမြင် မျှော်လင့်ချက်များ အလျင်အမြန် ပျောက်ကွယ်သွားခဲ့လေသည်။ သမ္မတဦးသိန်းစိန်အစိုးရအဖွဲ့ဝင်များနှင့် အားထားလောက်သော ဆက်သွယ်ရေးလမ်းကြောင်း ထူထောင်ထားခဲ့သော သတင်းသမားများသည် အသစ်တက်လာသော အင်န်အယ်လ်ဒီအစိုးရ၊ ပုဂ္ဂလိကမီဒီယာ၏ စိတ်ရောကိုယ်ပါ ထောက်ပံ့ကူညီမှုဖြင့် အောင်မြင်မှုရခဲ့သော အင်န်အယ်လ်ဒီအစိုးရအဖွဲ့ဝင်တို့၏ အေးစက်စက်ဆက်ဆံမှုနှင့် နဖူးတွေ့ဒူးတွေ့ ကြုံတွေ့ကြရသည်။

သူတို့၏ လုပ်ဖော်ကိုင်ဖက်များ အဖမ်းခံကြရ၊ ထောင်ချခံကြရသည်ကို ဦးသိန်းစိန်အစိုးရလက်ထက်ကထက်ပင် ပို၍ မြင်ရကြားရဖြစ်လာသည်။ ရိုက်တာသတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို နိုင်ငံတော်လျှို့ဝှက်ချက် စာရွက်စာတမ်းပေါက်ကြားမှုဖြင့် ၂၀၁၈ စက်တင်ဘာလ၌ ထောင်ချခဲ့ပြီး မေလတွင် လွှတ်ပေးခဲ့သည်။ သူတို့အမှုတွင် သတင်းစာကောင်စီရော၊ သတင်းမီဒီယာဥပဒေပါ ပြဋ္ဌာန်းချက်များပါ ဘာမျှ မတတ်နိုင် မကယ်နိုင်ခဲ့ကြပေ။ ယင်းပြင် အသရေဖျက်မှုနှင့် ထောင်ချနိုင်သောဥပဒေများကလည်း ရှိနေဆဲပင်ဖြစ်သည်။ ဤဥပဒေအရ သတင်းဆောင်းပါးတစ်ခုဖြင့် အသရေဖျက်ခံရသော အစိုးရအရာရှိ (သို့) စီးပွားရေးလုပ်ငန်းရှင်သည် ထိုသတင်းထောက်အား ရာဇဝတ်ကြောင်းဖြင့် တရားစွဲနိုင်သည်။

အင်န်အယ်လ်ဒီပါတီသည် လွှတ်တော်တွင်းနေရာအများစု ရရှိထားမှုကို အသုံးချပြီး ဤဥပဒေများကို ပြောင်းလဲရန်ပြုလုပ်ခြင်း မရှိခဲ့ချေ။ သတင်းထောက်များ တရားစွဲခံရမှုအများစုမှာ စစ်တပ်က ရဲတပ်ဖွဲ့အပေါ် ထိန်းချုပ်ထားမှုနှင့် တရားရုံးများအပေါ် သြဇာလွှမ်းမိုးမှုအခြေခံ ရှိနေသည်မှန်သော်လည်း အင်န်အယ်လ်ဒီ အဖွဲ့ဝင်တို့ကလည်း အသရေဖျက်မှု ဥပဒေသုံး၍ တရားစွဲမှုများကို ပုံမှန်ပြုလုပ်နေကြသည်သာဖြစ်သည်။

ယနေ့မြန်မာနိုင်ငံမှ သတင်းသမားတို့၏ အခြေအနေမှာ အခြားအာဆီယံနိုင်ငံများဖြစ်သော ထိုင်း၊ ကမ္ဘောဒီးယားတို့ထက် ပိုမိုဆိုးရွားခြင်းရှိမရှိဆိုသည်မှာ ဆွေးနွေးငြင်းခုံစရာပင် ဖြစ်ပါသည်။ သို့သော် မကြာမီက ကြုံတွေ့ရသော ဆုတ်ဆိုင်းမှုများ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ကြီး တစ်ခုလုံးအတွက် အနှောင့်အယှက်ပင် ဖြစ်ပါသည်။ ထို့ကြောင့် ယနေ့အချိန်တွင် အစိုးရနှင့် မီဒီယာဆက်ဆံရေးမှာ ယခင်အစိုးရလက်ထက်တုန်းကထက် ပို၍ပင်သတိထားနေကြရပြီး လုပ်ငန်းသိပ်မတွင်လှသော အခြေအနေဖြစ်နေပေသည်။

နိုင်ငံ၏ပေါ်လစီရေးရာတွင် အဓိကအဆုံးအဖြတ်ပေးနေသူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနိုင်ရေးမှာ ပြည်တွင်းရော ပြည်ပသတင်းစာဆရာများအတွက်ပါ ကန့်သတ်ချက်ကြီးစွာရှိနေသည်။ ဒေါ်အောင်ဆန်းစုကြည်သည် စစ်တပ်ကချုပ်ကိုင်ထားသော ကာကွယ်ရေးနှင့် လုံခြုံရေးမှတပါး ကျန်ပေါ်လစီကိစ္စအားလုံးကို အဓိကဆုံးဖြတ်ချက်ပေးနေသူဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က မီဒီယာနှင့် မြို့နယ်ခန်းမကြီးများတွင်သာ လူထုနှင့် တိုက်ရိုက်တွေ့ဆုံမှုကို ပိုမိုနှစ်သက်သည်။ သို့သော် ယင်းတို့မှာလည်း ဇာတ်တိုက်ထားသည်များသာ များပုံရပါသည်။ ဝန်ကြီးများကလည်း အသိခက်သောမူဝါများကို ကျော်လွန်ပြီး ပေါ်လစီရေးရာများကို ရှင်းလည်းမပြနိုင်၊ ပြောချင်သည့်ဆန္ဒလည်း မရှိကြချေ။ အားလုံးကို ဒေါ်အောင်ဆန်းစုကြည်အတွက်သာ ပုံချထားကြသည်။

သို့ဖြင့် အစိုးရထိပ်ပိုင်းအုပ်ချုပ်ရေးမှာ ထင်သာမြင်သာ မရှိတော့ချေ။ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အင်န်အယ်လ်ဒီအစိုးရအဖွဲ့ဝင်အားလုံးက သတင်းသမားများ၏ အခြေအနေဆိုးရွားနေသည်ဆိုသည်ကို အသိအမှတ်မပြု၊ လက်မခံကြချေ။ ယခင်သတင်းစာဆရာတစ်ဦးဖြစ်သော ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်က ၂၀၁၈ ဒီဇင်ဘာလအတွင်း ပြုလုပ်သော သတင်းစာကွန်ဖရင့်တွင် သတင်းလွတ်လပ်ခွင့် ယိုယွင်းနေသည်ဟု ပြောဆိုချက်များမှာ ယုတ္တိမတန်ကြောင်း “နယ်စည်းမခြား သတင်းထောက်များ” ကဲ့သို့ အဖွဲ့အစည်းများသည် သူတို့ကို ငွေကြေးထောက်ပံ့နေသူများဘက်က ဘက်လိုက်ရေးသားနေကြကြောင်း ပြောဆိုခဲ့ပါသည်။

အစိုးရနှင့် မီဒီယာဆက်ဆံရေးများမှာ အဆိုးကျော့သံသရာတွင် ပိတ်မိနေရာ ညံ့ဖျင်းသည့်ဆက်ဆံရေးက မယုံကြည်မှုကို ဖြစ်စေသကဲ့သို့ မယုံကြည်မှုကလည်း ဆက်ဆံရေးကို ထိခိုက်စေပြန်သည်။ ဓာတ်ပုံ - ခွန်လီ

အစိုးရနှင့် မီဒီယာဆက်ဆံရေးများမှာ အဆိုးကျော့သံသရာတွင် ပိတ်မိနေရာ ညံ့ဖျင်းသည့်ဆက်ဆံရေးက မယုံကြည်မှုကို ဖြစ်စေသကဲ့သို့ မယုံကြည်မှုကလည်း ဆက်ဆံရေးကို ထိခိုက်စေပြန်သည်။ ဓာတ်ပုံ – ခွန်လီ

အခြေအနေကတော့ တကယ့်ကို ဝိရောဓိဆန်နေပါသည်။ လူထု၏ ရွေးချယ်တင်မြှောက်ခံ အစိုးရ၊ ယနေ့ပြည်တွင်းမီဒီယာကို ဦးဆောင်နေသော သတင်းစာဆရာများက ထောက်ခံခဲ့သော၊ နိုင်ငံတကာမီဒီယာတို့က အမွှမ်းတင်ခံခဲ့ရသော ပုဂ္ဂိုလ်များ၊ အာဏာရှင်အစိုးရကို ဆန့်ကျင်ခဲ့သော ဝါရင့်တော်လှန်ရေးပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားသော အစိုးရ၊ သည်သို့သောအစိုးရတစ်ရပ်က လွတ်လပ်သော သတင်းသမားတို့ကို ဖျက်လို ဖျက်ဆီးလုပ်သူတွေ၊ ရှောင်ရှားရမည့်သူတွေ၊ စည်းကမ်းသပ်ပေးရမည့်သူများဟု ရှုမြင်နေသည်။ ယင်းအချိန်မှာ ယခင်စစ်ဗိုလ်ချုပ်ကြီးများနှင့် ဖွဲ့စည်းထားသော ယခင်အစိုးရကတော့ သတင်းသမားများနှင့် ရင်းနှီးပြဖို့ ကြိုးစားနေသည်။

ထိုအခြေအနေကို ရှင်းပြနိုင်သောနည်း တစ်နည်းမှာ နိုင်ငံရေးအရ တရားဝင်မှုသဘောထားပေါ်တွင် တည်နေသည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို အစိုးရအဖြစ် တင်ပေးခဲ့သော ၂၀၁၀ ရွေးကောက်ပွဲကို နိုင်ငံတကာက မမှန်ကန်၊ တရားမမျှတသော ရွေးကောက်ပွဲဟု သဘောထားသည်။ အင်န်အယ်လ်ဒီကလည်း သပိတ်မှောက်ခဲ့သည်။ သို့ဖြစ်ရာ ဗိုလ်ချုပ်များနှင့် ဖွဲ့စည်းထားသော ကြံ့ခိုင်ရေးပါတီ အစိုးရမှာ တရားဝင်မှု ကင်းမဲ့သည်။ သို့ဖြစ်ရာ ကြံ့ခိုင်ရေးပါတီအဖို့ နိုင်ငံတွင်း၌ လူထုတစ်ရပ်လုံး၏ အယုံအကြည်ကင်းမဲ့မှုကို ကျော်လွှားနိုင်ဖို့ ကြိုးစားရသည်။ နိုင်ငံတကာတွင်မူ သူတို့စတင်ခဲ့သော ပြုပြင်ပြောင်းလဲရေးမှာ ရိုးသားမှုရှိကြောင်းပြသရမည်။ ဘယ်နည်းနဲ့ပဲ တွက်ချက်ကြည့်သည်ဖြစ်စေ သူတို့၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံနှင့် ပြည်ပမှသတင်းသမားများနှင့် ဆက်ဆံရေးထူထောင်ခြင်းဖြင့် သူတို့ဘက် မျက်နှာသာရရန် ကမ္ဘာကိုလည်း ပြုပြင်ပြောင်းလဲရေးသမားအဖြစ် ထောက်ခံမှုရစေရန်ပင်ဖြစ်ပေလိမ့်မည်။

မတူခြားနားသည်မှာ အင်န်အယ်လ်ဒီက အပြစ်ဆိုဖွယ်မရှိသည့် တရားဝင်မှုအတိုင်းအတာနှင့် အမျိုးသားရေးလှုပ်ရှားမှုတစ်ခုအဖြစ် ကိုယ့်ကိုယ်ကိုယ်မြင်သည်။ ယင်းကို ၂၀၁၅ ရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြိုအနိုင်ရမှုက သက်သေထူခဲ့သည်။

စာနယ်ဇင်းများသည် အထူးသဖြင့် လုပ်ငန်းစဉ်များကို ဝေဖန်အပြစ်ရှာခြင်းနှင့် ယှဉ်တုဖက်ပြိုင်ရန် လမ်းဖွင့်ပေးထားလျှင် မိတ်ဖက်တစ်ဦးအဖြစ်ထက် ၎င်းတို့နှင့် ပြည်သူကြား အတားအဆီးတစ်ခုအဖြစ် ပေါ်လွင်နေသည်ဟု ပါတီက ယူဆနေဟန်ရှိသည်။

ဒေါ်စုနှင့် ၎င်း၏အစိုးရသည် ပုဂ္ဂလိကမီဒီယာကို ရှောင်ကွင်းရန် ကြိုးစားနေပြီး အပြင်ပန်းအားဖြင့် ပြည်သူလူထုနှင့် ပို၍တိုက်ရိုက်ဆက်ဆံရန် ကြိုးစားနေသည်။ သို့သော်လည်း ယင်းသို့ကြိုးစားသည့်နည်းလမ်းမှာ ဝေဖန်ရေးရှုထောင့်များကို ဘေးချိတ်ပြီး ဖြစ်စဉ်အပေါ် အစိုးရက ပိုမိုထိန်းချုပ်နိုင်သည့်နည်းလမ်းဖြစ်ပြီး ပြည်သူလူထုကိုမူ ပြန်လည်ပြောဆိုနိုင်သည့် မည်ကာမတ္တအခွင့်အလမ်းများပေးထားသည်။

ယင်းမဟာဗျူဟာကို အဓိကနည်းလမ်းနှစ်ခုနှင့် လက်ကိုင်ပြုကာ တစ်ခုမှာ အဓိကအားဖြင့် ဖေ့စ်ဘွတ်ဖြစ်သည့် လူမှုမီဒီယာဖြစ်သည်။ ဖေ့စ်ဘွတ်၏ ပျံ့နှံရောက်ရှိမှုမှာ အင်န်အယ်လ်ဒီအစိုးရသက်တမ်းအတွင်း အတော်ကြီးထွားလာနေသည်။ နိုင်ငံတော်အတိုင်ပင်ခံရုံး၊ ဝန်ကြီးဌာနများနှင့် မြို့နယ်ရဲတပ်ဖွဲ့ဌာနများပင် နိုင်ငံသားများ ပထမဆုံးသတင်းအချက်အလက်ရယူနိုင်လေ့ရှိသည့် ဖေ့စ်ဘွတ်စာမျက်နှာများကို အသုံးချနေသည်။ ထို့ပြင် လူထုရေးရာလှုပ်ရှားမှုများကိုလည်း ဖေ့စ်ဘွတ်တွင် တိုက်ရိုက်လွှင့်လေ့ရှိသည်။

နောက်နည်းလမ်းမှာ နိုင်ငံပိုင်မီဒီယာဖြစ်သည်။ ယင်းမီဒီယာက ပုံနှိပ်နှင့် အရုပ်အသံထုတ်လွှင့်မှုတို့တွင် ပုဂ္ဂလိကမီဒီယာထက် ပိုမိုကြီးမားပျံ့နှံ့သည်။ ထောက်ပံ့ငွေကြီးကြီးမားမားရထားခြင်းကြောင့် အထူးသဖြင့် ထုတ်လွှင့်မှုအပိုင်းကြော်ငြာကဏ္ဍတွင် ရှယ်ယာအများဆုံးဆွဲဆောင်နိုင်ခြင်းကြောင့် ပုဂ္ဂလိကမီဒီယာ၏ ဘဏ္ဍာရေးအလားအလာကောင်းမှုကို အားနည်းစေပါသည်။ ထို့အပြင် ပုံနှိပ်မီဒီယာတွင်လည်း ဈေးပြိုင်လျှော့ရောင်းနိုင်သေးသည်။

နိုင်ငံပိုင်မီဒီယာအဖွဲ့အစည်းများကို ပြည်သူ့ဝန်ဆောင်မှုမီဒီယာအဖြစ်သို့ ပြောင်းလဲရေးနှင့်ပတ်သက်၍ ဦးသိန်းစိန်အစိုးရလက်ထက်က ပြန်ကြားရေးဝန်ကြီးများပါဝင်သော ဆွေးနွေးမှုပြုလုပ်ခဲ့သေးပြီး မီဒီယာလုပ်ငန်းရှင်များက နိုင်ငံပိုင်မီဒီယာကို အနားပေးရန် အင်န်အယ်လ်ဒီကိုတောင်းဆိုခဲ့ကြသည်။

အင်န်အယ်လ်ဒီအစိုးရလက်ထက်တွင် နိုင်ငံပိုင်မီဒီယာများမှာ အစိုးရ၏အာဘော်များပြောဆိုရာ နေရာများအဖြစ် ဆက်လက်ရှိနေဆဲဖြစ်ပြီး ၎င်းတို့၏ ပျံ့နှံ့မှုမှာ ကြီးထွားဆဲဖြစ်သည်။ နိုင်ငံပိုင်သတင်းစာများဖြစ်သော မြန်မာ့အလင်းနှင့် ကြေးမုံတို့သည် ဒေါ်စုနှင့် လူထုတွေ့ဆုံမှုများနှင့် သတင်းတန်ဖိုးသိပ်မရှိလှသော တရားဝင်အခမ်းအနားများကို ရက်ရက်ရောရောဖော်ပြကြသည်။

သို့သော်လည်း မီဒီယာ-အစိုးရဆက်ဆံရေးမကောင်းရခြင်းမှာ အင်န်အယ်လ်ဒီ၏နိုင်ငံရေးပုံစံကြောင့်ဟု အပြစ်တင်ပါက တရားမျှတမည်မဟုတ်ပါ။ အဘယ့်ကြောင့်ဆိုသော် ဆက်ဆံရေးဆိုးရွားစေရန် အထောက်အကူအဖြစ်ဆုံးအရာမှာ စဉ်းစား၍ရသလောက် ယခင်စစ်ဘက်ယိမ်းအစိုးရများလက်ထက် ပိုမိုကြီးမားသည့် ရန်လိုမှုနှင့် ဖိနှိပ်မှုကို ဖြစ်စေခဲ့သည့် အကျပ်အတည်းတစ်ခုဖြစ်ခဲ့ချိန်တွင် ယင်းသို့အပြစ်တင်ပါက တရားမျှတမည်မဟုတ်ပေ။

၂၀၁၇ သြဂုတ်လက ရိုဟင်ဂျာများအပေါ် စစ်တပ်၏ ပြင်းထန်သည့်နှိမ်နင်းမှု၊ စစ်တပ်က ရိုဟင်ဂျာစစ်သွေးကြွများ၏ တိုက်ခိုက်မှုများကို တရားဝင်တုံ့ပြန်မှုဟု ပြောဆိုသည့် ယင်းနှိမ်နင်းမှုကြောင့် အများအားဖြင့် နိုင်ငံမဲ့ မွတ်စလင် ၇၀၀,၀၀၀ ကျော်မှာ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့သည်။

ယင်းအကျပ်အတည်းက လူမျိုးရေးနှင့် အမျိုးသားရေးအမှတ်လက္ခဏာနှင့်ပတ်သက်၍ မလိုမုန်းထားမှုများကို လှုပ်ရှားသက်ဝင်စေခဲ့သည်။ ထို့အပြင် ထိုအရာနှစ်ခုမှာ နီးကပ်စွာပေါင်းစည်းလျက်ရှိပြီး နှစ်ခုစလုံးက မြန်မာလူ့အဖွဲ့အစည်းတွင် နက်ရှိုင်းစွာအမြစ်တွယ်လျက်ရှိသည်။ ထို့အပြင် ယင်းနှစ်ခုစလုံးမှာ အမျိုးသားလုံခြုံရေးဟု စစ်တပ်က ရှုမြင်သည့်နည်းလမ်းမှာ အဓိကကျသည်။

ကုလစစ်ဆေးရေးမှူးများက လူမျိုးတုံးသုတ်သင်ရှင်းလင်းမှုအဖြစ် စွပ်စွဲခဲ့သည့် ရခိုင်တွင် ပြုလုပ်ခဲ့သော စစ်တပ်၏စစ်ဆင်ရေးများအပေါ် အင်န်အယ်လ်ဒီအစိုးရက လုပ်ပိုင်ခွင့်မရှိခဲ့ပေ။ သို့သော်လည်း ယင်းအကျပ်အတည်းပေါ်လာချိန်တွင် အင်န်အယ်လ်ဒီသည် ပြည်တွင်းပြည်ပပရိသတ်များအတွက်သာမက ပြည်ပဆက်ဆံရေးများအတွက်ပါ လူသိရှင်ကြားသတင်းပါးရန် တာဝန်ယူခဲ့ရသည်။

စစ်တပ်၏ရက်စက်မှုများကို နိုင်ငံတကာမီဒီယာများက များစွာဖော်ပြခဲ့သော်လည်း အရပ်သားအစိုးရကမူ လုံးဝငြင်းပယ်မှုများကိုသာ ရွေးချယ်ခဲ့သည်။ ထို့ကြောင့် ဖြစ်စဉ်က နိုင်ငံတကာအတိုင်းအတာအရ မည်သို့ဖြစ်ပျက်ခဲ့သည်ဆိုသည့်အပေါ် ၎င်းရှိခဲ့နိုင်သည့် သြဇာများလည်း လျင်မြန်စွာ ပျောက်ဆုံးခဲ့သည်။

ရိုဟင်ဂျာများအပေါ် ကမ္ဘာလုံးဆိုင်ရာကန့်ကွက်မှုကို လူအများ၏တုံ့ပြန်မှုက ပြည်ပ၊ အထူးသဖြင့် အနောက်နိုင်ငံများ၊ မီဒီယာများအား မလိုမုန်းထားမှုကို ဖြစ်ပေါ်စေခဲ့ပြီး သတင်းတုများက အန္တရာယ်ဖြစ်စေသည့် ပြည်ပအကြံအစည်များအတွက် လုပ်ဆောင်ပေးနေသည်ဟု ပြောဆိုချက်များရှိနေသည်။

ယင်းသို့ဆက်စပ်မှုအရ နိုင်ငံပိုင်မီဒီယာသည် ရိုဟင်ဂျာအကျပ်အတည်းနှင့်ပတ်သက်သည့် ပြည်တွင်းဖြစ်စဉ်များကို ပုံဖော်ရာတွင် အရေးပါသည်။

အစိုးရက လမ်းညွှန်ပေးသည့်ခရီးစဉ်များပြင်ပရှိ ရခိုင်မြောက်ပိုင်းသို့ ဝင်ရောက်မှုပိတ်ပင်ခံရသော လွတ်လပ်သည့် ဂျာနယ်လစ်များရှိနေစဉ် နိုင်ငံပိုင်မီဒီယာသည် မြေပြင်ပေါ်မှ အဖြစ်အပျက်များဆိုင်ရာ သတင်းအချက်အလက်များအတွက် အထက်ကားအောက်ကျဉ်းသည့် ကတော့တစ်ခုကဲ့သို့ ပြုမူခဲ့သည်။

ယင်းသတင်းအချက်အလက်များကို ပုဂ္ဂလိကမီဒီယာများစွာက မစိစစ်ဘဲထပ်မံဖော်ပြခဲ့ပြီး လူမှုမီဒီယာတွင် ချဲ့ကားသွားသည်။ ယင်းနေရာတွင် အစ္စလာမ္မစ်အကြမ်းဖက်ဝါဒနှင့် တရားမဝင်လူဝင်မှုအပေါ် အရှိန်မြင့်လာသည့် စိုးရိမ်စိတ်များက အမုန်းစကားများစွာကို ပြိုကျစေခဲ့သည်။

သို့သော်လည်း ပြည်ပသတင်းဌာနများအပေါ်ရန်လိုမှုက အစိုးရနှင့် ပြည်တွင်းမီဒီယာများကြား ကောင်းမွန်သည့်ဆက်ဆံရေး ဖြစ်လာသည်ဟု မဆိုနိုင်သေးပေ။ ရိုဟင်ဂျာအကျပ်အတည်းအပေါ် အစိုးရ၏ ကိုင်တွယ်မှုကို ပြည်တွင်းမီဒီယာများက ကာကွယ်ပေးသည့်တိုင် ယင်းသို့မဆိုနိုင်သေးပေ။

အမှန်တော့ မြန်မာအကြောင်းသတင်းရေးသော ပြည်ပသတင်းဌာနများနှင့် ပြည်တွင်းသတင်းဌာနများကြား ခြားနားချက်မှာလည်း ပီပီသသမရှိလှပေ။ များပြားလှသည့် မြန်မာနိုင်ငံအခြေစိုက် မီဒီယာအုပ်စုများသည် ထောက်ပံ့ကြေး၊ ရင်းနှီးမြှုပ်နှံမှု၊ သတင်းမိတ်ဖက်ပုံစံတို့ဖြင့် ပြည်ပနှင့် ချိတ်ဆက်မှုများရှိနေသည်။ ဆိုလိုသည်မှာ အစိုးရသည် ၎င်း၏ဂုဏ်သတင်းကို ကာကွယ်ရာတွင် ယင်းသတင်းဌာနများကို ယုံကြည်ရန်မဖြစ်နိုင်ပေ။

စာနယ်ဇင်းကောင်စီအဖွဲ့ဝင်သစ်များအတွက်ပြုလုပ်သော ၂၀၁၈ နိုဝင်ဘာက ကျင်းပသော ညစာစားပွဲတစ်ခုတွင် ဒေါ်အောင်ဆန်းစုကြည်က မီဒီယာများနှင့်ပတ်သက်၍ ချိုးနှိမ်သည့်သုံးသပ်ပြောဆိုမှုများ ပြုလုပ်ခဲ့သည်ဟု ပွဲတက်ရောက်သူများက ပြောသည်။ ထို့အပြင် မြန်မာနိုင်ငံတွင် ပိုမိုကောင်းမွန်သည့်သတင်းရယူခွင့်က သတင်းသမားများ ဘက်လိုက်မှုမှ ကာကွယ်ပေးလိမ့်မည်ဆိုသည့် ပြောဆိုချက်တစ်ခုကိုပင် ပျက်ရယ်ပြုခဲ့သည်ဆိုသည်။

“သူက မီဒီယာတွေအပေါ် ယုံကြည်မှုတစ်စုံတစ်ရာရှိတယ်ဆိုရင် ကျနော်ကတော့ အတော်အံ့သြမိမှာပဲ” ဟု စာနယ်ဇင်းကောင်စီအဖွဲ့ဝင် ဦးဇေယျာလှိုင်က ရန်ကုန်အခြေစိုက် The Irrawaddy ဧရာဝတီသတင်းဌာနကို ပြောကြားခဲ့သည်။

စာနယ်ဇင်းအပေါ်လေးစားမှုမရှိကြောင်း အစိုးရက ထင်ထင်ရှားရှားပြသမှုသည် လူထုကို ပြသလိုက်သော အားကောင်းသည့် အချက်ပြမှုတစ်ခုဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏လူကြိုက်များမှုကို အသုံးချလိုက်ခြင်းလည်းဖြစ်သည်။

“ကျွန်တော်တို့ခေါင်းဆောင်က မီဒီယာကိုမလေးစားဘူးဆိုရင် ကျွန်တော်တို့ကရော ဘာလို့လေးစားရမှာလဲ” ဟု ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူများက မေးကောင်းမေးနိုင်သည်။

သို့ဆိုက အစိုးရသည် ကြီးကြီးမားမား ထိခိုက်စေနိုင်သောသက်ရောက်မှုဖြင့် ဂျာနယ်လစ်များကို ဆန့်ကျင်သည့် လူထုအမြင်ကိုလမ်းညွှန်မှု ပြုလုပ်နိုင်သည်။ ဂျာနယ်လစ်များကြောင့် နိုင်ငံ့ဂုဏ်သတင်းပျက်ယွင်းစေသည်၊ သို့မဟုတ် ခွဲခြားဆက်ဆံမှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအကြောင်း သတင်းရေးခြင်းဖြင့် ပဋိပက္ခကို မီးထိုးပေးသည် စသည့်သုံးသပ်ချက်များဖြင့်ဖြစ်သည်။

ယခုအခါ မြန်မာသတင်းထောက်များသည် လူအဖွဲ့အစည်းက ၎င်းတို့အပေါ်မလေးမစားဆက်ဆံနေသည်ဟု အများအားဖြင့် မကျေမနပ်ပြောဆိုလျက်ရှိသည်။ ထို့အပြင် မီဒီယာဌာနများ၏ ဖေ့စ်ဘွတ်စာမျက်နှာများပေါ်က သုံးသပ်ချက်များမှာလည်း စာနယ်ဇင်းကိုအထင်သေးကြောင်းဖော်ပြသည့် အသုံးပြုသူများ၏ သုံးသပ်ချက်များဖြင့် ပြည့်နှက်နေသည်။

နိုင်ငံတကာအတိုင်းအတာအရ ရမ်းကားမှုတစ်ခုအဖြစ်သက်ရောက်ခဲ့သော ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့အား တရားစွဲဆိုခြင်းဖြစ်စဉ်တွင် ၎င်းသတင်းထောက်များ လွှတ်ပေးရေးအတွက် ဆန္ဒပြရန် လူဒါဇင်အနည်းငယ်ကို ဆွဲဆောင်ရန် ရုန်းကန်ခဲ့ရသော်လည်း လူထု၏စိတ်ထားမှာမူ အများအားဖြင့် ရန်လိုခြင်းနှင့် သတင်းထောက် နှစ်ယောက်နှင့်၎င်းတို့၏ဒုက္ခကို စိတ်မဝင်စားခြင်းကြားသို့ ရောက်ရှိခဲ့သည်။ စာနယ်ဇင်းလွတ်လပ်ခွင့်ကို အခိုင်အမာထောက်ခံသူများပင် မြန်မာနိုင်ငံတွင် သတင်းအစီရင်ခံမှုစံက ကြီးမားစွာ ခြားနားနေသည်ဟု ဝန်ခံကြသည်။ သင်တန်းပေးမှုများက အနည်းငယ်သာ အကန့်အသတ်နှင့်ရှိနေသည်။ လစာများနှင့် ရင်းမြစ်များက နည်းပါးလှသည်။ ထိုအကြောင်းခံဖြင့် လွတ်လပ်စွာသတင်းဖော်ပြ ထုတ်ဝေမှုများမှာ ဆယ်စုနှစ်များစွာကြာအောင်မရှိခဲ့ပေ။

မမှန်ကန်သော၊ သို့မဟုတ် မမျှတသော သတင်းဖော်ပြချက်ကို မကျေနပ်ကြောင်းပြောကြားရာတွင် အစိုးရနှင့် ပြည်သူလူထုက ကိစ္စများစွာတွင် ခိုင်မာမှုရှိနေကြသည်။ မည်သို့ဆိုစေ ဆိုးဝါးသည့် သတင်းရေးသားမှု၏ အဓိကအကြောင်းရင်းတစ်ခုမှာ အစိုးရကိုယ်တိုင် မိမိတို့မူဝါဒအကြောင်း ပေးသည့်သတင်းပင်လျှင် နည်းပါးလှမှုဖြစ်သည်။

အစိုးရနှင့် မီဒီယာဆက်ဆံရေးများမှာ အဆိုးကျော့သံသရာတွင် ပိတ်မိနေရာ ညံ့ဖျင်းသည့်ဆက်ဆံရေးက မယုံကြည်မှုကို ဖြစ်စေသကဲ့သို့ အပြန်အလှန်အားဖြင့် မယုံကြည်မှုကလည်း ဆက်ဆံရေးကို ထိခိုက်စေပြန်သည်။ သူတို့လုပ်ကိုင်ဆောင်ရွက်သည်များကို မီဒီယာက မှားယွင်းစွာဖော်ပြနေသည်ဟု အစိုးရက ခံယူနေပြီး မီဒီယာပိုင်းကလည်း အစိုးရက သူတို့ကို ပိတ်ပင်ဟန့်တားထားပြီး လေးစားမှုလည်းမပြဟုခံစားနေကြသည်။

သင့်လျော်သည့် ဆက်ဆံရေးယန္တရားတစ်ခုကို ချမှတ်ဆောင်ရွက်ခြင်းဖြင့် အစိုးရက ယင်းအဆိုးကျော့သံသရာကို ချေဖျက်နိုင်ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာန၏ယန္တရားများကို ဝါဒဖြန့်ချိမှုထုတ်လုပ်သည့်နေရာအဖြစ်မှ အစိုးရ၏ရပ်တည်ချက်များနှင့်ပတ်သက်၍ ဂျာနယ်လစ်များကို ချက်ချင်းဆက်သွယ်နိုင်သော၊ အင်တာဗျူးမပြုလုပ်မီ ဝန်ကြီးများအား ကြိုတင်ရှင်းလင်းထားနိုင်သောဌာနများအဖြစ်သို့ ပြောင်းလဲသတ်မှတ်နိုင်သည်။

သို့သော်လည်း မီဒီယာနှင့် ပိုမိုပူးပေါင်းဆောင်ရွက်လိုမှုက ယင်းအခြေအနေမျှဖြင့် မလုံလောက်သေးပါ။

ဖြောင့်မတ်၍ တာဝန်ခံမှုရှိသောအစိုးရအတွက် လွတ်လပ်သောမီဒီယာတစ်ခုမှာ မဖြစ်မနေလိုအပ်ကြောင်း အင်န်အယ်လ်ဒီအစိုးရက လူသိရှင်ကြား အခိုင်အမာပြောကြားရန် လိုအပ်ပေသည်။ ထို့အပြင် အစိုးရ၌ ဂျာနယ်လစ်များ၏အလုပ်ကို လေးစားမှုနှင့်အတူ သံသယထားရှိခွင့်လည်း လိုအပ်သည်။

ယင်းသို့ပြုလုပ်ခြင်းက ယေဘုယျအားဖြင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်ဘောင်ခတ်သော များပြားသည့် ဥပဒေများကို ပြောင်းလဲရန် နိုင်ငံရေးအရ အုတ်မြစ်ချပေးနိုင်မည်ဖြစ်သည်။ ထို့အပြင် ဂျာနယ်လစ်များအတွက်လည်း လူ့အဖွဲ့အစည်း၏ထောက်ပံ့မှုနှင့်အတူ ၎င်းတို့၏အလုပ်ကို အန္တရာယ်ကင်းကင်းနှင့် ထိထိရောက်ရောက်ဆောင်ရွက်နိုင်မည်ဖြစ်သည်။

ယခုအက်ဆေးမှာ ယခုနှစ် ဇူလိုင်လ ၂၂ ရက်က ကျိုတိုတက္ကသိုလ်တွင် ပြုလုပ်သော “Fake News and State Control in the Post-Truth Era in Southeast Asia” ဟူသည့် နိုင်ငံတကာအလုပ်ရုံဆွေးနွေးပွဲ တစ်ခုတွင် မစ္စတာဘင်ဒူးနန့်၏ တင်ပြချက်ကို ဆီလျော်အောင်ရေးသားထားခြင်းဖြစ်သည်။

ဦးကိုကိုနှင့် အောင်ကျော်ဦး ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – ၂၀၁၈ ဩဂုတ် ၂၈ ရက်က ရန်ကုန်တက္ကသိုလ်ကျောင်းသားများအား ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြားစဉ် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အတွက် တိုက်ပွဲဝင်အုပ်စု “အသံ” မှတီရှပ်ကို ဝတ်ဆင်သူတစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ – အေအက်ဖ်ပီ

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar