နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ ဘောလုံးကွင်းတစ်ခုအတွင်း ဖြစ်သလိုဆောက်ထားသော တဲအိမ်များတွင် နေထိုင်ရသည့် ဝန်ထမ်းမိသားစုများကို ဧပြီ၇ရက်က မြင်တွေ့ရစဉ်။ (ဓာတ်ပုံ - ဖရွန်တီးယား)

ကူကယ်ရာမဲ့ ဘဝများ – စစ်ကောင်စီထံမှ အကူအညီအနည်းငယ်သာရကြတဲ့ အစိုးရဝန်ထမ်းများ

မြန်မာနိုင်ငံအလယ်ပိုင်းတွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် မြို့တော် နေပြည်တော်တွင် ချွတ်ခြုံကျပြီးဖြစ်သော စစ်ကောင်စီ၏ အုပ်ချုပ်ရေးစနစ်ကို ပို၍အထိနာစေသည်။ နေပြည်တော်ကောင်စီနယ်မြေရှိ ထောင်နှင့်ချီသော အစိုးရဝန်ထမ်းများသည် ယာယီတဲများတွင် နေထိုင်ကြရပြီး စစ်ကောင်စီထံမှ အကူအညီ အနည်းငယ်သာရရှိသည်ဟု ၎င်းတို့က ညည်းညူကြသည်။

ဖရွန်တီးယား

မတ်၂၈ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းတကြောရှိ အဆောက်အအုံများစွာ ပြိုကျပျက်စီးခဲ့ရသလို စစ်တပ်၏ နေပြည်တော်ကောင်စီနယ်မြေလည်း အကြီးအကျယ်ထိခိုက်ခဲ့ရသည်။ အင်အား ရစ်ချ်တာစကေး ၇ဒသမ၇ ရှိသည့် အင်အားပြင်းငလျင်ဖြစ်ပေါ်ရာ စစ်ကိုင်းပြတ်ရွေ့ပေါ်တွင် နေပြည်တော်မြို့က တည်ရှိနေသည်။ စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားများအား မည်မျှသက်ရောက်မှုရှိခဲ့ပုံကို အတိအကျ မသိရသည့်တိုင် ငလျင်ကြောင့် ထောင်နှင့်ချီသော အစိုးရဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များ အိမ်ခြေရာမဲ့ဖြစ်ရသည်။

ဝန်ထမ်းအိမ်ရာအများစုသည် ဇမ္ဗူသီရိမြို့နယ်တွင်ရှိကာ ဖရွန်တီးယားက ရောက်ရှိခဲ့ချိန်၌ ပျက်စီးနေသည့် လေးထပ်တိုက်တန်းများကို မြင်တွေ့ခဲ့ရသည်။ တိုက်အချို့သည် လုံးဝပြိုကျပျက်စီးကာ အချို့မှာမူ မြေညီထပ်တစ်ထပ်လုံး မြေထဲနစ်ဝင် ကျွံကျနေသည်။ မပြိုဘဲ ကျန်နေခဲ့သည့် အဆောက်အဆုံများတွင် အုတ်နံရံများ၌ အက်ကွဲရာများတွေ့ရကာ လူနေထိုင်ရန် မသင့်တော်တော့သည့် အနေအထားတွင် ရှိနေသည်။ ကယ်ဆယ်ရေးအဖွဲ့များ ပြန်လည်ထွက်ခွာသွားပြီဖြစ်သည့်အတွက် လူသူကင်းမဲ့နေသော လမ်းမများထက်တွင်လည်း ပိုင်ရှင်မဲ့အလောင်းများထံမှ အနံ့များက ဖုံးလွှမ်းလျက်ရှိသည်။

ငလျင်ဒဏ်ကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူဦးရေ ၃၇၀၀ကျော် သေဆုံးသည့်အနက် နေပြည်တော်တွင် သေဆုံးသူဦးရေ ၆၀၀ခန့်ရှိသည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ သို့သော် ထိုအရေအတွက်တွင် ပါဝင်သည့် နိုင်ငံ့ဝန်ထမ်းဦးရေအတိအကျကို မသိရှိရပေ။ ပျဥ်းမနားနှင့် ဇမ္ဗူသီရိမြို့နယ်တို့တွင် သေဆုံးသူဦးရေ အများဆုံးဖြစ်သည်။

နိုင်ငံပိုင် သတင်းမီဒီယာများတွင် ဝန်ထမ်းများကို ကူညီထောက်ပံ့ပေးနေသည်ဟု သတင်းများ ခပ်စိတ်စိတ်ဖော်ပြနေသည်။ သို့တိုင် အသက်ရှင်ကျန်ရစ်သူများထဲမှ ဝန်ထမ်းမိသားစုများကမူ စစ်ကောင်စီ၏ အရေးပေါ်တုံ့ပြန်မှုများသည် နှေးကွေးပြီး အကူအညီများသည်လည်း မလုံလောက်ကြောင်း စောဒကတက်နေကြသည်။ ငလျင်လှုပ်ပြီး ရက်များစွာကြာမြင့်ပြီးမှ ဇမ္ဗူသီရိအိမ်ရာရှိ ဝန်ထမ်းများသည် တရုတ်နိုင်ငံမှ ထောက်ပံ့သည်ဟု အမှတ်တံဆိပ်များပါဝင်သော ယာယီပလတ်စတစ်တဲများ ရရှိကြသည်။ သို့သော် ထိုယာယီတဲတွင် နေထိုင်သူများကမူ ၎င်းတို့သည် အခြေခံလိုအပ်ချက်များအတွက် စစ်ကောင်စီထက်စာလျှင် ပြင်ပအလှူရှင်များကိုသာ အားထားရသည်ဟု ဆိုသည်။

စစ်ကောင်စီက ထောက်ပံ့သည့် ယာယီတဲများသည် အကန့်အသတ်ဖြင့်သာရှိသဖြင့် အခြားသော ရာထူးနိမ့် နိုင်ငံ့ဝန်ထမ်းများသည် နေထိုင်ရာတဲများကို ကိုယ်ထူကိုယ်ထ ဆောက်လုပ်ကြရသည်။ ထို့ပြင် ၎င်းတို့၏ မစို့မပို့ လစာများဖြင့် တည်းခိုခန်းများသို့ မိသားစုဝင်များနှင့်အတူ ရွှေ့ပြောင်းနေထိုင်ကြရသည်။ ဌာနဆိုင်ရာ ရုံးအများအပြား ငလျင်ကြောင့် ပျက်စီးပြီး လျှပ်စစ်မီး မရရှိသည့်ကြားက ရုံးပုံမှန်တက်ရန် စစ်ကောင်စီဝန်ကြီးဌာနများက ဝန်ထမ်းများကို အမိန့်ထုတ်ထားသည့်တိုင် အချို့ဝန်ထမ်းများကမူ ၎င်းတို့၏ ဇာတိ မြို့၊ ရွာများသို့ ပြန်သွားကြသည်။

စက်မှုဝန်ကြီးဌာန၊ အငယ်တန်းဝန်ထမ်းတစ်ဦးကမူ  ၎င်းနှင့် အိမ်နီးချင်းများသည် ငလျင်လှုပ်ပြီးစ ရက်များတွင် စားဝတ်နေရေးအတွက် မိမိတို့ဘာသာ စီစဉ်ရကြောင်း ပြောသည်။

“လမ်းပေါ်မှာအိပ်၊ လမ်းပေါ်မှာစားပဲ။ ကျမတို့ ဝန်ကြီးဌာနက ယာယီတဲတွေဆောက်ပေး၊ မပေးကိုလည်း မသိရဘူး”ဟု သူက ဖရွန်တီးယားသို့ ဧပြီ၂ရက်တွင် ပြောသည်။

“အလှူရှင်က မီးစက်လာမောင်းပေးမှ ဖုန်းတွေအားသွင်းရတယ်”ဟု ၎င်းက ပြောသည်။ ယခု ဆောင်းပါးတွင် ဖြေဆိုခဲ့ကြသူ နိုင်ငံ့ဝန်ထမ်းအားလုံးကို ၎င်းတို့၏ လုံခြုံရေးကြောင့် အမည်မဖော်ပြရန် မေတ္တာရပ်ခံခဲ့ကြသည်။

“ဌာနတစ်ခုတည်းမှာပဲ ဒီလိုပဲနေကြရတဲ့ ဝန်ထမ်းမိသားစု ၃၀စုကျော်လောက်ရှိမယ်”

ဧပြီ၇ရက်တွင် ဖရွန်တီးယားက ထိုနေရာသို့ သွားရောက်ခဲ့ရာ ထိုစက်မှုဝန်ကြီးဌာနဝန်ထမ်းနှင့် အခြားမိသားစုများကို မတွေ့ရတော့ပေ။ ၎င်းတို့ မည်သည့်နေရာသို့ ရောက်ရှိနေသည်ကိုလည်း မည်သူမျှ တပ်အပ်မပြောနိုင်ကြပေ။ သို့သော် ဇမ္ဗူသီရိမြို့နယ်တွင်းရှိ ပျက်စီးသွားသော အခြားဝန်ထမ်းအိမ်ရာ တစ်ခုအနီးတွင်မူ ဝန်ထမ်းမိသားစုများသည် ဘောလုံးကွင်းတစ်ခုအတွင်း၌ ၎င်းတို့ကိုယ်တိုင် တာလပတ်များ၊ ဝါးများဖြင့် ဆောက်လုပ်ထားသည့် ခနော်နီ၊ ခနော်နဲ့ တဲများတွင် နေထိုင်လျက်ရှိသည်ကို တွေ့ရသည်။

“ကျနော်တို့ ဝန်ကြီးဌာနကတော့ ဘာအကူအညီမှ မပေးသေးဘူး” ဟု နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဝန်ထမ်းတစ်ဦးက ပြောသည်။ ဒေသအာဏာပိုင်များကမူ ၎င်းတို့အတွက် အခြားနေထိုင်စရာ နေရာမစီစဉ်ပေးသည့်အပြင် အခြားနေရာသို့ပင် ရွှေ့ပြောင်းခိုင်းသည်ဟု ထိုအစိုးရဝန်ထမ်းက ပြောသည်။

“တာဝန်ရှိသူတွေက မြို့ပုံရိပ်ကျဆင်းအောင်လုပ်တယ်ဆိုပြီး ကျနော်တို့ကို နေရာရွှေ့ပြောင်းခိုင်းတယ်”ဟု ၎င်းက ဖရွန်တီးယားသို့ ပြောသည်။ ပြည်ပနိုင်ငံများမှ ရောက်လာသည့် အကူအညီပေးသည့် အဖွဲ့အများအပြားလာရောက်နေချိန်တွင် စစ်ကောင်စီက အမြင်မသင့်တော်မည်ကို စိုးရိမ်နေပုံရသည်ဟု ၎င်းက ဆိုသည်။

“ကျနော်တို့ဆို လုံးဝပြိုကျသွားတဲ့ တိုက်နား ပြန်နေရတယ်။ တဲကလည်း ကိုယ့်ဘာသာပဲ ဆောက်ရတာ”

ဇမ္ဗူသီရိမြို့နယ်ရှိ ပြိုကျသွားသော ခရေဝန်ထမ်းအိမ်ရာရှိ နေအိမ်များကို ဧပြီ၄ရက်တွင် မြင်တွေ့ရစဉ်။ (ဓာတ်ပုံ – ဖရွန်တီးယား)

အစိုးရဝန်ထမ်းများအကြား မြင့်တက်လာသည့် မကျေနပ်မှုများသည် လူမှုကွန်ရက်စာမျက်နှာများတွင် ထွက်ပေါ်လာသည်။ 

“ခုဆို တစ်ပတ်တောင်ရှိလာပြီ” ဟု အမည်မသိဝန်ကြီးဌာနတစ်ခုရှိ အမျိုးသမီးဝန်ထမ်းတစ်ဦးက အဖွဲ့ဝင်ပေါင်း တစ်သိန်းခွဲခန့်ရှိသည့် Nay Pyi Taw Community ဖေ့စ်ဘုတ်စာမျက်နှာတွင် ဧပြီ၆ရက်တွင် ရေးသားသည်။ “မိခင်ဝန်ကြီးဌာနက ဘာတွေထောက်ပံ့ဖြည့်ဆည်းပေးမယ်။ ရုံး ဘယ်နှစ်ရက်ပိတ်ပေးမယ်။ တစ်ခုမှမလာဘူး။ အံ့သြပါ့”

ဌာနက ရုံးပြန်ဖွင့်ထားသည့် နောက်ထပ် ဝန်ထမ်းအမျိုးတစ်ဦးကလည်း “ရုံးမတက်လို့ရှိရင် အရေးယူမယ်လို့လည်း ဌာနက ပြောသေးတယ်” ဟု မှတ်ချက်ရေးထားသည်။ အခြားတစ်ဦးကမူ “နေတဲ့ တိုက်က အောက်ဆုံးထပ်ထိပြိုကျထားတယ်။ ဌာနက ဘာထောက်ပံ့မှုမှမလာဘူး။ ရုံးမတက် ရင်တော့ အရေးယူခံရမယ်တဲ့။ မတရားတဲ့လူတွေ” ဟု မှတ်ချက်ရေးသားထားသည်။

ငလျင်လှုပ်ပြီး ငါးရက်အကြာတွင် စစ်ကောင်စီအာဏာပိုင်များက တရုတ်စာလုံးများ ရေးသားထားသည့် ၁၀ပေ ပတ်လည်ခန့်ရှိ ယာယီတဲများကို အားကစားကွင်းများနှင့် ဝန်ထမ်းအိမ်ရာများအနီး မြေနေရာအလွတ်များတွင် ဆောက်လုပ်ပေးခဲ့သည်။ အများစုသည် အမိုးပြာနှင့်တဲများဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာနရှိ ဝန်ထမ်းများအတွက် ဆောက်ပေးထားသော စစ်တပ်ပြောက်ကျားကွက်များပါသည့် တဲများကိုလည်း မြင်တွေ့ရသည်။

“စည်ပင်က စီစဥ်ပေးထားတဲ့အတွက် သုံးရေကတော့ အလုံအလောက်ရှိပါတယ်။ သောက်ရေကိုတော့ အလှူရှင်တွေက လာလှူကြတယ်။ ဒါပေမဲ့ လျှပ်စစ်မီးကတော့ မရသေးဘူး။ မိသားစုထဲက သက်ကြီးရွယ်အိုတွေအတွက်လည်း ဆေးဝါးတွေလိုတယ်”ဟု ပြည်ထောင်စုအစိုးရရုံးမှ ဝန်ထမ်းတစ်ဦးက ပြောသည်။

“ဌာနက နေထိုင်စားသောက်ဖို့တော့ စီစဉ်ပေးပေမဲ့ ကျမတို့က အလှူရှင်တွေလည်း လိုအပ်နေပါသေးတယ်”ဟု ၎င်းက ဖရွန်တီးယားသို့ ပြောသည်။ “အလှူရှင်တွေက လာလှူမယ်ဆိုရင် ဆေးဝါး၊ ဓာတ်မီး၊ ဖယောင်းတိုင်နဲ့ ကုန်ခြောက်လေးတွေ လှူစေချင်ပါတယ်”

၎င်းသည် ငလျင်ဒဏ်အပြင်းအထန်ခံခဲ့ရသည့် ကံ့ကော်အိမ်ရာမှ ဝန်ထမ်းတစ်ဦးဖြစ်ပြီး အနီးအနားတွင်လည်း ဌာနအသီးသီးမှ ဝန်ထမ်းမိသားစု ၄၀ကျော် ယာယီတဲများတွင် နေထိုင်လျက်ရှိသည်။

ယာယီတဲများသည် အလွန်သေးငယ်ပြီး ကလေးငယ်ရှိသော ၎င်းတို့လို မိသားစုများအတွက် ဆက်လက်နေထိုင်ရန် အဆင်မပြေသဖြင့် ၎င်းအနေဖြင့် ရရှိသည့် လစာကျပ်နှစ်သိန်းမနက် တစ်လလျှင် ၇၅,၀၀၀ကျပ် ပေး၍ နေပြည်တော်ရှိ အခြားတစ်နေရာတွင် ပြင်ပအဆောင်တွင် ငှားရမ်းနေထိုင်ရသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ အမျိုးသားဝန်ထမ်းတစ်ဦးက ပြောသည်။

“အိပ်ရာ၊ ခုတင်ကအစ ထည့်နိုင်ရင်တော့အဆင်ပြေမယ်”ဟု ၎င်းက ပြောသည်။ “အောက်ခြေက မြေကြီးနဲ့ မလွတ်တော့ မိုးရွာရင် အဆင်မပြေနိုင်ဘူး။ ကျနော့်မှာ တစ်နှစ်အရွယ်သားလေးလည်း ရှိတော့ ယာယီတဲမှာနေရင် သူ့အတွက်ကျန်းမာရေးထိခိုက်မှာလည်း စိုးရိမ်တယ်။ ပိုက်ဆံပေါလို့ ငှားနေတာတော့ မဟုတ်ဘူး။ ယာယီတဲမှာနေရင် အဆင်မပြေနိုင်လို့ ငှားနေရတာ” ဟု သူက ဆက်ပြောသည်။

သို့တိုင် ဝန်ထမ်းတိုင်းက အသစ်ဆောက်လုပ်ထားသည့် ယာယီတဲများတွင် နေထိုင်ခွင့် မရကြပေ။ 

“ကျမအမျိုးသားရဲ့ ဌာနကတော့ ယာယီတဲဆောက်ဖို့မိုးကာတဲလေး ပေးထားပေမဲ့ ကိုယ့်ဘာသာအဆင်ပြေတဲ့နေရာရှာပြီး ဆောက်ခိုင်းတယ်။ နောက်ပြီးတော့ နေထိုင်စားသောက်ရတာ အဆင်မပြေသေးတဲ့အချိန် ကျမအမျိုးသားမှာ ရုံးလည်းတက်နေရသေးတယ်။ အလှူရှင်တွေလာနေလို့ လောလောဆယ်အဆင်ပြေနေသေးတာ”ဟု လွှတ်တော်ဝန်ထမ်းအမျိုးသားတစ်ဦး၏ ဇနီးဖြစ်သူက ဧပြီ ၇ရက်တွင် ပြောသည်။

ဖေ့စ်ဘွတ်ခ်တွင် ရေးသားထားကြသည့်အတိုင်းပင် ဝန်ထမ်းအများအပြားသည် စားဝတ်နေရေး ခက်ခဲသည့်ကြားမှ ရုံးဖွင့်ရက်များတွင် ရုံးတက်ကြရသည်။ ဌာနနှင့် ၎င်း၏အမည်ကို မဖော်ပြရန် မေတ္တာရပ်ခံသည့် ဌာနတစ်ခု၏ ညွှန်ကြားရေးမှူးချုပ်တစ်ဦးကမူ ရုံးပိတ်ခိုင်းသည့် ညွှန်ကြားချက် မရှိသဖြင့် နေပြည်တော်ရှိရုံးများကို ဆက်ဖွင့်ထားရသည်ဟု ဆိုသည်။

သို့သော်လည်း ဝန်ကြီးဌာနအဆောက်အအုံအများအပြားနှင့် ဝန်ထမ်းအိမ်ရာများ၏ ပျက်စီးမှုများမှာ မတိမ်းမယိမ်းပင်ဖြစ်ကြသည်။ ဖရွန်တီးယားကလေ့လာစုံစမ်းမိသလောက် ဧပြီ၄ရက်အထိ စိုက်ပျိုးရေးဝန်ကြီးဌာနတွင် လျှပ်စစ်မီး ပြတ်တောက်ဆဲဖြစ်သည်။ လုပ်ငန်းခွင်ဝင်ရန် ညွှန်ကြားချက်များထုတ်ထားသော်လည်း ဝန်ထမ်းများ နည်းပါးနေသေးသည်။

“တချို့ဝန်ထမ်းတွေကတော့ ကြောက်လန့်ပြီး သူတို့ဒေသတွေဆီ ပြန်သွားကြတာရှိတယ်။ အခုလို ပြန်သွားတဲ့သူတွေထဲမှာတချို့လည်း အခု ပြန်လာကြပါပြီ။ သင်္ကြန်မတိုင်ခင် ရုံးအလုပ်တွေ ပုံမှန် လည်ပတ်နိုင်အောင်ဆောင်ရွက်မယ်”ဟု အထက်ပါ ညွှန်ကြားရေးမှူးချုပ်က ပြောသည်။

“ဝန်ကြီးဌာနတိုင်းမှာရှိတဲ့ သက်ဆိုင်ရာဌာနအကြီးအကဲတွေက ကိုယ့်ဌာနကို အမြန်ဆုံးလည်ပတ် နိုင်အောင်တော့ ဆောင်ရွက်နေကြတယ်” ဟု ၎င်းက ဆက်ပြောသည်။

အကူအညီများမရသဖြင့် ဝန်ထမ်းအများအပြားက ညည်းညူကြသည့်တိုင် ထိုညွှန်ချုပ်ကမူ ၎င်းတို့ဌာနအနေဖြင့် ဝန်ထမ်းများကို ကိုယ်ထူကိုယ်ထ ကူညီနေကြောင်း ဆိုသည်။ နေစရာမရှိသည့် ဝန်ထမ်းများကို မပျက်စီးသေးသော စာသင်ကျောင်းများနှင့် တက္ကသိုလ်များတွင် ယာယီနေထိုင်စေပြီး အစားအသောက်၊ ရေနှင့် လျှပ်စစ်မီးများ ရရှိရန်လည်း စီစဉ်ပေးထားသည်ဟု ဆိုသည်။

စစ်ကောင်စီက တရုတ်၊ ရုရှားနှင့် အိန္ဒိယနိုင်ငံများထံမှ ဒေါ်လာသန်းနှင့်ချေ တိုက်ရိုက် ငွေကြေး ထောက်ပံ့မှုများ ရရှိထားသည့်တိုင် ၎င်းတို့ဌာနအတွက် ငလျင်ကူညီရေးနှင့်ပတ်သက်၍ အပိုဘတ်ဂျတ် တစ်စုံတစ်ရာ မရရှိကြောင်း ၎င်းက ဆိုသည်။ ၎င်းနှင့် လုပ်ဖော်ကိုင်ဖက်များက မိမိဘာသာ ငလျင်ဘေးသင့် ဝန်ထမ်းများအတွက် အလှူငွေ​ရှာဖွေရကြောင်း ထိုညွှန်ချုပ်က ဆိုသည်။

“ကျနော်တို့ဌာနအနေနဲ့ ဝန်ထမ်းတွေအတွက် အလှူခံတာမျိုးတော့ မရှိပါဘူး”ဟု ၎င်းက ပြောသည်။ ထိုသို့ အလှူခံပါက စစ်ကောင်စီကို အရှက်ရအောင် လုပ်သလိုဖြစ်သွားမည်ကို ၎င်းက ဆိုလိုခြင်းဖြစ်သည်။

“ဒါပေမဲ့ ပြင်ပအလှူရှင်တွေအနေနဲ့ လှူဒါန်းချင်တယ်ဆိုရင်လည်း လက်ခံပါတယ်”ဟု ၎င်းက ပြောသည်။

အိမ်ခြေရာမဲ့ဖြစ်သွားသော ဝန်ထမ်းများအတွက် တရုတ်စာသားများပါရှိသည့် ယာယီတဲများကို ဇမ္ဗူသီရိမြို့နယ်အတွင်း ဧပြီ၄ရက်က မြင်တွေ့ရစဉ်။ (ဓာတ်ပုံ – ဖရွန်တီးယား)

အပူချိန် ၄၀ဒီဂရီနီးပါးပူပြင်းသည့် နေရောင်အောက်တွင် တည်ရှိနေသော ဇမ္ဗူသီရိမြို့နယ်က ပြိုကျပျက်စီးနေသည့် အိမ်ရာများတွင် လူသွားလူလာ ကင်းမဲ့လျက်ရှိသည်။ 

“ကယ်ဆယ်ရေး အဖွဲ့တွေလည်း မရှိတော့ဘူး”ဟု ခရေအိမ်ရာတွင် နေထိုင်သည့် အငယ်တန်းဝန်ထမ်းတစ်ဦးက ပြောသည်။ “အထဲမှာတော့ အလောင်းတွေကျန်နေဦးမယ် ထင်တယ်။ တချို့တိုက်တွေနားဖြတ်သွားရင် အနံ့တွေ တအားနံတာ”

ဒေသခံ အာဏာပိုင်များကလည်း ခိုးဆိုးလုယက်မှုများကို လက်ပိုက်ကြည့်နေကြသည်။ “ပျက်စီးနေတဲ့ တိုက်တွေထဲက သူခိုးတွေက ရှိကြသေးတယ်။ ညဘက်တောင်မဟုတ်ဘူး နေ့ခင်းဘက်တွေမှာပါ ခိုးကြတာ”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

“တချို့က ယာယီရွှေ့ပြောင်းနေချိန်မှာ သူတို့ပစ္စည်းတွေကို တစ်ခါတည်းအကုန်မသယ်နိုင်ကြဘူး။ သူခိုးတွေက အဲဒီလိုကျန်ခဲ့တဲ့ပစ္စည်းတွေကို ခိုးကြတာ။ ပလုံကောက်တဲ့ သူတွေကလည်း ဒီအပျက်အစီးတွေကြားထဲပဲ လိုက်ရှာကောက်နေကြတာ”

ယာယီတဲများတွင် နေထိုင်ရသည့် ဝန်ထမ်းများကမူ မရေရာသည့် အနာဂတ်အတွက် တွေးပူကြသည်။

“ဒီလို အခြေအနေမျိုးနဲ့ဘယ်ချိန်အထိ နေရမလဲမသိဘူး” ဟု စက်မှုဝန်ကြီးဌာနရှိ ဝန်ထမ်းတစ်ဦးက ပြောသည်။

“ပိုက်ဆံရှိတဲ့ ဝန်ထမ်းတွေကတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ် နေနိုင်ကြတယ်။ တချို့ရာထူးကြီးတဲ့ ဝန်ထမ်းတွေဆို အစိုးရကပေးတဲ့ ဝန်ထမ်းအိမ်ရာတွေမှာသာနေနေတာ ဒီလိုဖြစ်လာရင် သွားနေလို့ရတဲ့ ကိုယ်ပိုင်ခြံဝန်းတွေ အစကတည်းကရှိပြီးသား။ ကျမတို့လို အောက်ခြေဝန်ထမ်းတွေမှာသာ ကူသူမရှိဘဲခက်ခဲနေတာ” ဟု ၎င်းက ညည်းညူသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar