ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုအဖွဲ့တွင် တာဝန်များ ထမ်းဆောင်ရန်အတွက် မြန်မာ့တပ်မတော် အရာရှိများအား အိန္ဒိယနိုင်ငံတွင် လေ့ကျင့်ပေးမည်ဖြစ်သည်ဟု အိန္ဒိယသတင်းစာများက ရေးသားထားသည်။ ၎င်းသည် အိန္ဒိယမြေပေါ်တွင် ပထဆုံးပြုလုပ်မည့် နှစ်နိုင်ငံပူးတွဲလေ့ကျင့်မှုလည်းဖြစ်သည်။
လေ့ကျင့်သင်တန်းပေးမှုတွင် မြန်မာ့တပ်မတော် အရာရှိ ၁၅ ဦးနှင့် အိန္ဒိယစစ်တပ်မှ အရာရှိ ၁၆ ဦး ပါဝင်မည်ဟု The Economic Times က ရေးသားထားသည်။
သင်တန်းကို နိုင်ငံ အရှေ့မြောက်ပိုင်းရှိ Meghalaya ပြည်နယ်တွင် မကြာသေးမီက ဖွင့်လှစ်လိုက်သည့် Umroi တွင် နိုဝင်ဘာ ၂၀ မှ ၂၅ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်သည်။
လေ့ကျင့်မှုသည် အိန္ဒိယတွင် ပထမဆုံးပြုလုပ်သည့် နှစ်နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုဖြစ်သလို ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှု တာဝန်များအတွက် နှစ်နိုင်ငံကြား ပထမဆုံး လေ့ကျင့်မှုလည်းဖြစ်သည်ဟု အိန္ဒိယစစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး Suneet Newton က ပြောကြားကြောင်း Times of India က ရေးသားထားသည်။
“နှစ်နိုင်ငံ ပူးတွဲလေ့ကျင့်မှုရဲ့ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံကို ကုလသမဂ္ဂအလံတော်အောက်ကနေ ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှု တာဝန်တွေ ပါဝင်ထမ်းဆောင်နိုင်ရေးအတွက် လေ့ကျင့်ပေးဖို့ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
ငြိမ်းချမ်းရေးထိန်းသိမ်းမှုအဖွဲ့တွင် ပါဝင်ထမ်းဆောင်ရာတွင် လိုအပ်သည့် ဗျူဟာများ၊ လုပ်ငန်းစဉ်များ၊ ကျွမ်းကျင်မှုများနှင့် နည်းစနစ်များကို အိန္ဒိယ-မြန်မာ ပူးတွဲစစ်ရေးလေ့ကျင့်မှု ၂၀၁၇ (IMBAX-2017) တွင် မြန်မာ့တပ်မတော်အဖွဲ့အား အာရုံစိုက် သင်ကြားပေးသွားမည်ဖြစ်သည်။
ငြိမ်းချမ်းရေးထိန်းသိမ်းမှုအဖွဲ့တွင် ပါဝင်ဆောင်ရွက်မှုနှင့် ပတ်သက်ပြီး အိန္ဒိယစစ်တပ်တွင် အတွေ့အကြုံများစွာရှိနေသည်ဟု Newton က ပြောကြားသည်။