ကုမ္ပဏီမှတ်ပုံတင်ကြေးများကို လက်ရှိ ကျပ် ၅၀၀,၀၀၀ မှ ဧပြီ ၁ ရက်နေ့မှ စတင်ပြီး ကျပ် ၂၅၀,၀၀၀ သို့ လျှော့ချ သတ်မှတ်မည့်အစီအစဉ်ကို ကမ္ဘာ့ဘဏ်အုပ်စု အဖွဲ့ဝင်ဖြစ်သည့် နိုင်ငံတကာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း (IFC) က ကြိုဆိုလိုက်သည်။
ထိုသို့ လျှော့ချသတ်မှတ်မည့် ဆုံးဖြတ်ချက်ကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန (DICA) က မကြာသေးမီက ထုတ်ပြန်ကြေညာခဲ့သည်။ ထိုသို့ လျှော့ချသတ်မှတ်ခြင်းကြောင့် ကမ္ဘာ့ဘဏ်က နှစ်စဉ်ပြုစုနေသည့် စီးပွားရေးလုပ်ငန်းဆောင်ရွက်မှု (Doing Business) အဆင့်သတ်မှတ်မှုတွင် တိုးတက်လာစေရေးအတွက် အထောက်အပံ့ ဖြစ်စေနိုင်သည်ဟု IFC က ပြောကြားသည်။
အညွှန်းကိန်း ၁၀ ခုဖြင့် တိုင်းတာသည့် စစ်တမ်းတွင် မြန်မာနိုင်ငံက လက်ရှိအခြေအနေတွင် နိုင်ငံပေါင်း ၁၉၀ ၌ အဆင့် ၁၇၁ ရှိနေသည်။ ကုမ္ပဏီမှတ်ပုံတင်ကြေး လျှော့ချခြင်းကြောင့် Doing Business အဆင့် သတ်မှတ်မှု၏ စီးပွားရေးလုပ်ငန်း စတင်လုပ်ကိုင်ခြင်း အညွှန်းကိန်းတွင် လက်ရှိအဆင့် ၁၅၅ ရှိနေရာမှ အဆင့် တိုးတက်လာစေရန် အထောက်အပံ့ ဖြစ်စေမည်ဖြစ်သည်။
“ဒါဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခြင်း ပတ်ဝန်းကျင်ကို တိုးတက်လာစေဖို့ IFC ရဲ့ အကူအညီနဲ့ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲမှုများစွာထဲက တစ်ခုဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းများအပေါ် ဝန်ထုတ်ဝန်ပိုးဖြစ်စေတဲ့ စည်းမျဉ်း သတ်မှတ်ချက်တွေ လျော့နည်းသွားပြီး၊ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ သူတို့လုပ်နိုင်တာတွေကို အကောင်းဆုံး လွတ်လွတ်လပ်လပ် လုပ်ကိုင်နိုင်စေဖို့ ကျွန်တော်တို့ အလေးထားပြီး ဆောင်ရွက်သွားမှာပါ” ဟု မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခြင်း အဆင့်မြှင့်တင်ရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။
ကုမ္ပဏီမှတ်ပုံတင်ကြေးကို ယခင်ကျပ် ၁,၀၀၀,၀၀၀ မှ ၂၀၁၆ ခုနှစ်တွင် ကျပ် ၅၀၀,၀၀၀ သို့ လျှော့ချသတ်မှတ်ခဲ့ပြီးနောက် ယခု ထပ်မံလျှော့ချပေးခဲ့ခြင်းဖြစ်သည်။
“အလုပ်အကိုင်အခွင့်အလမ်းတွေကို ဖန်တီးပေးနိုင်မှာဖြစ်ပြီး၊ ပြည်သူများကို ဆင်းရဲတွင်းမှ ဆွဲတင်နိုင်စေဖို့အတွက် အထောက်အပံ့များလည်း ဖြစ်စေမှာ ဖြစ်ပါတယ်” ဟု ဦးအောင်ထူးက ဆက်လက်ပြောကြားသည်။
IFC ၏ မြန်မာနိုင်ငံဆိုင်ရာမန်နေဂျာဖြစ်သူ မစ္စတာ ဗစ်ခရမ်ကူးမားက “မြန်မာနိုင်ငံမှာရှိတဲ့ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းများဟာ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းအတွက် အလွန် အရေးကြီးတဲ့ အနေအထားမှာ ရှိနေပါတယ်။ ယခု နောက်ဆုံးဆောင်ရွက်လိုက်တဲ့ ပြုပြင် ပြောင်းလဲမှုဟာဆိုရင် အသေးစားလုပ်ငန်းလေးတွေအတွက် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန် ပိုမို လွယ်ကူစေမည်ဖြစ်ပြီး ကုမ္ပဏီအသစ်များ ဖွဲ့စည်းခြင်းအတွက်လည်း အားပေးရာရောက်ပါတယ်” ဟု ပြောကြားသည်။