မြန်မာနိုင်ငံရှိ စားသုံးသူများ၏ အလေ့အထနှင့် ပတ်သက်သည့် စစ်တမ်းသစ်တစ်ခုအရ နိုင်ငံပိုင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (အမ်ပီတီ)သည် တိုင်းပြည်တွင်း လူအများ ချစ်ခင်နှစ်သက်မှု အရှိဆုံး ကုန်အမှတ်တံဆိပ်ဖြစ်ကြောင်း တွေ့ရသည်။
Spotlight on Myanmar ဟုခေါ်သည့် အဆိုပါ စစ်တမ်းအား ယူကေမှ ကြော်ငြာအေဂျင်စီဖြစ်သည့် WPP နှင့် ဈေးကွက်စစ်တမ်း ကောက်ယူရေးလုပ်ငန်းဖြစ်သည့် Millward Brown တို့ ပူးပေါင်းကောက်ယူခဲ့ခြင်း ဖြစ်သည်။ တယ်လီကွန်းဆက်သွယ်ရေးလုပ်ငန်း ဆောင်ရွက်နေကြသည့် ကုမ္ပဏီများအပေါ် စားသုံးသူများက ကြိုက်နှစ်သက်မှု ရှိလာကြခြင်းကိုလည်း စစ်တမ်းက ပြသနေသည်။
ချစ်ခင်နှစ်သက်မှု အရရှိဆုံး တံဆိပ်များစာရင်းတွင် တယ်လီနောလည်း ပါဝင်သလို ဟန်းဆက်ထုတ်လုပ်သူများဖြစ်သည့် ဆမ်ဆောင်းနှင့် ဟွာဟွေးတို့လည်း ပါဝင်နေသည်။ ထို့ပြင် ကိုကာကိုလာနှင့် ပင်းယကုမ္ပဏီတို့ ဖက်စပ်ထုတ်လုပ်နေသည့် Max+ အချိုရည်လည်း ပါဝင်သည်။
ဆက်သွယ်ရေးကဏ္ဍအား ဈေးကွက်လွတ်လပ်ခွင့် ပေးလိုက်ပြီးနောက် အမ်ပီတီ၏ ဈေးကွက်လက်ဝါးကြီးအုပ်မှု အဆုံးသတ်သွားချိန်တွင် မိုဘိုင်းဖုန်း ပိုင်ဆိုင်မှုနှုန်းမှာ ၂၀၁၂ ခုနှစ်တွင် ၁၀ ရာခိုင်နှုန်းအောက်သာ ရှိခဲ့ရာမှ ပြီးခဲ့သည့်နှစ်ကုန်တွင် တိုင်းပြည်လူဦးရေ၏ သုံးပုံနှစ်ပုံအထိ မြင့်တက်သွားခဲ့သည်။
ဒေသခံ စားသုံးသူများ၏ အလေ့အထများအား စေ့စေ့စပ်စပ် လေ့လာထားသည့် အဆိုပါ စစ်တမ်းအရ အစောပိုင်း ဈေးကွက်ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် ဖြစ်ပေါ်လေ့ရှိသည့်အတိုင်း နိုင်ငံခြား အမှတ်တံဆိပ်များအား စိတ်ဝင်စားမှု နည်းပါးနေသေးကာ ဒေသခံ အမှတ်တံဆိပ်များ ကြီးထွားလာရန် နေရာရှိနေသေးသည်ကို တွေ့ရသည်။
“နိုင်ငံခြားဖြစ်တိုင်း ကောင်းတယ်ဆိုတာမျိုးတွေက မြန်မာနိုင်ငံမှာ မဖြစ်ပေါ်သေးပါဘူး” ဟု TODAY Ogilvy PR ၏ မန်နေဂျင်းဒါရိုက်တာ အန်ဒီအန်နက်က စစ်တမ်းထဲတွင် ပြောကြားထားသည်။
နိုင်ငံတကာ ကုန်အမှတ်တံဆိပ်များနှင့်အတူ ယှဉ်တွဲကာ ခိုင်မာသည့် ပြည်တွင်းကုန်အမှတ်တံဆိပ်များ ဖွံ့ဖြိုးလာစေရန် အခွင့်အလမ်းများ ရှိနေသေးသည်ဟု ၎င်းကပြောသည်။