ကုန်သွယ်ရေးအငြင်းပွားမှုများ ဖြေရှင်းနိုင်မည့်နည်းလမ်း

စေ့စပ်ဖြန်ဖြေရေးဌာနနှင့် ကုန်သွယ်ရေးဆိုင်ရာ တရားစီရင်ရေးစနစ်တစ်ရပ် ဖန်တီးထူထောင်ခြင်း၊ တရားသူကြီးများနှင့် ခုံသမာဓိလူကြီးများကို မွမ်းမံသင်တန်းပေးခြင်းတို့သည် ရင်းနှီးမြှုပ်နှံမှုများကို လွယ်ကူချောမွေ့စေသကဲ့သို့ အငြင်းပွားမှုများကိုလည်း တရားမျှတစွာ ဖြေရှင်းနိုင်စေသည်။

ရောဘတ်စံဖေ ရေးသားသည်။

မြန်မာနိုင်ငံမှာ ပြည်ပရင်းနှီးမြှုပ်နှံမှုများကို တိုးတက်ဆွဲဆောင်နိုင်စေရန် ဥပဒေသစ်အမျိုးမျိုးကို ပြဋ္ဌာန်းလျက်ရှိပြီး မကြာမီ ထပ်မံပြဋ္ဌာန်းသွားမည် ဖြစ်သည်။ ယင်းတို့ထဲတွင် များမကြာမီက ပြဋ္ဌာန်းခဲ့သည့် ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေ Financial Institutions Law နှင့် စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ ဥပဒေ Condominium Law တို့ ပါဝင်သကဲ့သို့ ဥပဒေမူကြမ်းအဖြစ်သာ ရှိနေသေးသော ကုမ္ပဏီများဥပဒေနှင့် ရင်းနှီးမြှုပ်နှံမှုဥပဒေတို့လည်း ပါဝင်သည်။

ယင်းဥပဒေအားလုံးမှာ အရေးပါလာဖွယ်ရှိသော ဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်ကြသည်။  ပြည်ပကုမ္ပဏီများအတွက်မူ ဥပဒေမူဘောင်သည် ရင်းနှီးမြှုပ်နှံသည့်အခါ စဉ်းစားရမည့် အချက်တစ်ချက်သာ ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ ရှေ့နေအသင်း International Bar Association က ယင်း၏ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလထုတ် “မြန်မာနိုင်ငံရှိ တရားဥပဒေစိုးမိုးမှု – စိန်ခေါ်ချက်များနှင့် တက်လမ်းများ” အစီရင်ခံစာ၌ “ဥပဒေများသည် ယင်းတို့ကို လက်တွေ့ကျင့်သုံးသော၊ သို့မဟုတ် လက်တွေ့လိုက်နာစေသော ယန္တရားများအဖြစ် အကြံ့ခိုင်နိုင်ဆုံးသော အနေအထားတွင် အစဉ်သဖြင့် ရှိနေပေသည်” ဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံသည် ၁၉၅၀ ပြည့်လွန်နှစ်များက အစဉ်အလာကြီးမားပြီး ပညာဉာဏ်ပြည့်ဝသည့် အမှီအခိုကင်းသော တရားစီရင်ရေး ရှိခဲ့ဖူးသည်။ ထိုခေတ်ထိုအခါက မြန်မာနိုင်ငံ တရားစီရင်ထုံးများမှာ ဟောင်ကောင်၊ စင်ကာပူနှင့် မြောက်မြားလှစွာသော အများဆိုင်ရာ အခြားတရားစီရင်ထုံးများနှင့် အတူတူ ဖြစ်ခဲ့သည်။ သို့သော် ထို့နောက်ပိုင်းတွင် တရားရုံးများ အလွန်အမင်း အင်အားချည့်နဲ့သွားခဲ့ပြီး အရည်အသွေးမြင့် တရားစီရင်ထုံး အရေအတွက်လည်း လျော့နည်းသွားခဲ့ရသည်။

မြောက်မြားလှသည့် ကြိုးပမ်းဆောင်ရွက်မှုများနှင့် ရင်းမြစ်များကို မြန်မာ့တရားစီရင်ရေးစနစ် ပြုပြင်ပြောင်းလဲခြင်းနှင့် ယင်း၏တရားရုံးများ ပြန်လည်ထူထောင်ခြင်းတို့တွင် ရင်းနှီးမြုပ်နှံရန် လိုအပ်ပေလိမ့်မည်။ တိုးတက်မှုအချို့ ရှိခဲ့ပြီးဖြစ်သော်လည်း လုပ်ငန်းတာဝန်အများအပြား ရှိနေပြီး အချိန်များစွာ ယူ၍လုပ်ဆောင်ရမည်မှာလည်း မလွဲှဲမရှောင်သာပင် ဖြစ်သည်။

ယေဘုယျစည်းမျဉ်းတစ်ရပ်မှာ ပြည်ပရင်းနှီးမြှုပ်နှံသူများသည် ဒေသခံ စီးပွားဘက်တို့နှင့် ဖြစ်ပွားသော အငြင်းပွားမှုများကို မိမိတို့ ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေသည့် နယ်မြေရှိ ဒေသခံတရားရုံးများတွင် မဟုတ်ဘဲ ဘက်မလိုက်သည့် တရားရုံးတစ်ရုံး၌ နိုင်ငံတကာ ကုန်သွယ်ရေးဆိုင်ရာ ကြားဝင်ဖြန်ဖြေမှုမှတစ်ဆင့် ဖြေရှင်းရန် ပိုမိုလိုလားကြခြင်းပင် ဖြစ်သည်။

စေ့စပ်ဖြန်ဖြေမှုတွင် ပုဂ္ဂလိကဆိုင်ရာနှင့် ပူးတွဲသက်ရောက်မှုဆိုင်ရာ အငြင်းပွားမှုများကို ဖြေရှင်းပေးသော တရားစီရင်ရေးစနစ်သဏ္ဍာန်တူ ကဏ္ဍ၌ တတိယအင်အားစုတစ်စု၊ သို့မဟုတ် အင်အားစုများ ပါဝင်သည်။ သို့ဖြင့် စီရင်ချက်တစ်ရပ်နှင့် သဏ္ဍာန်တူသည့် စေ့စပ်ဖြန်ဖြေမှုမှ “ဆုံးဖြတ်ချက်” တစ်ရပ် ရရှိစေသည်။ ကြားဝင်စေ့စပ်မှုဟူသည် တရားရုံးဥပဒေဖြင့် ရုံးတင်စွဲဆိုခြင်းမပြုဘဲ စေ့စပ်ဖြန်ဖြေပေးသော အခြားဖြေရှင်းမှုပုံစံ တစ်ရပ် ဖြစ်သည်။

စေ့စပ်ဖြန်ဖြေမှုဆိုင်ရာ အကျိုးကျေးဇူးတစ်ရပ်ကို နယူးယော့ခ်သဘောတူညီချက်အဖြစ် ရည်ညွှန်းလေ့ရှိသော ပြည်ပစေ့စပ်ဖြန်ဖြေမှုရလဒ်များကို အသိအမှတ်ပြုရေးနှင့် လက်တွေ့ဖော်ဆောင်ရေးဆိုင်ရာ ၁၉၅၆ ခုနှစ် နယူးယော့ခ်သဘောတူညီချက် 1956 New York Convention on Recognition and Enforcement of Foreign Arbitral Awards မှ ရရှိထားခြင်းဖြစ်သည်။

ယခုစာရေးနေချိန်ထိ နိုင်ငံပေါင်း ၁၅၇ နိုင်ငံက ဤသဘောတူညီချက်ကို လက်ခံထားရာ ယင်းအရ  သဘောတူညီချက်ပါ အခြားနိုင်ငံများတွင် ချမှတ်လိုက်သည့် စေ့စပ်ဖြန်ဖြေရေး ဆုံးဖြတ်ချက်များကို လက်တွေ့ဖော်ဆောင်ရန် ကတိကဝတ်ပြုထားခြင်းပင်ဖြစ်သည်။ ပြည်ပတရားရုံး ဆုံးဖြတ်ချက်များကို အသိအမှတ်ပြုခြင်းနှင့် လက်တွေ့ဖော်ဆောင်ခြင်းတို့အတွက် ဤမျှများပြားသော သဘောတူလက်မှတ် အရေအတွက်နှင့် နီးစပ်သည့် သဘောတူညီချက်ဟူ၍ မရှိသေးချေ။

နယူးယော့ခ် သဘောတူညီချက်ကို မြန်မာနိုင်ငံက ၂၀၁၃ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ယခုနှစ်အစောပိုင်း၌ ယင်းသဘောတူညီချက်ကို မြန်မာနိုင်ငံက လိုက်နာသောအားဖြင့် ပြည်တွင်းတွင်ဖော်ဆောင်သော ဥပဒေအဖြစ် စေ့စပ်ဖြန်ဖြေရေး ဥပဒေသစ်ကို ပြဋ္ဌာန်းခဲ့သည်။

ယင်းဥပဒေသစ်ကို ကုလသမဂ္ဂ နိုင်ငံတကာ ကုန်သွယ်ရေးဥပဒေဆိုင်ရာ ကော်မရှင်၏ နိုင်ငံတကာ ကုန်သွယ်မှု စေ့စပ်ဖြန်ဖြေရေး စံနမူနာဥပဒေအပေါ် နီးစပ်လှစွာ အခြေပြုထားသည်။ အခြားနိုင်ငံများစွာကလည်း ယင်းစံနမူနာဥပဒေကို စမ်းသပ်ကျင့်သုံးကာ ပြဋ္ဌာန်းခဲ့ကြပြီး ဖြစ်သည်။ ယင်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် နီးစပ်မှု ရှိစေရန် မြန်မာနိုင်ငံ၏ ဆုံးဖြတ်ချက်မှာ အမြော်အမြင် ရှိလှပေသည်။ အကြောင်းမှာ ပြည်ပရင်းနှီးမြှုပ်နှံသူများအား စေ့စပ်ဖြန်ဖြေရေးဥပဒေသစ်ကို အဆောတလျင် ယုံကြည်မှု ရှိလာစေမည် ဖြစ်သောကြောင့်ပင်။

သဘောတူစာချုပ်တွင် ပါဝင်ခြင်းနှင့် ဥပဒေသစ် ပြဋ္ဌာန်းခြင်းတို့မှာ လမ်းကြောင်းမှန်ပေါ် သိသာထင်ရှားစွာ လျှောက်လှမ်းခြင်းများ ဖြစ်သည့်တိုင် နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာ စေ့စပ်ဖြန်ဖြေမှုများနှင့် ရင်းနှီးကျွမ်းဝင်သော မြန်မာရှေ့နေများနှင့် တရားသူကြီးများ အလုံအလောက် ရှိနေစေရေးမှာလည်း အရေးကြီးပြန်သည်။ ကမ္ဘာ့ဦးဆောင် စေ့စပ်ဖြန်ဖြေရေးအဖွဲ့ကြီး ဖြစ်သည့် နိုင်ငံတကာ ကုန်သည်ကြီးများ အသင်းချုပ် International Chamber of Commerce (ICC) သည် ယခုလအတွင်း ရန်ကုန်ရှိ မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် UMFCCI တွင် နှစ်ရက်ကြာမည့် စေ့စပ်ဖြန်ဖြေရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲနှင့် နှီးနှောဖလှယ်ပွဲကို ကျင်းပသွားရန်ရှိသည်။

ရန်ကုန်မြို့မှာ မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သည့်အလျောက် ကုန်သွယ်ရေးတရားရုံးကို ရန်ကုန်မြို့၌ အခြေစိုက်ခြင်းမှာလည်း အဓိပ္ပာယ်ရှိပေသည်။ ယင်းကို ကျကျနန ခင်းကျင်းပြင်ဆင်ထားပြီး ခေတ်မီသည့်၊ သို့မဟုတ် သင်တင့်လျောက်ပတ်စွာ ပြုပြင်ထိန်းသိမ်းထားသည့် အဆောက်အအုံတွင် ရုံးစိုက်ရန် လိုအပ်ပေလိမ့်မည်။ 

ယင်းသို့သောပွဲများကို ကြိုဆိုအားပေးသင့်ပေသည်။ နောင်တချိန်တွင် စေ့စပ်ဖြန်ဖြေရေး လုပ်ငန်းစဉ် အမျိုးမျိုးအတွက် အရေးပါသော ဌာနအဖြစ် ဆောင်ရွက်မည့် မြန်မာ့ စေ့စပ်ဖြန်ဖြေရေးဌာန တစ်ရပ် ထူထောင်ခြင်းအတွက် အဓိပ္ပာယ်ပြည့်ဝသော တိုးတက်မှုများ ရှိစေရန်လည်း လိုအပ်ပေသေးသည်။

မြန်မာ့တရားသူကြီးအဖွဲ့က နယူးယော့ခ် သဘောတူညီချက်အရ ပြည်ပစေ့စပ်ဖြန်ဖြေရေး ဆုံးဖြတ်ချက်များကို အရည်အချင်း ပြည့်ဝစွာ ယုံကြည်ချက်ရှိရှိ လက်တွေ့ဖော်ဆောင်နိုင်စွမ်းရှိရန်မှာလည်း လုံးဝဥဿုံ အရေးပါလှသည်။ ဤအကြောင်းအရာနှင့်စပ်လျဉ်း၍ ရွေးချယ်ထားသည့် တရားသူကြီးများအတွက် အလုပ်ရုံဆွေးနွေးပွဲများစွာကို ကျင်းပခဲ့ပြီးဖြစ်ကာ ဤနယ်ပယ်တွင် ပိုမိုအရေးကြီးသော စွမ်းရည်တည်ဆောက်မှုများ ပေးနိုင်ပြီး ထိုသို့ပေးအပ်ရန်လည်း ဆန္ဒရှိနေသည့် စေ့စပ်ဖြန်ဖြေရေး အဖွဲ့အစည်းများစွာ ရှိနေသည်။

သို့သော် ယခုအချိန်မှာ ပြည်ပ၊ သို့မဟုတ် ပြည်တွင်း စေ့စပ်ဖြန်ဖြေရေး ဆုံးဖြတ်ချက် ချမှတ်ခွင့်များကို  သဘောတူညီချက်အကြောင်း သိရှိပြီး အတွေ့အကြုံလည်းရှိသော တရားသူကြီးတစ်ဦးအား လွှဲအပ်မည်လော၊  သို့မဟုတ် သဘောတူညီချက်ကိုလည်း မသိ၊ အတွေ့အကြုံလည်း မရှိသော တရားသူကြီးထံသို့ လွှဲအပ်မည်လောဆိုသည့် စိန်ခေါ်မှုကို တွေ့နေရဟန်ရှိသည်။ တရားရုံးများက “စေ့စပ်ဖြန်ဖြေရေးစာရင်း” တစ်ရပ် ဖော်ထုတ်ရန်နှင့် ထိုစာရင်းကို သက်ဆိုင်ရာတရားသူကြီးများအား ပေးအပ်ရန်မှာ လျော်ကန်သင့်မြတ်ပေလိမ့်မည်။

စေ့စပ်ဖြန်ဖြေရေးတွင် စိတ်ဝင်စားသော်လည်း မြန်မာနိုင်ငံမှ ကုန်သွယ်ရေး အငြင်းပွားမှုများစွာကို သြဇာတိက္ကမ ရှိသောအဖွဲ့များ၊ သို့မဟုတ် တသီးပုဂ္ဂလများ ပါဝင်သည့် အလွတ်သဘော စေ့စပ်ဖြန်ဖြေမှုများမှတစ်ဆင့် ဖြေရှင်းလျက်ရှိသည်။ ကောင်းမွန်ကျနစွာ ကိုင်တွယ်ဖြေရှင်းပါက ကြားဝင်စေ့စပ်မှုမှာ ညှိနှိုင်းသဘောတူညီချက် ရရှိစေရန် တတိယအင်အားစုဖြစ်သော ကြားဝင်ဖြန်ဖြေပေးသူအား ကူညီသည့် မိမိဆန္ဒအလျောက် ဆောင်ရွက်မှု ဖြစ်စဉ်တစ်ခုသာ ဖြစ်သည်။ သို့တစေ မခိုင်မာသည့် အထောက်အထားများအရ မြန်မာနိုင်ငံရှိ အလွတ်သဘော စေ့စပ်ဖြန်ဖြေမှုများတွင် “ကြားဝင်ဖြန်ဖြေပေးသူက”ချမှတ်လိုက်သည့် ဆုံးဖြတ်ချက်မှာ အားနည်းသူအား ထိခိုက်စေသည့် အလွန်အမင်း ဘက်လိုက်မှုအဖြစ် ရံဖန်ရံခါ ဦးတည်သွားလေ့ရှိသည်။

ထိုအန္တရာယ်မျိုးကို ကြားဝင်ဖြန်ဖြေသူများ၏ တရားဝင်အသိအမှတ်ပြုမှုဖြင့် ဆောင်ရွက်ပေးသော အဖွဲ့အစည်း၊ သို့မဟုတ် နိုင်ငံတကာ အဖွဲ့အစည်း၏ ဌာနခွဲတစ်ခု ထူထောင်ခြင်းအားဖြင့် လျှော့ချနိုင်ပြီး တန်းတူညီမျှ  ထိန်းချုပ်မှုကိုလည်း အသေအချာ ရရှိစေမည်ဖြစ်သည်။ အလားအလာတစ်ရပ်မှာ ယင်းအဖွဲ့ကို မြန်မာနိုင်ငံ စေ့စပ်ဖြန်ဖြေရေးဌာန တစ်ခုနှင့် ပေါင်းစပ်ပေးနိုင်ခြင်း၊ သို့မဟုတ် တွဲဖက်ပေးနိုင်ခြင်းပင်ဖြစ်သည်။

ကုန်သွယ်ရေး အငြင်းပွားမှုအားလုံးကို စေ့စပ်ဖြန်ဖြေရေး၊ သို့မဟုတ် ကြားဝင်စေ့စပ်ရေးဖြင့် ဖြေရှင်းနိုင်ဖွယ် မရှိသည်မှာ အမှန်ပင်ဖြစ်ပေသည်။ စေ့စပ်ဖြန်ဖြေရေးမှာ နှစ်ဦးသဘောတူညီချက်ပုံစံသာ ဖြစ်ပြီး ကုန်သွယ်ရေး အငြင်းပွားမှု အားလုံးမှာ တရားဝင်သဘောတူညီချက်နှင့် နှီးနွှယ်ဆက်စပ်မှု မရှိချေ။ ကြားဝင်စေ့စပ်မှုမှာလည်း  ပြေငြိမ်းမှုကို အမြဲတစေ မရရှိနိုင်သည့် ကူညီဆောင်ရွက်မှုဖြစ်စဉ်သာ ဖြစ်သည်။

ယင်းသဘောအရ ကုန်သွယ်ရေး အငြင်းပွားမှုအချို့ကို တရားရုံး၌ ဖြေရှင်းကြမည်ဖြစ်ကြောင်း ရှင်းလင်းလှပေသည်။ ထို့ကြောင့် အခြားတရားစီရင်မှုများ ဆောင်ရွက်သည့်နည်းတူ မြန်မာနိုင်ငံတွင်လည်း အထူးကုန်သွယ်ရေး တရားရုံးတစ်ရပ် ထူထောင်ရန် အထူးလိုအပ်လှပေသည်။ ယင်းတရားရုံးတွင် ကုန်သွယ်ရေး အငြင်းပွားမှုများ ကိုင်တွယ်ဖြေရှင်းသော အတွေ့အကြုံရှိသည့်၊ သို့မဟုတ် ယင်းနယ်ပယ်ကို အထူးပြုရန် စိတ်ဝင်စားပြီး အစွမ်းအစလည်းရှိသည့် တရားသူကြီး အနည်းငယ်ကို ခန့်အပ်သွားရပေမည်။

ကုန်သွယ်ရေးဆိုင်ရာတရားရုံးကို ရှုပ်ထွေးသော နိုင်ငံတကာ ငွေကြေးလွှဲပြောင်းမှုများမှသည် ရိုးရှင်းသော ကြွေးမြီစုဆောင်းမှုများအထိ မည်သည့်ကုန်သွယ်ရေး အငြင်းပွားမှုကိုမဆို ဖြေရှင်းမည့် စီရင်ပိုင်ခွင့်ကို ပေးအပ်နိုင်ပေသည်။ တနည်းအားဖြင့် အငြင်းမပွားမီ၊ သို့မဟုတ် အငြင်းပွားပြီးနောက်ပိုင်း ပါဝင်ပတ်သက်သူအားလုံးက သဘောတူသော အမှုများတွင်သာ အစောပိုင်းကာလ၌ စီရင်ဆုံးဖြတ်ပေးနိုင်ဖွယ်ရှိသည်။ နောက်တနည်းမှာ ယင်းတရားရုံးကို ထူထောင်ထားသော ဥပဒေများ၊ နည်းဥပဒေများနှင့်အညီ လွတ်လပ်သောအနေအထားဖြင့် တရားရုံး၏ လုပ်ငန်းစဉ်များကို ဆောင်ရွက်သွားနိုင်ပေလိမ့်မည်။

အင်္ဂလိပ်စာမှာ ကူးသန်းရောင်းဝယ်ရေး ဘာသာစကားဖြစ်နေသော အခြေအနေအရ ကုန်သွယ်ရေးရုံးတွင် အမှုကိစ္စရပ်များကို အမှုဆိုင်သူများက ရွေးချယ်သော အင်္ဂလိပ်ဘာသာ (သို့မဟုတ် အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာ) ဖြင့် ကြားနာနိုင်စွမ်းရှိရေးမှာလည်း ယုတ္တိတန်လှပေသည်။ ထို့အတူ စေ့စပ်ဖြန်ဖြေရေးကို ကြီးကြပ်ခြင်းနှင့် အထက်တွင် ဖော်ပြခဲ့သည့် “စေ့စပ်ဖြန်ဖြေရေးစာရင်း”ကို ဖြည်းဖြည်းချင်း အစားထိုးသွားဖွယ်ရှိသည့် ဖြန်ဖြေရေးဆုံးဖြတ်ချက်များ လက်တွေ့ဖော်ဆောင်ခြင်းတို့တွင်လည်း ပါဝင် ဆောင်ရွက်သွားရန် အလားအလာရှိသည်။

ရန်ကုန်မြို့မှာ မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သည့်အလျောက် ကုန်သွယ်ရေးတရားရုံးကို ရန်ကုန်မြို့၌ အခြေစိုက်ခြင်းမှာလည်း အဓိပ္ပာယ်ရှိပေသည်။ ယင်းကို ကျကျနန ခင်းကျင်းပြင်ဆင်ထားပြီး ခေတ်မီသည့်၊ သို့မဟုတ် သင်တင့်လျောက်ပတ်စွာ ပြုပြင်ထိန်းသိမ်းထားသည့် အဆောက်အအုံတွင် ရုံးစိုက်ရန် လိုအပ်ပေလိမ့်မည်။ မြန်မာနိုင်ငံ၏ အခြားမြို့များတွင်လည်း ရုံးခွဲအနည်းငယ် ထားရှိဖွယ်ရှိသည်။ သို့မဟုတ်ပါက ယင်းတရားရုံးမှ တရားသူကြီးများသည် အခြားမြို့များသို့ “နယ်လှည့်တရားသူကြီးများ” အဖြစ် သွားရဖွယ်ရှိသည်။

အမှုများ အောင်မြင်စွာ စီရင်နိုင်စေရန် ကြိုတင်ပြင်ဆင်ထားသော အမှုအခင်း စီမံရေးစနစ်ကိုလည်း ယင်းတရားရုံးက အသုံးပြုနိုင်ပြီး အမှုတစ်ခုချင်းစီကို အမှုစတင်စဉ်ကတည်းက တရားသူကြီးတစ်ဦးဦးအား တာဝန်ပေးထားနိုင်ပေသည်။ ထိုအမှုတစ်ခုချင်းစီကို ကြားနာစစ်ဆေးမှုအဆင့်သို့ အလျင်အမြန် ရောက်ရှိသွားစေရေးအတွက် ထိုတရားသူကြီးအား တာဝန်ပေးအပ်ရပေမည်။ ယင်းသို့ စဉ်ဆက်မပြတ် စီမံခန့်ခွဲမှုသည် တာဝန်ယူမှု အပါအဝင် အခြားအကျိုးကျေးဇူးများစွာ ပေါ်ပေါက်စေမည်ဖြစ်သည်။ ယင်းတရားရုံးက ထိရောက်မှု ရှိစေရေးအတွက် နည်းပညာကို အသုံးပြုသွားဖွယ် ရှိသော်လည်း တရားရုံးရှေ့မှောက် လာရောက်သည့် ရှေ့နေများ၏ စွမ်းဆောင်ရည်နှင့် ညီညွတ်မျှတသည့် ပြုကျင့်မျိုးဖြင့်သာ  ယင်းနည်းပညာကို အသုံးပြုသင့်သည်။

ယင်းသို့သော တရားရုံးမျိုး ထူထောင်ခြင်းမှာ စိန်ခေါ်မှုဖြစ်ဖွယ်ရှိသော်လည်း အထက်တွင် ဖော်ပြထားသကဲ့သို့ အခြားတရားစီရင်မှုများတွင် ထူးထူးကဲကဲ အောင်မြင်ခဲ့ပြီးဖြစ်သည်။ ၎င်းတို့ကလည်း အတွေ့အကြုံများနှင့် ကျွမ်းကျင်မှုအရည်အသွေးများကို မျှဝေလိုစိတ်ရှိကြပြီး မြန်မာနိုင်ငံက ယင်းသို့သော စီမံချက်ဖြင့် ကူညီမှု ရယူလိုပါက ကူညီပေးရန် စိတ်အားထက်သန်လျက်ရှိကြသည်။

ကုန်သွယ်ရေးတရားရုံးတစ်ရုံး ဖွဲ့စည်းထူထောင်ကာ သင့်တင့်သည့် ရင်းမြစ်များ ကူပံ့ပေးခြင်းနှင့် စီမံခန့်ခွဲခြင်းများ ပြုလုပ်ပါက ပြည်ပနှင့် ပြည်တွင်းရင်းနှီးမြုပ်နှံသူများအကြား ယုံကြည်မှု တိုးလာမည့်အပြင် ပိုမိုကျယ်ပြန့်သော ပြုပြင်ပြောင်းလဲမှုများအတွက်လည်း စံနမူနာတစ်ရပ်အဖြစ် အသုံးတော်ခံပေလိမ့်မည်။

အောင်မင်း ဘာသာပြန်သည်။

ရောဘတ်စံဖေမှာ မြန်မာနိုင်ငံတွင် မွေးဖွားပြီး နိုင်ငံတကာ ကုမ္ပဏီဖြစ်သော Gibson, Dunn & Crutcher တွင် လုပ်ကိုင်နေသည့် ဗြိတိန်နှင့် ဟောင်ကောင်အသိအမှတ်ပြု ရှေ့နေတစ်ဦး ဖြစ်သည်။ ၎င်းသည် ဥပဒေရေးရာ ကိစ္စရပ်များအတွက် ဒေါ်အောင်ဆန်းစုကြည်အား အကြံပေးလျက်ရှိသော်လည်း အထက်တွင်ဖော်ပြထားသော အကြောင်းအရာများမှာ ၎င်း၏ ပုဂ္ဂလအမြင်များသာဖြစ်ပြီး အာဏာရ အစိုးရ၊ သို့မဟုတ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ အမြင်များ မဟုတ်ချေ။

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar