ဦးသိန်းစိန်အစိုးရလက်ထက်က ကောက်ယူခဲ့သည့် ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းရလာဒ်မှ ထုတ်ပြန်ရန် ကျန်ရှိနေသေးသည့် ကိုးကွယ်မှုဘာသာဆိုင်ရာ အချက်အလက်များကို ဇူလိုင် ၂၁ ရက်နေ့တွင် ထုတ်ပြန်ဖွယ်ရှိသည်ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။
“၂၁ ရက်နေ့ ဖြစ်ဖို့များတယ်။ နေပြည်တော်မှာပဲ အခမ်းအနားနဲ့ ထုတ်ပြန်မယ်။ ဘာသာရေးဆိုင်ရာကို ထုတ်ပြန်ပြီးရင် မျိုးနွယ်စုပဲ ကျန်တော့မယ်။ အဲဒါကိုလည်း နောက် သုံးလကနေ လေးလအတွင်းထုတ်ပြန်နိုင်မယ်” ဟု အလုပ်သမား အလုပ်အကိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ အမြဲတန်း အတွင်းဝန် ဦးမြင့်ကြိုင်က Frontier ကို ဇူလိုင် ၅ ရက်နေ့က ပြောသည်။
မြန်မာနိုင်ငံ၏ လူဦးရေ၊ အိမ်အကြောင်းအရာနှင့် သန်းခေါင်စာရင်းကို နှစ် ၃၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ၂၀၁၄ ခုနှစ် မတ် ၂၉ ရက်မှ ဧပြီ ၁၀ ရက်အထိ ၁၂ရက်ကြာ ကောက်ယူခဲ့သည်။
ကောက်ယူရရှိခဲ့သည့် အချက်အလက်များကို ၂၀၁၅ ခုနှစ်အတွင်း နှစ်ကြိမ်ခွဲကာ ထုတ်ပြန်ခဲ့သော်လည်း ကိုးကွယ်မှုဘာသာဆိုင်ရာနှင့် မျိုးနွယ်စုအရေအတွက်ကို ထုတ်ပြန်ရန် ကျန်ရှိနေခြင်းလည်း ဖြစ်သည်။
နောက်ဆုံးထုတ်ပြန်ခဲ့သည့် သန်းခေါင်စာရင်းရလာဒ်အရ မြန်မာနိုင်ငံ၏ လူဦးရေမှာ ၅၂ သန်းခန့် ဖြစ်သည်။
သတင်း- ဟိန်းကိုစိုး