laukkaing_2_.jpg
ရန်ကုန်၊ နိုဝင်ဘာ ၁၈
အစိုးရစစ်တပ်နှင့် ဖုန်ကြားရှင်ဦးဆောင်သည့် ကိုးကန့်တပ်(MNDAA)တို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့သဖြင့် ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် သမ္မတ၏အမိန့်ဖြင့် စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ထားခဲ့ရာ ယခုထိုအမိန့်ကို ပြန်လည်ရုပ်သိမ်းကြောင်း နိုဝင်ဘာ ၁၈ ရက် ဗုဒ္ဓဟူးနေ့မနက်တွင် သမ္မတက နိုင်ငံပိုင်မီဒီယာမှတဆင့် ကြေညာသည်။
“မူလအခြေအနေသို့ ပြန်လည်ရောက်ရှိပြီး တည်ငြိမ်အေးချမ်းမှုများ ရရှိနေပြီဖြစ်သဖြင့်” စစ်အုပ်ချုပ်ရေး အမိန့်ကို ပြန်လည်ရုပ်သိမ်းခြင်း ဖြစ်သည်ဟု သမ္မတဦးသိန်းစိန် လက်မှတ်ရေးထိုးထုတ်ပြန်သည့် အမိန့်ကြေညာစာတွင် ဖော်ပြထားသည်။
အစိုးရတပ်နှင့် ကိုးကန့်တပ်များအကြား တိုက်ပွဲသည် လွန်ခဲ့သော ဖေဖော်ဝါရီ ၉ ရက်က စတင်ခဲ့ပြီးဖြစ်ပြီး တိုက်ပွဲများ စဖြစ်ပြီး ရှစ်ရက်အကြာတွင် သမ္မတက စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ခဲ့ခြင်းဖြစ်ပြီး ၁၀ လကျော် အကြာတွင် ထိုအမိန့်ကို ပြန်လည်ရုပ်သိမ်းခြင်းဖြစ်သည်။
ယခုအမိန့်ထုတ်ပြန်မှုကြောင့် ကိုးကန့်တပ်များနှင့် တိုက်ခိုက်နေသော တိုက်ပွဲများမှာ တည်ငြိမ်သွားပြီဟု ယူဆနိုင်သော်လည်း အခြားတစ်ဘက်တွင်မူ ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းနောင်မြို့နှင့်အနီးတဝိုက်တွင် အက်စ်အက်စ်အေ(မြောက်ပိုင်း)နှင့် အစိုးရတပ်အကြား တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် အရပ်သားသေဆုံးမှုများ ရှိနေသကဲ့သို့ စစ်ဘေးဒုက္ခသည်လည်း ၂,၀၀၀ ဦးခန့် ရှိနေပြီဖြစ်သည်။ ထိုနည်းတူ ကချင်ပြည်နယ် မိုးညှင်းမြို့အနီးတွင်လည်း ကချင်လွတ်မြောက်ရေးတပ်(ကေအိုင်အေ)နှင့် အစိုးရတပ်အကြား ယခုရက်ပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားနေသည်။
သတင်း – ကျော်ဖုန်းကျော်