ကိုရီးယားကျွန်းဆွယ်အား နျူကလီးယားကင်းမဲ့ဇုန် ဖြစ်စေလိုဟု ကာကွယ်ရေးဦးစီးချုပ် ပြောကြား

နေပြည်တော်၊ ဇူလိုင် ၁၈

ကိုရီးယားကျွန်းဆွယ်အား နျူကလီးယားကင်းမဲ့ဇုံဖြစ်စေလိုသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်က မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် အမေရိကန်ပြည်ထောင်စု၏ မြောက်ကိုရီးယား မူဝါဒရေးရာ အထူးကိုယ်စားလှယ်အား ပြောကြားလိုက်သည်။

မြောက်ကိုရီးယားနှင့် ယခင်က စစ်ဘက်ရေးရာ ဆက်ဆံမှုများ ရှိခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည့် မြန်မာ့တပ်မတော်၏ ကာကွယ်ရေးဦးစီးချုပ်နှင့် အမေရိကန်အထူးကိုယ်စားလှယ် မစ္စတာ ဂျိုးဇက်ယွန်းတို့သည် နေပြည်တော်တွင် ဇူလိုင် ၁၇ ရက်နေ့က တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

နျူကလီးယားထိပ်ဖူးများ သယ်ဆောင်နိုင်ကာ အမေရိကန်ပြည်ထောင်စု၊ အလက်စကားအထိ ရောက်ရှိနိုင်သည်ဟု လေ့လာသူများက ပြောကြားကြသည့် တာဝေးပစ်ဒုံးပျံအား ဇူလိုင် ၄ ရက်နေ့တွင် မြောက်ကိုရီးယားနိုင်ငံက စမ်းသပ်ခဲ့ပြီးနောက် ဂျိုးဇက်ယွန်း၏ အာရှခရီးစဉ်ကို အမေရိကန်အစိုးရက ကြေညာခဲ့ခြင်းဖြစ်သည်။ ၎င်းသည် စင်ကာပူနိုင်ငံတွင် ကျင်းပသည့် အရှေ့မြောက်အာရှ ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေးပွဲကို တက်ရောက်သည့် ၎င်း၏ အာရှခရီးစဉ်အတွင်း မြန်မာနိုင်ငံသို့ ဝင်ရောက်ခဲ့ခြင်းလည်း ဖြစ်သည်။

မြောက်ကိုရီးယားနှင့် ဆက်ဆံမှုများ ရှိခဲ့သည့် မြန်မာ့တပ်မတော်အနေဖြင့် ဆက်လက်ဆက်နွယ်မှုများ ရှိနေမည်ကို အမေရိကန်ပြည်ထောင်စုက စိုးရိမ်ပူပန်နေကြောင်းကို ယခုခရီးစဉ်က ပြသနေသည်ဟု ရိုက်တာက ရေးသားထားသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ်အတွင်း ဂျိုးဇက်ယွန်းနှင့် အဖွဲ့ဝင်များက ကိုရီးယားကျွန်းဆွယ်အရေး၊ အာရှပစိဖိတ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ကြွယ်ဝချမ်းသာရေး၊ အမေရိကန်-မြန်မာ စစ်ဘက်ဆက်ဆံရေး ပိုမိုမြှင့်တင်ရေးတို့အား ဆွေးနွေးခဲ့ကြသည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလည်း ကမ္ဘာ့နိုင်ငံများ၏ တပ်မတော်များနှင့် ချစ်ကြည် ရင်းနှီးလိုသည့်ဆန္ဒရှိကြောင်းလည်း ပြန်လည်ဆွေးနွေးခဲ့သည်ဟု ဖော်ပြထားသည်။

မြန်မာ့တပ်မတော်အနေဖြင့် အိမ်နီးချင်းနိုင်ငံများအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ တပ်မတော် အားလုံးနှင့် ချစ်ကြည် ရင်းနှီးရေး ကြိုးစားလုပ်ဆောင်နေကြောင်း၊ မိမိတို့တွင် မိတ်ဆွေနိုင်ငံများသာရှိပြီး ရန်သူနိုင်ငံမရှိကြောင်း၊ မြန်မာ-အမေရိကန်ဆက်ဆံရေး ကောင်းမွန်ရေး ဆွေးနွေးမှုအားလည်း ကြိုဆိုပါကြောင်းကိုလည်း ၎င်းကပြောကြားခဲ့သည်။

မစ္စတာဂျိုးဇက်ယွန်းနှင့် အဖွဲ့သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း နံနက်ပိုင်းတွင် တွေ့ဆုံခဲ့သည်ဟု သိရသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာ- အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်သည်။

ယခင်စစ်အစိုးရလက်ထက်က မြန်မာနိုင်ငံအား နိုင်ငံတကာက အရေးယူပိတ်ဆို့မှုများ ချမှတ်ထားစဉ်က မြန်မာနှင့် မြောက်ကိုရီးယားတို့အကြား ဆက်နွယ်မှုများ ရှိခဲ့သည်ဟု သတင်းများ ပေါ်ထွက်ခဲ့သည်။ မြန်မာနိုင်ငံတွင် လက်နက်များ ထုတ်လုပ်နိုင်ရေးအတွက် မြောက်ကိုရီးယားက ပညာရှင်များ စေလွှတ်ခြင်းနှင့် ပစ္စည်းများ ပေးပို့ခြင်းတို့ ရှိခဲ့သည်ဟုဆိုသည်။

သို့သော် ၂၀၁၁ ခုနှစ်တွင် ရွေးကောက်ခံအစိုးရအား အာဏာမလွှဲပြောင်းမီကပင် စစ်လက်နက်ဆိုင်ရာ သဘောတူညီမှုများ အပါအဝင် မြောက်ကိုရီးယားနှင့် စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးများအား ရပ်တန့်ထားပြီးဖြစ်သည်ဟု မြန်မာနိုင်ငံက ပြောကြားထားသည်။

သို့သော် မြန်မာစစ်တပ်အနေဖြင့် မြောက်ကိုရီးယားနှင့် အဆက်အနွယ် လက်ကျန် အနည်းငယ်ရှိနေနိုင်သေးသည်ဟု အမေရိကန်ပြည်ထောင်စု၏ အရှေ့အာရှရေးရာ ထိပ်တန်းသံတမန်တစ်ဦးဖြစ်သူ ဒန်နီရယ် ရပ်ဆဲလ်က ပြီးခဲ့သည့် စက်တင်ဘာလက ကွန်ဂရက် ကြားနာမှုတစ်ခုတွင် ပြောကြားခဲ့သည်ဟု ရိုက်တာက ရေးသားထားသည်။

သို့သော် လက်ရှိအချိန်တွင် မြောက်ကိုရီးယားနှင့် စစ်ဘက်ဆိုင်ရာ ဆက်ဆံမှုမရှိဟု မြန်မာ တာဝန်ရှိသူတစ်ဦးက ဇူလိုင် ၁၇ ရက်နေ့တွင် ငြင်းဆိုလိုက်သည်။

“နှစ်နိုင်ငံကြား သာမန်ဆက်ဆံရေးပဲ ဖြစ်ပါတယ်။ ကျွန်တော်နားလည်ထားသလောက် စစ်တပ်အချင်းချင်း ဆက်ဆံမှုမျိုးဆိုတာမျိုး မရှိပါဘူး။ သေချာပါတယ်။ မရှိပါဘူး” ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျက ရိုက်တာကို ပြောကြားသည်။

ကုလသမဂ္ဂက မြောက်ကိုရီးယားအပေါ် ချမှတ်ထားသည့် ဆုံးဖြတ်ချက်များကို မြန်မာနိုင်ငံက လိုက်နာနေသည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar