ကိုရိုနာဗိုင်းရပ်စ်ကြောင့် တအာင်း လက်ဖက်စိုက်ပျိုးသူများ အခက်တွေ့

တရုတ်နယ်စပ်ပိတ်ထားခြင်းနှင့် မြန်မာနိုင်ငံမြို့ကြီးများတွင် လက်ဖက်ရည်ဆိုင်များ ပိတ်ထားခြင်းသည် ရှမ်းပြည်မြောက်ပိုင်း လက်ဖက်စိမ်းစိုက်ပျိုးရေး၌ ဈေးနှုန်းများထိုးကျနေခြင်းနှင့် ရင်ဆိုင်ရစေသည်။

ချန်ပါကို ရေးသားသည်။

နှစ်လတာကာလ လက်ဖက်စိမ်းခူးဆွတ်ခြင်းများသည် မြောက်ပိုင်းရှမ်းပြည်ရှိ ရှုမဆုံးနိုင်သော တောင်ကုန်းများပေါ်၌ ပြီးဆုံးခါနီးပြီဖြစ်သော်လည်း တအာင်းတိုင်းရင်းသား လက်ဖက်စိုက်တောင်သူများသည် မြန်မာနှင့်တရုတ်ပြည်ရှိ ဈေးကွက်များတွင် ကိုရိုနာဗိုင်းရပ် ကပ်ရောဂါသက်ရောက်မှုကြောင့် ဆိုးရွားသော အခြေအနေများနှင့် ရင်ဆိုင်လာရပြီဖြစ်သည်။

တအာင်း(မြန်မာအခေါ် ပလောင်)တိုင်းရင်းသားတောင်သူများသည် လက်ဖက်စိမ်း တစ်ပိဿာ (၁ ဒသမ ၆၃ ကီလိုဂရမ်)လျှင် ကျပ် ၆,၀၀၀ မှ ၇,၀၀၀ ကြား ဈေးရရှိသော်လည်း ဝယ်သူရှားပါးမှုနှင့် ကြုံတွေ့နေရသည်ဟု ကျောက်မဲမြို့နယ်တွင် လက်ဖက်ခြံတစ်ခြံရှိသော ကိုမိုင်ရန်နိုင်ကပြောသည်။

ကပ်ရောဂါကာလမှာ မရေရာသော အခြေအနေများကြောင့် ဝယ်လိုအားများကျဆင်းနေရသည်ဟု ကိုရန်နိုင်က Frontier ကိုပြောသည်။

ခူးဆွတ်ပြီး ကုန်သည်များထံ လက်လွှဲပြီးသော်လည်း ခက်ခဲနေသည့် စီးပွားရေးအခြေအနေတို့ကြောင့် တောင်သူများသည် လက်ဖက်ဖိုးငွေမရသေးကြောင်း သူကဆိုသည်။

“ပြီးခဲ့တဲ့နှစ်ကဆို ဝယ်သူတွေက ငွေကြိုပေးထားတာ။ ကျွန်တော်တို့ရောင်းသလောက်လည်း ဝယ်နိုင်ကြတယ်။ ဒီနှစ်ကတော့ လုံးဝကို တခြားစီပဲ” ဟုဆိုသည်။

ပြီးခဲ့သည့်နှစ်က လက်ဖက်စိမ်းဈေးမှာ တစ်ပိဿာ ကျပ် ၁၂,၀၀၀ ရှိပြီး တရုတ်ပြည်ပို့လျှင် တစ်ပိဿာ ကျပ် ၂၀,၀၀၀ ပေါက်ဈေးရရှိသည်ဟု နန့်ဆန်အခြေစိုက် ပလောင် လက်ဖက်စိုက်ပျိုးသူနှင့် ရောင်းချသူများအသင်းမှ မိုင်မင်းဟိန်းကျော်ကပြောသည်။

သြဂုတ် ၂၀၁၅ က Frontier ၏သတင်းဖော်ပြချက်အရ လက်ဖက်စိုက်ပျိုးခြင်းသည် တအာင်း ၆၀၀,၀၀၀ ကျော်အတွက် အဓိကဝင်ငွေရရှိရာ ရင်းမြစ်ဖြစ်သည်။

“လက်ဖက်ကောင်းရချင် ပလောင်တောင်တက်နှေး” ဆိုသော မြန်မာဆိုရိုးရှိသည်။

လက်ဖက်ခူးချိန်သည် ပုံမှန်အားဖြင့် မတ်လမှ မေလ ပထမပတ်အထိဖြစ်ပြီး တအာင်းတို့က ထိုအချိန်ကို “ရွှေရောင်ကာလ” ဟုရည်ညွန်းလေ့ရှိကြသည်။

သို့သော်ငြားလည်း ယခုနှစ်မှာမူ ယင်းသို့ မဖြစ်နိုင်တော့ပေ။ ဝယ်လိုအားများ ကျဆင်းလာခြင်းကြောင့် စိုက်ပျိုးတောင်သူများအတွက် လက်ဖက်မှဝင်ငွေမရရှိဘဲ သူတို့ မည်မျှကြာအောင် နေထိုင်စားသောက်နိုင်မလဲ ဆိုသည့် မရေရာမှုများနှင့် ရင်ဆိုင်နေရသည်။

ကြံရာမရသည့်တောင်သူများမှာ လက်ဖက်နှင့်ဆန်ကို လဲလှယ်ကြရ၊ စားဖို့အတွက် အလုပ်ထွက်လုပ်ရ၊ သို့မဟုတ်ပါကလည်း ဆွေမျိုးများထံမှ ချေးငှားကြရသည်ဟု ကိုရန်နိုင်ကဆိုသည်။

လက်ဖက်စိုက်ဒေသမှလများ နောက် ၂ လ ၃ လတော့ တောင့်ခံထားနိုင်သေးသော်လည်း ယင်းနောက်ပိုင်း စားနပ်ရိက္ခာ ပြတ်လတ်လာနိုင်ကြောင်း သူကကြိုတင်ခန့်မှန်းထားသည်။

ထိုသို့ပြတ်လတ်ခဲ့ပါက ကျေးရွာအာဏာပိုင်တို့က မည်သို့အရေးပေါ် ဆောင်ရွက်ရမည်ကို မြို့နယ်အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများနှင့် ညှိနှိုင်းလုပ်ဆောင်ကြရမည်ဖြစ်သည်။

တအာင်းတို့သည် လက်ဖက်စိုက်ပျိုးခြင်းကို ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ပါဝင်သော မိုင်းတုံနှင့် နမ့်ဆန် မြို့နယ်တို့၌ လုပ်ကိုင်ပြီး ကျောက်မဲနှင့် နမ့်ခမ်းမြို့နယ် အနီးအနားတွင်လည်း စိုက်ပျိုးကြသည်။

မတ် ၂၃ တွင် မြန်မာနိုင်ငံ၌ ပထမဆုံး ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာကိုတွေ့ရှိပြီးနောက် လက်ဖက်ဈေးများ ကျဆင်းလာခဲ့ပြီး တရုတ်နယ်စပ်ကို ပိတ်ထားသည့်အတွက် တင်ပို့ကုန်များကို သက်ရောက်မှုရှိပြီး ဈေးကွက်၌လည်း အရောင်းအဝယ်အေးနေခဲ့သည်။

ပလောင် လက်ဖက်စိုက်ပျိုးသူနှင့် ရောင်းချသူများအသင်းက ၂၀၁၉ တွင် တရုတ်ပြည်သို့ တန်ချိန် ၅၀ တင်ပို့ခဲ့ပြီး ဆက်လက်၍ ခပ်သွက်သွက် ရောင်းချနိုင်ဖို့ မှန်းထားကာ ယခုနှစ်တွင် စိုက်ပျိုးသူများထံမှ လက်ဖက်စိမ်း တန် ၇၀ ကျော် မှာယူထားခဲ့သည်ဟု ကိုမင်းဟိန်းကျော်ကပြောသည်။

လက်ဖက်တောင်သူအဖွဲ့က သာမန်အားဖြင့် ခူးပြီးသားလက်ဖက်တို့ကို မတ်နှင့်မေလကြားမှာ ရောင်းချသော်လည်း ယခုမူ တရုတ်ပြည်ပို့ရန် လာမည့်အောက်တိုဘာလအရောက်မှာပင် ဖြစ်နိုင်မဖြစ်နိုင် မသေချာသေးဘူးဟု သူကဆိုသည်။

“ကျွန်တော်တို့ တရုတ်ပြည်ကို နောက်ထပ်ဘယ်အချိန်မှ သွားနိုင်မယ် မသိသေးဘူး။ ဈေးကွက်သစ်ပြန်ရအောင် အချိန်ယူရဦးမယ်” ဟု သူကပြောသည်။

တရုတ်ပြည်ကို တင်ပို့သည့်နည်းတူ တအာင်းဒေသမှ လက်ဖက်သည် ပြည်တွင်းဈေးကွက်ဖြစ်သော မန္တလေး၊ ရန်ကုန်နှင့် အခြားမြို့ကြီးများသို့ ရောင်းချလျက်ရှိသော်လည်း ယခုအခါ ကိုဗစ် -၁၉ ပျံ့နှံ့မှုကိုတားဆီးရန် ကြိုတင်ကာကွယ်မှုများကြောင့် ရောင်းချခြင်းများကို ဆိုးရွားစွာ အလျင်ပြတ်စေသည်။

ပြီးခဲ့သည့်လက ထုတ်ပြန်ချက်အရ ရန်ကုန်ရှိ လက်ဖက်ရည်ဆိုင်များကို ပါဆယ်စနစ်ဖြင့်သာ ရောင်းခွင့်ပြုသဖြင့် ဆိုင်အများစုကို လုံးဝပိတ်ပစ်ရန်ဖြစ်လာစေပြီး လက်ဖက်စိမ်းရောင်းချမှုကိုပါ ထိခိုက်စေခဲ့သည်ဟု ကိုရန်နိုင်ကဆိုသည်။

“လက်ဖက်ရည်ဆိုင်တွေပိတ်ပြီး လူတွေကို အိမ်မှာနေကြဖို့ နှိုးဆော်ထားတာကြောင့် ကျွန်တော်တို့လည်း ဝယ်ယူသူတွေ အများကြီးဆုံးရှုံးသွားတယ်” ဟု သူကပြောသည်။

တရုတ်ဝယ်သူတွေက နှစ် ၂၀၀ ကျော်သက်တမ်းရှိအပင်များမှ အရွက်တို့ကိုကြိုက်ကြပြီး ပြီးခဲ့သည့်နှစ်က တစ်ပိဿာ ကျပ် ၂၅,၀၀၀ ဖြင့်ရောင်းချခဲ့ရကြောင်း ကိုမင်းဟိန်းကျော်ကပြောသည်။

နှစ် ၁၀၀ ရှိသည့်အပင်မှအရွက်များမှာ တစ်ပိဿာ ကျပ် ၁၇,၀၀၀ ဈေးရပြီး အနည်းဆုံးဈေး ၁၃,၀၀၀ နှင့် ၁၅,၀၀၀ ကြားရကြောင်းဆိုသည်။

သို့သော်လည်း စိုက်ပျိုးရေးနည်းလမ်းများ ပြောင်းလဲသွားခြင်းသည် တအာင်းဒေသတွင် နှစ် ၂၀၀ ကျော် သက်တမ်းရှိ လက်ဖက်ပင်များကို တွေ့ရှိဖို့ ခက်ခဲသွားပြီဖြစ်သည်။

မိရိုးဖလာအရ တအာင်းတို့က သက်တမ်းရင့် လက်ဖက်ပင်များကို မခုတ်ဖြတ်ကြကြောင်း၊ အလုပ်သမားရှားပါး၍ တောင်သူများက အပင်များကို လက်လှမ်းမီစေရန်နှင့် အရွက်များ ခူးရလွယ်စေရန် အကိုင်းအခက်တို့ကို ဖြတ်တောက်လာကြသဖြင့် ရလဒ်မှာ အရွက်များ ပိုသေးသွားပြီး ရသည့်ပမာဏလည်း ပိုနည်းသွားသည်ဟု ကိုရန်နိုင်ကပြောသည်။

“ကျွန်တော်တို့ရဲ့ လက်ဖက်စိုက်ပျိုးရေး ပုံစံတွေ အများကြီးပြောင်းလဲသွားပြီ” ဟုသူကဆိုသည်။

လုပ်သားရှားပါးရခြင်းအကြောင်းတစ်ရပ်မှာ တပ်မတော်နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ကြား တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ရွှေ့ပြောင်းလုပ်သားများ မနေရဲကြခြင်းဖြစ်သည်။

ယင်းသို့ မတည်ငြိမ်မှုများကြောင့် စိုက်ပျိုးတောင်သူများသည် ဒေသမှထွက်ခွာကြပြီး တရုတ်နှင့်ထိုင်းနိုင်ငံ၊ သို့မဟုတ် ကချင်ပြည်နယ် ဖားကန့်ရှိ ကျောက်စိမ်းတွင်းများသို့ သွားရောက်အလုပ်လုပ်ကိုင်ကြသည်။ ထို့ပြင် တိုက်ပွဲများနှင့်ထိတွေ့မှု နည်းပါးသော ရှမ်းပြည်တောင်ပိုင်း၌ လက်ဖက်စိုက်ပျိုးရေးသည် ရုတ်တရက် အလားအလာကောင်းဖို့ ဖြစ်လာသည်။

စိုက်ပျိုးတောင်သူအချို့သည် ပြည်ပတွင် ရွှေ့ပြောင်းလုပ်သားများအဖြစ် သွားရောက်လုပ်ကိုင်၍ ဝင်ငွေကောင်းလာပြီး ပြန်လာပါက ရပ်ရွာမှာ အိမ်ကောင်းရာကောင်းများဆောက်ပြီး နေနိုင်ကြကြောင်း၊ သူတို့က အခြားသူများကိုလည်း စိုက်ပျိုးရေးမလုပ်ဘဲ တခြားမှာ အလုပ်သွားလုပ်ဖို့ တိုက်တွန်းကြကြောင်း ကိုရန်နိုင်ကပြောသည်။

ကိုဗစ် – ၁၉ ကိုတိုက်ဖျက်ရန် သွားလာမှုများကို ကန့်သတ်ထားခြင်းသည်လည်း လုပ်သားအင်အားရှားပါးမှုကို ပိုမိုဖြစ်ပေါ်စေသည်။

ဧပြီအစောပိုင်းက ရှမ်းပြည်နယ်အစိုးရသည် ပြည်နယ်လူထုကို ကျန်းမာရေးကုသမှုနှင့် နာရေးကိစ္စမှလွဲ၍ ခရီးသွားလာခြင်းမပြုရန် ညွှန်ကြားချက်ထုတ်ပြန်ထားသည်။

အခြားရည်ရွယ်ချက်နှင့် သွားလာမည်ဆိုပါက မြို့နယ်ကိုဗစ် -၁၉ ကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေးကော်မတီ၏ ထောက်ခံစာ လိုအပ်မည်ဖြစ်သည်။

ရှမ်းပြည်နယ်သို့ တဆင့်သွားရောက်ရာဖြစ်သော မန္တလေးတိုင်းအပါအဝင် အခြားပြည်နယ်နှင့်တိုင်းများတွင်လည်း သီတင်းပတ်များစွာ ခရီးသွားတားမြစ်ချက်များကို ထုတ်ပြန်ထားသည်။

“ဒီမှာ အခု ခရီးသွားကန့်သတ်ချက်တွေ ထုတ်ထားတယ်လေ။ အရေးပေါ်ကျန်းမာရေးကုသမှု မဟုတ်ရင် အလွယ်တကူ မသွားလာနိုင်ဘူး။ လက်ဖက်စိုက်တောင်သူတွေအတွက်လည်း အလုပ်သမားရှာဖို့ ဖြစ်နိုင်မှာ မဟုတ်ဘူး” ဟု ကိုရန်နိုင်ကပြောသည်။

ဦးကိုကို ဘာသာပြန်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar