ကိုယ်ပိုင်လက္ခဏာပျောက်ဆုံးမှု

“ဗမာမှန်ရင် ဗမာ-ဗုဒ္ဓဘာသာဖြစ်ရမယ်” ဟူသောအယူအဆကို “ဗမာမှန်ရင် ဗမာပြည်မှာ မွေးဖွားသူဖြစ်ရမယ်” ဟူသော ပိုမိုကျယ်ပြန့်သည့် အယူအဆဖြင့် အစားထိုးသင့်ပါပြီ။

သန်းတိုးအောင် ရေးသားသည်။

ကျွန်တော့်မှာ ငယ်ရွယ်စဉ်ကာလတလျှောက်လုံး ကိုယ်ပိုင်လက္ခဏာပျောက်ဆုံးမှု အခက်အခဲတစ်ရပ်နှင့် ရင်ဆိုင်ခဲ့ရပါသည်။ ငါကဘယ်သူလဲ၊ ဘယ်နိုင်ငံသားလဲဟူသော မေးခွန်းများပင်ဖြစ်ပါသည်။ မူဆလင်ဘာသာဝင် ကျွန်တော်၏ ငယ်ရွယ်စဉ်ကလေးဘဝမှာ ဗုဒ္ဓဘာသာအများစု လူ့အဖွဲ့အစည်းတွင် ပျော်ရွှင်မှုမရခဲ့ပါ။ ကျွန်တော်တို့မိသားစုမှာ ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုတွင် အခြားမူဆလင်မိသားစု သုံးလေးစုနှင့်အတူ နေထိုင်ကြပါသည်။

ကျောင်းမှာတော့ ကျွန်တော်က တဦးတည်းသော မူဆလင်ကျောင်းသားဖြစ်နေပါသည်။ ကျွန်တော့်မှာ မိဘများပေးထားသော ဗမာနာမည်ရှိသော်လည်း ‘ကုလား’ ဟုသာ မကြာမကြာ ခေါ်ကြပါသည်။ ကုလားဟူသော စကားမှာ အာရှတောင်ပိုင်းမှလူမျိုးများကို ရည်ညွှန်းခေါ်ဝေါ်သော လူမျိုးဆိုင်ရာ ဝိသေသစကားလုံး ဖြစ်ပါသည်။

အစိုးရကျောင်းတွင် ဗမာ-ဗုဒ္ဓဘာသာ ကျောင်းဆရာများသည် တခါတရံ ကျွန်တော့်မျက်လုံးကို တည့်တည့်ကြည့်၍ တခန်းလုံးကို ပြောလေ့ရှိသည်။ ကုလားများသည် အစ်ပွဲတော်ရက်တွင် နွားများကိုသတ်ကြသော ဘာသာရေးထုံးတမ်းကြောင့် အလွန်ဆိုးဝါးသူများဖြစ်ကြောင်း ပြောလေ့ပြောထရှိကြပါသည်။ ဆရာတစ်ဦးကဆိုလျှင် အတန်းထဲဝင်လာစဉ် မျက်မှောင်ကြုတ်၊ နှာခေါင်းရှုံ့ကာ မင်းတို့အခန်းက ကုလားစော်နံတယ်ဟု ပြောပါသည်။ ထိုအခါ တခန်းလုံးက ကျွန်တော်ရှိရာနောက်သို့ လှည့်ကြည့်ကာ လှောင်ရယ်ရယ်ကြပါသည်။

ဗမာပြည်ဟာ ဗုဒ္ဓဘာသာနိုင်ငံဖြစ်တာကြောင့် ကျွန်တော့်ကို ကလေးဘဝသူငယ်ချင်းတွေက မင်းကုလားပြည်ပြန်ပါလားဟု ပြောတတ်ကြပါသည်။ တချို့ကလည်း မင်းကောင်းကောင်းမနေရင် မင်းပါးစပ်ထဲ ဝက်သားခွံ့ကျွေးမယ်ဟု ပြောကြသည်။ ကျွန်တော် ဆယ်ကျော်သက်အရွယ်ရောက်တော့ ကိုယ်ပိုင်လက္ခဏာအကြောင်းကို ပို၍စဉ်းစားကြည့်မိသည်။ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်သည်။ ငါ့ကို ဘာလို့ ဒီလိုဆက်ဆံကြတာလဲ၊ ငါ့ရဲ့အသားအရောင်နဲ့ ကိုးကွယ်တဲ့ဘာသာကိုကျော်ပြီး သူတို့ ဘာကြောင့် မကြည့်မြင်နိုင်ကြတာလဲ၊ ငါဟာလှောင်စရာ မဟုတ်ဘူး၊ သူတို့လိုပဲ ငါဟာ ဒီနိုင်ငံသားပဲလို့ ငါဘာကြောင့် သူတို့ကို မပြောနိုင်တာလဲ၊ ဒီအသက်အရွယ်အထိ ဒီဒွိဟ၊ သံသယတွေ ရှိနေဆဲပါပဲ။ ကျွန်တော်ဟာ တကယ့်နိုင်ငံသားလို့ ဘယ်တုန်းကမှမခံစားခဲ့ရပါဘူး။ ဒီလိုခံစားရတာ ကျွန်တော်တစ်ယောက်တည်း မဟုတ်ဘူးဆိုတာလည်း နားလည်ပါတယ်။

နောက်ဆုံးမတော့ ကျွန်တော့်တောင်းဆိုချက်တွေ မှားယွင်းနေကြောင်း သဘောပေါက်လာသည်။ အမှန်တကယ် မေးရမည့်မေးခွန်းမှာ လူနည်းစုဖြစ်သော ကျွန်တော်တို့တတွေသည် မိမိ၏ဇာတိချက်ကြွေဟု ယုံကြည်ခံယူထားသည့် ဤတိုင်းပြည်နှင့်သာ မိမိသက်ဆိုင်သည်ဟူသော ခံစားမှုကို မည်သို့ရယူမည်နည်းဆိုသော မေးခွန်းသာဖြစ်သည်။ ထိုထက်ပို၍ ခက်ခဲပုံရသောကိစ္စမှာ လူများစုဖြစ်သော ဗုဒ္ဓဘာသာဝင် မြန်မာများကို အားလုံးပါဝင်သော ကိုယ်ပိုင်လက္ခဏာတစ်ခုကို ထောက်ခံအားပေးလာအောင် မည်သို့ဆွဲဆောင်ရပါမည်နည်းဟူသည့် ပြဿနာပင်ဖြစ်သည်။

ဆက်မရေးမီ အခေါ်အဝေါ်နှင့်ပတ်သက်၍ ပြောလိုပါသည်။ Burma ဘားမားဟူသော အသုံးအနှုန်းကိုသာ ကျွန်တော်သုံးထားပါသည်။ ၁၉၈၉ တွင် စစ်အစိုးရက သတ်မှတ်ပြဋ္ဌာန်းလိုက်သော Myanmar မြန်မာဟူသော စကားလုံးကို တရားမဝင်ဟု ယူဆသောကြောင့်ဖြစ်ပါသည်။ Burma ဟူသော စကားလုံးမှာလည်း ဗြိတိသျှကိုလိုနီအစိုးရက သတ်မှတ်ခေါ်ဝေါ်ခဲ့ခြင်းကြောင့် တရားမဝင်ဟုပြောမည်ဆိုက ပြောနိုင်ပါသည်။ သို့သော် လူထုရွေးချယ်သော နာမည်အသစ်မရှိသေးသောကြောင့် နိုင်ငံလွတ်လပ်ရေးရစဉ်က ခေါ်ဝေါ်ခဲ့သော အမည်ကိုသာ အသုံးပြုပါမည်။ ဗမာများသာမက ဗမာပြည်တွင် မွေးဖွားနေထိုင်သော လူအားလုံးကို Burmese ဟူသော အခေါ်အဝေါ်ကိုသုံးပါမည်။

Burmese ဟူသောစကားလုံးကို ဗမာ-ဗုဒ္ဓဘာသာဝင်များနှင့်သာ ပေါင်းစည်းထားလိုက်ခြင်းသည် အခြားလူနည်းစုလူမျိုး၊ လူနည်းစုဘာသာဝင်များကို ယေဘုယျချန်လှပ်ထားလိုသော လက္ခဏာပင်ဖြစ်သည်။ ဗမာမှန်လျှင် ဗုဒ္ဓဘာသာဝင် ဗမာလူမျိုးဖြစ်ရမည်ဟူသော အယူအဆမှာ အရိုးစွဲနေတော့သည်။ ဗမာနိုင်ငံတွင် ကျွန်တော့်ကိုယ်ကျွန်တော် ဗမာပါဟုပြောလျှင် ဒါပေမဲ့ ခင်ဗျားက မူဆလင်မဟုတ်လားဟု ပြန်မေးတတ်ကြသည်။ ကျွန်တော်က မူဆလင်သည် လူမျိုးတစ်မျိုးမဟုတ်ကြောင်း၊ မည်သူမဆို ဆန္ဒရှိက မူဆလင်ဖြစ်နိုင်ကြောင်း ရှင်းပြရပါသည်။

အမေရိကန်ပြည်ထောင်စုနှင့် ဗြိတိန်နိုင်ငံတွင် လူမျိုးနွယ်အမျိုးမျိုး နောက်ခံရှိသူများသည် ၎င်းတို့၏ မိဘ၊ ဘိုးဘွားများ အခြားနိုင်ငံများမှ ပြောင်းရွှေ့လာကြသူများဖြစ်သော်ငြား မိမိတို့ကိုယ်ကို အမေရိကန်များ၊ ဗြိတိသျှများပါဟု ပြောလေ့ရှိကြသည်။ အသားအရောင်ရှိသော အမေရိကန်နှင့် ဗြိတိသျှအားလုံးအတွက် မှန်ချင်မှမှန်မည်ဖြစ်သော်လည်း မြန်မာနိုင်ငံမှ လူနည်းစုများနှင့်စာလျှင် သူတို့မွေးဖွားကြီးပြင်းရာ နိုင်ငံ၏ နိုင်ငံသားပါပြောရန် များစွာပို၍ လွယ်ကူကြပေမည်။

ဗမာနိုင်ငံ၏ လူနည်းစုများကို အုပ်စု သုံးမျိုးခွဲနိုင်ပါသည်။ ဗမာလူမျိုးစု၏ ယဉ်ကျေးမှုကို လက်ခံလိုက်ခြင်းဖြင့် ဗမာဖြစ်သွားသူများ၊ မိမိတို့၏သီးခြားလူမျိုးစု ကိုယ်ပိုင်လက္ခဏာကိုသာ ဂုဏ်ယူထိန်းသိမ်းထားသူများနှင့် မိမိ၏ကိုယ်ပိုင်လက္ခဏာ ဘာဆိုသည်ကိုပင် မသေချာတော့ဘဲ စိတ်ရှုပ်ထွေးနေသူများဟူ၍ သုံးမျိုး သုံးစားရှိရာ ကျွန်တော်က နောက်ဆုံးအမျိုးအစားတွင် ပါဝင်နေပါသည်။ ပထမအမျိုးအစားတွင် ဗမာ-တရုတ်တွေပါသည်။ အသားအရောင်အရရော၊ ဗုဒ္ဓဘာသာ ကိုးကွယ်ယုံကြည်မှုအရပါ သူတို့အဖို့ ဗမာဖြစ်ဖို့ အလွန်လွယ်ကူကြပါသည်။ တောင်အာရှသား မူဆလင်တွေအပေါ် ခွဲခြားဆက်ဆံခြင်းမျိုးကို သူတို့မခံကြရပါ။ သို့နှင့်တိုင် နိုင်ငံသားမှတ်ပုံတင်လျှောက်သောအခါ၊ ပတ်စ်ပို့ passport လျှောက်သောအခါ သူတို့လည်း ပြဿနာတက်တတ်ကြသည်။ ဥပမာတစ်ခုကတော့ ယခင်စစ်အာဏာရှင် ဗိုလ်ချုပ်နေဝင်းပင်ဖြစ်သည်။ တရုတ်သွေးပါသူ ဗိုလ်နေဝင်းသည် သူ့ကိုယ်သူ ဗမာ-ဗုဒ္ဓဘာသာဟုခံယူပြီး ဗုဒ္ဓဘာသာဝင် ဗမာအမျိုးသားရေးဝါဒကို ကြီးထွားအောင်လုပ်ခဲ့သူဖြစ်သည်။

ဒုတိယအုပ်စုတွင် ပါဝင်သူများမှာ မိမိကိုယ်မိမိ Burmese (or) Myanmar ဟုမပြောဘဲ တိုင်းရင်းသားလူမျိုး တမျိုးမျိုး – ဥပမာ ကရင်၊ ကချင်၊ ချင်း၊ မွန် စသည်ဖြင့်ပြောသည်။ နိုင်ငံရပ်ခြားတွင် ပြုလုပ်သော ကွန်ဖရင့်များတွင် မိမိကိုယ်မိမိ ဤသို့မိတ်ဆက်သည်ကို ကြားရလေ့ရှိသည်။ “ကျွန်တော်က မြန်မာနိုင်ငံကပါ၊ ဒါပေမဲ့ ကျွန်တော်က ကချင်ပါ” တတိယအုပ်စုမှာ ကျွန်တော့်လို လူတွေဖြစ်သည်။ ငယ်စဉ်ကတည်းကစ၍ အဆင့်ဆင့် ခွဲခြားဆက်ဆံခံခဲ့ရသဖြင့် မိမိဘာလူမျိုးဖြစ်မှန်း၊ ဘယ်နိုင်ငံသားဖြစ်မှန်း မေးခွန်းထုတ် ခံနေရသူများ ဖြစ်သည်။

ဗမာအစိုးရကျောင်းများတွင် ဆရာတစ်ဦး စာသင်ခန်းထဲဝင်လာလျှင် ကျောင်းသားတွေက မတ်တပ်ရပ်လိုက်ကြပြီး လက်အုပ်ချီကာ မင်္ဂလာပါဆရာ၊ မင်္ဂလာပါဆရာမဟု နှုတ်ဆက်ကြရသည်။ ဆရာသည် အနန္တော အနန္တငါးပါးဂိုဏ်းဝင် တစ်ဦးဖြစ်သည်။ ဒီအစဉ်အလာ အရိုအသေပေးမှုအားလုံးကို ကျွန်တော်လိုက်လုပ်ပါသည်။ လက်အုပ်ချီသော ကိစ္စကိုတော့ မလုပ်ပါ၊ ဗုဒ္ဓရုပ်ပွားတော်များ၊ ဘုန်းကြီးများရှေ့တွင် ဗုဒ္ဓဘာသာဝင်များ ပြုလုပ်ကြသော ကိုယ်အမူအရာဖြစ်ပါသည်။ ကျွန်တော်က မူဆလင်တစ်ဦးဖြစ်သောကြောင့် အခြားဘာသာဝင်များ၏ အလေ့အကျင့်ကို လုပ်စရာမလိုအပ်ပါ၊ လက်အုပ်ချီမည့်အစား လက်ကိုပိုက်ထားလိုက်ပါသည်။ ဤသည်မှာ ဘာသာရေးနှင့်မဆိုင်သော ရိုသေလေးစားမှုကို ပြသသောအမူအရာ ဖြစ်ပါသည်။

ကျွန်တော် နဝမတန်းရောက်သောအခါ ဤကိစ္စကြောင့်ပင် ဗုဒ္ဓဘာသာဆရာတစ်ဦးက ကျွန်တော့်ကို စာသင်ခန်းနောက်ဆုံးတန်း ထောင့်တစ်နေရာကို ပို့လိုက်ပါသည်။ ထိုနေရာမှာပင် လပေါင်းများစွာ နေခဲ့ရပါသည်။ ကျွန်တော်ကိုးကွယ်သောဘာသာနှင့် ဆန့်ကျင်သည့် နှုတ်ဆက်အရိုအသေပေးနည်းအတိုင်း လိုက်မလုပ်သဖြင့် အပြစ်ပေးခံရခြင်းဖြစ်ပါသည်။ ကျွန်တော့်ကို မကြား၊ မမြင်၊ ဝိုင်းပယ်ထားသလို ခံစားရသည်။ မူဆလင်ကျောင်းသား တစ်ယောက်ရှိနေခြင်းသည် သက်သက်ညှာညှာပြောရလျှင် ကိစ္စမရှိသော်လည်း အဆုံးစွန်ပြောရလျှင် ဗုဒ္ဓဘာသာ ဗမာ့ယဉ်ကျေးမှု တညီတည်းဖြစ်နေမှုကို စော်ကားသလိုဖြစ်နေသည်။

နောက်ဆုံးတော့ ကျွန်တော် အရှုံးပေးလိုက်ရသည်။ အတန်းထဲသို့ ဆရာတစ်ယောက်ဝင်လာတိုင်း ဗုဒ္ဓဘာသာထုံးစံ လက်အုပ်ချီ၍ နှုတ်ဆက်ပါသည်။ ဤသို့ လိုက်လုပ်သဖြင့် အခန်းထောင့်မှ အပြင်ထွက်ခွင့် ရလာပါသည်။ သို့သော် ကျွန်တော့်ယုံကြည်မှုကို ဆန့်ကျင်လုပ်ရသဖြင့် ရင်ထဲတွင် အပြစ်ရှိသလို ခံစားရပါသည်။ ကျွန်တော် လက်လျှော့လိုက်ရပုံကို ကျွန်တော့်မိဘများအား ဘယ်တုန်းကမှမပြောပါ။ ပြောပြလျှင် မိဘများကျောင်းသို့ လိုက်လာပြီး တိုင်ကြလိမ့်မည်။ ဒီလိုလုပ်လျှင် ကျွန်တော့်အခြေအနေ ပိုဆိုးသွားပါလိမ့်မည်။

အတန်းတိုင်းတွင် ဘုရားဆင်းတုတော်နှင့် ဘုရားစင်ရှိပါသည်။ ဗုဒ္ဓဘာသာဝင်ကျောင်းသားများသည် နံနက်စာမသင်မီ ခုံပေါ်တွင်ဆောင့်ကြောင့်ထိုင်၍ ဘုရားရှိခိုးကြရသည်။ ကျွန်တော်တက်ခဲ့သော ကျောင်းများ၌ ဗုဒ္ဓဘာသာဝင်ကျောင်းသားများ ဘုရားရှိခိုးနေချိန်တွင် ကျွန်တော့်လို ဗုဒ္ဓဘာသာဝင်မဟုတ်သော ကျောင်းသားများသည် ရှိခိုးနေကြသော ကျောင်းသားများဘေးတွင်ထိုင်၍ မတူကွဲပြားမှုကြောင့် ရှက်သလိုလို ခံစားနေကြရသည်။ ကျောင်းတက်ရက်တိုင်း ဒီလိုစခဲ့ရသည်မှာ ၁၀ နှစ်ပင်ကြာခဲ့သည်။

အလယ်တန်းကျောင်းတက်စဉ်က တနေ့တွင် ဘုရားရှိခိုးချိန်၌ ဗုဒ္ဓဘာသာသူငယ်ချင်းတစ်ယောက်နှင့် ကျွန်တော် စကားပြောနေသည်ကို ဆရာမက မိသွားသည်။ ကျွန်တော်တို့နှစ်ယောက်ကို ဆရာမက ငေါက်သည်။ ကျွန်တော့်သူငယ်ချင်းဘက်သို့လှည့်၍ “မင်းဗုဒ္ဓဘာသာ မဟုတ်ဘူးလား၊ ဒါဘုရားရှိခိုးချိန်ဆိုတာ မင်းမသိဘူးလား” ဟုပြောပြီး ကျွန်တော့်ဘက်လှည့်ကာ “တခြားလူတွေ ဘုရားရှိခိုးနေတာ မနှောင့်ယှက်နဲ့၊ မင်းဗုဒ္ဓဘာသာနိုင်ငံမှာနေတာ၊ မင်း တို့ဘာသာကို လေးစားရမယ်၊ ဒီလိုမနေနိုင်ရင် မင်းကုလားပြည်ပြန်” ဟု ပြောပါသည်။

ဆရာမက ဤသို့ပြောစဉ် တခန်းလုံးက မနှစ်မြို့သလိုမျက်လုံးများနှင့် ကျွန်တော့်ကို ဝိုင်းကြည့်ကြသည်။ ကျွန်တော့်ကို ဝမ်းနည်းစိတ်များ လွှမ်းမိုးသွားပါသည်။ ကျွန်တော် ဆရာမကို  ပြောလိုက်ချင်ပါသည်။ ဒါလည်း ကျွန်တော့်နိုင်ငံပါပဲ၊ ကျွန်တော်လည်း သူတို့အားလုံးလို လုံချည်ဝတ်၊ ဗမာစကားပြော၊ ငါးပိစားပြီး ဒီနိုင်ငံမှာကြီးလာတာပါ၊ သူတို့လို ဗမာပါပဲဟု ပြောလိုက်ချင်လည်း မျက်လုံးထဲမှာ မျက်ရည်များဝဲလျက် ခေါင်းကိုသာငုံ့ထားလိုက်ရပါသည်။

မြန်မာနိုင်ငံတွင် အားလုံးပါဝင်သည့် ခိုင်မာသော အမျိုးသားကိုယ်ပိုင်လက္ခဏာ မရရှိနိုင်ခြင်းမှာ ဤကဲ့သို့သော ငါတို့နှင့်သူတို့ – ဟူသော သဘောထားသည် အကြောင်းတစ်ခု ဖြစ်လိမ့်မည်ထင်သည်။ လူများစုဖြစ်သော ဗမာများမျက်လုံးထဲတွင် ကျွနု်ပ်တို့လို လူနည်းစုများမှာ မြန်မာပြည်၌ မွေးဖွားကြီးပြင်းခဲ့ကြသည်မှန်သော်လည်း ဧည့်သည်အဖြစ်သာမြင်နေကြသည်။ ဤအယူအဆကို စစ်အစိုးရအဆက်ဆက်က ဆယ်စုနှစ်ပေါင်းများစွာ ပိုမိုကြီးထွားအောင် ခွဲခြားရေးပေါ်လစီ၊ အဆိပ်ရည်လောင်းသော ပညာရေးစနစ်တို့ဖြင့် ဗမာကြီးစိုးရေးဝါဒကို လုပ်ဆောင်ခဲ့ကြသည်။

လူနည်းစုကို ခွဲခြားဆက်ဆံမှုသည် ကျွနု်ပ်တို့နိုင်ငံသား လျှောက်ထားသောအခါ ပို၍ပြောင်ပြောင်တင်းတင်း ဖြစ်လာသည်။ နိုင်ငံသားအဖြစ် အသိအမှတ်ပြုရန် အထောက်အထား စာရွက်စာတမ်း သုံးမျိုးအနက် တမျိုးမျိုးရှိရမည်။ တင်းပြည့်နိုင်ငံသား CSC ကတ်၊ Nationalised (သို့) Associate Citizenship Scrutiny Card (အဆင့်နိမ့်နိုင်ငံသားပုံစံ) တို့ဖြစ်သည်။ သည်အထောက်အထားများမရှိလျှင် အခွင့်အရေး ဘာမျှရမည်မဟုတ်၊ မဲပေးပိုင်ခွင့်၊ နိုင်ငံတွင်းခရီးသွားခွင့်မရှိ၊ တရားဝင် မြေပိုင်ဆိုင်ခွင့်၊ တိုက်ခန်းငှားခွင့်မရှိ၊ သင်သည်နိုင်ငံမဲ့ဖြစ်သွားပြီ။

ကျွန်တော်နှင့်ကျွန်တော့်နှမတို့မှာ နိုင်ငံသားဖြစ်ရန် ဥပဒေအရ အကျုံးဝင်ပါသော်လည်း ခြောက်နှစ်ကြာမှရသည်။ ကျွန်တော်တို့သည် မူဆလင်ဘာသာဝင်ဖြစ်ပြီး သွေးနှောသူများဖြစ်ခြင်းကြောင့် စိစစ်ရဦးမည်ဟု လူဝင်မှုကြီးကြပ်ရေးအရာရှိများကပြောသည်။ တောင်အာရှဒေသမှ လူမျိုးများနှင့် တရုတ်သွေးပါသူများကို ဆိုလိုခြင်းဖြစ်သည်။ နောက်ဆုံးတော့ အဲဒီအရာရှိတွေကို လာဘ်ထိုးလိုက်မှသာ ရတော့သည်။ မူဆလင်တိုင်းလိုလို ဒီအတိုင်းသာ လုပ်ကြရသည်။

နိုင်ငံသားမှတ်ပုံတင်ကတ်တွင် ကိုင်ဆောင်သူ၏လူမျိုးနှင့် ကိုးကွယ်သည့်ဘာသာကို ဖော်ပြရသည်။ ထို့ကြောင့် မူဆလင်များမှာ အဓိပ္ပာယ်မဲ့ နိုင်ငံခြားသားအဖြစ်ကို လက်ခံရသည်။ ဥပမာ – သူတို့လူမျိုးနေရာတွင် အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်ဂလီဟုဖော်ပြရသည်။ သို့မှသာ သွေးနှောအဖြစ် တံဆိပ်တပ်နိုင်သည်။ တကယ်တော့ မျိုးဆက်ပေါင်းများစွာကပင် မြန်မာပြည်မှာ နေထိုင်လာခဲ့ကြသူများဖြစ်သည်။ ပတ်စ်ပို့ရုံးတွင် သွေးနှောသူများအတွက် သီးခြားတန်းစီကြရသည်။ ဗမာများနှင့်အစိုးရ၏ တိုင်းရင်းသား ၁၃၅ မျိုးစာရင်းတွင် ပါဝင်သူများမှာ သာမန်ကာလျှံကာ စစ်ဆေးမှုသာခံကြရသည်။ မူဆလင်များနှင့် အခြားသွေးနှောအုပ်စုပါဝင်သူ လျှောက်လွှာရှင်များမှာ နောက်ဆုံး၌ အခန်းတစ်ခန်းတွင် လူဝင်မှုကြီးကြပ်ရေးအရာရှိနှင့် မျက်နှာချင်းဆိုင်ထိုင်ကာ မေးမြန်းစစ်ဆေးခြင်းခံကြရသည်။ သူ့ကို လာဘ်မထိုးလို့ကတော့ လျှောက်လွှာပယ်ချခံရပြီသာမှတ်ပေရော့။

မူဆလင်များသည် အနှစ်သာရအားဖြင့် နိုင်ငံခြားသားများသာဖြစ်သည်ဟူသော ယုံကြည်မှုမှာ ငယ်စဉ်စာသင်ခန်းထဲကပင် အစပြုခဲ့သည်။ ၁၉၆၂ တွင် ဗိုလ်နေဝင်းအာဏာမသိမ်းခင်က မြန်မာ့ပညာရေးစနစ်သည် အရှေ့တောင်အာရှတွင် အကောင်းဆုံးထဲ၌ အပါအဝင်ဖြစ်ခဲ့သည်။ သို့သော် စစ်အုပ်ချုပ်မှုအောက်တွင် ပညာရေးစနစ်သည် စစ်တပ်ကိုဝါဒဖြန့်ရန် သက်သက်သာဖြစ်လာခဲ့သည်။ အကျိုးဆက်အားဖြင့် ယခုထိတိုင် အစိုးရကျောင်းများတွင် အသုံးပြုနေသော သမိုင်းပြဋ္ဌာန်းစာအုပ်များသည် မမှန်မကန် အမှားအယွင်းများ ပါဝင်နေသည်။

ရက်စက်ကြမ်းကြုတ်သော ဗမာဘုရင်များကို သူရဲကောင်းများအဖြစ်လည်းကောင်း၊ လူနည်းစု တိုင်းရင်းသားများကို သူပုန်များ၊ လူရိုင်းများအဖြစ်လည်းကောင်း၊ မူဆလင်နှင့် တောင်အာရှဒေသမှ ဆင်းသက်လာကြသူများကို  နိုင်ငံခြားမှ ကျူးကျော်ခိုးဝင်လာသူများအဖြစ်လည်းကောင်း ပုံဖော်ရေးသားထားသည်။ အလယ်တန်းကျောင်းနေစဉ်က တနေ့တွင် သမိုင်းစာအုပ်မှ ချစ်တီးများအကြောင်း ဖတ်နေကြပါသည်။ ချစ်တီးယားစ် Chettiars တို့သည် အိန္ဒိယတောင်ပိုင်း၌ နေထိုင်သောလူမျိုးစုတစ်ခုဖြစ်ပြီး အင်္ဂလိပ်လက်အောက်တွင် မြန်မာနိုင်ငံသို့ ပြောင်းရွှေ့လာကြသူများဖြစ်သည်။

သမိုင်းစာအုပ်တွင် ချစ်တီးများသည် အများအားဖြင့် ငွေတိုးပေးစားသူများဖြစ်ကြောင်း၊ ဒေသခံမြန်မာများကို အနိုင်ကျင့်ကြောင်း၊ မြန်မာအမျိုးသမီးများကို မုဒိန်းကျင့်ကြကြောင်း၊ အကြွေးပြန်မဆပ်နိုင်လျှင် မြေကိုသိမ်းယူကြကြောင်း ပါရှိပါသည်။ ဖတ်စာအုပ်ဖတ်ပြီးသွားသောအခါ ကျွန်တော့်အတန်းဖော်က ကျွန်တော့်ကို လက်ညိုးထိုးပြီး အဲဒီချစ်တီးတွေက သူ့အမျိုးတွေဟေ့လို့အော်လိုက်ပါသည်။ တခန်းလုံးက ကျွန်တော့်ကိုလှည့်ကြည့်ပြီး ဝိုင်းရယ်ကြပါသည်။ နေ့လယ်ခင်း ထမင်းစားကျောင်းဆင်းသောအခါ ကျွန်တော်ထမင်းပင် မစားနိုင်တော့ဘဲ အိမ်သာထဲဝင်ပြီး ငိုခဲ့ရပါသည်။

ယခင်စစ်အစိုးရလက်ထက် မြန်မာမှုပြုသောပေါ်လစီကြောင့် ကျွန်တော်တို့၏ အမျိုးသား ကိုယ်ပိုင်လက္ခဏာအဖြစ် ပုံဖမ်းထားသော ဗမာ-ဗုဒ္ဓဘာသာပုံစံကို ရခဲ့ပါသည်။ မျိုးနွယ်စု၊ သို့မဟုတ် ဘာသာရေးလူနည်းစုတွေထဲမှ အားလုံးလိုလိုပင် သူတို့ကိုယ်ပိုင်အုပ်စုကိုလွန်သော ကိုယ်ပိုင်လက္ခဏာကို လက်လှမ်းမမှီခဲ့ကြပါ။

မျှဝေသော အမျိုးသားကိုယ်ပိုင်လက္ခဏာ တည်ဆောက်ရန်မှာ အလွန်ခက်ခဲလှသော အလုပ်တာဝန် တစ်ခုဖြစ်သည်။ သို့သော် မရှိမဖြစ်လိုအပ်ချက်တစ်ခုလည်း ဖြစ်ပေသည်။ ဆယ်စုနှစ်ပေါင်းများစွာ ကျင့်သုံးခဲ့သော ခွဲခြားဆက်ဆံရေးပေါ်လစီကို ဖြိုဖျက်ရန်နှင့် ပညာရေးစနစ် ပြုပြင်ပြောင်းလဲရန် နှစ်များစွာ အချိန်ယူရမည်။ သမိုင်းကို မမှန်မကန် သင်ကြားပေးခြင်းနှင့် လူနည်းစုကို အရုပ်ဆိုးအောင်လုပ်ခြင်းတို့ထက် မတူကွဲပြားမှု၏ အကျိုးကျေးဇူးများကို စာသင်ကျောင်းများက မီးမောင်းထိုးပြပေးသင့်ပါသည်။

ဗမာအမျိုးသား ကိုယ်ပိုင်လက္ခဏာကို ရိုက်သွင်းနေမည့်အစား ဗဟုဝါဒကို အစိုးရက စတင်လက်ခံပြီး အားလုံးပါဝင်သော အမျိုးသားကိုယ်ပိုင်လက္ခဏာကို တည်ဆောက်သင့်ပါသည်။ ပေါ်လစီချမှတ်သူများနှင့် အကောင်အထည်ဖော်သူများကို မတူကွဲပြားမှုသင်တန်းများ ပေးသင့်သည်။ ပြောင်ပြောင်တင်းတင်း ခွဲခြားဆက်ဆံမှုပြုသူများအား ဖော်ထုတ်အရေးယူသင့်ပါသည်။

နောက်ဆုံးအဖြစ် ဗမာမှန်လျှင် ဗမာ-ဗုဒ္ဓဘာသာဖြစ်ရမည်ဟူသော အတွေးအခေါ်ကို ဗမာမှန်လျှင် ဗမာပြည်၌ မွေးဖွားရမည်ဟူသော ပိုမိုကျယ်ပြန့်သည့် အတွေးအခေါ်နှင့် အစားထိုးသင့်ပါသည်။ သို့မှသာလျှင် ကျွန်တော်တို့တောင့်တသော၊ အားလုံးပါဝင်ပြီးစုစည်းသော လူ့အဖွဲ့အစည်းကို ဖန်တီးနိုင်ပါလိမ့်မည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar