ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒကို အာဆီယံခေါင်းဆောင်များ အပြင်းအထန် ထိုးနှက်ဝေဖန်

အေအက်ဖ်ပီ

ဘန်ကောက်မြို့တွင် စုဝေးရောက်ရှိခဲ့ကြသော အရှေ့တောင်အာရှနိုင်ငံ ခေါင်းဆောင်များက ကိုယ်ကျိုးစီးပွားကာကွယ်ရေးမူဝါဒကို ဆန့်ကျင်ကြောင်း ပြင်းပြင်းပြပြထုတ်ဖော်ပြောကြားခဲ့ကြပြီး လက်ရှိဖြစ်ပေါ်နေသော တရုတ်-အမေရိကန် ကုန်သွယ်ရေးပဋိပက္ခသည် ပြည်ပပို့ကုန်အလေးပေး မိမိတို့၏ စီးပွားရေးကို နစ်နာထိခိုက်စေနိုင်ကြောင်း သတိပေးပြောကြားခဲ့ကြသည်။

ဝါရှင်တန်နှင့် ပေကျင်းတို့က သွင်းကုန်များအပေါ် အပြန်အလှန် အခွန်တိုးကောက်နေကြခြင်းကြောင့် တကမ္ဘာလုံး စီးပွားရေးဖွံ့ဖြိုးမှုနှုန်းအပေါ် အမှောင်ရိပ်သန်းလာရာ ကမ္ဘာ့အင်အားအကြီးဆုံး စီးပွားရေးကြီးနှစ်ခုက အသုံးစရိတ်များ လျော့ချလိုက်လျှင် အရှေ့တောင်အာရှနိုင်ငံများ အထိနာနိုင်သည်ဟု ကျွမ်းကျင်သူများက သတိပေးထားသည်။

ဇွန် ၂၃ ရက်နေ့က ပြီးဆုံးသွားသော အရှေ့တောင်အာရှ (အာဆီယံ) ထိပ်သီးညီလာခံမှ နောက်ဆုံးထုတ်ပြန်ချက်တွင် ‘လျော့ပါးသွားခြင်းမရှိသော ကိုယ်ကျိုးစီးပွားကာကွယ်ရေးမူဝါဒကြောင့် အရှေ့တောင်အာရှနိုင်ငံများ၏ ခေါင်းဆောင်များ ထိတ်လန့်တုန်လှုပ်ရကြောင်း” ဖော်ပြထားသည်။ “ကိုယ်ကျိုးစီးပွားကာကွယ်ရေး လေပြင်းမုန်တိုင်းကြောင့် ကျွနု်ပ်တို့၏ နိုင်ငံစုံနှင့် ကုန်သွယ်ရေးစနစ်အပေါ် အထိနာစေကြောင်း” ထိုင်း အာဏာသိမ်းစစ်ခေါင်းဆောင်မှ ဝန်ကြီးချုပ် ဖြစ်လာသူ ပရာယုချန်အိုချာက ပြောကြားသည်။

ကုန်သွယ်ရေးပဋိပက္ခကြောင့်ဖြစ်လာသော ၎င်းတို့၏ စိုးရိမ်သောကကို ယခုသီတင်းပတ်တွင် ဂျပန်၌ ကျင်းပတော့မည့် G-20 အစည်းအဝေးသို့ အာဆီယံအဖွဲ့က သယ်ဆောင်သွားရလိမ့်မည်ဟု ချန်အိုချာက ပြောသည်။

ယခုနှစ်အတွင်း တရုတ်နိုင်ငံက ဦးဆောင်ကျင်းပသည့် ကုန်သွယ်ရေးသဘောတူညီမှု ဆွေးနွေးပွဲကို အလျင်အမြန် အပြီးသတ်ရန်ကိုလည်း အာဆီယံခေါင်းဆောင်များက တိုက်တွန်းလိုက်သည်။ ဤသဘောတူညီချက်ကိုသာ လက်မှတ်ထိုးနိုင်ခဲ့ကြပါက ကမ္ဘာ့အကြီးဆုံး ကုန်သွယ်မှုသဘောတူညီချက်ဖြစ်လာမည်ဖြစ်သည်။

‘ဒေသတွင်းအလုံးစုံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု’-Regional Comprehensive Econimic Partnership (RECP) တွင် အာဆီယံ (၁၀) နိုင်ငံ၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျနှင့် နယူးဇီလန်နိုင်ငံတို့ ပါဝင်သည်။ RECP သာ ဖြစ်ပေါ်လာပါက ယခုဖြစ်ပေါ်နေသော ကုန်သွယ်ရေးပဋိပက္ခကြောင့် ထိခိုက်မှုမျိုးမှ သက်သာစေလိမ့်မည်ဟု ပရာယုချန်အိုချာက ပြောသည်။

အမေရိကတွင် သမ္မတဒေါ်နယ်ထရမ့်အစိုးရ တက်လာပြီးနောက် ကုန်သွယ်ရေးသဘောတူညီချက် နောက်တစ်ခုမှ နုတ်ထွက်သည့်အနေဖြင့် အာရှဒေသမှ အမေရိကန်ထွက်ခွာသွားပြီးနောက် တရုတ်နိုင်ငံအနေဖြင့် အာရှ-ပစိဖိတ် ကုန်သွယ်ရေးဥပဒေကို ရေးဆွဲနိုင်ရန်အတွက် RCEP သဘောတူညီချက်က ဖန်တီးပေးလိုက်သလိုဖြစ်သွားသည်။ သို့သော် မကြာမီလများအတွင်း တိုးတက်မှုများမှာ အထစ်ထစ်အငေါ့ငေါ့နှင့် ကြန့်ကြာနေသည်။ အိန္ဒိယနိုင်ငံက ကြီးမားလှသော နိုင်ငံတွင်း စားသုံးသူဈေးကွက်ကြီးထဲသို့ ဈေးပေါပေါနှင့် တရုတ်ပစ္စည်းများ လှိမ့်ဝင်လာမည်ကို စိုးရိမ်နေသောကြောင့်ဖြစ်သည်။

အငြင်းပွားမှုဖြေရှင်းရေးအတွက် ကုန်ပစ္စည်းအမျိုးအစားတချို့ကို ဖယ်ရှားရေးတို့အပါအဝင် အခြားပြဿနာတချို့လည်း ဖြေရှင်းဖို့ကျန်နေသေးသည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ပြောသည်။

“RCEP လက်မှတ်ထိုးဖို့ သတ်မှတ်ထားတဲ့ အချိန်တွေကျော်လွန်သွားခဲ့တာ နှစ်တွေအတော်ကြာသွားပါပြီ” ဟု Muhammad Shahrul Ikram Yaakob က သတင်းထောက်များကို ပြောကြားသည်။

ရိုဟင်ဂျာအရေးသဘောကွဲလွဲ

နှင်ထုတ်ခံ ရိုဟင်ဂျာများပြန်လာရေး အငြင်းပွားဖွယ်အစီအစဉ်နှင့် တောင်တရုတ်ပင်လယ်အတွင်း ဆက်လက်ရုန်းကန်နေမှုများအရေးတို့ကိုလည်း ယခုနှစ်တွင် ထိုင်းနိုင်ငံက ဥက္ကဌအဖြစ် တာဝန်ယူသော ထိပ်သီးအစည်းအဝေးတွင် ခေါင်းဆောင်များ ဆွေးနွေးခဲ့ကြသည်။

နှစ်ပတ်လည်ထိပ်သီးအစည်းအဝေးအတွင်း အာဆီယံခေါင်းဆောင်များသည် ညီညွတ်မှုပုံရိပ် မကြာခဏ ပျက်ပြားသွားခဲ့ကြသည်။

သို့သော် ဒေသတွင်း ရင်ဆိုင်ကြုံတွေ့နေရသော အပြင်းထန်ဆုံးပြဿနာများနှင့် ပတ်သက်၍ တိကျသော ဆုံးဖြတ်ချက်ချဖို့ထက် သံတမန်နည်းဖြင့် ချိုသာသောစကားများဖြင့်သာ ကုန်ဆုံးသွားစေခဲ့သည်ဟု ဝေဖန်မှုများလည်း ရှိနေသည်။ ထိုအထဲမှ တစ်ခုမှာ ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်နှိမ်နင်းသဖြင့် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ရောက်ရှိနေကြသော မူဆလင် ၇၄၀,၀၀၀ မြန်မာပြည် ပြန်လာရေးလည်းပါဝင်သည်။

ဤကိစ္စနှင့် ပတ်သက်၍ အပွင့်လင်းဆုံးဝေဖန်သူမှာ မလေးရှားဖြစ်သည်။ ရိုဟင်ဂျာများ ပြန်ရေးအတွက် ၎င်းတို့ကို နိုင်ငံသားပေးရမည်ဟု မလေးရှားကဆိုသည်။

ဤကိစ္စက မြန်မာအစိုးရပေါ်လစီနှင့် ထိပ်တိုက်တိုးနေသည်။ မြန်မာက ၎င်းတို့ကို ဘင်္ဂလားဒေ့ရှ်မှ တရားမဝင် ခိုးဝင်လာသူများဟုသာ သဘောထားသည်။ ဒုက္ခသည်များ နှစ်နှစ်အတွင်း နေရပ်ပြန်ကြလိမ့်မည်ဟု အာဆီယံက ပြောဆိုခဲ့သဖြင့်လည်း ဝေဖန်ခံထားရသည်။ ယခုချိန်အထိ မိမိတို့သဘောအလျောက် ပြန်သူ တစ်ယောက်မှ မရှိသေးပေ၊ နိုင်ငံသား မပေး၍လည်းကောင်း၊ လုံခြုံရေးစိတ်မချ၍လည်းကောင်း မပြန်ကြခြင်းဖြစ်သည်။

ယခုအာဆီယံထိပ်သီးအစည်းအဝေး နောက်ဆုံးထုတ်ပြန်ချက်တွင် “နေရပ်ပြောင်းရွှေ့ခံရသူများအား ဘေးကင်းသော၊ လုံခြုံသော၊ သိက္ခာရှိသောပုံစံဖြင့် မိမိတို့ဆန္ဒအလျောက် နေရပ်ပြန်နိုင်ရန် မြန်မာအစိုးရ၏ ကြိုးပမ်းမှုကို အာဆီယံခေါင်းဆောင်များက ထောက်ခံသည်” ဟု ဖော်ပြပါရှိသည်။ ထုတ်ပြန်ချက်တွင် ‘ရိုဟင်ဂျာ’ဟူသော စကားလုံး မပါရှိချေ။

တောင်တရုတ်ပင်လယ်တွင် သယံဇာတကြွယ်ဝလှသော ရေကြောင်းလမ်းကို တရုတ်က သူတစ်ဦးတည်း ပိုင်ဆိုင်သည်ဟု ပြောဆိုခြင်းကို ဖိလစ်ပိုင်က ကန့်ကွက်ထားသည်ဖြစ်ရာ ထိပ်သီးဆွေးနွေးပွဲအတွင်း ဤကိစ္စလည်းပေါ်လာခဲ့သည်။ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက အာဆီယံနိုင်ငံများနှင့် တရုတ်အကြားကာလရှည်ကြာ နှောင့်နှေးနေခဲ့သော Code of Conduct လုပ်ဆောင်ရေးနည်းလမ်းကြောင့် စိတ်ပျက်မိကြောင်းပြောသည်။ ဤသို့ နည်းလမ်းမထားရှိလျှင် ‘အတွက်အချက်လွဲမှားပြီး ထိမ်းမနိုင် သိမ်းမရ’ တွေ ဖြစ်လာနိုင်သည်ဟု ၎င်းက ပြောသည်။

ထိပ်သီးအစည်းအဝေးအတွင်း ပင်လယ်တွင်း စွန့်ပစ်ပစ္စည်းများ marine waste စွန့်ပစ်မှုတိုက်ဖျက်ရေး ‘Bangkok Declaration’ ဘန်ကောက်ကြေညာချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြသည်။ သို့သော် ဝေဖန်သူများကမူ ဤသဘောတူညီချက်သည် ဒေသတွင်းကြီးမားလာနေသော ပလပ်စတစ်ပြဿနာကို လုံလောက်စွာ ကိုင်တွယ်နိုင်မည် မဟုတ်ဟု ဝေဖန်ကြသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar