နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ ဇေယျသိဒ္ဓိရပ်ကွက် အမှတ် (၅) အထက်တန်းကျောင်းရှိ မဲရုံသို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် မဲပေးရန် တန်းစီနေစဉ်။ (ဓာတ်ပုံ – စိုးသန်းလင်း)
စိုးသန်းလင်း
နေပြည်တော်၊ နိုဝင်ဘာ ၈
နိုင်ငံတော် သမ္မတဦးသိန်းစိန်က “ကိုယ့် ပါတီ ဖွံ့ဖြိုးတိုးတက်ဖို့ဆောင်ရွက်စရာတွေ ရှိသေးတော့ အမှန်အတိုင်းပြောရင်တော့ ကိုယ့်ပါတီကိုပဲ ကိုယ် မဲပေးပါမယ်၊ တခြားပါတီကို မဲပေးတယ်ပြောရင် လိမ်ညာပြောရာ ရောက်မယ်” ဟု မီဒီယာကို ဖြေကြားခဲ့သည်။
နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဇေယျသိဒ္ဓိရပ်ကွက်၊ အ ထ က (၅) အတွင်းရှိ မဲရုံအမှတ် (၁) တွင် နံနက် ၁၁း၁၀ နာရီ ၌ ဒေါ်ခင်ခင်ဝင်းနှင့်အတူ ရောက်ရှိလာပြီး ပြည်သူတို့ နှင့်အတူ အများနည်းတူ ဝင်ရောက် တန်းစီ မဲပေးခဲ့သော သမ္မတကြီးက မီဒီယာ၏အမေးကို ဖြေကြားခဲ့ခြင်းဖြစ်သည်။
stl_25.jpg
ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အင်န်အယ်လ်ဒီပါတီမှ ဦးဖြိုးဇေယျာသော်က မီဒီယာ၏ အမေးကို ဖြေကြားစဉ်။ ဓာတ်ပုံ – စိုးသန်းလင်း
ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အင်န်အယ်လ်ဒီပါတီမှ ဦးဖြိုးဇေယျာသော်က မီဒီယာများ၏ အမေးကို ဖြေကြားစဉ်။ ဓာတ်ပုံ – စိုးသန်းလင်း
မဲပေးသူဦးရေ ၂,၁၇၉ ဦး ရှိပြီး ကြိုတင်မဲ ၆၀၀ ခန့်ရှိသည့် အဆိုပါ မဲရုံသို့ဇေယျသိဒ္ဓိရပ်ကွက်မှ ပြည်ထောင်စုဝန်ကြီးအချို့အပါအဝင် အရာရှိကြီးများ၊ ဝန်ထမ်းများ လာရောက်မဲပေးခဲ့ကြရာ သမ္မတကြီးမဲပေးပြီးသည့် ၁၁ နာရီကျော်ကျော်တွင် လူဦးရေ ၆၀၀ ခန့်သာ မဲပေးရသေးသည့် အနေအထားအပေါ် ထိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အင်န်အယ်လ်ဒီပါတီမှ လက်ရှိ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်က ” တစ်နာရီကို လူ ၈၀ ဦးနှုန်းလောက်ပဲ မဲပေးနိုင်ပြီး လူ ၂,၀၀၀ ကျော်ရှိတဲ့ ဒီလို မဲရုံတွေမှာ အချိန်လုံလောက်ပါ့မလား စိုးရိမ်ပါတယ်” ဟု ပြောခဲ့သည်။
အဆိုပါမဲရုံသို့ရောက်ရှိနေသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်ဦးက “ဒီမဲရုံမှာ ကြိုတင်မဲက ၆၀၀ ကျော်ရှိတော့ မဲပေးသူ ၁,၄၀၀ လောက်ပဲရှိတော့လို့အချိန်လုံလောက်ပါတယ်၊ ကြိုတင်မဲနည်းပြီး လူများတဲ့ မဲရုံတွေမှာလည်း အချိန်လွန်တဲ့အထိ ဆက်ပေးသွားနိုင်အောင် စီစဉ်ထားပါတယ်” ဟု Frontier ကို ဖြေခဲ့သည်။
ဦးးဇေယျာသော်နှင့် အဓိက ယှဉ်ပြိုင်ရသည့် ပြည်ခိုင်ဖြိုးပါတီမှ ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမြတ်ဟိန်းကလည်း “အချိန်လုံလောက်ပါတယ်၊ UEC က ကြိုတင်တွက်ချက်ပြီး စီစဉ်ထားပါတယ်” ဟု ပြောခဲ့သည်။
ထို မဲရုံသို့ ဟိုတယ်/ ခရီး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်နှင့် သစ်တောဝန်ကြီး ဦးဝင်းထွန်းတို့လည်း လာရောက် မဲပေးခဲ့ကြသည်။