ကိုမျိုးရန်နောင်သိမ်းအား စွဲချက်တင်ရန် ရဲတပ်ဖွဲ့က အထောက်အထား စုဆောင်းနေဆဲ၊ ရမန်ထပ်ယူရဖွယ်ရှိ

ရန်ကုန်၊ နိုဝင်ဘာ ၇

တပ်မတော်အပေါ် ဝေဖန်ထားသည့် စာသားများကို လူမှုကွန်ယက်ပေါ်တွင် ရေးသားခဲ့သည်ဆိုကာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆/ဃ ဖြင့် အမှုဖွင့်ထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ သုတေသနအဖွဲ့၏ ဒုခေါင်းဆောင် ကိုမျိုးရန်နောင်သိမ်းအမှုတွင် ၎င်းအား စွဲချက်တင်ရေးအတွက် အထောက်အထား ခိုင်လုံစွာရရှိရန် ဆက်လက် စုဆောင်းနေဆဲဖြစ်သဖြင့် နိုဝင်ဘာ ၉ နေ့ရက်တွင် တရားရုံး၌ ရမန်ထပ်မံရယူရဖွယ်ရှိသည်ဟု လှိုင်မြို့နယ်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက နိုဝင်ဘာ ၇ ရက်နေ့တွင် ပြောကြားသည်။

“ကျွန်တော်တို့ လာမယ့် ၉ ရက်နေ့မှာ ရဲလုပ်ငန်း အချက်အလက်ရယူနိုင်ရေးအတွက် ထပ်ပြီး ရမန်ထပ်ယူနိုင်ဖို့ ရှိနိုင်ပါတယ်။ လက်ရှိတော့ သက်ဆိုင်ရာ အမှုစစ်က ရဲလုပ်ငန်းနဲ့ပက်သက်တဲ့ ဆောင်ရွက်ချက်တွေကို ဆက်လုပ်နေပါတယ်” ဟု တာဝန်ကျ ရဲအရာရှိက Frontier ကို ယနေ့မွန်းလွဲပိုင်းက ပြောကြားသည်။

Bayda Institute ၏ ဒါရိုက်တာလည်းဖြစ်သူ ကိုမျိုးရန်နောင်သိမ်းကို နိုဝင်ဘာ ၄ ရက်နေ့၊ မွန်းလွဲ ၃ နာရီခန့်တွင် ဗဟန်းမြို့နယ် ယုဇနဟိုတယ်၌ လှိုင်မြို့နယ်ရဲစခန်းမှ တာဝန်ရှိသူများက ဖမ်းဆီး ထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း လှိုင်မြို့နယ်ရဲစခန်းမှ သိရသည်။

ထို့နောက် နိုဝင်ဘာ ၅ ရက်နေ့တွင် ရုံးထုတ်ကာ နိုဝင်ဘာ ၃ ရက်မှ ၉ ရက်နေ့အထိ ဖမ်းဆီးထိန်းသိမ်းခွင့်ကို လှိုင်မြို့နယ်ရဲစခန်းက သက်ဆိုင်ရာတရားရုံးတွင် လျောက်ထားခဲ့သည်။

၎င်းအမှုကို စစ်ဆေးသည့် အမှုစစ်အရာရှိ ဒုရဲအုပ် ဇော်ဝင်းမောင်က “သူ့ကိုတိုင်တန်းစာအရ ဖမ်းဆီးရတဲ့အကြောင်းနဲ့ တိုင်တန်းစာကို သူ့ရှေ့မှာတင် ဖတ်ပြခဲ့ပါတယ်။ အခုတော့ ရဲလုပ်ငန်းနဲ့ ပက်သက်တာကို လုပ်နေတယ်။ လာမယ့် ၉ ရက်နေ့မှာ ရမန်ထပ်ယူဖို့ကတော့ ကျွန်တော်တို့အလုပ်ပေါ် မူတည်တယ်” ဟု ပြောကြားသည်။

ကိုမျိုးရန်နောင်သိမ်းသည် အောက်တိုဘာ ၁၁ ရက်နေ့၊ မွန်းတည့် ၁၂ နာရီ မိနစ် ၂၀ ခန့်က ၎င်း၏ လူမှုကွန်ယက် Facebook စာမျက်နှာပေါ်တွင် “ပြဿနာက ကိုယ့်အလုပ် ကိုယ်မလုပ်တာ” စသည့် တပ်မတော်အပေါ် ဝေဖန်ထားသည့် စာသားများပါဝင်သော စာများကို ရေးသားခဲ့ခြင်းကြောင့် အမှုဖွင့်ခံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

ထိုသို့ရေးသားမှုနှင့်ပက်သက်ပြီး ပုဒ်မ ၆၆/ဃ ဖြင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုဗိုလ်မှူးကြီးလင်းထွန်းက တရားလိုပြုလုပ်ကာ လှိုင်မြို့နယ်ရဲစခန်းတွင် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆/ဃ တွင် ဆက်သွယ်ရေးကွန်ရက်တစ်ခုခုကိုအသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရားတားဆီး ကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာသုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း ပြစ်မှု တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ဖော်ပြထားသည်။

“သူ အောက်တိုဘာ ၁၁ ရက်နေ့က ဖေ့ဘုတ်မှာ စာတစ်ခုတင်ခဲ့တာ သူကိုယ်တိုင်သိပါတယ်။ ဘာကြောင့် အမှုဖွင့်တယ်ဆိုတာကိုလည်း သူ့ကိုပြောပြထားပြီးပါပြီ” ဟု အမှုစစ် ဒုရဲအုပ် ဇော်ဝင်းမောင်က ပြောသည်။

ကိုမျိုးရန်နောင်သိမ်း၏ မိသားစုဝင်ဖြစ်သူ မျိုးထိုက်တန်သိမ်းက ရဲစခန်းက ကိုမျိုးရန်နောင်သိမ်းကို ဖမ်းဆီးကာ စစ်ဆေးမေးမြန်းနေသော်လည်း မည်သို့ စွပ်စွဲထားသည်နှင့် မည်သည့်အတွက် ဖမ်းဆီးရသည်ကိုမူ မိသားစုသို့ တစ်စုံတရာ ပြောဆိုရှင်းလင်းခြင်းမရှိသေးဟု ပြောကြားသည်။

“ပုဒ်မ ၆၆/ဃ နဲ့ ဖမ်းပြီးစစ်တယ်ပဲ ပြောတယ်။ သေချာဘာတစ်ခုမှ ပြောပြတာမရှိတဲ့အပြင် ဒီတစ်ခါ ရုံးထုတ်ရင်လည်း ဘာအတွက်ကြောင့် ထုတ်မယ်ဆိုတာကို လုံးဝမသိရပါဘူး” ဟု ၎င်းကပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကမူ အမှုနှင့် ပတ်သက်ပြီး ဥပဒေအကျိုးဆောင်များကို ပါတီ၏ ဥပဒေ အထောက်အကူပြုအဖွဲ့က ပံ့ပိုးကာ အမှုကို ရင်ဆိုင်နိုင်ရန် ပြင်ဆင်ထားသည်ဟု ဆိုသည်။

“အခုကျွန်တော်တို့မှာ ကာယကံရှင်က လိုချင်တဲ့ရှေ့နေကို အဆင်သင့်ပြင်ထားပေးပါပြီ။ ဘယ်သူဆိုတာတော့ ကာယကံရှင်မသိပဲ မပြောချင်ပါဘူး။ ပါတီက ဥပဒေကြောင်းအရ အတက်နိုင်ဆုံး လိုက်လံဆောင်ရွက်မှာပါ” ဟု ပါတီအတွင်းရေးမှူးအဖွဲ့ဝင် ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းက ပြောကြားသည်။

ကိုမျိုးရန်နောင်သိမ်းအပေါ် အမှုဖွင့် တိုင်တန်းထားသည့်ကိစ္စနှင့် ပတ်သက်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ပြောရေးဆိုခွင့်ရှိသူအဖြစ် သတ်မှတ်ပေးထားသူ ဗိုလ်ချုပ်အောင်ရဲဝင်းထံ Frontier က ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဆက်သွယ် ဖြေကြားပေးနိုင်ခြင်း မရှိခဲ့ပေ။

တပ်မတော် သတင်းမှန်ပြန်ကြားရေးမှ တာဝန်ရှိသူ ဗိုလ်မှူးကြီးတစ်ဦးကမူ ရန်ကုန်တိုင်းစစ်ဌာနချုပ်ကသာ ဖြေကြားပေးနိုင်မည်ဖြစ်သည်ဟု ပြောကြားသည်။

ဆက်သွယ်ရေးဥပဒေကို စစ်အစိုးရလက်ထက် ၁၉၉၄ ခုနှစ်တွင် စတင်ပြဌာန်းခဲ့ခြင်းဖြစ်ပြီး၊ ၂၀၁၃ ခုနှစ် ဦးသိန်းစိန်အစိုးရ လက်ထက်တွင် ပြစ်မှုပြစ်ဒဏ်အချို့ကို ပြန်လည်ပြင်ဆင်ခဲ့သေးသည်။

လူမှုကွန်ယက်ပေါ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့အား သရော် လှောင်ပြောင်ခဲ့ကြသူများကို အမှုဖွင့်တရားစွဲဆိုရန် အသုံးပြုလေ့ရှိသည့် ထိုဥပဒေမှ ပုဒ်မ ၆၆/ဃ ကို ပယ်ဖျက်နိုင်ရေးအတွက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ချို့ကလည်း ဆန္ဒဖော်ထုတ် တောင်းဆိုနေကြသည်။

သတင်း-ဟိန်းကိုစိုး

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar