မြန်မာနိုင်ငံတွင် အိမ်ထောင်စု သန်းပေါင်းများစွာ ငွေကြေးကပ်ဆိုက်နေသည်ကို တားဆီးရန်အစိုးရက အဆောတလျင် အရေးယူဆောင်ရွက်ရန်လိုအပ်လျက်ရှိသည်။
နှစ်ဆန်းပိုင်းတွင် ကိုဗစ် ၁၉ စတင်ဖြစ်ပွားသောအခါ မြန်မာနိုင်ငံတွင်အဆိုးဆုံးဖြစ်လာမည်ကို အများက ကြောက်နေသည်။
မြန်မာနိုင်ငံသည် ရောဂါစတင်ဖြစ်ပွားရာတရုတ်နိုင်ငံနှင့်လည်းကောင်း၊ တရုတ်နိုင်ငံပြင်ပတွင်ရောဂါကူးစက်မှု ပထမဆုံးဖြစ်ပွားရာ ထိုင်းနိုင်ငံနှင့်လည်းကောင်း ရှည်လျားပြီးဥဒဟိုဝင်ထွက်နေသောနယ်စပ်ချင်းဆက်စပ်နေသည်။
သိန်းချီသောနိုင်ငံခြားသားခရီးသည်များသည် တရုတ်နိုင်ငံမှတိုက်ရိုက်လေကြောင်းခရီးစဉ်များဖြင့် ရန်ကုန်နှင့် မန္တလေးမြို့များသို့ နှစ်စဉ်ရောက်ရှိနေသကဲ့သို့ နယ်စပ်ဒေသကုန်းကြောင်းခရီးကိုဖြတ်ကျော်၍ ရွှေ့ပြောင်းနေထိုင်သူများ၊ ကုန်သည်များနှင့် ကာလတိုအလည်လာသူအမြောက်အမြား နေ့စဉ်ဝင်ထွက်လျက်ရှိသည်။
နယ်စပ်ဒေသများကိုထိန်းချုပ်ရာတွင် အစိုးရ၌အကန့်အသတ်များရှိပြီး ငွေကြေးထောက်ပံ့မှုနည်းသောနိုင်ငံ့ကျန်းမာရေးစနစ်မှာ ကြိုတင်ပြင်ဆင်မှုညံ့ဖျင်းသည်။ ကပ်ရောဂါ၏ အထူးတလည်ခြိမ်းခြောက်မှုကို အသိအမှတ်ပြု တုံ့ပြန်ရာတွင်လည်း အစိုးရက နှေးကွေးခဲ့သည်။
သို့တိုင်အောင် ခေါင်းဆောင်မှု၊ ကြိုးပမ်းဆောင်ရွက်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် အနည်းငယ်ကံကောင်းထောက်မမှုတို့ကြောင့် မြန်မာနိုင်ငံ၏ ကူးစက်ခံရသူဦးရေမှာ စံချိန်တင်လောက်အောင်နည်းပြီး သေဆုံးသူမှာခြောက်ဦးမျှသာရှိခဲ့သည်။
တုံ့ပြန်မှုမှာ မပြည့်စုံခဲ့ပါ။ သို့သော် ဤအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရာတွင် အစိုးရကိုချီးကျူးထိုက်သည်။ အလားတူ ထောင်ပေါင်းများစွာသော ကျန်းမာရေးဝန်ထမ်းများနှင့် လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းများ အပါအဝင် ဒေသန္တရတာဝန်ရှိသူများနှင့် တခါတရံ မိမိကိုယ်တိုင်အန္တရာယ်နီးသည့်တိုင် လူ့အဖွဲ့အစည်း ဘေးအန္တရာယ် ကင်းရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် နိုင်ငံတဝန်းမှ စေတနာ့ဝန်ထမ်းများကိုလည်း ချီးကျူးရမည် ဖြစ်ပေသည်။
သို့သော်မြန်မာနိုင်ငံသည် ဘေးမသီရန်မခရှိခဲ့သည်တော့မဟုတ်ပါ။
ကိုဗစ် ၁၉ က စီးပွားရေးကို လူအများ ကနဦးခန့်မှန်းထားသည်ထက် ပိုမိုပြင်းထန်စွာရိုက်ခတ်ခဲ့သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ အာရှဖောင်ဒေးရှင်း၊ လူမှုစီးပွားရေး လုပ်ငန်း ONOW စသည်တို့က ပြုလုပ်သောများစွာသောစစ်တမ်းများအရ ငွေကြေးအရ အထိအခိုက် နက်ရှိုင်းမှုရှိသည်ကိုတွေ့ရသည်။
ယခုဘဏ္ဍာနှစ်အတွက် ဂျီဒီပီတိုးတက်နှုန်းကို သုညဒသမ ၅ ရာခိုင်နှုန်းသို့ ဇွန်လနှောင်းပိုင်းတွင်ကမ္ဘာ့ဘဏ်က လျှော့ချ ပြင်ဆင်ခဲ့သည်။ ဤနှုန်းမှာ ဒေသတွင်းစံအရ ရလဒ်မဆိုးပါ။ သို့သော် အောက်တိုဘာ ၃၁ ရက်မှ မတ် ၃၁ ရက် အထိ ဘဏ္ဍာနှစ်ဝက်တွင်ရှိခဲ့သော တိုးတက်နှုန်းခိုင်မာမှုအရကြည့်ပါက စီးပွားရေး တိုးတက်နှုန်းကျဆင်းသည့်သဘောဖြစ်နေသည်။
နောင်တွင်ဖြစ်ပေါ်လာမည့် ရောဂါကူးစက်မှုအခြေအနေ၊ အိမ်ထောင်စုများနှင့်စီးပွားရေးလုပ်ငန်းများ၏ငွေကြေး ဆုံးရှုံးမှုအတိုင်းအတာနှင့် ပြင်ပတွင်ဖြစ်ပေါ်နေသော အခြေအနေများပေါ်မူတည်၍ စီးပွားရေးကျဆင်းမည်ဟု ခန့်မှန်းမည်ဆိုပါက ယခုနှစ်စီးပွားရေးတိုးတက်နှုန်းသည် ၂ ဒသမ ၅ ရာခိုင်နှုန်းကျဆင်းမည်ဟု ကမ္ဘာ့ဘဏ်မှ နောက်ဆုံးထုတ်ပြန်သော Myanmar Economic Monitor တွင်သတိပေးထားသည်။
သို့သော်လည်း ဂျီဒီပီ တိုးတက်နှုန်းကိန်းဂဏန်းများက အခြေအနေကို အပြည့်အဝပုံဖော်မပေးနိုင်ပါ။ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုသည် အခြားနိုင်ငံများထက်ပိုမိုမြင့်မားကောင်း မြင့်မားနိုင်သည်။ သို့သော်လည်း ဆင်းရဲမှုမျဉ်းအောက် ရောက်နေသူ၊ သို့မဟုတ် အပေါ်နားတွင်ကပ်နေသူအချိုးအစားမှာ အတန်ပင်မြင့်မားနေပြီး လူမှုဖူလုံရေးကွန်ရက်မှာ မရှိသလောက်ဖြစ်သည်။
ကိုဗစ် ၁၉ ၏စီးပွားရေးအပေါ်ရိုက်ခတ်သောဂယက်များသည် အားအနည်းဆုံးသူများအပေါ် အချိုးအစားမမျှမတ ကျရောက်လျက်ရှိပြီး လွန်ခဲ့သောဆယ်စုနှစ်အတွင်း ဆင်းရဲမှုလျှော့ချရေးအတွက်မြန်မာနိုင်ငံက ရရှိထားသော အောင်မြင်မှုများကိုဖြိုဖျက်ရန် ခြိမ်းခြောက်လျက်ရှိသည်။
သို့သော် ဆင်းရဲတွင်းနှင့် အလွန်အမင်းခက်ခဲမှုအောက်သို့ သန်းပေါင်းများစွာပြန်လည်ကျရောက်မည့်အခြေအနေမှာ မလွှဲမရှောင်သာသော အခြေအနေဖြစ်သည်။ အဆင်းရဲဆုံးမိသားစုများ၏ နာကျင်ခံစားမှု သက်သာစေရေးအတွက် အစိုးရက အများကြီးဆောင်ရွက်ရန်နှင့် ပိုမိုလျင်မြန်စွာဆောင်ရွက်ရန်လိုသည်။
ဧပြီကထုတ်ပြန်ခဲ့သော ကိုဗစ် ၁၉ ကြောင့် ထိခိုက်ခံစီးပွားရေး ကယ်ဆယ်ရေးစီမံကိန်းကို သတိထား၍ အကောင်အထည်ဖော်လျက်ရှိသည်။ နှစ်လကျော် ဆောင်ရွက်လာပြီးနောက် “ရှေ့ပြေးစီမံစီမံကိန်းများ” နှင့် ငွေကြေးထောက်ပံ့မှုမှအစပြုပြီး ကျေးလက်လုပ်ငန်းအစီအစဉ်များအထိပါဝင်သော စီမံကိန်းများအတွက် “စီမံချက်များ” အကြောင်း တာဝန်ရှိသူများကဆက်လက်ပြောကြားလာကြသည်။
ဤအချက်များမှာ ယခုပင်လိုအပ်နေပြီး ဆင်းရဲသားမိသားစုများက မစောင့်နိုင်တော့ပါ။
အချို့တုန့်ပြန်အရေးယူမှုများမှာ စီစဉ်ပုံညံ့ဖျင်းမှုကြောင့် ထိရောက်မှုမရှိခဲ့ပေ။ ဥပမာအားဖြင့် စံနှုန်းသတ်မှတ်ချက်များ ကျဉ်းမြောင်းလွန်းသည့်အတွက် စီးပွားရေးလုပ်ငန်းများမှာ အစိုးရ၏ကိုဗစ် ၁၉ ရန်ပုံငွေမှရရှိမည့် အရေးပေါ်ငွေကြေး ထောက်ပံ့မှုကို လက်လှမ်းမမီခဲ့ပေ။ အထူးသဖြင့် ခရီးသွားကဏ္ဍတွင် ချေးငွေရရှိသူများမှာလည်း တစ်နှစ်ကြာပြီးနောက် ပြန်လည်ပေးဆပ်နိုင်မည့်မျှော်လင့်ချက်မှာ မရှိသလောက်ဖြစ်သည်။ လုပ်ငန်းကိုမျှောထားပြီး ဝန်ထမ်းကို ဆက်ခန့်ထားသောလုပ်ငန်များမှာမူ အကျုံးဝင်မှုမရှိပေ။ ပရိုဂရမ်၏ထိရောက်မှုကို ထိခိုက်နိုင်သည့်အတွက် ဝန်ထမ်းထိန်းထားရေးမှာ ချေးငွေအတွက်အရေးပါသောအချက်မဟုတ်ပေ။
မှန်ပါသည်။ အစိုးရသည် ဆိုးရွားလွန်းသောအကျပ်အတည်းများအကြားတွင်လုပ်ကိုင်လျက်ရှိသည်။ အခွန်ရရှိမှု အထူးတလည် ကျဆင်းနေသည့်အတွက် ကိုဗစ် ၁၉ ကြောင့် ဘဏ္ဍာရေးအခြေအနေမှာ တဲတဲမျှသာရှိနေသည်။ နှစ်ပေါင်းများစွာ အနာခံပြင်ဆင်ရန်လိုနေသော ခေတ်ဟောင်းဗြူရိုကရေစီစနစ်ကြောင့် အကောင်အထည်ဖော်ရေး စွမ်းဆောင်ရည်မှာလည်း အားနည်းနေသည်။
သို့သော်လည်း ကျန်းမာရေးကိစ္စကိုတုံ့ပြန်ဆောင်ရွက်ခဲ့သောအဆင့်နှင့်အညီ စီးပွားရေးတွင် အလားတူခေါင်းဆောင်မှုအဆင့်ကို ပြသရန်လိုသည်။
ကုမ္ပဏီများအတွက်စီးပွားရေးကယ်ဆယ်ရေးအစီအမံများကို တရားဝင်မဟုတ်သောကဏ္ဍများပါဝင်ရေးနှင့် လုပ်ငန်းခွင်များ၌ ဝန်ထမ်းထိန်းထားရေးကို အလေးထားဆောင်ရွက်ရန် ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်သင့်သည်။ အထူးသဖြင့် ငွေကြေးထောက်ပံ့ခြင်းကဲ့သို့သော ပိုမိုဆင်းရဲသူများကိုရည်မှန်းချက်ထားသော စီမံကိန်းများကို သွက်လက်အောင်၊ သို့မဟုတ် ကျယ်ပြန့်အောင်ဆောင်ရွက်သင့်သည်။
ငွေကြေးထောက်ပံ့မှုက အကုန်အကျများမည်။ သို့သော် အစိုးရက ငွေကြေးကိုအလဟဿဖြုန်းတီးမည်မဟုတ်ပေ။ ကလေးများကျောင်းဆက်ထားရန်၊ ကျန်းမာရေးစောင့်ရှောက်မှုအတွက် မိသားစုများသုံးစွဲနိုင်ရန်၊ အသေးစား လယ်ယာလုပ်ကိုင်သူများက သွင်းအားစုများ ထည့်သွင်းရန်နှင့် အခြားကိစ္စများအတွက် ရင်းနှီးမြှုပ်နှံမည်ဖြစ်သည်။
ပြောခဲ့သမျှမှာ ကိုဗစ် ၁၉ ကူးစက်မှု “ဒုတိယလှိုင်း” အကြောင်းဖြစ်သော်လည်း စီးပွားရေးဘေးဒုက္ခ ဒုတိယလှိုင်းက ပိုမိုမြင့်မားစွာ လူးလွန့်လျက်ရှိသည်။ အခုအချိန်သည် ပေါ့ပေါ့ဆဆနေရမည့်အချိန်မဟုတ်၊ ရဲရင့်ရမည့် အချိန်ဖြစ်သည်။
ဤအယ်ဒီတာ့အာဘော်ကို ၂၀၂၀ ဇူလိုင် ၂ ရက်ထုတ် Frontier Myanmar စာစောင်တွင် ပထမအကြိမ် ဖော်ပြခဲ့ပြီးဖြစ်သည်။
ဇမ္ဗူစိုး ဘာသာပြန်သည်။