ကိုဗစ်-၁၉ကမ္ဘာ့ကပ်ရောဂါရဲ့ နောက်ဆက်တွဲအကျိုးသက်ရောက်မှုတွေဟာ လူ့အသိုင်းအဝိုင်းတွေအပေါ် အရှိန်ပြင်းပြင်း ရိုက်ခတ်နေပါတယ်။ ဒီရိုက်ခတ်မှုဒဏ်တွေထဲက စိတ်ပိုင်းဆိုင်ရာပြဿနာခံစားရခြင်းဟာ ကိုယ့်ကိုယ်ကိုအဆုံးစီရင်တဲ့အထိ အစွန်းတစ်ဘက်ကို တွန်းပို့နိုင်တာကြောင့် လျှော့မတွက်သင့်တဲ့ ကိစ္စရပ်တစ်ခုဖြစ်လာပါတယ်။
အောင်ဖေကြည်စိုး ရေးသားသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ စောပြာရွာရဲ့သုသာန်မှာ လွန်ခဲ့တဲ့ဇွန်လကုန်က ပြုလုပ်တဲ့ မူလတန်း ကျောင်းအုပ်ဆရာကြီး ဦးကျော်စိုးလွင်ရဲ့စျာပနကတော့ ကိုဗစ်-၁၉ကာလမှာဖြစ်ပေမဲ့ တော်တော်စည်ပါတယ်။ ကွယ်လွန်သူဆရာကြီးဟာ လူချစ်လူခင်များသလို လူမှုရေးနဲ့ပရဟိတလုပ်ငန်းတွေမှာ အားတက်သရောပါဝင်ခဲ့လို့ သူ့ရဲ့နာရေးကို တပည့်တွေနဲ့မိတ်ဆွေအပေါင်းအသင်း ၈၀၀ ကျော် လိုက်ပါပို့ဆောင်ခဲ့ပါတယ်။
သူဟာ အသက်ရှင်စဉ်မှာ လေးမျက်နှာမြို့နယ်၊ နာရေးကူညီမှုအသင်းရဲ့တွဲဘက်အတွင်းရေးမှူး၊ မွန်မြတ်မေတ္တာသွေးလှူရှင် အသင်းဥက္ကဋ္ဌအဖြစ်ပါဝင်ခဲ့သလို၊ လေးမျက်နှာမြို့နယ် အခြေခံပညာရေးအလုပ်သမားသမဂ္ဂမှာ အဖွဲ့ဝင်အဖြစ်လည်း လှုပ်ရှားခဲ့ပါတယ်။
သူဟာ မသေဆုံးခင်တစ်လလောက်အလိုမှာ ဇနီးသည်နဲ့စကားများပြီး တာဝန်ကျရာ ကျားကိုက်ကွင်းရွာမူလတန်းကျောင်းမှာ တစ်ဦးတည်းလာရောက်နေထိုင်ခဲ့ပါတယ်။ ဒီလိုနေထိုင်ရင်း ဇွန်၂၄ရက်မှာတော့ ကိုယ့်ကိုယ်ကိုကြိုးဆွဲချ အဆုံးစီရင်ခဲ့ပါတယ်။ သူ့မိတ်ဆွေတွေကတော့ မိသားစုကိစ္စနဲ့ စီးပွားရေးအဆင်မပြေလို့ ဖြစ်နိုင်တယ်လို့ ထင်ကြေးပေးကြပါတယ်။
“တော်တော်များများကတော့ သူ့အပေါ်ယူကျုံးမရဖြစ်တယ်။ ဘာကြောင့်အဲဒီလိုလုပ်လိုက်ရတာလဲပြောပြီး ငိုကြတယ်။ ဒါကိုဝိုင်းဝန်းဖြေရှင်းလို့ရတာကို မပြောဘူး။ အခက်အခဲရှိရင် ရင်နှီးတဲ့သူတစ်ဦးနဲ့တစ်ဦး ပြဿနာတစ်ခုကို တိုင်ပင်ပြီးဖြေရှင်းလို့ရရဲ့သားနဲ့ သူဒီလိုလုပ်သွားတဲ့အတွက် တော်တော်များများက ငိုကြတယ်။ အထူးသဖြင့်တော့ ကျောင်းသားမိဘတွေက ပိုဆိုးတာပေါ့” လို့ ဦးကျော်စိုးလွင်နဲ့ ၁၅နှစ်ကျော်ကြာအောင် ခင်မင်လာတဲ့ လေးမျက်နှာမြို့နယ်၊ ကြည်တော်စုရွာက မူလတန်းကျောင်းအုပ်ဦးမင်းမင်းထွဋ်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ကာလအတွင်း ကပ်ဗစ်ရောဂါရဲ့ နောက်ဆက်တွဲလူမှုဘဝအကျိုးဆက်တွေကြောင့် စိတ်ဖိစီးမှုနဲ့ စိတ်ဓာတ်ကျဝေဒနာခံစားရသူအရေအတွက် များလာနိုင်တယ်လို့ စိတ်ရောဂါအထူးကု ဆရာဝန်တွေကဆိုပါတယ်။ ဒီလိုဝေဒနာခံစားရာကတစ်ဆင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်တဲ့အဆင့်ထိ ရောက်လာနိုင်တာကြောင့် နှစ်သိမ့်ဆွေးနွေး၊ ကုသမှုတွေကို အများပြည်သူလက်လှမ်းမီအောင် ဆောင်ရွက်သင့်တယ်လို့ သူတို့ကဆိုပါတယ်။
“အခုလိုအကျပ်အတည်းကာလမှာ Suicide (ကိုယ့်ကိုယ်ကို အဆုံးစီရင်မှု) များလာတယ်ဆိုတာ ဖြစ်နိုင်ပါတယ်။ နဂိုကတည်းက စိတ်ပိုင်းဆိုင်ရာမကျန်းမာတဲ့ပြဿနာရှိနေတဲ့သူတွေက ဒီလိုအခြေအနေမှာ သူ့မှာထိရောက်တဲ့ ကုသမှုလည်း မရှိဘူး။ သူ့ကိုဘေးက ကူညီထောက်ပံ့ပေးမယ့်သူမရှိဘူးဆိုရင် သူ့ရဲ့ဖိစီးမှုက ပိုကြီးမားသွားတယ်။ အဲဒီအခါ လမ်းရွေးလွဲသွားပြီး suicide နဲ့ဖြေရှင်းလိုက်တတ်ကြတယ်”လို့ စိတ်ကျန်းမာရေးဆေးရုံကြီး(ရန်ကုန်)က ပါမောက္ခ/ဌာနမှူးဒေါက်တာတင်ဦးက ပြောပါတယ်။
ကိုဗစ်-၁၉ကာလမှာ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာခံစားရသူတွေဟာ လိုအပ်တဲ့နှစ်သိမ့်ဆွေးနွေးမှုနဲ့ ကုသမှုတွေခံယူရမှာဖြစ်ပေမဲ့ ဒီလိုလုပ်ရမယ်ဆိုတဲ့ ကျန်းမာရေးအသိပြည်သူတွေမှာ အားနည်းနေသေးတယ်လို့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပညာရှင်တွေကလည်း ဆိုပါတယ်။
“မသိကြတာ နှစ်ပိုင်းရှိတယ်။ တစ်ပိုင်းက ကျန်းမာရေး၊ လူမှုဝန်ထမ်းတွေရဲ့ဝန်ဆောင်မှုပေးတယ်ဆိုတာကို မသိတာကတစ်ပိုင်း၊ ကိုယ့်ကိုယ်ကို၌က စိတ်ဖိစီးမှုရောဂါတွေဖြစ်နေတယ်ဆိုတာကို မသိတာ နှစ်ပိုင်းရှိတယ်”လို့ ပြည်သူ့ကျန်းမာရေးပညာရှင်နဲ့ အငြိမ်းစားညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်လွင်က ပြောပါတယ်။
“အများစုကတော့ စိတ်ဖိစီးနေတယ်ဆိုတာကို သာမာန်လို့ပဲ သဘောထားကြတယ်။ စိတ်ဖိစီးမှုကို ရောဂါတစ်ခုအနေနဲ့ မသတ်မှတ်ကြဘူး။ အခုက တစ်ကမ္ဘာလုံးမှာ ဒီပြဿနာရှိနေတယ်”လို့ သူက ပြောပါတယ်။
စိတ်ကျန်းမာရေးပြဿနာ ပိုမိုဆိုးရွားလာခြင်း
မြန်မာနိုင်ငံမှာ စိတ်ရောဂါနဲ့ပက်သက်ပြီး အဓိကကုသပေးနေတဲ့ အစိုးရဆေးရုံကြီးတွေက ရန်ကုန်နဲ့ မန္တလေးမြို့ နှစ်ခုမှာပဲရှိပါတယ်။ ရန်ကုန်မြို့စွန်မှာရှိတဲ့ ရွာသာကြီးစိတ်ကျန်းများရေးအထူးကုဆေးရုံကြီးရဲ့ ပြင်ပလူနာဌာနကတော့ တစ်ပတ်ကို ခုနှစ်ရက်စလုံးဖွင့်ပြီး တစ်ရက်လာပြတဲ့ လူနာဦးရေက ၁၀၀ ကျော်ပါတယ်။ ပြင်ပလူနာဌာနကို လာပြတဲ့လူနာအများစုဟာ စိတ်အတက်အကျဖြစ်တဲ့ရောဂါ(Bipolar)၊ စိတ်ပိုင်းဆိုင်ရာဖောက်ပြန်တဲ့ရောဂါ (Psychosis) နဲ့ အရက်ဖြတ်တဲ့လူနာတွေဖြစ်တယ်လို့ ဆေးရုံတာဝန်ရှိသူတွေက ဆိုပါတယ်။ အတွင်းလူနာအဖြစ် ဆေးရုံတက်နေတဲ့ လူနာအများစုကတော့ အရက်ဖြတ်တဲ့လူနာတွေဖြစ်ပြီး လက်ရှိမှာတော့ ၁၀ ဦးဝန်းကျင် တက်ရောက်ကုသနေပါတယ်။
ဖရွန်းတီးယားမြန်မာက ရွာသာကြီးစိတ်ကျန်းများရေးအထူးကုဆေးရုံကြီး၊ ပြင်ပလူနာဌာနကို လာရောက်ပြသခဲ့တဲ့ လူနာ၁၀ဦးရဲ့ မိသားစုဝင်တွေကို မေးမြန်းကြည့်ခဲ့ပါတယ်။ ရှစ်ဦးလောက်က စိတ်ဖိစီးမှုကြောင့် စိတ်အတက်အကျရောဂါဖြစ်တဲ့သူတွေဖြစ်ပြီး ကျန်နှစ်ဦးကတော့ အရက်ဖြတ်လူနာတွေဖြစ်ပါတယ်။ စိတ်အတက်အကျဖြစ်တဲ့ လူနာရှစ်ဦးမှာ တစ်ဦးကလူနာသစ်ဖြစ်ပြီး ကိုဗစ်-၁၉ကာလမှာ အလုပ်အကိုင်အဆင်မပြေတာကြောင့် စိတ်ကျရောဂါခံစားနေရသူပါ။
ကိုဗစ်-၁၉ကာလမှာ စိတ်ရောဂါအခံရှိသူတွေဟာ အသွားအလာကန့်သတ်မှုကြောင့် ဆေးခန်းပုံမှန်ပြဖို့ခက်ခဲသလို တစ်မိသားစုလုံး အလုပ်အကိုင်အဆင်မပြေတာကြောင့် ဆေးဝယ်ဖို့တောင် ငွေကြေးမတတ်နိုင်တဲ့ လူနာတွေလည်းရှိနေပါတယ်။ ဒါ့ပြင် တစ်မိသားစုလုံး စားဝတ်နေရေးအတွက်အပူတပြင်းရုန်းကန်ရလို့ ဂရုစိုက်မှုမပေးနိုင်တာကြောင့် အခြေအနေပိုမိုဆိုးရွားလာတဲ့လူနာတွေလည်းရှိကြောင်း ဆရာဝန်တွေက ပြောပါတယ်။
အရှေ့ဒဂုံမြို့နယ်က ရတနာပုံပုဂ္ဂလိကစိတ်ကျန်းမာရေးအထူးကုဆေးရုံ၊ ပြင်ပလူနာဌာနမှာတာ့ ကိုဗစ်-၁၉ကာလအတွင်း လာရောက်ပြသတဲ့ လူနာဦးရေက တစ်လမှာ အယောက်၄၀ဝန်းကျင် ရှိနေပါတယ်။ အလုပ်အကိုင်အဆင်မပြေလို့ စိတ်ဖိစီးမှုခံစားရတဲ့လူနာ၊ စိတ်ဓာတ်ကျတဲ့ လူနာတွေနဲ့ စိုးရိမ်စိတ်လွန်ကဲတဲ့ လူနာတွေဖြစ်တယ်လို့ ဆေးရုံတာဝန်ရှိသူတွေက ဆိုပါတယ်။ ဆေးရုံကိုတက်ရောက်ကုသတဲ့ လူနာက တစ်လမှာ အယောက်၂၀ ကနေ ၃၀ အကြားရှိပြီး အများစုက အရက်နဲ့မူးယစ်ဆေးဖြတ်ဖို့နဲ့ စိတ်အတက်အကျဝေဒနာကုသမှုခံယူမယ့် လူနာတွေဖြစ်ပါတယ်။
“ကိုဗစ်နောက်ပိုင်းကျတော့ ဘာတွေလာလဲဆိုတော့ ပြင်ပလူနာကတော့ ပိုပြီးတော့ များတယ်။ ဘာတွေများလဲ ဆိုတော့ အလုပ်အကိုင်အဆင်မပြေလို့ လူတွေမှာ stress (စိတ်ဖိစီးမှု)ပိုဖြစ်ပြီးတော့ စိုးရိမ်စိတ်ပိုများလာတယ်။ Depression လို စိတ်ဓာတ်ကျတာတွေ တော်တော်များတယ်။။ အဲဒီလိုမျိုးတွေ ပြင်ပလူနာတွေလာပြတဲ့အခါ counselling (နှစ်သိမ့်ဆွေးနွေး) တာတွေရှိတယ်။ Treatment (ကုသပေးတာ) ပေးတာတွေလည်းရှိသလို လိုအပ်ရင်ဆေးပေးကုရတာတွေရှိပါတယ်”လို့ ဆေးရုံအုပ် ဒေါက်တာချမ်းငြိမ်းဦးက ပြောပါတယ်။

ကိုဗစ်-၁၉ကြောင့် စိတ်ပိုင်းဆိုင်ရာပြဿနာခံစားရသူတွေမှာ ကိုယ်တိုင်ရောဂါပိုးကူးစက်ခံရသူတွေလည်း ပါဝင်ပါတယ်။ ဓာတ်ခွဲအတည်ပြုလူနာအမှတ်၂၅အဖြစ် ဆေးဝါးကုသမှုခံယူခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်က ဦးသန့်စင်က သူကြုံခဲ့ရတာတွေကို ပြောပြပါတယ်။
သူ့မှာ ရောဂါကူးစက်ခံရကြောင်း ဧပြီ၉ရက်မှာ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။ ရောဂါကူးစက်ခံရတယ်လို့ မကြေညာခင် ဦးသန့်စင်ဟာ နယ်မြို့တစ်ခုက မင်္ဂလာဆောင်တစ်ခုကို သွားရောက်ခဲ့ဖူးပြီး စတင်ဖျားနာလာတဲ့အခါ ပြင်ပပုဂ္ဂလိကဆေးရုံတစ်ခုမှာ ပြသခဲ့တာကြောင့် သူ့ရဲ့ဓာတ်ပုံကို လူတစ်ချို့က လူမှုကွန်ရက် စာမျက်နှာပေါ်တင်ပြီး ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ခဲ့ပါတယ်။
“ကျွန်တော့်သမီးတွေကတော့ စိတ်ထိခိုက်တာ တော်တော်ဖြစ်တယ်။ ကျွန်တော်တုန်းကဆို တော်တော်ဆိုးပါတယ်။ ဓာတ်ပုံတွေလည်းတင်ကြတယ်။ အကုန်လုံး ကြောက်စိတ်တွေလွန်ပြီးတော့ သံသယနဲ့ထင်ရာမြင်ရာကို လျှောက်ပြောကြတာပေါ့လေ”လို့ ဦးသန့်စင်က ရင်ဖွင့်ပါတယ်။
ကြုံတွေ့ခဲ့ရတဲ့ စိတ်အနှောက်အယှက်ဖြစ်စရာတွေကို တရားမှတ်ပြီးကျော်လွှားနိုင်ခဲ့တယ်လို့ သူက ဆိုပါတယ်။ ဆေးဝါးကုသပြီး နှစ်ပတ်အကြာမှာ ဦးသန့်စင်ဟာ ရောဂါပိုးကင်းစင်ပြီး ကျန်းမာရေးပြန်လည် ကောင်းမွန်လာပါတယ်။
စိတ်ဓာတ်ကျသူတွေကို ဖုန်းခေါ်ဆိုမှုကတစ်ဆင့် အားပေးနှစ်သိမ့်ပေးတဲ့ Call Me Today ဝန်ဆောင်မှုကို ကိုဗစ်-၁၉ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းက ခေါ်ဆိုမှုအများဆုံး ဖြစ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ဩဂုတ်၂၄ရက်မှာ ခေါ်ဆိုမှုအကြိမ်ပေါင်း ၉၀၀ကျော်သွားပြီဖြစ်တယ်လို့ Call Me Today က ကြေညာခဲ့ပါတယ်။
“ကျွန်တော်တို့ဆီကို ရင်ဖွင့်တဲ့အထဲမှာ အဓိကပြောတဲ့အကြောင်းအရာတွေက ကိုဗစ်ကြောင့် နောက်ဆက်တွဲ အလုပ်ဆုံးရှုံးရတာတွေရှိမယ်။ ကိုဗစ်ကြောင့် Relationship (သမီးရည်းစားစုံတွဲများအကြား ဆက်ဆံရေး) ဆုံးရှုံးရတာတွေရှိမယ်။ နောက် Quarantine (အသွားအလာကန့်သတ်မှု) ကိစ္စတွေရှိမယ်”လို့ Call Me Todayကို တည်ထောင်သူ ကိုကျော်ဇင်ကပြောပါတယ်။
လင်မယားချင်းကွာရှင်းချင်လို့ ဆက်သွယ်လာတဲ့သူတွေရှိသလို၊ ပြည်ပကနေ နေရပ်ပြန်ရာမှာ ရွာကလက်မခံလို့ စိတ်ဓာတ်ကျပြီး ခေါ်ဆိုတဲ့သူတွေလည်း ရှိပါတယ်။ တစ်ချို့ဖုန်းခေါ်ဆိုသူတွေရဲ့ ပြဿနာဟာ လူငယ်တွေအကြား နှလုံးသားရေးရာကိစ္စ (Relationship) တွေဖြစ်ပေမဲ့ ကိုယ့်ကိုယ်ကို အဆုံးစီရင်မှုကို ဦးတည်သွားစေနိုင်တဲ့အထိ စိတ်ဓာတ်ကျနေတဲ့ ခေါ်ဆိုသူတွေကို နှစ်သိမ့်ပေးခဲ့ရကြောင်း သူကဆိုပါတယ်။
သာမန်လူတွေ ပြောလေ့ပြောထမရှိတဲ့ “ဆက်မနေချင်တော့ဘူး၊ ကိုယ့်ကိုယ်သတ်သေချင်လို့ ဘယ်လိုလုပ်ရမှန်းမသိဘူး၊ ဒီဘဝက ကိုယ့်အတွက် အဓိပ္ပါယ်မရှိတော့ဘူး” ဆိုတဲ့ စကားမျိုး ပြောလာတဲ့သူတွေကို နှစ်သိမ့်ပေးခဲ့ရတယ်လို့ ကိုကျော်ဇင်ကပြောပါတယ်။
သူပြောသလိုပါပဲ လေးမျက်နှာက မူလတန်းကျောင်းအုပ် ဦးကျော်စိုးလွင် ကိုယ့်ကိုယ်ကို အဆုံးမစီရင်ခင် နာရီပိုင်းအလိုမှာ “လောကကြီးကိုရော ဘဝကိုရော စိတ်နာတယ်ဗျာ”လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ သူရေးသားခဲ့သလို စာသင်ကျောင်းရဲ့ ကျောက်သင်ပုန်းမှာလည်း “နောင်လာမယ့်ကျောင်းအုပ်ကြီးသည် ကျွန်တော့်ထက်ပိုတော်ပြီး အစဉ်အလာကောင်းသော ပညာ တတ်ရတနာများ မွေးထုတ်နိုင်ပါစေ”လို့လည်း ရေးသားခဲ့ပါတယ်။
“နာဂစ်တုန်းက စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး သေချာမရှိသေးတဲ့အတွက်ကြောင့် နာဂစ်တုန်းက တစ်ချို့လူတွေမှာ အခုချိန်ထိစိတ်ပိုင်းဆိုင်ရာ Truma (ထိခိုက်ခံစားမှု၊ စိတ်ဒဏ်ရာ) ဖြစ်နေတဲ့သူတွေရှိသေးတယ်။ Disaster (ဘေးအန္တရာယ်) တစ်ခုဖြစ်သွားရင် Rehabilitationဆိုတဲ့ ပြန်လည်ထူထောင်ရေး ပြန်လုပ်ပေးရပါတယ်။ အဲဒီမှာ Mental Health (စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု) လေးလုပ်ပေးရတယ်။ အခု ကိုဗစ်လည်း ထိုနည်းတူပဲ”လို့ ကိုကျော်ဇင်က ပြောပါတယ်။
မိမိကိုယ်ကိုအဆုံးစီရင်မှုသို့ ဦးတည်ခြင်း
ကမ္ဘာတဝန်း ကိုယ့်ကိုယ်ကိုအဆုံးစီရင်တဲ့လူဦးရေဟာ နှစ်စဉ် ၈၀၀,၀၀၀ ခန့်ရှိပြီး စက္ကန့်၄၀တိုင်းမှာ လူတစ်ယောက်ကိုယ့်ကိုယ်ကိုအဆုံးစီရင်တဲ့နှုန်းဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ ၇၉ရာခိုင်နှုန်းသော ကိုယ့်ကိုယ်ကိုအဆုံးစီရင်မှုတွေဟာ ဆင်းရဲနွမ်းပါးတဲ့နိုင်ငံတွေနဲ့ ဝင်ငွေအသင့်အတင့်ရှိတဲ့နိုင်ငံတွေမှာ အဖြစ်များတယ်လို့လည်း WHO က ဆိုပါတယ်။
မြန်မာနိုင်ငံမှာ လူ ၁,၀၀၀ မှာ ခြောက်ဦးဟာ စိတ်ကျရောဂါခံစားနေရတယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ၂၀၁၈မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ ကိုယ့်ကိုယ်ကိုအဆုံးစီရင်မှုရဲ့ ၈၀ရာခိုင်နှုန်းလောက်ဟာ စိတ်ကျန်းမာရေးပြဿနာခံစားရသူတွေဖြစ်ပြီး အရက်နဲ့မူးယစ်ဆေးကြောင့် ကိုယ့်ကိုယ်ကိုအဆုံးစီရင်သူဦးရေဟာ သုံးပုံတစ်ပုံလောက်ပဲရှိပါတယ်။
“ဒါတွေကို စောစောစီးစီး နားလည်တဲ့သူနဲ့ ဖြေရှင်းလိုက်မယ်ဆိုရင်တော့ suicide (အဆုံးစီရင်တဲ့) အဆင့်မဖြစ်တော့ပါဘူး။ ပထမအဆင့်က စိတ်ရောဂါမဖြစ်အောင်၊ စိတ်ကျန်းမာရေးပြဿနာဖြစ်ရင် မဆိုးသွားအောင် စောစောသိမယ်၊ စောစောကုသမှုခံယူမယ်ဆိုရင် suicide လျော့သွားမယ်” လို့ ဒေါက်တာတင်ဦးက ပြောပါတယ်။
ဒါ့ပြင် စိတ်ရောဂါခံစားနေတဲ့လူနာတွေကို လှောင်ပြောင်တာမျိုး၊ နှိမ်တာမျိုးနဲ့ အထင်သေးဆက်ဆံတာမျိုးမလုပ်ဘဲ သူတို့ကို မိသားစုဝင်တွေနဲ့မိတ်ဆွေတွေက ကိုယ်ချင်းစာပြီး အားပေးနှစ်သိမ့်ဖို့လိုတယ်လို့ သူကဆိုပါတယ်။
မြန်မာနိုင်ငံအနေနဲ့ လူတစ်သိန်းမှာ ကိုယ့်ကိုယ်ကိုသတ်သေသူ ၇ဒသမ၈ ယောက်နှုန်းရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးက ဆိုပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့စာရင်းတွေအရ ၂၀၁၉ အတွင်း မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာ ကိုယ့်ကိုယ်ကိုသတ်သေတဲ့ဖြစ်စဉ် ၁,၆၉၄မှု ရှိခဲ့ပါတယ်။
“ဒါလိုမျိုးဖြစ်တာ ရှက်စရာမလိုဘူး။ လူတိုင်းလည်းဖြစ်နိုင်တယ်ဆိုတာကို နားလည်သဘောပေါက်မယ်၊ စောစောစီးစီးလာပြီး ကျွန်တော်တို့နဲ့ဆွေးနွေးတာ၊ လိုအပ်ရင်သောက်ဆေးသောက်တာမျိုးလုပ်ရင်တော့ သိပ်ပြီးတော့မဖြစ်နိုင်ဘူး။ လူနာကို ဒီအတိုင်းကြီးပဲအိမ်မှာပစ်ထားရင်တော့ စိတ်ကျန်းမာရေး လက်လှမ်းမမှီတဲ့နေရာမျိုးမှာရောက်ရင် suicide တွေက ဖြစ်နိုင်ပါတယ်”လို့ ဒေါက်တာချမ်းငြိမ်းဦးက ပြောပါတယ်။
ဇွန်၂၅ရက်ကထုတ်ပြန်တဲ့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ့စီးပွားရေးစောင့်ကြည့်လေ့လာခြင်း အစီရင်ခံစာအရ ၂၀၁၈-၁၉ဘဏ္ဍာရေးနှစ်မှာ မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်းဟာ ၆ဒသမ၈ ရာခိုင်နှုန်းရှိခဲ့ရာက ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်မှာ ကိုဗစ်-၁၉ကပ်ရောဂါကြောင့် သုညဒသမ၅ ရာခိုင်နှုန်းကို ကျဆင်းသွားမယ်လို့ ခန့်မှန်းထားပါတယ်။ တကယ်လို့ ကပ်ရောဂါသာဆက်လက်ဖြစ်ပွားနေမယ်ဆိုရင် နိုင်ငံ့စီးပွားရေးဟာ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်မှသာ နာလန်ထူလာမယ်လို့ အစီရင်ခံစာက သုံးသပ်ထားပါတယ်။
ဒီလိုစီးပွားရေးတိုးတက်နှုန်းနှေးကွေးမယ်ဆိုရင် မြန်မာနိုင်ငံအနေနဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆောင်ရွက်ချက်တွေကို အကျိုးသက်ရောက်မှုရှိနိုင်သလို ဆင်းရဲတဲ့အိမ်ထောင်စုတွေဟာ ပိုမိုပြီးဆင်းရဲတွင်းနက်စေနိုင်တယ်လို့ အစီရင်ခံစာမှာ သတိပေးထားပါတယ်။
ကိုဗစ်-၁၉ကာလအတွင်း အကြီးစားစက်ရုံအလုပ်ရုံအရေအတွက် ၂၂၀ ခုနဲ့ လက်ဖက်ရည်ဆိုင်၊ ခေါက်ဆွဲဆိုင်ကစလို့ အလုပ်သမားငါးယောက်နဲ့အထက် ပိတ်လိုက်ရတဲ့လုပ်ငန်းပေါင်း ၅,၆၀၀ ကျော်ရှိပြီး လူဦးရေ ၁၅၀,၀၀၀ကျော်နဲ့ ပြည်ပက ပြန်လာတဲ့ မြန်မာနိုင်ငံသား တစ်သိန်းကျော် အလုပ်လက်မဲ့ ဖြစ်ကုန်တယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ဇွန် ၂၆ရက်၊ နေပြည်တော်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်ခဲ့ပါတယ်။
ကိုဗစ်-၁၉ကမ္ဘာ့ကပ်ရောဂါရဲ့ နောက်ဆက်တွဲ လူမှုစီးပွားထိခိုက်မှုအကျိုးဆက်တွေကြောင့် ပြည်သူတွေအကြား စိတ်ကျန်းမာရေးပြဿနာခံစားရသူတွေ များလာနိုင်တယ်လို့ စိတ်ရောဂါအထူးကု ဆရာဝန်တွေက ခန့်မှန်းပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါစတင်ဖြစ်ပွားတဲ့ ဇန်နဝါရီကနေ ဇွန်လကုန်အထိ ပထမခြောက်လတာကာလအတွင်း သေကြောင်းကြံစည်မှု ၈၈၄မှု ရှိခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ မှတ်တမ်းတွေက ဆိုပါတယ်။
ဒီလိုအဆုံးစီရင်သူများအနက် ပဲခူးတိုင်းဒေသကြီးက ၁၂၇ ဦးနဲ့ အများဆုံးဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးက ၁၁၉ ဦးနဲ့ ဒုတိယနေရာကလိုက်ပါတယ်။
ကိုဗစ်-၁၉ကြောင့် လူမှုစီးပွားဘဝဟန်ချက်ပျက်တဲ့အထဲမှာ အဆိုးဆုံးကတော့ ရေခြားမြေခြားဒေသမှာ အခက်အခဲပေါင်းစုံ ရင်ဆိုင်ကြုံတွေ့ရတဲ့ ပြည်ပမြန်မာနိုင်ငံသားများဖြစ်ပါတယ်။ မလေးရှားနိုင်ငံမှာ ကိုယ့်ကိုယ့်ကိုအဆုံးစီရင်ခဲ့တဲ့ မြန်မာနိုင်ငံသား ၁၁ ဦးအထိရှိခဲ့ပါတယ်။ ဒါ့ပြင် ဧရာဝတီတိုင်းဒေသကြီးမှာ အသွားအလာကန့်သတ်ထားရှိချိန် စိတ်ဓာတ်ကျပြီးအဆုံးစီရင်ခဲ့တဲ့ ပြည်ပက ပြန်လာသူနှစ်ဦးရှိခဲ့ပါတယ်။
အစိုးရ၏ တုံ့ပြန်ဆောင်ရွက်မှု
ကိုဗစ်-၁၉ရဲ့ လူမှုဘဝနဲ့စီးပွားရေးအရရိုက်ခတ်မှုတွေကြောင့် အများပြည်သူအကြား စိတ်ပိုင်းဆိုင်ရာပြဿနာခံစားရသူတွေရှိလာမှာကို တုံ့ပြန်တဲ့အနေနဲ့ အစိုးရက အစီအစဉ်တစ်ခုကို ဧပြီလအတွင်း မိတ်ဆက်ခဲ့ပါတယ်။
လူမှုဝန်ထမ်းဦးစီးဌာနက လူတွေကို စိတ်ဓာတ်ရေးရာမြှင့်တင်ပေးနိုင်ဖို့အတွက် အခမဲ့တယ်လီဖုန်းခေါ်ဆိုပြီးဆွေးနွေးနှစ်သိမ့်နိုင်တဲ့ အစီအစဉ်ကို ဆက်သွယ်ရေးအော်ပရေတာတွေနဲ့ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ အသွားအလာကန့်သတ်ခံထားရသူဖြစ်စေ၊ ကိုဗစ်-၁၉ကြောင့် စိတ်ပိုင်းဆိုင်ရာပြဿနာခံစားရသူတွေဖြစ်စေ ဘယ်သူမဆိုခေါ်ဆိုနိုင်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးက ခေါ်ဆိုမှုအများဆုံးဖြစ်တယ်လို့သိရှိရပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်းကလည်း ခေါ်ဆိုမှုများပြားခဲ့တယ်လို့ လူမှုဝန်ထမ်းဦးစီးဌာနရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။
“များသောအားဖြင့် ကိုဗစ်ဖြစ်နေတဲ့အတွက် အလုပ်ကလည်း နားထားရတယ်၊ အလုပ်မရှိတဲ့အတွက် စိတ်ပူတာ တွေ၊ အရင်လို စျေးရောင်းလို့မရတော့ဘူးဆိုပြီး ပြောတာတွေရှိတယ်။ နောက် Quarantine Site (အသွားအလာ ကန့်သတ်ရာနေရာ) ထဲမှာ တစ်ချို့က အဆင်ပြေတာရှိတယ်လို့ပြောတာရှိသလို တစ်ချို့ကတော့ အဆင်မပြေဘူးဆိုပြီး ပြောကြတာတွေလည်းရှိပါတယ်”လို့ လူမှုဝန်ထမ်းဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လေးလေးမြင့်ကပြောပါတယ်။
ဒီလိုခေါ်ဆိုမေးမြန်းမှုတွေမှာ အမျိုးသားဦးရေက အမျိုးသမီးဦးရေထက် ပိုမိုများပြားပြီး ကိုဗစ်-၁၉နဲ့ မသက်ဆိုင်တဲ့ ဖုန်းခေါ်ဆိုမှု အများအပြားလည်း ဌာနက လက်ခံရရှိခဲ့ပါတယ်။ ဇွန်၂၃ ရက်နောက်ပိုင်း ဖုန်းခေါ်ဆိုမှုလျော့နည်းသွားပေမဲ့ စိတ်ဓာတ်ရေးရာမြှင့်တင်ရေး ဆွေးနွေးနှစ်သိမ့်မှုတွေကို ကိုဗစ်-၁၉ ကပ်ကာလ မပြီးမချင်းဆောင်ရွက်သွားမယ်လို့ ဌာနတာဝန်ရှိသူတွေက ဆိုပါတယ်။
ဒါ့ပြင် စိတ်ရောဂါအထူးကုပညာရှင်တွေဟာ ရန်ကုန်တိုင်းဒေသကြီးမှာ ကိုဗစ်-၁၉ကာလအတွင်း ပြည်သူတွေအကြား စိတ်ဖိစီးမှု၊ စိုးရိမ်စိတ်၊ စိတ်ကျရောဂါနဲ့ စိတ်ကျန်းမာရေးဆိုင်ရာပြဿနာဖြစ်ပွားမှုနှုန်းကို သုတေသနပြုဖို့ စီစဉ်နေပါတယ်။ အဆိုပြုထားတဲ့ သုတေသနနည်းနာကို ကျင့်ဝတ်ကော်မတီက အကဲဖြတ်နေပြီး ခွင့်ပြုတာနဲ့တစ်ပြိုင်နက် လေ့လာမှုတွေစတင်သွားမယ်လို့ စိတ်ကျန်းမာရေးစီမံချက်မန်နေဂျာ ပါမောက္ခဒေါက်တာတင်ဦးကဆိုပါတယ်။
“လူတိုင်းမှာတော့ စိတ်ဖိစီးမှုရှိတယ်ဆိုတာ သေချာတယ်။ အခုလို လုပ်လိုက်ခြင်းအားဖြင့် ပမာဏ ဘယ်လောက်ရလိုက်လဲဆိုတာကို သိရမယ်။ သူ့ရဲ့ပြင်းထန်နှုန်းတွေ ဘယ်လောက်ရှိလဲဆိုတာကိုသိရမယ်။ ဒီပြဿနာတစ်ခုကိုဖြေရှင်းဖို့ဆိုရင် မြေပြင်အခြေအနေကိုသိသွားပြီးတော့ စီမံကိန်းချပြီးတော့ ဖြေရှင်းရတာပိုပြီး စနစ်ကျပါမယ်”လို့ သူက ပြောပါတယ်။
ဒါ့ပြင် လူမှုဝန်ထမ်းဦးစီးဌာနက စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ကြမယ့် ဆရာဝန်အယောက် ၂၀၀ ဝန်းကျင်ကိုလည်း စိတ်ဓာတ်ရေးရာမြှင့်တင်ပေးသူတွေ သိရှိအပ်တဲ့ အချက်တွေကို သင်တန်းပေးခဲ့ပြီး၊ ဆရာဝန်မဟုတ်တဲ့ စေတနာ့ဝန်ထမ်း အယောက် ၇၀,၀၀၀ ကျော်ကိုလည်း စိတ်ဓာတ်ကျနေသူတွေကို ဘယ်လိုနှစ်သိမ့်ဆွေးနွေးရမလဲဆိုတဲ့နည်းနာတွေ သင်ကြားပေးဖို့ရှိနေပါတယ်။
“လူမှုဝန်ထမ်းရေးရဲ့ တကယ့်ဝတ္တရားထဲမှာ စိတ်လူမှုရေးဆိုင်ရာ ပံ့ပိုးမှုဆိုတာ ပါပါတယ်။ တကယ့်ကိုအရေးကြီးတဲ့ ကဏ္ဍတစ်ခုဖြစ်ပါတယ်။ အဲဒီအတွက် တစ်ကမ္ဘာလုံး ကိုဗစ်-၁၉ကြောင့် ကပ်ရောဂါဖြစ်နေတဲ့အချိန်မှာ ကျွန်မတို့နိုင်ငံအနေနဲ့လည်း Quarantine sites (အသွားအလာကန့်သတ်တဲ့ နေရာတွေ)မှာနေရတဲ့ သူတွေအတွက် စိတ်ပိုင်းဆိုင်ရာလုံခြုံမှု၊ စိတ်ပိုင်းဆိုင်ရာမြှင့်တင်ပေးဖို့ကို အင်အားရရေးအတွက် အဓိက,က နှစ်သိမ့်ဆွေးနွေးခြင်းဆိုတာ နားထောင်ဖို့က ပိုအရေးကြီးပါတယ်” လို့ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးက ပြောပါတယ်။

စိန်ခေါ်မှုများ
ဖုန်းခေါ်ဆိုမှုကတစ်ဆင့် စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးနှစ်သိမ့်မှုပေးတဲ့အစီအစဉ်လို တုံ့ပြန်မှုတွေ အစိုးရက ဆောင်ရွက်နေပေမဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စိတ်ကျန်းမာရေးကို ပြည်သူတွေအကြား ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ဖို့တော့ စိန်ခေါ်မှုတွေရှိနေဆဲပါ။
ပုသိမ်မြို့မှာအသွားအလာကန့်သတ်ထားစဉ် ကိုယ့်ကိုယ်ကိုအဆုံးစီရင်ခဲ့တဲ့ ပြည်ပကပြန်ရောက်လာတဲ့ မြန်မာနိုင်ငံသားနှစ်ဦးကို ဥပမာပေးရမှာဖြစ်ပါတယ်။ လူသူမရှိတဲ့အချိန်မှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့တာဖြစ်ပြီး စိတ်ဓာတ်ကျဝေဒနာအပြင်းအထန် ခံစားခဲ့ရပုံပေါ်တယ်လို့ ဆရာဝန်တွေက သုံးသပ်ပါတယ်။
ဒီလိုစိတ်ပိုင်းဆိုင်ရာ ရောဂါအခံရှိသူတွေကို အသွားအလာကန့်သတ်ထားရှိတဲ့အခါ ဆွေမျိုးသားချင်း တစ်ယောက်ယောက်ကတာဝန်ယူပြီး စောင့်ကြပ်ပေးနိုင်ရင် ဒီလိုအဖြစ်ဆိုးမျိုးကို ကာကွယ်နိုင်မှာဖြစ်တယ်လို့ ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်ကဆိုပါတယ်။
“သူတို့ကို အမြဲတမ်းစောင့်ကြည့်ဖို့ကလည်း မလွယ်ဘူး။ ကောင်းတာကတော့ သူ့ရဲ့ဆွေမျိုးသားချင်းတစ်ဦးဦးက စောင့်ပေးနိုင်ရင်တော့ ပိုကောင်းတာပေါ့။ ဒီမှာတော့ Quarantine (အသွားအလာကန့်သတ်ခြင်း) ထားပေမဲ့ အထဲကလူရဲ့ အခြေအနေကို တစ်ယောက်ချင်းစီရဲ့အခြေအနေကို Psycho Social Support (လူမှုရေးအရ စိတ်ဓာတ်ရေးရာနှစ်သိမ့်ပေးမှု) ပေးဖို့က တစ်ဦးချင်းစီကို Councelling (ဆွေးနွေးတိုင်ပင်မှုပြု) လုပ်ပြီးပြောတာတော့ အကောင်းဆုံးပေါ့။ တစ်ဦးချင်းစီရဲ့ စိတ်ခံစားချက်ကို အပြင်ကနေ မသိနိုင်ဘူး။ ဒူးတိုက် ဆွေးနွေးကြတာမျိုးကမှ ကောင်းတာလေ”လို့ သူကပြောပါတယ်။
အသွားအလာ ကန့်သတ်ထားရှိသူတွေကို စိတ်ရောဂါအထူးကုဆရာဝန်တွေနဲ့ နှစ်သိမ့်ဆွေးနွေးဖို့က ကောင်းမွန်တဲ့ တုံ့ပြန်မှုဖြစ်ပေမဲ့ တကယ်လက်တွေ့လုပ်ဖို့ စိန်ခေါ်မှုတစ်ခုက စိတ်ရောဂါအထူးကုဆရာဝန်အရေအတွက် မလုံလောက်တဲ့ပြဿနာဖြစ်ပါတယ်။ ဒေါက်တာသန်းထွန်းအောင်ရဲ့ အဆိုအရ ဧရာဝတီတိုင်းဒေသကြီးတစ်ခုလုံးမှာ စိတ်ရောဂါအထူးကုဆရာဝန်သုံးယောက်ပဲရှိပြီး ဆရာဝန်နဲ့လူနာအချိုးချလိုက်ရင် အကြီးအကျယ်ကွာဟနေပါတယ်။
“ကျွန်တော်တို့အနေနဲ့ Quarantine ထားတဲ့နေရာတွေက ပြည်သူတွေသိရအောင် Hand speaker (အော်လံ) တွေနဲ့ အော်ပေးတာတွေတော့ ရှိပါတယ်။ လူတွေရဲ့ စိတ်ခံစားချက်တွေကရှိတော့ ချက်ချင်းကြီးအရေးပေါ်ဖြေရှင်းနိုင်ဖို့လိုပါတယ်။ Suicide လုပ်တယ်ဆိုတာ စိတ်ဓာတ်ကျတာပေါ့။ စိတ်ဓာတ်ကျတာ Depression ဖြစ်တယ်ဆိုရင် ချက်ချင်းကို တုံ့ပြန်နိုင်ဖို့၊ ကုနိုင်ဖို့လိုပါတယ်” လို့ ဒေါက်တာသန်းထွန်းအောင်က ပြောပါတယ်။
ရန်ကုန်မှာတော့ ရွာသာကြီးစိတ်ကျန်းမာရေးဆေးရုံကြီးက စိတ်ရောဂါအထူးကုဆရာဝန်တွေဟာ အခါအားလျော်စွာ အသွားအလာကန့်သတ်ထားရှိတဲ့နေရာတွေကိုသွားရောက်ပြီး ဆွေးနွေးနှစ်သိမ့်မှုပေးနေတယ်လို့ဆို ဒေါက်တာတင်ဦးက ဆိုပါတယ်။
“ကျွန်တော်တို့ရဲ့ စိတ်ကျန်းမာရေးဌာနတွေက တိုင်းနဲ့ပြည်နယ်တွေမှာရှိပါတယ်။ အဲဒီကို အရင်ချိတ်ဆက်တယ်။ အဲဒီက ဖြေရှင်းပေးလို့ရရင် ဖြေရှင်းပေးလိုက်တယ်။ မရဘူး၊ ဆေးရုံတက်ဖို့လိုတယ်ဆိုရင် ဒီကိုပို့လိုက်ပါတယ်” လို့ သူကဆိုပါတယ်။
လက်ရှိမှာ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေက အစိုးရဆေးရုံတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ စိတ်ရောဂါ အထူးကုဆရာဝန်အရေအတွက်ဟာ အယောက် ၁၀၀ ဝန်းကျင်ပဲရှိနေပါတယ်။ ဒါဟာ နည်းပါးလှတဲ့အရေအတွက်ဖြစ်ပေမဲ့ ဒီလိုအခြေအနေမှာ လုပ်နိုင်တာ တစ်ခုတော့ရှိပါတယ်။
စိတ်ဖိစီးမှုများလာတဲ့သူတွေ၊ စိတ်ကျန်းမာရေးပြဿနာအခံရှိသူတွေကို တစ်ယောက်တည်း ပစ်မထားဖို့ဖြစ်ပါတယ်။ တစ်ယောက်တည်းရှိနေရင် စိတ်ကျရာကနေ ကိုယ့်ကိုယ့်ကိုအဆုံးစီရင်တဲ့အဆင့်ထိ ရောက်သွားနိုင်တာမို့ ဒါကို ကာကွယ်ရမှာဖြစ်တယ်လို့ စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီးတွေကဆိုပါတယ်။ ဒါ့ပြင် ရင်းနှီးတဲ့မိတ်ဆွေတွေကို ရင်ဖွင့်တာ၊ နားလည်တတ်ကျွမ်းတဲ့ သူတွေဆီမှာ နှစ်သိမ့်ဆွေးနွေးမှုခံယူဖို့နဲ့ ရောဂါဖြစ်တဲ့အဆင့်ရောက်လာပြီဆိုရင် ဆေးရုံတက်ပြီးကုသမှုခံယူသင့်တယ်လို့ ဆရာဝန်တွေကတိုက်တွန်းထားပါတယ်။
မိတ်ဆွေတွေကို ရင်ဖွင့်တိုင်ပင်တာမျိုးမရှိခဲ့ပေမဲ့ လေးမျက်နှာက မူလတန်းကျောင်းအုပ် ဦးကျော်စိုးလွင်ဟာ မသေဆုံးခင်က ပြင်းထန်တဲ့စိတ်ကျဝေဒနာခံစားခဲ့ရဖွယ်ရှိကြောင်း စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီးတွေက သုံးသပ်ပါတယ်။
“လူတိုင်းလူတိုင်းက စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုခုဖြစ်လာပြီဆိုရင် စိတ်အေးအေးထားပြီးတော့ ကိုယ့်ရဲ့ရင်းနှီးတဲ့သူတစ်ဦးဦးကို တိုင်ပင်တယ်၊ ဆွေးနွေးတယ်ဆိုရင် ဒီလိုထွက်ပေါက်ရှာပြီး ကိုယ့်ကိုယ်ကိုသေကြောင်းကြံစည်မှုတွေက ဖြစ်မလာနိုင်ဘူး”လို့ ဦးကျော်စိုးလွင့်ရဲ့မိတ်ဆွေ ဦးမင်းမင်းထွဋ်က ပြောပါတယ်။
“သူသာ အဲဒီလိုရင်ဖွင့်မယ်၊ တိုင်ပင်မယ်ဆိုရင် အခုလိုအဖြစ်ဆိုးမျိုးဖြစ်မယ်လို့ မထင်ဘူး။ သူရဲ့ သေဆုံးမှုက မြို့နယ်အတွက် ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုပါပဲ”လို့ သူက ဆိုပါတယ်။