ကိုဗစ်-၁၉ကာလအတွင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မဲဆွယ်မှုနှင့်မဲပေးမှုများကို မည်သို့ကြီးကြပ်မည်ကို တိတိကျကျမထုတ်ပြန်ထား၍ ရွေးကောက်ပွဲအတွက်ပြင်ဆင်ရာတွင် အခက်ကြုံနေရသည်ဟု နိုင်ငံရေးပါတီနှင့် အရပ်ဘက်အဖွဲ့အစည်းများကဆိုသည်။
ကျော်လင်းထွန်း ရေးသားသည်။
နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးအတွင်း ကားပါကင်အမိုးအောက်တွင်နှာခေါင်းစည်းများ တပ်ဆင်၍ တူညီဝတ်စုံဆင်မြန်းထားသောအမျိုးသမီးများသည် တစ်ယောက်နောက်ကတစ်ယောက် တန်းစီ၍ တစ်ဦးနှင့်တစ်ဦး တစ်မီတာစီခြားပြီး ဝင်လာကြသည်။
ထို့နောက် လက်သန့်ဆေးရည်ဖြင့် လက်ဆေးပြီး ပလက်စတစ်လက်အိပ်ဝတ်ဆင်ကာ ကိုယ်ခန္ဓာအပူချိန် တိုင်းတာမှုကို ခံယူကြသည်။ ယင်းနောက်တွင် ပလက်စတစ်မျက်နှာဖုံးတပ်ထားသော အမျိုးသမီးတစ်ဦးက ၎င်းတို့ကို နမူနာ မဲစာရွက်များ ကမ်းပေးလိုက်သည်။ ယင်းနောက် အမျိုးသမီးများက မဲစာရွက်နမူနာများကိုယူ၍ ကန့်လန့်ကာ နောက်ကွယ်တွင် အမှန်ခြစ်ကာ ခပ်လှမ်းလှမ်းရှိပုံးအတွင်းသို့ သွားထည့်လိုက်သည်။
ကိုဗစ်-၁၉ကပ်ရောဂါကာလတွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲပေးရမည့်ပုံကို အစမ်းလေ့ကျင့်နေသည့် မြင်ကွင်းများဖြစ်သည်။ ယင်းကို မလှမ်းမကမ်းရှိ ကုလားထိုင်တစ်ခုတွင် ထိုင်ကြည့်၍ ပြုံးနေသည်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌဦးလှသိန်းဖြစ်သည်။
ဇွန်၁၂ရက်ကပြုလုပ်ခဲ့သော အဆိုပါ အစမ်းမဲပေးသရုပ်ပြပွဲကို မြန်မာ့ရုပ်မြင်သံကြားနှင့် လူမှုကွန်ရက်မီဒီယာများ ကလည်း ထုတ်လွှင့်ပြသခဲ့သည်။ ယင်းသရုပ်ပြပွဲသည် ကိုဗစ်-၁၉ရောဂါကူးစက်နိုင်သည့်အန္တရာယ်ရှိသော်လည်း ကျန်းမာရေးလမ်းညွှန်မှုများကိုလိုက်နာစေလျက် နိုဝင်ဘာတွင်ကျင်းပရန်စီစဉ်ထားသည့် အထွေထွေရွေးကောက်ပွဲ များကို ကြိုတင်စီစဉ်ထားသည့်အတိုင်း ကျင်းပသွားနိုင်ကြောင်း ကောက်ပွဲကော်မရှင်၏ အသိပေးချက်လည်း ဖြစ်သည်။
၂၀၂၀ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၃၇သန်းခန့် ရှိပြီး မဲရုံ၄၀,၀၀၀ခန့် အသုံးပြုသွားမည်ဟု ရွေးကောက်ပွဲ ကော်မရှင်က မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ကပ်ရောဂါမဖြစ်ပွားခင်က ယခုနှစ်အတွင်း ကြေညာခဲ့ဖူးသည်။
အဆိုပါမဲရုံအရေအတွက်သည် လက်ရှိအချိန်တွင် ခန့်မှန်းခြေပမာဏဖြစ်သော်လည်း ရွေးကောက်ပွဲနီးကပ်လာသည်နှင့် အမျှ အများပြည်သူ အန္တရာယ်ကင်းစွာ မဲပေးနိုင်စေရန် မဲရုံအမြောက်အများ ထပ်မံတိုးချဲ့သွားမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ဖရွန်းတီးယားမြန်မာသို့ ပြောသည်။
ဇွန်၁၂ရက်က ဇတ်တိုက်လေ့ကျင့်ခဲ့သည့် မဲပေးပုံမှာလည်း ကြိုတင်ပြင်ဆင်သည့် သဘောသာဖြစ်ပြီး ရွေးကောက်ပွဲကာလ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များအပေါ်မူတည်၍ မဲပေးပုံနည်းလမ်းများလည်း အပြောင်းအလဲရှိနိုင်သည်ဟု ဦးမြင့်နိုင်ကဆိုသည်။
သို့သော် မဲရုံမည်မျှထားပြီး မည်သို့မဲပေးရမည်ဆိုသည်ထက် ရွေးကောက်ပွဲအတွက် ပိုအရေးကြီးသော မဲဆွယ် စည်းရုံးခြင်းနှင့် မဲဆန္ဒရှင်စာရင်းမှန်ကန်အောင်ပြုစုခြင်းတို့ကို ကော်မရှင်က မည်သို့ဆောင်ရွက်မည်ကို နိုင်ငံရေး ပါတီနှင့်အရပ်ဘက်အဖွဲ့အစည်းများက ပိုမိုစိတ်ဝင်စားသည်။
အကြောင်းမှာ မတ်လက စတင်၍ အစိုးရက လူစုဝေးခြင်းနှင့် အခမ်းအနားများကျင်းပခြင်းကို တားမြစ်ခဲ့ပြီး ပိုမိုတိကျသည့် အမိန့်တစ်ရပ်အဖြစ် ဧပြီတွင် လူငါးဦးနှင့်အထက် စုဝေးခြင်းကိုတားမြစ်ခဲ့သည်။ ယင်းတားမြစ်ချက် များသာ ရွေးကောက်ပွဲကာလအထိ ဆက်လက်တည်ရှိနေပါက နိုင်ငံရေးပါတီများအတွက် ရွေးကောက်ပွဲမတိုင်မီ ရက်၆၀အလိုတွင် စတင်လေ့ရှိသည့်မဲဆွယ်စည်းရုံးမှုများ ဆောင်ရွက်ရန်အခက်အခဲဖြစ်လာစေမည်ဖြစ်သည်။ ချွင်းချက်အဖြစ် လာမည့်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ (ဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အခြားနိုင်ငံရေးရာထူးရယူထားသူများ)ကို ဇူလိုင်၁ရက်မှ စတင်ကာ ကော်မရှင်က မဲဆွယ်ခွင့် ပြုခဲ့သည်။
ထိုသို့မသေချာမှုများကြောင့် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများ မရေမရာဖြစ်ရသည်ဟု နိုင်ငံရေးပါတီနှင့် အရပ်ဘက်အဖွဲ့အစည်းများက ဆိုသည်။ ထို့ပြင် ကိုဗစ်-၁၉ကပ်ရောဂါအန္တရာယ်ကို ကာကွယ်ထိန်းချုပ်ရေးအတွက် အသစ်ထုတ်ပြန်မည့် ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို အများပြည်သူလိုက်နာအောင် ဆောင်ရွက်စဉ် တစ်ချိန်တည်းတွင် ပြည်သူများ၏ ဆန္ဒမဲပေးပိုင်ခွင့်ကိုမဆုံးရှုံးစေဘဲ နိုင်ငံရေးပါတီများ တရားမျှတစွာ ယှဉ်ပြိုင်သည့် ရွေးကောက်ပွဲများ ကျင်းပ နိုင်ပါမည်လောဟူသည့် စိုးရိမ်မှုများကလည်း ရှိနေသည်။
လွန်ခဲ့သည့်လများတွင် ကမ္ဘာ့နိုင်ငံအများအပြားသည် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာသည့် ပြဿနာများနှင့် နပန်းလုံးခဲ့ကြပြီး နိုင်ငံအချို့ကမူ ယင်းကပ်ရောဂါကို အကြောင်းပြု၍ နိုင်ငံရေးအခွင့်ကောင်းများ ရယူခဲ့ကြသည်။
ဥပမာအားဖြင့် ဇူလိုင်၁၀ ရက်တွင်ပြုလုပ်ခဲ့သည့် စင်ကာပူနိုင်ငံ၏အထွေထွေရွေးကောက်ပွဲမတိုင်မီ လူစုလူဝေးဖြင့် မဲဆွယ်ခြင်းကို အစိုးရက တားမြစ်ခဲ့သည်။ ထို့ကြောင့် နိုင်ငံရေးပါတီများသည် အင်တာနက်မှတစ်ဆင့် မဲဆွယ်စည်းရုံး ခဲ့ကြရပြီး အိမ်တိုင်ရာအရောက်မဲဆွယ်မှုများကိုလည်း အကန့်အသတ်များစွာဖြင့် ဆောင်ရွက်ခဲ့ကြရသည်။ အာဏာရ ပါတီက ကိုဗစ်-၁၉ကန့်သတ်ချက်စည်းမျဉ်းများကို အသုံးချပြီး လူစုလူဝေးမဲဆွယ်ပွဲများကို တားမြစ်ခြင်းအားဖြင့် ၎င်းတို့ ရွေးကောက်ပွဲအောင်နိုင်ရေးကို ထိခိုက်စေခဲ့သည်ဟု အတိုက်အခံပါတီက စွပ်စွဲခဲ့သည်။
အလားတူ အရှေ့အာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်သည့် မာလာဝီနိုင်ငံတွင်လည်း ကိုဗစ်-၁၉ ကာကွယ်ရေး စည်းမျဉ်း စည်းကမ်းများကို လျစ်လျူရှုပြီး ဇွန်လအတွင်း ရွေးကောက်ပွဲကျင်းပခဲ့သည်။ ယမန်နှစ်ကကျင်းပခဲ့သည့် ရွေးကောက်ပွဲသည် မဲမသမာမှုများဖြစ်ခဲ့သည်ဟုဆိုကာ ယင်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက မဲရလဒ်ကို ပယ်ချခဲ့ပြီး ယခုနှစ်တွင် ထပ်မံကျင်းပခြင်းဖြစ်သည်။ ရွေးကောက်ပွဲအကြိုကာလတွင် လူစုလူဝေးဖြင့် မဲဆွယ် စည်းရုံးမှုများ ပြုလုပ်ခဲ့ရုံမက အတိုက်အခံပါတီက အနိုင်ရသွားသောအခါတွင်လည်း လူစုလူဝေးဖြင့် အောင်ပွဲခံကြသည်။
အီသီယိုးပီးယားနိုင်ငံတွင် ယခုနှစ်ကျင်းပရန်စီစဉ်ထားသည့် ရွေးကောက်ပွဲကို ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါအန္တရာယ် အကြောင်းပြ၍ ဝန်ကြီးချုပ်အဘီအာမက်က ရွှေ့ဆိုင်းခဲ့ရာ ဒီမိုကရေစီအသွင်ကူးပြောင်းမှုအတွက် ပေးထားသည့် ကတိကဝတ် ဖောက်ဖျက်သည်ဟုဆိုကာ ဝေဖန်ခံနေရသည်။
မြန်မာနိုင်ငံအတွက်မူ အများလက်ခံနိုင်သည့် ရွေးကောက်ပွဲများ ကျင်းပခြင်းက စစ်အာဏာရှင်အုပ်ချုပ်မှုမှ အသွင်ကူးပြောင်းရာတွင် အောင်မြင်သည်ဟုဆိုနိုင်သော ပန်းတိုင်များအနက်မှ တစ်ခုဖြစ်သည်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဇူလိုင်လဆန်းတွင် ရွေးကောက်ပွဲများကို နိုဝင်ဘာ၈ရက်တွင် ကျင်းပမည်ဟု ကြေငြာခဲ့သော်လည်း ကိုဗစ်-၁၉ကပ်ရောဂါအကြောင်းပြ၍ အကန့်အသတ်များစွာဖြင့် ကျင်းပပါကလည်း ရွေးကောက်ပွဲ၏ သမာသမတ်ကျမှုအပေါ် ထိခိုက်စေမည်ဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာန၏ မဲဆွယ်လမ်းညွှန်ချက်စောင့်ဆိုင်းနေ
ဇွန်၂၆ ရက်က ရွေးကောက်ပွဲဆိုင်ရာကျင့်ဝတ်ကို နိုင်ငံရေးပါတီအများအပြားလက်မှတ်ရေးထိုးခဲ့သော်လည်း ပါဝင်သောအချက်အလက်များကို သဘောမတူဟုဆိုကာ ပြည်ခိုင်ဖြိုးနှင့်၎င်း၏မဟာမိတ်ပါတီများက လက်မှတ်မထိုးခဲ့ကြပေ။ အဆိုပါရွေးကောက်ပွဲဆိုင်ရာကျင့်ဝတ်တွင် ၂၀၁၅ရွေးကောက်ပွဲကာလက ထုတ်ပြန်ခဲ့သည့် စည်းမျဉ်းအများစုသာ ပြန်ပါလာပြီး ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် ရည်ရွယ်ရေးဆွဲထားသော စည်းမျဉ်းများ အထူးတလည် မပါဝင်ခဲ့ပေ။
နောက်တစ်ရက်တွင် ကျင်းပသည့် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံမှုတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ဘေးကင်းသော မဲဆွယ်စည်းရုံးရေးဆိုင်ရာ လမ်းညွှန်ချက်များ ရေးဆွဲထုတ်ပြန်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုကို စောင့်ဆိုင်းနေသည်ဟုသာ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်ကဆိုပြီး ကိုဗစ်ကာလ မဲဆွယ်ရေးအတွက် အထူးတလည် ရှင်းလင်းပြောကြားခဲ့ခြင်းမရှိပေ။
ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ပိုမိုရှင်းလင်းသည့် လုပ်ထုံးလုပ်နည်းများ ကော်မရှင်က ထုတ်ပြန်ရန်အချိန်တန်ပြီဟု အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် ပဉ္စမ,မဏ္ဍိုင်က ဒါရိုက်တာဦးနေဝင်းနိုင်က ပြောသည်။ ပဉ္စမ,မဏ္ဍိုင်သည် မဲဆန္ဒရှင်အသိပညာပေးလုပ်ငန်းများနှင့် ရွေးကောက်ပွဲတွင် လူငယ်နှင့်အမျိုးသမီးများ၏ အခန်းကဏ္ဍမြှင့်တင်ရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။
ပဉ္စမ,မဏ္ဍိုင်အပါအဝင် အရပ်ဘက်အဖွဲ့အစည်းများသည် မဲဆန္ဒရှင်အသိပညာပေးလုပ်ငန်းများ စတင်လိုသော်လည်း ကိုဗစ်-၁၉ကပ်ရောဂါကာလ ရွေးကောက်ပွဲဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများ တိတိကျကျမရှိ၍ ဘာမှမလုပ်နိုင်ဖြစ်ရသည်ဟု ဦးနေဝင်းနိုင်က ဆိုသည်။
ထို့ပြင် လူတစ်ဦးတည်းကမဲနှစ်ကြိမ်မပေးနိုင်အောင်ကာကွယ်နိုင်သော်လည်း ကိုဗစ်-၁၉ရောဂါကူးစက်နိုင်ချေ အလွန်မြင့်မားသည့် လက်သန်းမင်တို့သည့်စနစ်ကိုလည်း ကော်မရှင်ကပြန်လည်သုံးသပ်သင့်ပြီး သင့်လျော်သည့် စနစ်တစ်ခုအမြန်ဆုံးထုတ်ပြန်သင့်သည်ဟု သူကဆိုသည်။ ကိုဗစ်-၁၉ကပ်ရောဂါကာလသည် လူနေမှုပုံစံတို့ကို ပြောင်းလဲပစ်လိုက်သည်ဖြစ်ရာ ယင်းသို့ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များ ပြင်ဆင်ထုတ်ပြန်ပါကလည်း တိတိကျကျ၊ ရှင်းရှင်းလင်းလင်း ထုတ်ပြန်ရန် အရေးကြီးသည်ဟု ဦးနေဝင်းနိုင်က ဆိုသည်။
အကြောင်းမှာ ကိုဗစ်-၁၉ရောဂါကူးစက်မှုကိုကာကွယ်ရန်နှင့် လူနေမှုပုံစံအသစ်နှင့် အံဝင်ခွင်ကျဖြစ်အောင် ပြင်ဆင်ထားသည့် ရွေးကောက်ပွဲ စည်းမျဉ်းစည်းကမ်းများ ရှုပ်ထွေးနေပါက မဲဆန္ဒရှင်များ၏ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု လျော့နည်းသွားနိုင်၍ ဖြစ်သည်ဟု ၎င်းကဆိုသည်။ ယင်းမှတစ်ဆင့် ရွေးကောက်ပွဲတွင် အမှန်တကယ်ဆန္ဒမဲပေးသူအရေအတွက် လျော့နည်းသွားနိုင်ချေရှိသည်ဟု သူကဆိုသည်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ ၃၄ဒသမ၄ သန်းတွင် ဆန္ဒမဲပေးသူ ၆၉ ရာခိုင်နှုန်းရှိခဲ့သည်။ ယင်းပမာဏသည် ဒီမိုကရေစီရင့်သန်ပြီးနိုင်ငံများနှင့်ယှဉ်လျှင် များပြားနေသော်လည်း ၂၀၁၅အလွန်တွင် ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲနှစ်ခုတွင် မဲရုံများသို့လာရောက်မဲပေးသူ ၃၇ရာခိုင်နှုန်းနှင့် ၄၂ရာခိုင်နှုန်း အသီးသီးသာ ရှိခဲ့သည်။
အမေရိကန်ပြည်ထောင်စု၏ ၂၀၁၆ ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူဦးရေစုစုပေါင်း၏ ၅၅ဒသမ၇ ရာခိုင်နှုန်းသာ မဲပေးခဲ့သည်။ မြန်မာနိုင်ငံတွင်လည်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရွေးကောက်ပွဲအပေါ်လူထုစိတ်ဝင်စားမှုလျော့ကျပြီး ဆန္ဒမဲပေးသူ လျော့နည်းသွားမည်ကို မဲဆန္ဒရှင်အသိပညာပေးဆောင်ရွက်နေသည့် အရပ်ဘက်အဖွဲ့အစည်းများ စိုးရိမ်ကြသည်။
ရွေးကောက်ပွဲဆိုင်ရာ ကိုဗစ်-၁၉ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များကို ဇူလိုင်လကုန်တွင် ထုတ်ပြန်နိုင်မည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်က ဖရွန်တီးယားမြန်မာကို ဇွန်လအတွင်းက ပြောဆိုခဲ့သော်လည်း လက်ရှိအချိန်အထိ အဆိုပါလမ်းညွှန်ချက်များ ထွက်ရှိမလာသေးပေ။
ကျန်းမာရေးဝန်ကြီးဌာနသည် မဲပေးသူများနှင့်မဲရုံဝန်ထမ်းများကို ကိုဗစ်-၁၉ရောဂါကူးစက်မှုမှကာကွယ်ရန် ရပ်ကွက်နှင့်ကျေးရွာအဆင့်အထိ ကျန်းမာရေးအထောက်အကူအဖွဲ့များဖွဲ့စည်းကာ ရွေးကောက်ပွဲကော်မရှင်ကို ကူညီသွားမည်ဟု ဒေါက်တာသာထွန်းကျော်က ဆိုသည်။
ယင်းအဖွဲ့များတွင် ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ ပါဝင်မည်ဖြစ်ပြီး ၎င်းတို့က မဲရုံအပြင်အဆင်များ ကျန်းမာရေးလမ်းညွှန်ချက်များနှင့် ကိုက်ညီ၊ မညီ စစ်ဆေးသွားမည်ဖြစ်သည်။ ထို့ပြင် မဲပေးသူများလက်ဆေးရန်နှင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေရန်လည်း စောင့်ကြည့်ကူညီသွားမည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။
သို့သော် ထိုတာဝန်များသည် ရွေးကောက်ပွဲနေ့၊ မဲရုံအတွင်း မဲပေးသည့်အချိန်အတွက်သာဖြစ်ပြီး နိုင်ငံရေးပါတီများ ကိုဗစ်-၁၉ရောဂါကူးစက်မှုအန္တရာယ်ကင်းစွာ မဲဆွယ်စည်းရုံးနိုင်ရေး ကျန်းမာရေးဝန်ကြီးဌာနက မည်သို့ကူညီသွားမည် ကိုမူ ၎င်းက ပြောဆိုနိုင်ခြင်းမရှိပေ။
“ကျွန်တော်တို့က လက်ရှိအမိန့်ထုတ်ပြန်ချက်တွေနဲ့ပဲ သွားရမယ်ထင်ပါတယ် … အစိုးရက ကိုဗစ်-၁၉ အခြေအနေကိုမူတည်ပြီး မဲဆွယ်ကာလကျော်တဲ့အထိ ဒီအမိန့်ကို သက်တမ်းတိုးမယ် ထင်တယ်”ဟု ဒေါက်တာသာထွန်းကျော်က ပြောသည်။ ယင်းအမိန့်များအနက် ဇူလိုင်လအတွင်းက ထုတ်ပြန်ခဲ့သည့် လူ၁၅ဦးနှင့်အထက် ပို၍မစုဝေးရန် ကန့်သတ်ထားသည့် အစိုးရ၏ အမိန့်ထုတ်ပြန်ချက်လည်း ပါဝင်မည်ဖြစ်သည်။
“ဒီအမိန့်က COVID-19 ဗဟိုကော်မတီက ချမှတ်တာ” ဟု ၎င်းက ဆိုသည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ်ဦးဆောင်သည့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီကို ရည်ညွှန်းခြင်းဖြစ်သည်။ ယင်းကော်မတီသည် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ကပ်ရောဂါကို တုန့်ပြန်ကာကွယ်ရန် ဖွဲ့စည်းထားသည့် အမြင့်ဆုံးအာဏာပိုင်အဖွဲ့အစည်းလည်းဖြစ်သည်။

မဲဆန္ဒရှင်များနှင့် ထိတွေ့ခြင်း
ထိုသို့ ရွေးကောက်ပွဲဆိုင်ရာ မသေချာမရေရာမှုများကို နိုင်ငံရေးပါတီများကလည်း ပုံစံအမျိုးမျိုးဖြင့် တုန့်ပြန် ချဉ်းကပ်ကြပြီး ပါတီအချို့ကမူ စိတ်ရှည်ရှည်ဖြင့် စောင့်ကြည့်နေကြသည်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာနန္ဒာလှမြင့်က မဲဆွယ်စည်းရုံးရေးအတွက် မပြင်ဆင်ရသေးကြောင်းနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကိုဗစ်-၁၉ကာလ မဲဆွယ်စည်းရုံးရေးဆိုင်ရာလမ်းညွှန်ချက်များ ထုတ်ပြန်မည့်အချိန်ကို စောင့်ဆိုင်းနေသည်ဟု ဆိုသည်။ ပြည်ခိုင်ဖြိုးပါတီသည် ၂၀၁၅တွင် အင်န်အယ်လ်ဒီပါတီကို ယှဉ်ပြိုင်ရာတွင် ငွေကြေးအမြောက်အများ သုံးစွဲခဲ့ပြီး တစ်အိမ်တက်ဆင်း မဲဆွယ်စည်းရုံးသည့် နည်းလမ်းများလည်း နေရာအချို့တွင် အသုံးပြုခဲ့သည်။
အာဏာရပါတီကမူ အစိုးရ၏ လူစုလူဝေးကန့်သတ်ချက်များ ဆက်လက်တည်ရှိမည်ဟု မျှော်လင့်ထားပြီး လူစုလူဝေး ထက်စာလျှင် ၂၀၁၅ရွေးကောက်ပွဲကာလကကဲ့သို့ တစ်အိမ်တက်ဆင်း မဲဆွယ်စည်းရုံးမှုများကို ပိုမိုအာရုံစိုက် လုပ်ဆောင်ရန် ပြင်ဆင်လျက်ရှိသည်ဟု ပါတီတာဝန်ရှိသူများက ဆိုသည်။ ထို့ပြင် အွန်လိုင်းမှတစ်ဆင့် ကြော်ငြာများ အသုံးပြုကာ မဲဆွယ်ရန်လည်း ကြိုးပမ်းနေသည်ဟု ၎င်းတို့က ဆိုသည်။
ကိုဗစ်ကာလ အသွားအလာနှင့် လူစုလူဝေးကန့်သတ်မှုများကြောင့် နိုင်ငံရေးပါတီများသည် မဲဆန္ဒနယ်ဆင်းပြီး မဲဆွယ်ခြင်းထက် ငွေကြေးအမြောက်အများသုံးစွဲ၍ အွန်လိုင်းကတစ်ဆင့် ပိုမိုမဲဆွယ်စည်းရုံးကြဖွယ်ရှိသည်။ ယင်းသို့အွန်လိုင်းမှတစ်ဆင့် အပြိုင်အဆိုင်မဲဆွယ်ရာတွင် နိုင်ငံရေးပါတီများ အဓိကပစ်မှတ်ထားမည့် လူမှုကွန်ရက်သည် ဖေ့စ်ဘွတ်ခ်ဖြစ်လာဖွယ်ရှိနေသည်။ အဘယ်ကြောင့် ဆိုသော် နိုင်ငံတစ်ဝှမ်း အသုံးပြုသူ ၂၂သန်းခန့်ရှိရုံမက အင်တာနက်ဟုဆိုလျှင် ဖေ့စ်ဘွတ်ခ်ကိုသာ တန်းမြင်သည်အထိ အများပြည်သူအကြား ပျံ့နှံ့မှုကြီးမားသည့်အတွက် ဖြစ်သည်။
အွန်လိုင်းကတစ်ဆင့်မဲဆွယ်ခြင်းနှင့် တစ်အိမ်တက်ဆင်းမဲဆွယ်ရန် စေတနာ့ဝန်ထမ်းများ စုဆောင်းရခြင်းသည် လူစုလူဝေးဖြင့် မဲဆွယ်ပွဲကြီးများလုပ်ဆောင်ရခြင်းထက် ပိုမိုအကုန်အကျများနိုင်သည်ဟု အင်န်အယ်ဒီပါတီ ဗဟိုပြန်ကြားရေး ကော်မတီဝင်မုံရွာအောင်ရှင်က ဆိုသည်။ သို့သော် အာဏာရပါတီက ယင်းတို့ကို လုပ်ဆောင်နိုင်ကြောင်း သူကဆိုသည်။
ကိုဗစ်-၁၉ကမ္ဘာ့ကပ်ရောဂါသည် မျှော်လင့်မထားသော စိန်ခေါ်မှုဖြစ်သော်လည်း ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီမှသည် ရပ်ကွက်နှင့်ကျေးရွာအဆင့်အထိ ခိုင်ခိုင်မာမာဖွဲ့စည်းထားသောကြောင့် ကျော်လွှားနိုင်လိမ့်မည်ဟု သူက ဆိုသည်။
ပါတီကြီးနှစ်ခုက ကိုဗစ်ကာလ မဲဆွယ်စည်းရုံးရေးအတွက် အခက်အခဲများကို သိပ်မမှုဟန်ရှိသော်လည်း ပါတီငယ်များကမူ ကန့်သတ်ချက်များကြောင့် ၎င်းတို့၏ မဲဆွယ်ခွင့်များဆုံးရှုံးပြီး ထိုမှတစ်ဆင့် ရွေးကောက်ပွဲယှဉ်ပြိုင်မှု ထိခိုက်မည်ကို စိုးရိမ်နေကြသည်။
ရန်ကုန်အခြေစိုက် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး အရပ်ဘက်အဖွဲ့ဖြစ်သည့် New Myanmar Foundation မှ ဒေါ်မြနန္ဒာသင်းက ပါတီအများစုသည် ရန်ပုံငွေနည်းပါးကြပြီး အွန်လိုင်းအသုံးပြုသည့် ဒစ်ဂျစ်တယ်မဲဆွယ်မှုအတွက် နည်းပညာပိုင်းဆိုင်ရာ ဗဟုသုတနည်းပါးသည်ဟု ဆိုသည်။ သို့ဖြစ်ရာ ငွေကြေးပြည့်စုံကြွယ်ဝသော ပါတီကြီးများသာ အွန်လိုင်းကတစ်ဆင့် မဲဆွယ်ခြင်းများကို လက်လှမ်းမီသည့် အခြေအနေဖြစ်သည်ဟုလည်း သူကဆိုသည်။
ပြည်နယ်များတွင် အခြေစိုက်သည့် တိုင်းရင်းသားကိုယ်စားပြုနိုင်ငံရေးပါတီများအတွက်လည်း အွန်လိုင်းမှတစ်ဆင့် မဲဆွယ်မှုများသည် ထိရောက်သည့်နည်းလမ်းမဟုတ်ချေ။ ၎င်းတို့အဓိကပစ်မှတ်ထားသည်က ကျေးလက်နေ ပြည်သူလူထုဖြစ်ပြီး အင်တာနက်အလှမ်းဝေးသည့် ဒေသများတွင် နေထိုင်ကြသည့် မဲဆန္ဒရှင်များဖြစ်သည်။
ကချင်အမျိုးသားကွန်ဂရက်ပါတီ ဥက္ကဋ္ဌဒေါက်တာအမ်ကောလက ၎င်း၏ပါတီသည် ကချင်ပြည်နယ် မြို့တော်မြစ်ကြီးနားကဲ့သို့ မြို့ကြီးများထက် ကျေးလက်ဒေသများကိုသာ အာရုံစိုက်၍ ပါတီစည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်မည်ဟု ဆိုသည်။ ရွေးကောက်ပွဲကော်မရှင်သည် ၎င်းတို့ကဲ့သို့ ပါတီများ ကျေးလက်မဲဆန္ဒရှင်များကို တိုက်ရိုက်မဲဆွယ်နိုင်အောင် ကူညီသင့်သည်ဟု အမ်ကောလက ဆိုသည်။
“ကျွန်တော်တို့ကို ထောက်ခံသူတွေရှိတဲ့ ကျေးရွာတွေကို ကျွန်တော်တို့ကသွားပြီး မဲဆွယ်ရမယ်။ ဒါဟာ အချိန်ကောင်း တစ်ခုပဲ။ (ဒါပေမဲ့) အခုတော့ ရှေ့ဆက်မရဖြစ်နေပြီး ဘာလုပ်ရမယ်မသိဘူး ဖြစ်နေတယ်” ဟု ၎င်းကဆိုသည်။
“ကျွန်တော်တို့ကို ထောက်ခံသူတွေရှိတဲ့ ကျေးရွာတွေကို ကျွန်တော်တို့ကသွားပြီး မဲဆွယ်ရမယ်။ ဒါဟာ အချိန်ကောင်း တစ်ခုပဲ။ (ဒါပေမဲ့) အခုတော့ ရှေ့ဆက်မရဖြစ်နေပြီး ဘာလုပ်ရမယ်မသိဘူး ဖြစ်နေတယ်”
ဒေါက်တာအမ်ကောလ (ဥက္ကဋ္ဌ ၊ ကချင်အမျိုးသားကွန်ဂရက်ပါတီ)
မဲစာရင်းနှင့် မဲဆန္ဒရှင်များ၏ ဘေးကင်းလုံခြုံရေး
ရွေးကောက်ပွဲမတိုင်မီ အချိန်အစောကြီးကပင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲစာရင်းများကို တိကျမှန်ကန်အောင် ပြုစုရမည်ဖြစ်ပြီး ကိုဗစ်-၁၉အန္တရာယ်ကာကွယ်ရေးစည်းမျဉ်းများ လိုက်နာသည့်တစ်ပြိုင်နက် မဲစာရင်းတွင် ပါဝင်သင့်သူများ ပါဝင်အောင်လည်း ဆောင်ရွက်သင့်သည်ဟု အရပ်ဘက်အဖွဲ့များက ဆိုသည်။
မြို့နယ်ရွေးကောက်ပွဲကော်မရှင်ခွဲများသည် ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများရှိ အိမ်ထောင်စုစာရင်းတွင် ပါဝင်သည့် အချက်အလက်များကို အခြေခံ၍ မဲစာရင်းများကို ပြုစုရသည်။ ထို့ကြောင့် မဲပေးသူများသည် မိမိဘာသာ စာရင်းပေးသွင်းရန် မလိုအပ်ပေ။ သို့သော် ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးရုံးများတွင် ကြေညာထားသည့် မဲစာရင်းများသည် မဲဆန္ဒရှင်များ၏ ပုဂ္ဂိုလ်ရေးအချက်အလက်များ အမှားအယွင်းရှိနိုင်ပြီး ပြည်တွင်းပြောင်းရွှေ့နေထိုင်သူများကို ထည့်သွင်းတွက်ချက် ဖော်ပြနိုင်ခြင်း မရှိပါ။ မဲစာရင်းတွင် မိမိအမည်မပါရှိပါက ပါဝင်ထည့်သွင်းရန် တောင်းခံနိုင်ပြီး အချက်အလက်များ မှားယွင်းပါက ပြင်ဆင်ပေးရန် သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲသို့ တောင်းဆိုနိုင်သည်။ လက်ရှိအချိန်တွင် မဲစာရင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် (ပဋိပက္ခဒေသများကလွဲ၍) ဩဂုတ်၇ရက်အထိ ကြေညာထားသည်။
၂၀၁၅ရွေးကောက်ပွဲအကြိုကာလတွင် မဲစာရင်းအမှားအယွင်း၊ အကျအပေါက်များပြားခဲ့ခြင်းကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထိုမဲစာရင်းအမှားများကတစ်ဆင့် ထိုစဉ်အာဏာရပါတီဖြစ်သည့် ပြည်ခိုင်ဖြိုးပါတီကို မျက်နှာသာပေးလိမ့်မည်ဟု လေ့လာသူများက သံသယရှိခဲ့ကြသည်။ သို့ဖြစ်ရာ မှန်ကန်တိကျသော မဲစာရင်းသည် မဲပေးပိုင်ခွင့်ရှိသူများ မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် အရေးကြီးသကဲ့သို့ လာမည့်နိုဝင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲတစ်ခုလုံး၏ လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲအဖြစ် အများလက်ခံနိုင်မှု အတွက်လည်း အလွန်အရေးပါမည်ဖြစ်သည်။
မဲစာရင်းကို အများပြည်သူရှေ့တွင် ကြေညာမည့်အပြင် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် နိုင်ငံရပ်ခြားမှ မြန်မာပြည်သို့ ပြန်လည်ရောက်ရှိလာသည့် ရွှေ့ပြောင်းလုပ်သားများကိုပါ မဲစာရင်းတွင် ထည့်သွင်းပေးသွားမည်ဟု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ဆိုသည်။
“ကျွန်တော်တို့က မဲစာရင်းကို လစဉ်ပြင်ဆင်ပေးနေပါတယ်။ သေဆုံးသွားတဲ့ လူတွေကိုလည်း မဲစာရင်းက ပယ်ဖျက်ပေးနေတယ်။ မဲစာရင်းက တိကျလာလိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်”ဟု ၎င်းကဆိုသည်။
ကော်မရှင်က မဲစာရင်းကို အွန်လိုင်းကတစ်ဆင့်လည်း ကြေညာလျက်ရှိသည်။ ယင်းသို့လုပ်ဆောင်ခြင်းသည် ကောင်းမွန်သည့် ခြေလှမ်းတစ်ရပ်ဖြစ်သော်လည်း အင်တာနက်ဖြတ်တောက်ခံထားရသည့် ရခိုင်ပြည်နယ်အတွင်းက မြို့နယ်များတွင်မူ မဲစာရင်းကို ပြင်ပတွင် ကြေညာထားသင့်သည်ဟု ဒေါ်မြနန္ဒာသင်းက ဆိုသည်။
ရက္ခိုင့်တပ်(အေအေ)အဖွဲ့နှင့်တပ်မတော်အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကို အကြောင်းပြု၍ အစိုးရက ရခိုင်ပြည်နယ်ရှိ မြို့နယ်ခုနစ်ခုနှင့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တို့တွင် မိုဘိုင်းအင်တာနက်လိုင်းများကို တစ်နှစ်ကျော် ဖြတ်တောက်ခဲ့သည်။ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိရာ ရခိုင်ပြည်နယ် နေရာအချို့နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ရွေးကောက်ပွဲကျင်းနိုင်ခြင်းရှိ၊ မရှိ အသေအချာမသိရသေးပေ။ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ကမူ ရွေးကောက်ပွဲနီးကပ်လာသည့်အချိန်ရောက်မှသာ ထိုဒေသများတွင် လွတ်လပ်၍တရားမျှတသည့်ရွေးကောက်ပွဲများ ကျင်းပနိုင်သည့်လုံခြုံရေးအခြေအနေရှိမရှိ ဆုံးဖြတ်သွားမည်ဟု ထုတ်ပြန်ထားသည်။
ဦးကိုကို ဘာသာပြန်သည်။