ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ​ ဝတ်ဆင်၍ အောက်တိုဘာ၂၀ရက်က နေပြည်တော်တွင် ကျင်းပခဲ့သည့် မဲပေးမှု အစမ်းသရုပ်ပြလေ့ကျင့်နေသည်ကို သွားရောက်ကြည့်ရှုခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်ကို မြင်တွေ့ရစဉ်။ (ဓတ်ပုံ | အေအက်ဖ်ပီ)

ဗိုင်းရပ်စ်နှင့် ရွေးကောက်ပွဲ ဝိရောဓိများ

နိုဝင်ဘာ၈ရက်တွင် မြန်မာနိုင်ငံ၌ အထွေထွေရွေးကောက်ပွဲတစ်ရပ် ကျင်းပတော့မည်ဖြစ်သည်။ သို့သော် လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲအတွက် အရေးပါသောအစိတ်အပိုင်းများကို ကိုဗစ်-၁၉ကပ်ရောဂါက တားဆီးလျက်ရှိသည်။

အိအိတိုးလွင် ရေးသားသည်။

စက်တင်ဘာလအတွင်း ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိမှုများနှင့် သေဆုံးမှုများ သိသိသာသာ မြင့်တက်လာသဖြင့် နိုင်ငံရေးပါတီအချို့က ရွေးကောက်ပွဲကို ရွှေ့ဆိုင်းရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တောင်းဆိုခဲ့ကြသည်။ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အင်န်အယ်လ်ဒီ)ပါတီနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့ကမူ ၎င်းတို့၏ တောင်းဆိုမှုကို လျစ်လျူရှုထားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကော်မရှင်တာဝန်ရှိသူများက ကိုဗစ်-၁၉ရောဂါကူးစက်မှုများပြားသော်လည်း ရွေးကောက်ပွဲကိုရွှေ့ဆိုင်းမည်မဟုတ်ဟု ပြောကြားခဲ့သည်။ ရောဂါပြန့်ပွားမှုကိုကာကွယ်ရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခြင်းဖြင့် ရွေးကောက်ပွဲကိုလုံခြုံစွာနှင့်မျှတစွာ ကျင်းပနိုင်လိမ့်မည်ဟု သူတို့ကပြောကြားခဲ့သည်။

စက်တင်ဘာ၂၉ရက်က ကချင်၊ ကယားနှင့် ကရင်ပြည်နယ်များမှ မဲဆွယ်စည်းရုံးရေးတွင် ပါဝင်သည့် ပါတီဝင်များနှင့် တွေ့ဆုံသည့် အွန်လိုင်းဗွီဒီယိုဆွေးနွေးပွဲတစ်ခုတွင် “ကိုဗစ်-၁၉ရောဂါပိုးထိန်းချုပ်နိုင်ရေးက အရေးကြီးသလို ရွေးကောက်ပွဲကျင်းပနိုင်ရေးကလည်း အရေးကြီးသည်” ဟု အင်န်အယ်လ်ဒီပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ရွေးကောက်ပွဲကော်မရှင်သည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်သောလမ်းညွှန်ချက်များနှင့်အညီ ရွေးကောက်ပွဲကျင်းပရန် မဲရုံများ၌ ရောဂါကာကွယ်ရေးအစီအမံများပြုလုပ်နေကြောင်း ထပ်တလဲလဲ ပြောကြားခဲ့သည်။

ရောဂါပိုးကူးစက်ခြင်းမှ ကာကွယ်ရန်  မဲရုံအရေအတွက်ကို မူလ၄၀,၀၀၀ မှ ၅၀,၀၀၀ အထိထပ်မံတိုးမြှင့်ရန် စီစဉ်နေသည်ဟု ကော်မရှင်အဖွဲ့ဝင်ဦးမြင့်နိုင်က ပြောဆိုထားသည်။ မဲဆန္ဒရှင်များအနေဖြင့် တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာခြား၍ မဲပေးနိုင်ရန် စီစဉ်ထားပြီး တစ်ဦးလျှင် မဲပေးချိန် ခုနှစ်မိနစ်ခန့်ကြာမြင့်မည်ဟု ၎င်းကဆိုသည်။ ရွေးကောက်ပွဲနေ့တွင် မဲဆန္ဒရှင်တစ်ထောင်ထက်ပိုသည့် မဲရုံများတွင် မဲပေးရန် အချိန်နှစ်ဆိုင်း၊ နှစ်ထောင်ထက်ပိုလျှင် သုံးဆိုင်းထိခွဲ၍ စီစဉ်ဆောင်ရွက်မည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးလှသိန်းက ‌ပြောကြားထားသည်။

အောက်တိုဘာ၁၀ရက်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်လွယ်သည့် အသက်၆၀ကျော် မဲဆန္ဒရှင်များအား အောက်တိုဘာ၂၅ရက်မှ နိုဝင်ဘာ၅ရက်အထိ ကြိုတင်မဲပေးခွင့်ပြုမည်ဟု ကော်မရှင်ကကြေညာခဲ့ပြီး ယခု သက်ကြီးမဲဆန္ဒရှင်များ ကြိုတင်မဲပေးသည့် လုပ်ငန်းစဉ် ဆောင်ရွက်နေပြီဖြစ်သည်။​ နေအိမ်တွင်သာနေထိုင်စေရေး အမိန့်ထုတ်ပြန်ထားသည့် မြို့နယ်များအနက် တစ်စတုရန်းကီလိုမီတာတွင် အနည်းဆုံးလူ ၅,၀၀၀နေထိုင်သည့် ရန်ကုန်ရှိ ၂၉မြို့နယ်နှင့် မန္တလေးရှိ ငါးမြို့နယ်တို့သည်ယင်းကြေညာချက်တွင် အကျုံးဝင်သည်။

ထို့ပြင် ကော်မရှင်သည် ခရီးသွားလာခွင့် ကန့်သတ်ချက်များကြောင့် ရွေးကောက်ပွဲနေ့ မဲစာရင်းအမည်ပေါက်သည့် မဲဆန္ဒနယ်များသို့ မပြန်နိုင်သည့်သူများအား လက်ရှိနေထိုင်သည့်နေရာတွင် ကြိုတင်မဲပေးရန် စီစဉ်ပေးခဲ့သည်။ ကြိုတင်မဲပေးရန် ပုံစံ-၁၅လျှောက်လွှာများကို အနီးဆုံးရပ်ကွက် သို့မဟုတ်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့တွင် အောက်တိုဘာ ၂၅ နောက်ဆုံးထားတင်ရန်‌ ကော်မရှင်ကညွှန်ကြားခဲ့သည်။

နိုင်ငံရေးပါတီများကမူ ရွေးကောက်ပွဲကျင်းပမည့်ရက် ရွှေ့ဆိုင်းရေးကိုသာ ဆက်လက်တောင်းဆိုနေကြဆဲဖြစ်သည်။ အဓိကအတိုက်အခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့်မဟာမိတ်၂၂ပါတီအပါအဝင် နိုင်ငံရေးပါတီအချို့ကလည်း ရွေးကောက်ပွဲကျင်းပရေးအတွက် ပါတီများနှင့် ညှိနှိုင်းဆွေးနွေးရန်၊ ရွှေ့ဆိုင်းရန် ကော်မရှင်ထံ စာရေးသားပေးပို့ခဲ့သည်။ သို့သော်​ယင်းကြိုးပမ်းချက်များမှာ အချည်းနှီးသာဖြစ်ခဲ့သည်။

ပြည်သူ့ပါတီဥက္ကဋ္ဌဦးကိုကိုကြီးက သူ၏ပါတီသည် လူထုစိုးရိမ်မှုမြင့်တက်နေသည့် ကာလတွင်  လူထုထံက ထောက်ခံမှုတောင်းရန်မသင့်ဟုယူဆကာ မြေပြင်စည်းရုံးရေးများကို ရပ်ဆိုင်းရန်  စက်တင်ဘာ၂၁ရက်က ထုတ်ပြန်ခဲ့သည်။ 

နိုင်ငံရေးလေ့လာသုံးသပ်သူများကမူ ရွေးကောက်ပွဲရွေ့ဆိုင်းရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တွန့်ဆုတ်မှုကို မေးခွန်းထုတ်နေကြသည်။

“ကျန်းမာရေးက ပထမ၊ ရွေးကောက်ပွဲက ဒုတိယပဲဖြစ်သင့်တယ်”ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိန်းကပြောသည်။ “ရွေးကောက်ပွဲကို ခေါင်းမာမာနဲ့ အတင်းတွန်းရင်း နိုင်ငံတော်နဲ့နိုင်ငံသားတွေရဲ့ကျန်းမာရေး ပိုလို့ဖရိုဖရဲ၊ ဒယိမ်းဒယိုင်ဖြစ်သွားမှာကို စိုးရိမ်ပူပန်မိတာ”ဟု သူကပြောသည်။ 

ကျပ်တည်းခက်ခဲသော မဲဆွယ်စည်းရုံးမှုများ

အမတ်လောင်းများသည် ၎င်းတို့နေထိုင်သည့် မြို့နယ်များအတွင်း တစ်အိမ်တက်ဆင်း မဲဆွယ်ရာတွင်ပင် ကပ်ရောဂါကူးစက်ခံရမည်ကို ကြောက်ရွံ့သောဒေသခံများ၏ မနှစ်မြို့သည့် တုံ့ပြန်မှုကို ကြုံတွေ့ခဲ့ရသည်။

ကချင်ပြည်နယ်ပြည်သူ့ပါတီ ဒုတိယဥက္ကဋ္ဌနှင့် ကချင်အမျိုးသားလွှတ်တော်မဲဆန္ဒနယ် (၁၁)တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါ်ဒွဲဘူက မြစ်ကြီးနားမြို့နယ်တွင်းရှိ  ကျေးလက်နေလူထုများက အမတ်လောင်းများကို ၎င်းတို့၏ကျေးရွာများသို့ မဲဆွယ်စည်းရုံးရေးအတွက် ဝင်ရောက်ခွင့်ပြုရန် ရန် တွန့်ဆုတ်နေကြသည်ဟု ဆိုသည်။

“ခွင့်ပြုရင်တောင် ရွာသားတွေကမကြိုဆိုဘူး။ တစ်ယောက်နဲ့ တစ်ယောက်မယုံဘူးဆိုရင်ဘယ်လိုမဲဆွယ်စည်းရုံးနိုင်မလဲ။ ကျွန်မဆိုလည်း ဗိုင်းရပ်စ်ကူးစက်ခံရမှာကြောက်တယ်”ဟု ဒေါ်ဒွဲဘူကပြောသည်။ 

တစ်ချိန်တည်းမှာပင် ရန်ကုန်တိုင်းဒေသကြီးတစ်ခုလုံး (ကိုကိုးကျွန်းမြို့နယ်မပါ )၊ ရခိုင်ပြည်နယ်တစ်ခုလုံး၊ ဧရာဝတီ၊ ပဲခူးနှင့်မန္တလေးတိုင်းဒေသကြီးများ၊ မွန်နှင့် ကချင်ပြည်နယ်များရှိ မြို့နယ်အချို့တွင် နေအိမ်တွင်သာနေထိုင်စေရေးအမိန့် ထုတ်ပြန်ထားသည့်အတွက် အမတ်လောင်းများသည် တစ်အိမ်တက်ဆင်း ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉စည်းမျဉ်းများအရ မဲဆွယ်ခွင့်ပင်မရှိပေ။

ပါတီ တော်တော်များများသည် မဲဆန္ဒရှင်များကို လှုံ့ဆော်စည်းရုံးရန် လူမှုကွန်ရက်မီဒီယာကိုအားကိုးနေရသော်လည်း ထိုသတင်းစကားများသည် ဒေသအချို့က မဲဆန္ဒရှင်များထံမရောက်ရှိနိုင်ပေ။

“ဝေးလံခေါင်ဖျားတဲ့ဒေသတွေမှာ မဲဆွယ်စည်းရုံးတဲ့အခါ  အင်တာနက်ကနေ ဆက်သွယ်မှုကိုအားကိုးလို့မရဘူး”ဟု ကယားပြည်နယ်၊ မယ်စဲ့ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်း ဒေါ်အေးအေးထွန်းကပြောသည်။

အွန်လိုင်းမှတစ်ဆင့် စည်းရုံးလှုံ့ဆော်မှုများသည် ရခိုင်ပြည်နယ်ရှိ မြို့နယ်ရှစ်ခုနှင့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့တို့ကဲ့သို့ အင်တာနက်အသုံးပြုရန်  မြန်နှုန်းနှေးကွေးသော 2G ကွန်ရက်သာ ရရှိသည့် ဒေသများသို့ လွှမ်းခြုံရန်မှာ မဖြစ်နိုင်သည့် အနေအထားတွင် ရှိသည်။

ရခိုင်အမျိုးသားပါတီအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က စိတ်ချရမှုမရှိသည့် အင်တာနက်အသုံးပြုနိုင်ခွင့်၊ ကိုဗစ်-၁၉ကန့်သတ်ချက်များနှင့် တိုက်ပွဲများကြောင့် စိတ်ချလုံခြုံသည့် ရွေးကောက်ပွဲမကျင်းပနိုင်မည်ကို စိုးရိမ်မိကြောင်းမိကြောင်းပြောခဲ့ဖူးသည်။

ယင်းသို့ပြောကြားပြီး မကြာမီ အောက်တိုဘာ၁၆ရက်တွင် ကော်မရှင်က ရခိုင်ပြည်နယ်ရှိ မြို့နယ်၁၃ခုတွင် ရွေးကောက်ပွဲမကျင်းနိုင်ကြောင်း ကြေညာလိုက်သည်။ ကြေညာချက်အရ တစ်မြို့နယ်လုံးတွင် ရွေးကောက်ပွဲမကျင်းပနိုင်သည့် မြို့နယ်ကိုးခုရှိပြီး ကျန်မြို့နယ်လေးခုတွင်မူ နေရာအများစုတွင် မကျင်းပရန် ကော်မရှင်ကဆုံးဖြတ်ခဲ့သည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (အေအေအဖွဲ့)တို့အကြား ဖြစ်ပွားနေသောတိုက်ပွဲများသည် ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲကျင်းပရေးကို အနှောင့်အယှက် ဖြစ်စေခဲ့သည်။သို့သော် ပယ်ဖျက်ခဲ့သည့်နေရာများအနက် အချို့ဒေသများတွင် ရွေးကောက်ပွဲကျင်းပရန် လုံလောက်သည့် အခြေအနေရှိကြောင်း အမတ်လောင်းများက ထုတ်ဖော်ပြောဆိုကြသည်။

သို့တိုင် ကော်မရှင်သည် ၎င်း၏ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ တိတိကျကျ ရှင်းလင်းပြောကြားခြင်းမရှိခဲ့ဘဲ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်ခြောက်ခုနှင့် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အချို့၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်၊ ကရင်နှင့် မွန်ပြည်နယ်များရှိ ကျေးရွာအုပ်စုများနှင့် ရပ်ကွက်အချို့ကို ရွေးကောက်ပွဲကျင်းပမည့် စာရင်းမှချန်လှပ်ခဲ့သည်။

ရခိုင်ပြည်နယ်ရှိမြို့နယ်သုံးခုဖြစ်သော အမ်း၊ ကျောက်ဖြူနှင့် တောင်ကုတ်မြို့နယ်များရှိ ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများ၌ မဲပေးခြင်းကို ရွှေ့ဆိုင်းခဲ့ပြီး မဲဆန္ဒရှင် ၁၀ ရာခိုင်နှုန်းခန့်သာမဲပေးနိုင်ခြင်းက မဲများ၏မျှတမှု အပေါ် သံသယဖြစ်စေသည်။ အောက်တိုဘာ၂၇ရက်တွင် ကော်မရှင်သည် ဖျက်သိမ်းခဲ့သည့်မဲဆန္ဒနယ်များအနက် ကျေးရွာနှင့် ရပ်ကွက်အနည်းငယ်တွင် ရွေးကောက်ပွဲကျင်းပရန် ပြန်လည်ဆုံးဖြတ်ခဲ့သည်။ ယခင်က ချန်လှပ်သည့်စာရင်းတွင် မပါဝင်ခဲ့သည့် ပလက်ဝမြို့နယ်၏ မြို့ပေါ်ရပ်ကွက်အချို့နှင့် ကျေးရွာအုပ်စုအားလုံးနီးပါးတွင် ရွေးကောက်ပွဲမကျင်းပတော့ဟု ကော်မရှင်က ဆုံးဖြတ်ခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ရွေးကောက်ပွဲဆိုင်ရာဥပဒေက ကော်မရှင်ကို သဘာဝဘေးအန္တရာယ် သို့မဟုတ် ဒေသဆိုင်ရာ လုံခြုံရေးအခြေအနေကြောင့် လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲ မကျင်းပနိုင်သည့်နေရာတိုင်း၌ မဲပေးခြင်းကို ရွှေ့ဆိုင်းရန် ဆုံးဖြတ်ခွင့်ပေးထားသည်။ သို့သော် ဤသို့ဆုံးဖြတ်ရာတွင် လိုက်နာရမည့် တိကျသည့် စံသတ်မှတ်ချက်များမရှိပေ။ ရွေးကောက်ပွဲရွှေ့ဆိုင်းခြင်းကို မကြေညာမီ ပါတီများနှင့် တိုင်ပင်ဆွေးနွေးရန် ပျက်ကွက်ခြင်းနှင့်အတူ ဆုံးဖြတ်ချက်ချမှတ်ရာတွင် ပွင့်လင်းမြင်သာမှုကင်းမဲ့ခြင်းတို့သည် နိုင်ငံရေးအရဘက်လိုက်မှုများရှိသည်ဆိုသည့် သံသယကိုသာ ပိုမိုခိုင်မာစေတော့သည်။

၂၀၁၅ ရွေးကောက်ပွဲတွင်  အင်န်အယ်လ်ဒီက မဲဆန္ဒနယ်အားလုံးတွင် အနိုင်ရခဲ့ပြီး၊ ယခုအချိန်တွင် တိုက်ပွဲများဖြစ်ပွားနေသည့် ပလက်ဝမြို့နယ်အတွင်း ရွေးကောက်ပွဲကျင်းပရန် စီစဉ်ပြီးခါမှ ဝေဖန်မှုများ ဆူညံလာမှသာ ဆုံးဖြတ်ချက်ပြန်ပြင်သည့် ကော်မရှင်၏လုပ်ရပ်ကလည်း ဝေဖန်စရာဖြစ်ခဲ့သည်။ ထို့ပြင် ပယ်ဖျက်လိုက်သည့် ရခိုင်ပြည်နယ်ရှိ မြို့နယ်နေရာအများစုကို လွန်ခဲ့သည့် ရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားပါတီက အနိုင်ရခဲ့ပြီး အချို့ကို ပြည်ခိုင်ဖြိုးပါတီကအနိုင်ရထားသည်။

ကိုဗစ်-၁၉ ဒုတိယလ
ရန်ကုန်မြို့တွင်းတစ်နေရာတွင် ချိတ်ဆွဲထားသော ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ၏ မဲဆွယ်ဆိုင်းဘုတ်တစ်ခုကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | အေအက်ဖ်ပီ)

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အကျပ်အတည်းလား

ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုကို ဧပြီလတွင် အစိုးရက သဘာဝဘေးအန္တရာယ်အဖြစ်သတ်မှတ်ခဲ့ပြီး သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေအရ လူမှုရေးဆိုင်ရာထိန်းချုပ်မိန့်များကို ချမှတ်ကျင့်သုံးခဲ့သည်။ ထို့ကြောင့်ပင် ကော်မရှင်သည် ကိုဗစ်-၁၉ကို အသုံးချကာ ရောဂါပိုးပျံ့နှံ့မှုများသည့် မဲဆန္ဒနယ်များတွင် ရွေးကောက်ပွဲမကျင်းပရန် ဆုံးဖြတ်ခွင့်ရှိနေသည်။ ထို့အတူ ရောဂါပိုးပျံ့နှံ့မှုကို ထိန်းချုပ်ရန် မဲဆွယ်စည်းရုံးရေးအပါအဝင် နိုင်ငံရေးပါတီနှင့် အမတ်လောင်းများ၏ ရွေးကောက်ပွဲ လှုပ်ရှားမှုများကိုလည်း ကန့်သတ်နိုင်သည်။

အတိုက်အခံပါတီများဘက်ကမူ မဲဆွယ်စည်းရုံးရေးအခက်အခဲနှင့် လုံခြုံစိတ်ချစွာ မဲပေးနိုင်ခြင်းမရှိသည့် အခြေအနေများသည် နေအိမ်တွင်သာနေထိုင်စေရေး အမိန့်သက်ရောက်သည့် မြို့နယ်များတွင်သာမ တစ်နိုင်ငံလုံးတွင်ဖြစ်ပေါ်နေသည်ဟု ပြောဆိုကြသည်။ ထိုအချက်များကြောင့်ပင် ရွေးကောက်ပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရွှေ့ဆိုင်းပေးရန် ၎င်းတို့က တောင်းဆိုကြခြင်းဖြစ်သည်။

သို့သော် မည်မျှကြာအောင် ရွှေ့ရမည်နည်းဟူသည့် မေးခွန်းအတွက်မူ မည်သူ့တွင်မျှ အဖြေမရှိပေ။ အချို့က ရွေးကောက်ပွဲကျင်းပရန် နှစ်လကျော် နှောင့်နှေးကြန့်ကြာခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အကျပ်အတည်းများ ဖြစ်ပေါ်စေနိုင်သည်ဟု ခန့်မှန်းသုံးသပ်ကြသည်။ အရေးပေါ်အခြေအနေဖြစ်ပေါ်စေပြီး နိုင်ငံရေးကိုပြန်လည်ဝင်ရောက်ရန်အတွက် တပ်မတော်ကို တံခါးဖွင့်ပေးရာ ရောက်နိုင်သည်ဟု အချို့ကစိုးရိမ်ကြသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြည်ထောင်စုလွှတ်တော်၏ သက်တမ်းသည် ပထမအကြိမ်လွှတ်တော်စတင်သည့်နေ့မှ ငါးနှစ်ဖြစ်သည်ဟု ဆိုထားသည်။ ဆိုလိုသည်မှာ မြန်မာနိုင်ငံသည်ပုံမှန်လည်ပတ်နေသော ဥပဒေပြုလွှတ်တော်ကို ဆက်လက်ထားရှိလိုပါက လွှတ်တော်ကိုယ်စားလှယ်များကို ဇန်နဝါရီလကုန်တွင် ရွေးကောက်တင်မြှောက်ပြီးနောက် ၎င်းတို့ကို လွှတ်တော်တွင် ကျမ်းသစ္စာကျိန်ဆိုခြင်း ပြုစေရမည်ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ အစိုးရသည် ဆက်လက်လည်ပတ်နိုင်ပြီး လွှတ်တော်မရှိသည့်တိုင် ရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲကို ဆက်လက်စီမံခန့်ခွဲပိုင်ခွင့် ရှိနေသည်။  ရွေးကောက်ပွဲကော်မရှင်၏သက်တမ်းသည် သမ္မတသက်တမ်းနှင့် တူညီသကဲ့သို့ အတိုင်ပင်ခံ ပုဂ္ဂိုလ်ရာထူး၏ သက်တမ်းနှင့်လည်း ထပ်တူညီမျှဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၆၁တွင် သမ္မတရာထူးသက်တမ်း ငါးနှစ်ရှိသော်လည်း “ယင်းရာထူးသက်တမ်းကုန်ဆုံးသည့်အခါ နိုင်ငံတော်သမ္မတ အသစ်ရွေးကောက်ပြီးသည်အထိ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် မိမိတို့၏လုပ်ငန်းတာဝန်များကိုဆက်လက် ထမ်းဆောင်ရမည်”ဟု ဖော်ပြထားသည်။

ပုဒ်မ ၂၃၅၊ ၂၄၀ နှင့် ၂၆၂ (ဍ)အရ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၏ ရာထူးသည်လည်း သမ္မတ၏ သက်တမ်းနှင့် အတူတူသာဖြစ်သည့်အတွက် ရွေးကောက်ပွဲမကျင်းပနိုင်သည့်တိုင် ဆက်လက်အုပ်ချုပ်ခွင့်ရှိနေသည့် သဘောဖြစ်သည်။

ထို့ပြင် လွှတ်တော်မရှိခြင်းကြောင့် အခြေခံဥပဒေ၏ပုဒ်မ ၂၁၂အရ သမ္မတသည် ပြည်ထောင်စုဘက်ဂျတ်ဆိုင်ရာ ကိစ္စများမှအပ “ချက်ချင်းအရေးယူ ဆောင်ရွက်ရန်လိုအပ်သည့် အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များအတွက်” ဥပဒေကဲ့သို့ အာဏာတည်သည့် အမိန့်ကို ထုတ်ပြန်ခွင့်ရှိနေသည်။ ဖြစ်နိုင်ချေရှိသော အရေးပေါ်အခြေအနေနှင့် ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း(၁၁) တွင်ကြေညာရန် အခြေအနေများကို အသေးစိတ်ဖော်ပြထားသော်လည်း ရွေးကောက်ပွဲရွှေ့ဆိုင်းခြင်း မပါဝင်ပေ။

“ပြည်ထောင်စုပြိုကွဲစေမည့်၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုပြိုကွဲစေမည့် သို့မဟုတ် အချုပ်အခြာအာဏာ လက်လွတ်ဆုံးရှုံးစေမည့် အရေးပေါ်အခြေအနေပေါ်ပေါက်လျှင် သို့မဟုတ် ပေါ်ပေါက်ရန် လုံလောက်သောအကြောင်းတွေ့ရှိလျှင်” သမ္မတသည် တပ်မတော်၏ အကူအညီကိုရယူနိုင်သည်ဟု ဖော်ပြထားသည်။

အရေးပေါ် အခြေအနေများဖြစ်သည့် အများပြည်သူ၏ အသက်အိုးအိမ်၊ စည်းစိမ်ကို ထိပါးအန္တရာယ်ပြုနိုင်မည့် အရေးပေါ်အခြေအနေကြုံခြင်းနှင့် ဆူပူသောင်းကျန်းမှု၊ အကြမ်းဖက်မှုများကြောင့် တိုင်းပြည်တည်ငြိမ်မှုကို ထိခိုက်လာပါက သမ္မတသည် အာဏာကို ဆက်လက်ရယူထားနိုင်ပြီး ပုဒ်မ၄၁၃အရ “လိုအပ်ပါက”  စစ်အုပ်ချုပ်ရေးအမိန့်တစ်ရပ် ထုတ်ပြန်နိုင်သည်ဟု ဖော်ပြထားသည်။

အသေးစိတ် လုပ်ဆောင်ချက်များ၊ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် တိုင်ပင်ကာ ဥပဒေကဲ့သို့ အာဏာတည်သည့် အမိန့်များထုတ်ပြန်နိုင်သည်။ ထို့ကြောင့် ထိုဆုံးဖြတ်ချက်များ ချမှတ်ရာတွင် သမ္မတသည် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် “ညှိနှိုင်း” ရန်သာလိုအပ်ပြီး စစ်တပ်ကြီးစိုးသည့်အစုအဖွဲ့၏ ဆုံးဖြတ်ချက်များကို မဖြစ်မနေ လိုက်နာရန် မလိုအပ်ပေ။

သို့သော် လအတန်ကြာစွာ ဥပဒေပြုလွှတ်တော်ကိုယ်စားလှယ်များ မရှိခြင်းသည် ဒီမိုကရေစီကို ပျက်ဆီးစေသည့် အခြေအနေကဲ့သို့ပင် တည်ငြိမ်မှုကို အန္တရာယ်ပြုလာနိုင်ဖွယ်ရှိသည်။ ဤအချက်ကြောင့် အချို့လေ့လာသုံးသပ်သူများက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသည် လွှတ်တော်၏ သက်တမ်းတိုးခြင်းကို အတည်ပြုနိုင်သည် ဟုဆိုကြသည်။ သို့သော် အခြေခံဥပဒေအရ ထိုကဲ့သို့ လုပ်ပိုင်ခွင့်ရှိခြင်း၊ မရှိခြင်းကို ရှင်းလင်းစွာမဖော်ပြထားပေ။

ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးအဖွဲ့ဝင်များသည် အာဏာရပါတီ၏ သမ္မတနှင့် ၎င်း၏ အမတ်အများစု လွှမ်းမိုးထားသည့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်က ခန့်အပ်ထားခြင်းဖြစ်သည့်အပြင် ခုံရုံးသက်တမ်းသည် အစိုးရအဖွဲ့၏‌ သက်တမ်းနှင့် အတူတူပင်ဖြစ်သည်။ ထိုအခြေအနေတွင် အစိုးရသည် လွှတ်တော်သက်တမ်း တိုးခွင့်အတွက် ခုံရုံး၏သဘောထားကိုတောင်းခံခဲ့ပါက ခုံရုံးထံမှ အစိုးရကိုစာနာသည့် ကြားနာမှုကိုရရှိနိုင်လိမ့်ဟု သုံးသပ်ကြသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိန်းက ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ခြင်းမရှိဘဲ ရွှေ့ဆိုင်းခြင်းဖြစ်နိုင်သည်ဟု ဆိုသည်။ “ဒါကြောင့်ရွေးကောက်ပွဲကို ရွှေ့ဖို့လိုအပ်တယ်။အနည်းဆုံး နေအိမ်တွင်းနေထိုင်တဲ့ အမိန့်သက်ရောက်တဲ့ နေရာတွေကို ရွေ့သင့်တယ်”ဟု သူက အခိုင်အမာပြောသည်။ သို့သော် နေအိမ်တွင်းနေထိုင်ရေးအမိန့်သက်ရောက်နေပြီး ရောဂါပိုးတွေ့ရှိမှုအမြင့်ဆုံးဖြစ်သည့် ရန်ကုန်မြို့အပါအဝင်အခြား မြို့နယ်များတွင် ရွေးကောက်ပွဲကျင်းပရန် ကော်မရှင်က ဆုံးဖြတ်ထားသည်။

သို့သော် အခြားနိုင်ငံရေးလေ့လာသုံးသပ်သူ အမျိုးသားစာပေဆုရှင် ဦးကျော်ဝင်းက ရွှေ့ဆိုင်းခြင်းကို ဥပဒေကြောင်းအရ စဉ်းစားခြင်းမှာ ဒီမိုကရေစီကို နောက်ကြောင်းပြန်စေနိုင်သည့် အလားအလာများကို ဖြစ်စေနိုင်ဟု သံသယရှိသည်။ 

“ဥပဒေဆိုတာ မျှော့ကြိုးလိုပဲ။ လျှော့ချင်သလိုလျှော့၊ တင်းချင်သလို တင်းလို့ရတယ်။ နိုင်ငံရေးက တရားရုံးမဟုတ်ဘူး။ နိုင်ငံရေးမှာ ဆုံးဖြတ်ပေးတဲ့ အင်အားစုတွေရှိတယ်။ မြန်မာပြည်မှာဆို စစ်တပ်၊ နောက် လူထုထောက်ခံမှုဘက်ကပြောရင် အင်န်အယ်လ်ဒီရှိတယ်။ သူတို့အပေါ် မူတည်တယ်။ သူတို့ညှိနိုင်ရင် အခြေအနေမဆိုးဘူး။ မညှိမနိုင်ရင် အခြေအနေဆိုးနိုင်တယ်။ ကျွန်တော်က မြန်မာ့နိုင်ရေးကို ဥပဒေရှုထောင့်က မကြည့်စေချင်ဘူး။ နိုင်ငံရေးကို နိုင်ငံရေးလိုပဲကြည့်စေချင်တယ်”ဟု ဦးကျော်ဝင်းကပြောသည်။ အကယ်၍ လွှတ်တော်အသစ်အချိန်မှီ မကျင်းပနိုင်ပါက၊ တပ်မတော်နှင့် ညှိနှိုင်းမရပါက မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းမှုက နောက်ကြောင်းပြန်ကောင်း ပြန်နိုင်သည်ဟု သူကသုံးသပ်သည်။ 

သို့သော် အင်န်အယ်လ်ဒီပါတီသည် ရွေးကောက်ပွဲကို စီစဉ်ထားသည့်အတိုင်း ကျင်းပလိမ့်မည်ဟု ဦးကျော်ဝင်းက ယုံကြည်သည်။ အဓိကအကြောင်းမှာ လူထုအများစု၏ ထောက်ခံမှုကိုရရှိသည့် အခြေအနေတွင် အာဏာဆက်လက်တည်မြဲနိုင်မည့် အခွင့်အလမ်းကိုလက်လွှတ်မခံနိုင်သောကြောင့်ဖြစ်သည်။

“နောက်တစ်ချက် ကိုဗစ်ကဘယ်အချိန်မှ ပြီးမလဲမသိဘူး။ တစ်ကယ်လို့ အခြေအနေပိုဆိုးလာရင်၊ ထိန်းမနိုင်ဖြစ်လာရင် အင်န်အယ်လ်ဒီရဲ့ စန်းက အထိုက်အလျောက် ကျနိုင်တယ်။ နံပါတ်သုံးကတော့ ဘီအာရ်အိုင် (ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း) ကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်လက်မှတ်ထိုးပြီး အကောင်အထည် မဖော်နိုင်သေးတာ တွေရှိနေတယ်။ တရုတ်က ဒါကိုကျေနပ်ပုံမရဘူး။ ဒီဖိအားတွေကြောင့် လုပ်ငန်းတွေကို ဆက်လုပ်နိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်မှဖြစ်မယ်”ဟု ဦးကျော်ဝင်းက ရွေးကောက်ပွဲ မရွှေ့လိုသည့် အင်န်အယ်လ်ဒီ၏ သဘောထားအပေါ် မှတ်ချက်ပေးသည်။

နည်းပါးလာသည့် စောင့်ကြည့်သူများ

ကူးစက်ရောဂါနှင့် ရောဂါထိန်းချုပ်ရေးအပေါ် အစိုးရ၏ တုန့်ပြန်မှုသည် အများယုံကြည်မှုရှိစေသည့် ရွေးကောက်ပွဲတစ်ရပ်၏ အင်္ဂါရပ်များကို ထိခိုက်စေသည်။ ယုံကြည်ထိုက်သည့်ရွေးကောက်ပွဲဆိုသည်မှာ နိုင်ငံရေးပါတီများအားလုံး သာတူညီမျှ ယှဉ်ပြိုင်ခွင့်ရှိစေမည့် အခင်းအကျင်းတစ်ခု ဖန်တီးပေးရုံတစ်ခုထက် သာလွန်သည်။ ဥပမာရွေးကောက်ပွဲကို စောင့်ကြည့်ခြင်းဖြစ်သည်။

ကိုဗစ်-၁၉ပျံ့နှံ့မှုကို ထိန်းချုပ်ရန် အစိုးရသည် မတ်၃၀ရက်က စတင်၍ နိုင်ငံတကာလေယာဉ် ခရီးစဉ်များပိတ်ပင်ခဲ့သည်။ ထိုအမိန့်ကို အောက်တိုဘာ ၃၁ရက်အထိ ထပ်မံတိုးမြှင့်ထားရာ နိုင်ငံတကာရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူများ လာရောက်ရန် အခက်အခဲဖြစ်စေခဲ့သည်။

၂၀၁၅တွင် ရွေးကောက်ပွဲလေ့လာသူ ၁၀၀ကျော်စေလွှတ်ခဲ့သည့် ဥရောပသမဂ္ဂသ(အီးယူ)သည် နိုဝင်ဘာ၈ရက်တွင် ရွေးကောက်ပွဲလေ့လာရေးကျွမ်းကျင်သူ လေးဦးသာစေလွှတ်နိုင်မည်ဖြစ်သည်။ ထို့အတူ ၂၀၁၅ရွေးကောက်ပွဲတွင် မြန်မာနိုင်ငံသား အများအပြားကို စုဆောင်းကာ ရွေးကောက်ပွဲဆိုင်ရာ ရေရှည်လေ့လာစောင့်ကြည့်မှုများကို အင်တိုက်အားတိုက် ပြုလုပ်ခဲ့သည့် အမေရိကန်အခြေစိုက် ကာတာစင်တာသည်  ပြည်တွင်းခရီးသွားလာမှုကန့်သတ်ချက်များကြောင့် အဖွဲ့ဝင်များစေလွှတ်ရန် အခက်အခဲဖြစ်နေသည်။

ထို့အတူ ပြည်တွင်းရွေးကောက်ပွဲ လေ့လာစောင့်ကြည့်မည့်အဖွဲ့များသည် စေတနာ့ဝန်ထမ်းအလုံအလောက်ရရှိရန်‌ အခက်အခဲရှိနေသည်။ ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့တစ်ခုဖြစ်သည့် Hornbill အဖွဲ့၏ အမှုဆောင်ညွှန်ကြားရေးမှူး ဦးချန်းလျန်က စောင့်ကြည့်လေ့လာရေး လုပ်ငန်းစဉ်တွင်ပါဝင်ရန် စာရင်းပေးခဲ့သူများသည် ဗိုင်းရပ်စ်ပျံ့နှံ့လာမှုအပေါ် စိုးရိမ်မှုဖြစ်လာခဲ့ပြီး ပြန်လည်နှုတ်ထွက်သွားကြသည်ဟု ပြောသည်။ ရေတို၊ ရေရှည်လေ့လာသူ ၄၇၀ စာရင်းပေးခဲ့သော်လည်း ၁၇၀ နီးပါးသည် ပြန်လည်နုတ်ထွက်သွားကြသည်ဟု ၎င်းကဆိုသည်။

သို့ဖြစ်ရာ ရွေးကောက်ပွဲနေ့၌ Hornbill ၏ လေ့လာစောင့်ကြည့်နိုင်မှုသည် ၂၀၁၅ကထက် ပိုမိုအားနည်းသွားမည် ဖြစ်သည်။ ၎င်းတို့အဖွဲ့အစည်းသည် ၂၀၁၅ရွေးကောက်ပွဲတွင် လူဦးရေ  ၅၃၁ဦးဖြင့် ကာလတိုစောင့်ကြည့်မှုများကို ပြုလုပ်နိုင်ခဲ့သည်ဟု ဦးချန်းလျန်ကဆိုသည်။

တစ်ချိန်တည်းမှာပင် အစိုးရနှင့်ပုဂ္ဂလိကသတင်းစာများ၏ ရွေးကောက်ပွဲနှင့်ပတ်သက်သည့် သတင်းဖော်ပြမှုများသည် အားနည်းလာသည်။ ရန်ကုန်မြို့တွင်အခြေစိုက်လုပ်ကိုင်ကြသည့် သတင်းဌာနများက သတင်းသမားများကို ရန်ကုန်တိုင်းအတွင်းချမှတ်ခဲ့သည့် နေအိမ်တွင်းနေထိုင်ရေး အမိန့်မှ ကင်းလွတ်ခွင့်ပြုရန်အစိုးရ ငြင်းဆန်ခဲ့သည်။

ပြည်တွင်းသတင်းထောက်များသည် ရွေးကောက်ပွဲနေ့တွင် မဲရုံများ၌ သတင်းရယူရန် သက်ဆိုင်ရာ ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများထံတွင် အောက်တိုဘာ၂၃ရက်အထိ သတင်းရယူခွင့်အသိအမှတ်ပြုကတ်ပြား လျှောက်ထားရန် လိုအပ်သည်။ သို့သော် ခရီးသွားလာရေး ကန့်သတ်ချက်များကြောင့် ရန်ကုန်ပြင်ပရှိ သက်ဆိုင်ရာပြည်နယ်၊ ခရိုင်ရုံးများတွင် လျှောက်ထားနိုင်ခြင်း မရှိခဲ့ပေ။ ပြည်တွင်းခရီးသွားလာမှု ကန့်သတ်ခြင်းနှင့်အတူ သတင်းရယူမှု လျှောက်ထားခွင့် ဆုံးရှုံးခြင်းသည် ရွေးကောက်ပွဲနေ့တွင် ရန်ကုန်ပြင်ပရှိ အခြားမဲဆန္ဒနယ်များတွင် သတင်းဖော်ပြမှုဆုံးရှုံးနိုင်သည့် အခြေအနေဖြစ်သည်။

နိုင်ငံခြားသတင်းထောက်များကို ပြန်ကြားရေးဝန်ကြီးဌာန၏ ထောက်ခံချက်ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိအမှတ်ပြုကတ်ပြား ထုတ်ပေးနေသည်။ 

သို့သော် နိုင်ငံတကာလေကြောင်းလိုင်းများ ပြေးဆွဲမှုရပ်တန့်ထားသည့် အခြေအနေတွင် မြန်မာ့ရွေးကောက်ပွဲကို သတင်းလာယူနိုင်သည့် နိုင်ငံခြားသတင်းထောက်အရေအတွက်သည် ၂၀၁၅ကထက် နည်းသွားနိုင်သည်။ 

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ အတွင်းရေးမှူးဦးကျော်စွာမင်းက ကောင်စီသည်‌ ရွေးကောက်ပွဲနေ့တွင် သတင်းမီဒီယာသမားများ ရန်ကုန်သာမက အခြားနေရာများတွင် သတင်းယူခွင့်ရရန် ကော်မရှင်နှင့်ဆွေးနွေးရန် စီစဉ်နေသည်ဟုပြောသည်။ 

လက်ရှိအချိန်အထိ ကော်မရှင်ဘက်ကတိကျသည့် တုံ့ပြန်မှုမရှိသေးရာ ကော်မရှင်သည် ရွေးကောက်ပွဲ ပွင့်လင်းမြင်သာမှုတွင် အရေးပါသည့် မီဒီယာများ၏ပါဝင်မှုကို ချန်လှပ်ထားရန် စဉ်စားနေသည်လားဆိုသည်မှာ မေးခွန်းထုတ်ဖွယ်ရာဖြစ်နေသည်။

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar