Members of the Mon Area Community Development Organization distribute bags of rice and health and hygiene items in Gani IDP site in eastern Ye township, Mon State, in early May. (Supplied | HURFOM)
မွန်အရပ်ဘက်အဖွဲ့အစည်းအချို့က မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ အလှမ်းဝေးသော စစ်ဘေးရှောင်များကို စားနပ်ရိက္ခာနှင့် စားသောက်ဖွယ်များ မေလအတွင်း သွားရောက်လှူဒါန်းစဉ်။ (ဓာတ်ပုံ - ပေးပို့ | မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း)

အစိုးရ၏ ကိုဗစ်ကုစားမှုက နိုင်ငံတောင်ပိုင်းရှိ နေရပ်စွန့်ပြည်သူများကို မလွှမ်းခြုံနိုင်

ကိုဗစ်-၁၉စီးပွားရေးကုစားမှုအစီအစဉ်တွင် မည်သူတစ်ဦးတစ်ယောက်မျှကို ချန်လှပ်မထားဟု အစိုးရကကြေညာခဲ့သည်။​ သို့သော် နိုင်ငံတောင်ပိုင်းရှိ ဝေးလံခေါင်သီသောဒေသများက နေရပ်စွန့်ပြည်သူများသည် ရှင်သန်ရေးအတွက်ရုန်းကန်ကြရပြီး အစိုးရထံကထောက်ပံ့မှု အနည်းငယ်သာရရှိကြသည်။

နိုင်အောမွန်နှင့် ဂျန်းနင်း စာဝက်ဇ်ကီးရေးသားသည်။

ကိုဗစ်-၁၉ကမ္ဘာ့ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာသော စီးပွားရေးအကျပ်အတည်းများ လျော့ပါးသက်သာစေရန် မြန်မာနိုင်ငံအစိုးရသည် ကိုဗစ်-၁၉စီးပွားရေးထိခိုက်မှုသက်သာရေးစီမံချက် (CERP)ကို ဧပြီ၂၇ရက်က ကြေညာခဲ့သည်။

CERP အစီအစဉ်သည် “မည်သူတစ်ဦးတစ်ယောက်ကိုမျှ ချန်လှပ်ခြင်းမရှိစေဘဲ”​၊ “တစ်နိုင်ငံလုံး ပူးပေါင်းပါဝင်သည့် တုန့်ပြန်မှု” ဖြစ်ကြောင်း ယင်းအစီအစဉ်ထုတ်ပြန်ချက်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမှာစကားပြောဆိုထားသည်။

သို့သော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ၏ တုံ့ပြန်မှုအစီအစဉ်သည် မွန်၊ ကရင်နှင့် တနင်္သာရီ စသည့် ပြည်နယ်နှင့်တိုင်းဒေသကြီးများအပါအဝင် ဝေးလံခေါင်သီသောဒေသများရှိ ပဋိပက္ခကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူများနှင့် ထိုဒေသများရှိ လူ့အသိုင်းအဝိုင်းအတွင်းက အင်အားနည်းအုပ်စုဝင်များကို မလွှမ်းခြုံနိုင်ခဲ့ပေ။

လူ့အဖွဲ့အစည်းအတွင်းက အင်အားအနည်းဆုံးအုပ်စုဝင်များနှင့် အချို့တဲ့ဆုံးဒေသများမှ ပြည်သူများ၊​ အထူးသဖြင့် နေရပ်စွန့်ခွာပြည်သူများကို ငွေသားထောက်ပံ့ရေးကဲ့သို့ ကုစားရေးအစီအမံများစွာကို CERP အစီအစဉ်အဖြစ် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း အစိုးရက အဆိုပြုထားသည်။

သို့သော် စီမံကိန်းရေးဆွဲသည့် ကနဦးအဆင့်များတွင် အစိုးရသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ရာဒေသ သို့မဟုတ် နှစ်ဖက်ထိန်းချုပ်ရာဒေသများရှိ နေရပ်စွန့်ခွာပြည်သူများနှင့် ဝေးလံခေါင်သီသောဒေသကပြည်သူများ ကိုဗစ်-၁၉ကုစားရေးအစီအစဉ်တွင် အကျိုးခံစားခွင့်ရရေးအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့အစည်းများနှင့် လုံလုံလောက်လောက် ဆွေးနွေးခဲ့ခြင်းမရှိပေ။ အကျိုးဆက်အနေဖြင့် အချို့နေရပ်စွန့်ခွာပြည်သူများသည် အစိုးရက ပေးအပ်သည့် ငွေကြေးနှင့်ထောက်ပံ့ပစ္စည်းများ မရရှိခဲ့ပေ။

အားလုံးပါဝင်သော ကိုဗစ်-၁၉တုံ့ပြန်မှုအစီအစဉ်ဖြစ်လာစေရေးအတွက် အစိုးရအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ကျန်းမာရေးအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများကို မည်သို့ထောက်ပံ့ပြီး မည်သည့်နည်းလမ်းများဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ကို ရှင်းရှင်းလင်းလင်းမသိရပေ။

မည်သို့သော ငွေကြေးထောက်ပံ့မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုများလိုအပ်သည်ကို ရှာဖွေဖော်ထုတ်နိုင်ရန်နှင့် လိုအပ်သည့်အကူအညီများ မြေပြင်တွင်မည်သို့ထောက်ပံ့နိုင်မည်ဆိုသည်ကို အစိုးရအနေဖြင့် ယင်းအဖွဲ့အစည်းများနှင့် ပူးပေါင်းအဖြေရှာခြင်းက မရှိမဖြစ်အရေးကြီးလှသည်။

ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာသည့် အကျပ်အတည်းရိုက်ခတ်မှုဒဏ်ကိုလျှော့ချရန် လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုနှင့် စီးပွားရေးထောက်ပံ့မှုများကို မှန်မှန်ကန်ကန်မြော်မြင်တွက်ဆရန်မှာ ဤသို့ လေးနက်သည့်ပူးပေါင်းဆောင်ရွက်မှုမရှိလျှင် ခက်ခဲမည်ဖြစ်သည်။

မွန်နှင့်ကရင်ပြည်နယ်များရှိ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော မွန်ပြည်သစ်ပါတီထိန်းချုပ်ရာဒေသများသာမက အစိုးရနှင့် ပူးတွဲထိန်းချုပ်ရာ ဒေသများတွင်ရော အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ရာနေရာများတွင်ပါ အစိုးရ၏ကိုဗစ်-၁၉ကို တုံ့ပြန်သည့်အစီအစဉ် မအောင်မြင်သည်ကို သိသာထင်ရှားစွာ လေ့လာတွေ့ရှိရသည်။

ဧပြီအတွင်း ပထမအကြိမ်စားသောက်ကုန်များ ပေးအပ်စဉ်က မည်သည့်ငွေကြေးထောက်ပံ့မှုမှ မရရှိခဲ့သောကြောင့် မေတွင် မွန်ပြည်သစ်ပါတီ၏ ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် တုံ့ပြန်ရေးကော်မတီသည် ၎င်းတို့ထိန်းချုပ်ရာဒေသမှ အိမ်ထောင်စု ၁၄,၀၀၀အတွက် ငွေကြေးထောက်ပံ့မှု ပေးအပ်ရန် မွန်ပြည်နယ်အစိုးရကို တောင်းဆိုခဲ့သည်။

သို့သော်လည်း အိမ်ထောင်စု၃,၅၀၀သာ ငွေကြေးအထောက်အပံ့ရရှိကြပြီး၊ အများစုမှာ အစိုးရထိန်းချုပ်ရာဒေသများနှင့်နီးကပ်သော ရေးမြို့နယ်မှဖြစ်ကြသည်။

ပြည်ထောင်စုအဆင့် မဟာဗျူဟာရေးဆွဲသူများနှင့် ဝေးလံသည့်ဒေသများက နေရပ်စွန့်ခွာပြည်သူများထံသို့ ထောက်ပံ့မှုများကို စီမံခန့်ခွဲဖြန့်ဝေသည့် ပြည်နယ်အစိုးရများအကြား ဟာကွက်များရှိနေသည်ကို ယင်းအဖြစ်အပျက်များက သက်သေပြလျက်ရှိသည်။

အထောက်အပံ့အစီအစဉ်များကို နိုင်ငံတစ်ဝန်းရှိ လူထုလူတန်းစားအားလုံး ညီမျှစွာခံစားခွင့်ရရှိရန်နှင့် လူ့အဖွဲ့အစည်းများရှိ ထိလွယ်ခိုက်လွယ်မှုအရှိဆုံးအသိုင်းအဝိုင်းများကို ဦးစားပေးကူညီထောက်ပံ့ရန် အစိုးရအနေဖြင့် လုပ်ဆောင်ရမည်ဖြစ်သည်။

မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းက ပြုလုပ်ခဲ့သော တွေ့ဆုံမေးမြန်းမှုနှင့် စုဆောင်းရရှိသော အချက်အလက်များအရ မွန်နှင့်ကရင်ပြည်နယ်များရှိ နေရပ်စွန့်ခွာပြည်သူများနေထိုင်ရာ ကျေးရွာများ၊ ဝေးလံခေါင်သီ၍ မွန်ပြည်သစ်ပါတီထိန်းချုပ်ရာဒေသက ကျေးရွာများရှိ မူလကပင် ဆင်းရဲနှင့်ပြီးဖြစ်သော ရွာသားများသည် ကိုဗစ်-၁၉ကြောင့်ဖြစ်ပေါ်လာသည့် စီးပွားရေးဆိုးကျိုးသက်ရောက်မှုများကို အလူးအလဲခံစားနေရကြောင်း တွေ့ရသည်။

ကိုဗစ်-၁၉ပျံ့နှံ့မှုကိုတားဆီးရန် ဒေသန္တရအစိုးရအာဏာပိုင်များနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များက ချမှတ်သည့် ပြင်းထန်သော အသွားအလာကန့်သတ်မှုများသည် ၎င်းတို့ကြုံတွေ့နေရသော အခက်အခဲများအနက် အကြီးမားဆုံးအကျိုးသက်ရောက်မှုဖြစ်သည်။

အစိုးရနှင့် မွန်ပြည်သစ်ပါတီတို့ အားပြိုင်မှုများရှိသည့် ဒေသများတွင် နေထိုင်သော နေရပ်စွန့်ခွာပြည်သူများသည် အသွားအလာကန့်သတ်ပိတ်ပင်ချက်များကြောင့် ၎င်းတို့၏ လယ်ယာလုပ်ငန်းများလုပ်ကိုင်ခွင့်နှင့် နေ့စားအလုပ်များ ဆုံးရှုံးကြကုန်သည်။

အခြားနယ်မြေများတွင် နေရပ်စွန့်ခွာပြည်သူများသည် တောထဲတွင် အစာရေစာရှာဖွေရန်ပင် တားမြစ်ခံကြရသည်။ အသွားအလာကန့်သတ်ချက်များကို ဇူလိုင်ပထမပတ်တွင် ဖြေလျှော့မှုများ ရှိခဲ့သော်လည်း ဝေးလံခေါင်များသောဒေသတွင် နေထိုင်သူများသည် ယင်းကန့်သတ်ချက်များကြောင့် ဖြစ်ပေါ်သည့်အကျိုးဆက်များကို အပြင်းအထန်ခံစားကြရသည်။

လယ်ကွင်းများတွင် စိုက်ပျိုးရန်၊ မိုးရာသီအတွက် အစာရေစာသိုလှောင်စုဆောင်းရန် သွားလာခွင့် ကန့်သတ်ခံရခြင်းကြောင့် နေရပ်စွန့်ခွာပြည်သူအများစုသည် မိုးရာသီကိုမည်သို့ကျော်ဖြတ်ရမည်ကို တွေးပြီး စိုးရိမ်စိတ်များဖြစ်ပေါ်စေသည်။

ထိုအချိန်၌ပင် ရွှေ့ပြောင်းလုပ်သားထောင်ပေါင်းများစွာ ပြန်လာပြီး၊ မဖြစ်မနေ အသွားအလာ ကန့်သတ်နေထိုင်ရခြင်းကြောင့် ဤဒေသခံများအတွက် ဝန်ထုပ်ဝန်ပိုး ပို၍တိုးလာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် တင်းကျပ်သော ကျန်းမာရေးစည်းကမ်းများကို လိုက်နာနိုင်စေရန် ပြည်တော်ပြန်များနှင့် စေတနာ့ဝန်ထမ်းများကို ဒေသခံများက အစားအသောက် ထောက်ပံ့ပေးရ ခြင်းကြောင့်ဖြစ်သည်။ 

ရွှေ့ပြောင်းလုပ်သား ၁၅,၅၀၀ကျော်ပါဝင်သည့် အလွန်များပြားလှသော ပြည်တော်ပြန် မြန်မာနိုင်ငံသားများ ဧပြီပထမပတ်တွင် မွန်ပြည်နယ်သို့ ပြန်လည်ရောက်ရှိလာကြပြီး ၁၄ရက်မဖြစ်မနေ အသွားအလာကန့်သတ်၍ နေထိုင်ခဲ့ကြရသည်။ ယင်းလကုန်တွင် အသွားအလာကန့်သတ်မှု အချိန်ကာလကို ၂၁ရက်အထိ တိုးမြှင့်သတ်မှတ်ခဲ့ရာ အထက်တွင် ဖော်ပြခဲ့သည့် ဒေသခံအသိုင်းအဝိုင်းများအပေါ် ပို၍ကြီးမားသော ဝန်ထုပ်ဝန်ပိုးဖြစ်စေခဲ့သည်။

ရွှေ့ပြောင်းလုပ်သားများပြန်လာခြင်းသည် အထူးသဖြင့် ရေးမြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာပြည်သူများနေထိုင်သော ကျေးရွာ၁၂ရွာအတွက် အခက်အခဲများဖြစ်စေခဲ့သည်။

အယောက် ၄၀မှ၈၀ ခန့်ရှိသည့်ဒေသခံများ အဆိုပါကျေးရွာ၁၂ ရွာသို့ အသီးသီးရောက်ရှိလာခဲ့ကြသော်လည်း ရွာခံများက အခြေခံစားနပ်ရိက္ခာများနှင့် နှာခေါင်းစည်း၊ လက်သန့်ဆေးရည်၊ တစ်ကိုယ်ရည်သုံး ရောဂါကာကွယ်ရေးဝတ်စုံ (PPE)စသည့် ကိုဗစ်-၁၉ကာကွယ်ရေးပစ္စည်းများ မထောက်ပံ့ပေးနိုင်ခဲ့ပေ။ 

မူလကပင် ဆင်းရဲနွမ်းပါးသည့် ဝေးလံခေါင်သီသောဒေသက နေရပ်စွန့်ခွာပြည်သူများသည် ကိုဗစ်-၁၉ကပ်ရောဂါရိုက်ခတ်မှုကြောင့် မိသားစုများသည် ဆင်းရဲဒုက္ခကြီးစွာ ကြုံတွေ့နေရသည်။ စားနပ်ရိက္ခာ ပြတ်လပ်မှုပြဿနာမှာ ၎င်းတို့အမှန်တကယ် ကြုံတွေ့ရသည့် ရိုက်ခတ်မှုဒဏ်ဖြစ်သည်။

“တားမြစ်ချက်တချို့ကို ဖယ်ရှားလိုက်ပေမဲ့၊ မိုးရာသီကရောက်ပြီဆိုတော့ သိပ်နောက်ကျသွားပြီ။ ပွင့်လင်းရာသီမှာ စားစရာစုဆောင်းဖို့၊ သိုလှောင်ဖို့တွေလုပ်ဖို့ အခွင့်အရေးမရှိခဲ့ဘူး”ဟု ဗလဲ့ဒွန်းဖိုက်စစ်ရှောင်စခန်းက အသက်၄၄နှစ်ရှိပြီဖြစ်သည့် နိုင်စန်းဦးက မွန်ပြည်လူ့အခွင့်အရေး ဖောင်ဒေးရှင်းကိုပြောသည်။

ယခုကဲ့သို့ပေါ်ပေါက်လာသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျပ်အတည်းတစ်ခုကို ဖြေရှင်းနိုင်ရန် အစိုးရအနေဖြင့် နိုင်ငံတော်ဘတ်ဂျက်စီမံကိန်းများကို ပြန်လည်သုံးသပ်ရမည်ဖြစ်သည်။ ထို့ပြင် နေရပ်စွန့်ခွာပြည်သူများနှင့် ပဋိပက္ခဒဏ်ခံရသည့် ဒေသခံလူ့အသိုင်းအဝိုင်းနှင့်အစုအဖွဲ့များရှိရာ တိုင်းရင်းသားလူနည်းစုများ၏ အရပ်ဒေသများအတွက် နိုင်ငံတော်ဘဏ္ဍာငွေကို ပိုမိုသုံးစွဲရမည် ဖြစ်ပါသည်။

ဝေးလံခေါင်သီဒေသကပြည်သူများ၊ နေရပ်စွန့်ခွာပြည်သူများအတွက်ရည်ရွယ်၍ အစိုးရအနေဖြင့် အဆိုပါပြည်သူများနှင့်လည်းကောင်း၊ လူထုအခြေပြုအဖွဲ့အစည်းများ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအဖွဲ့အစည်းများနှင့်လည်းကောင်း ညှိနှိုင်းဆွေးနွေးကာ သီးခြားကိုဗစ်-၁၉စီးပွားရေးကုစားမှု အစီအစဉ်တစ်ရပ်ကို ရေးဆွဲသင့်ပါသည်။ အင်အားနည်း လူ့အဖွဲ့အစည်းဝင်များဖြစ်သော ၎င်းတို့သည် အပူတပြင်းလိုအပ်သည့် အကူအညီများ အမြန်ဆုံးရရှိစေရန်လည်း ထောက်ပံ့ကူညီရေးအစီအစဉ်များကို အကောင်အထည်ဖော်ရာတွင် အစိုးရသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်သင့်ပါသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

နိုင်အောမွန်သည် မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း၏ အစီအစဉ်ဒါရိုက်တာဖြစ်ပြီး၊ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ)၏ စီမံအုပ်ချုပ်မှုဘုတ်အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။

ဂျန်းနင်း စာဝက်ဇ်ကီးသည် ကရင်လူ့အခွင့်အရေးအဖွဲ့၊ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းနှင့် လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာ)အပါအဝင် အရှေ့တောင်အာရှနိုင်ငံများက ဒေသခံအဖွဲ့အစည်းများတွင် လူ့အခွင့်အရေးဆိုင်ရာ သုတေသနပြုခြင်း၊ တက်ကြွလှုပ်ရှားမှုနှင့် မှတ်တမ်းတင်ခြင်း စသည့်လုပ်ငန်းများတွင် ပါဝင်ခဲ့သူတစ်ဦးဖြစ်သည်။

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar