ကိုရိုနာဗိုင်းရပ်ကြောင့် ဖြစ်ပေါ်လာသည့် ဒဏ်ကိုခုသာခံသာရှိအောင် အတိုးနှုန်းလျှော့ချမှုများနှင့် အခြားစီးပွားရေးလှုံ့ဆော်မှုဆိုင်ရာ ဆောင်ရွက်ချက်များကို စီးပွားရေးအသိုင်းအဝိုင်းက ကြိုဆိုလိုက်သည်။ သို့ရာတွင် စီးပွားရေးလုပ်ငန်းများ ပိတ်ရခြင်းနှင့် ကြီးမားသည့်အလုပ်အကိုင်ဆုံးရှုံးမှုများကို ရှောင်လွဲနိုင်ရန် ထပ်မံဆောင်ရွက်ရမည့် လိုအပ်ချက်များရှိနေသည်ကိုမူ အများက သဘောတူကြသည်။
ကျော်လင်းထွန်း ရေးသားသည်။
မကြာသေးခင်က အစိုးရနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ စီးပွားရေးကဏ္ဍ အရေးယူဆောင်ရွက်မှုများကို စီးပွားရေးလုပ်ငန်းအသိုင်းအဝိုင်း၏ ချီးကျူးမှုကို ရရှိထားသည့်တိုင် စီးပွားရေးလုပ်ငန်းထောင်ပေါင်းများစွာ မရပ်တန့်ရေးနှင့် အလုပ်အကိုင်ထောင်ချီမဆုံးရှုံးစေရေးအတွက် လုံလောက်မှုမရှိသေးဆိုသည့် စိုးရိမ်မှုများတော့ ရှိနေသေးသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၎င်း၏အတိုးနှုန်းကို တစ်ရာခိုင်နှုန်း လျှော့ချသည့် လတ်တလောဆောင်ရွက်မှုအဖြစ် မတ်လ ၂၄ ရက်က အတိုးနှုန်းမှာ ၈ ဒသမ ၅ ရာခိုင်နှုန်းဖြစ်ကြောင်း ကြေညာခဲ့သည်။ အတိုးနှုန်းကို ရှစ်နှစ်ကျော်မပြောင်းမလဲ ထားရှိခဲ့ရာမှ နှစ်ပတ်အတွင်း အတိုးနှုန်းကို နှစ်ကြိမ်လျှော့ချလိုက်ရာ အပ်ငွေအတိုးနှုန်းမှာ ၆ ဒသမ ၅ ရာခိုင်နှုန်းဖြစ်လာပြီး အပေါင်ပစ္စည်းဆက်စပ်၍ ချေးပေးသည့်အတိုးနှုန်းမှာ ၁၁ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်လာသည်။
ကိုရိုနာဗိုင်းရပ်ကပ်ဘေးကြောင့် စီးပွားရေးကျဆင်းနေချိန်တွင် အတိုးနှုန်းသက်သာစွာနှင့် ငွေချေးယူနိုင်ခြင်းကို စီးပွားရေးလုပ်ငန်းအသိုင်းအဝိုင်းက ချီးကျူးနေသည်။ အတိုးနှုန်းလျှော့ချမှုများမှာ စီးပွားရေးကျမှုကို ကိုင်တွယ်ရန် အစိုးရ၏ အရေးယူဆောင်ရွက်ချက်တစ်ခုမျှသာဖြစ်သည်။
ကျပ်ငွေ ဘီလျံ ၁၀၀ ချေးငွေရန်ပုံငွေတစ်ရပ်ပါဝင်သော စီးပွားရေးလှုံ့ဆော်မှု ကနဦးအစီအစဉ်တစ်ခုကို အစိုးရက မတ်လ ၁၈ ရက်ကတည်းက ဖော်ထုတ်ခဲ့ပြီး အခွန်ပေးဆောင်မှုများအတွက် နောက်ဆုံးသတ်မှတ်ရက်များကို နောက်ဆုတ်ပေးခဲ့သည့်အပြင် ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါကြောင့် ဆိုးဝါးစွာထိခိုက်သည့် မြန်မာပိုင် စီးပွားရေးလုပ်ငန်းများအတွက် အခွန်ကင်းလွတ်ခွင့်များပေးခဲ့သည်။
အစိုးရ၏ စီးပွားရေးလှုံ့ဆော်မှု အရေးယူဆောင်ရွက်ချက်များကို ကျယ်ပြန့်စွာ ကြိုဆိုသော်လည်း စတင်နေပြီဖြစ်သော စီးပွားရေးကျဆင်းမှု၏ ရိုက်ခတ်မှုကို တန်ပြန်ရန် လုံလောက်မှုမရှိသေးဟု စီးပွားရေးပညာရှင်များနှင့် အထူးကျွမ်းကျင်သူများက ပြောသည်။
“အတိုးနှုန်းလျှော့တာက ကောင်းတဲ့လုပ်ရပ်တစ်ခုပါ။ ဒါပေမဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက သူတို့တာဝန်တွေကို ကျေပွန်ဖို့ ငွေချေးရတယ်။ အဲဒီထဲမှာ ဝန်ထမ်းတွေရဲ့လစာတွေပါတယ်။ တခြားနိုင်ငံတွေနဲ့တော့ ခြားနားပါတယ်။ အဲဒီနိုင်ငံတွေမှာက အစိုးရတွေက စီးပွားရေးလုပ်ငန်းတွေ မအောင်မမြင်ဖြစ်စေမှာထက် သူတို့ရဲ့ဝန်ထမ်းတွေကို ငွေပေးချေဖို့ ကူညီနေတာပါ” ဟု ထင်ရှားသည့်စီးပွားရေးလုပ်ငန်းရှင်နှင့် ကုန်သည်/စက်မှုအသင်းချုပ် UMFCCI ၏အမှုဆောင်ကော်မတီဝင် ဒေါက်တာစိုးထွန်းက ပြောသည်။
အစိုးရ၏ စီးပွားရေးလှုံ့ဆော်မှုရန်ပုံငွေကို လည်ပတ်နေသည့်ရန်ပုံငွေမှ ကျပ်ဘီလီယံ ၅၀ နှင့် လူမှုဖူလုံရေးရန်ပုံငွေမှ ကျပ်ဘီလီယံ ၅၀ တို့ပေါင်း၍ ထူထောင်ခဲ့သည်။ လူမှုဖူလုံရေးရန်ပုံငွေမှာ အလုပ်ရှင်၊ အလုပ်သမားတို့၏ လစဉ်ထည့်ဝင်ငွေများဖြစ်သည်။
စီးပွားရေးလုပ်ငန်းများကို ကူညီရန် လူမှုဖူလုံရေးရန်ပုံငွေကို နှိုက်ယူသုံးစွဲခြင်းနှင့်ပတ်သက်၍ ၎င်းတွင် သီးသန့်နေရာများရှိကြောင်း ဦးစိုးထွန်းက ပြောသည်။
“လူမှုဖူလုံရေးရန်ပုံငွေကို ထည့်ဝင်တာက စီးပွားရေးလုပ်ငန်းတွေနဲ့ အလုပ်သမားတွေပါ။ ဒီငွေတွေကို နိုင်ငံတဝန်းက ပြည်သူတွေရဲ့ လူမှုဖူလုံရေးအတွက် ရည်ရွယ်အသုံးမပြုဘဲ စီးပွားရေးလုပ်ငန်းရှင်တွေအတွက် ချေးငွေအနေနဲ့တော့ မဖြစ်သင့်ဘူးလို့ ထင်ပါတယ်” ဟု၎င်းက Frontier ကိုပြောသည်။
ကျပ် ၁၀၀ ဘီလျံချေးငွေ ရန်ပုံငွေကို အထည်ချုပ်လုပ်ငန်း၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းအပြင် မြန်မာပိုင်အသေးစားနှင့် အလတ်စားလုပ်ငန်းများအပေါ် ကပ်ဘေး၏ထိခိုက်မှုကို သက်သာစေရန် ရည်ရွယ်သည်။ ချေးငွေအတိုးနှုန်းမှာ အခြေအနေ တဆင့်ပြီးတဆင့် ပြောင်းလဲလာမှုအပေါ် မူတည်သော်လည်း နှစ်တစ်နှစ်၏ ကနဦးကာလတစ်ခုအတွက် ချေးငွေများ၏အတိုးနှုန်းမှာ တစ်ရာခိုင်နှုန်းသာ ရှိမည်ဖြစ်သည်။
ကာလတို စီးပွားရေးလှုံ့ဆော်မှုလိုအပ်
အခြေအနေကို ကိုင်တွယ်ရန် အစိုးရထံတွင် ကာလတိုစီမံကိန်းရှိဟန်မတူသည်ကို စီးပွားရေးပညာရှင် အများအပြားက စိုးရိမ်နေသည်။ ထို့အပြင် ဝင်ငွေနည်းအိမ်ထောင်စုများကို ကူညီရန် တိကျရှင်းလင်းသည့် မဟာဗျူဟာတစ်ရပ်မရှိခြင်းနှင့်ပတ်သက်၍လည်း ၎င်းတို့က စိုးရိမ်လျက်ရှိသည်။
အဆိုပါဝင်ငွေနည်းမိသားစုများမှာ ကပ်ရောဂါကြောင့်် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ထိခိုက်နေကြပြီး ၎င်းတို့အထဲတွင် ရွှေ့ပြောင်းလုပ်သားများထံမှ ငွေလွှဲမှုအပေါ် မှီခိုနေရသည့် မိသားစုများမှသည် နိုင်ငံမှထွက်ပြေးခဲ့သည့် အလုပ်ရှင်များ၏ စိုက်ခင်းအလုပ်သမားများလည်း ပါဝင်သည်။ ထို့အပြင် ယခုထိလုပ်ဆောင်သည့် အရေးယူဆောင်ရွက်မှုများက တရားဝင်ကဏ္ဍမှဖြစ်စေ၊ အလွတ်သဘောဆန်သည့်ကဏ္ဍမှဖြစ်စေ လိုအပ်ချက်ရှိနေသော စီးပွားရေးလုပ်ငန်းများနှင့် အလုပ်သမားများကို ကူညီရန် လုံလောက်မှုမရှိမည်ကို စိုးရိမ်မှုများရှိနေသည်။
အရေးယူဆောင်ရွက်ချက်များက စီးပွားရေးလုပ်ငန်းများအပေါ်ထိုးနှက်ချက်ကို သက်သာစေမည်ဖြစ်သည့်တိုင် အချိန်တိုအတွင်း များစွာတိုးတက်လာမည်ကို မမျှော်လင့်ကြောင်း နိုင်ငံလုံးဆိုင်ရာ ဘေးအန္တရာယ်နှင့် စက်မှုလုပ်ငန်းသုတေသနကုမ္ပဏီ Fitch Solution ကမတ်လ ၂၅ ရက်က ပြောကြားခဲ့သည်။
ထို့ပြင် မှတ်ပုံတင်ထားသည့် စီးပွားရေးလုပ်ငန်းအားလုံး၏ ၉၀ ရာခိုင်နှုန်းရှိနေသော အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများမှာ အစဉ်အလာအားဖြင့် ငွေကြေးထောက်ပံ့မှုရရှိရေး ရုန်းကန်ရသောကြောင့် အတိုးနည်းချေးငွေများမှာ အကြီးစား ပြည်တွင်းစီးပွားရေးလုပ်ငန်းကြီးများကိုသာ အကျိုးဖြစ်ထွန်းဖွယ်ရှိကြောင်းလည်း ယင်းကုမ္ပဏီက သတိပေးခဲ့သည်။
Fitch ၏အနာဂတ်စီးပွားရေးဟောကိန်းက အားရဖွယ်မရှိဘဲ မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်နှုန်း ခန့်မှန်းချက်ကို ၆ ဒသမ ၃ ရာခိုင်နှုန်းမှ ၃ ဒသမ ၆ ရာခိုင်နှုန်းသို့ ထက်ဝက်နီးပါး လျော့ကျစေခဲ့သည်။ လျော့နည်းသွားသည့် ဝင်ငွေများနှင့် အလုပ်အကိုင်ဆုံးရှုံးမှုတို့က ပုဂ္ဂလိကစားသုံးမှုကျဆင်းအောင် ဖိအားပေးနေသည်။ ထိုစဉ် ကမ္ဘာ့စီးပွားရေးကျဆင်းမည့်အချိန် ပြည်ပရင်းနှီးမြှုပ်နှံမှုလည်း ကျဆင်းနိုင်သည့်ပြင် စီးပွားရေးလုပ်ငန်းများကလည်း ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုကို နှောင့်နှေးစေသည်။
ပြည်ပတင်ပို့မှုများ၊ အထူးသဖြင့် အထည်ချုပ်နှင့် သဘာဝဓာတ်ငွေ့တို့မှာ ယခုဘဏ္ဍာနှစ်တွင် စာချုပ်ဖြင့် ရောင်းဝယ်ရန် မျှော်လင့်ထားသည်။ သို့သော်လည်း ပြည်ပမှ တင်သွင်းကုန်နည်းပါးမှုကြောင့် တစိတ်တပိုင်းသာ စာချုပ်လုပ်ကိုင်နိုင်မည်ဖြစ်သည်။
နိုင်ငံခြားစီးပွားရေးလုပ်ငန်းများမှာ မြန်မာနိုင်ငံတွင် ဆက်လက်လုပ်ဆောင်နေသော်လည်း များပြားလှသည့် ပြည်ပမှဝန်ထမ်းများမှာ ပြန်သွားကြပြီး ယေဘုယျအားဖြင့် အာရုံစိုက်မှုက ကိုဗစ်-၁၉ ကို တုံ့ပြန်အရေးယူဆောင်ရွက်ရေးဖြစ်သည်ဟု ရန်ကုန်အခြေစိုက် စီးပွားရေးလုပ်ငန်းအတိုင်ပင်ခံတစ်ဦးက ပြောသည်။
“လောလောဆယ် အစီအစဉ်သစ်တွေ၊ ဒါမှမဟုတ် စီမံကိန်းတွေကနေ တွန်းအားပေးဆောင်ရွက်ဖို့အတွက် စွမ်းဆောင်ရည်က အကန့်အသတ်ရှိပါတယ်။ ကျွန်တော့်အထင် ဒီလိုအနေအထားကြောင့် ရင်းနှီးမြှုပ်နှံမှုသစ်မှာ လနည်းနည်းလောက် ထိုးကျတာမျိုး ရှိပါလိမ့်မယ်” ဟု၎င်းကပြောသည်။
ကိုဗစ်-၁၉ ရန်ပုံငွေကို စီမံခန့်ခွဲသည့် အထူးတာဝန်အဖွဲ့ကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနဦးဆောင်၍ ယင်းဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက ဦးစီးမည်ဟု စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒု-အမြဲတမ်းအတွင်းဝန် ဦးဝင်းထိုက်က ပြောသည်။
“အထူးတာဝန်အဖွဲ့က ဆောင်ရွက်မယ့်လုပ်ငန်းစဉ်တွေနဲ့ ချေးငွေဆိုင်ရာစံတွေကို အသေးစိတ် ရေးဆွဲနေပါတယ်။ ဆွဲပြီးသွားရင် တစ်ရာခိုင်နှုန်းအတိုးနဲ့ တစ်နှစ်ချေးငွေတွေအတွက် လျှောက်လွှာတွေကို လက်ခံခြင်း၊ အကဲဖြတ်ခြင်းတွေကို စတင်ပြုလုပ်မှာဖြစ်ပါတယ်” ဟု ဦးဝင်းထိုက်က Frontier ကိုပြောသည်။
အထူးတာဝန်အဖွဲ့က ယင်းတို့လုပ်ငန်းကို မည်သည့်အချိန် စတင်မည်ကို ၎င်းကမပြောနိုင်သော်လည်း ဌာန ၂၅ ခုရှိသော စီမံဘဏ္ဍာစက်မှုဝန်ကြီးဌာနက လျှောက်လွှာများစီစဉ်တကျဖြစ်ရေး စတင်ရန် အမြန်ဆုံး ကြိုးပမ်းလျက်ရှိသည်။
“ကျွန်တော်တို့ အခွန်အခတွေလည်း လျှော့ချပြီးပါပြီ” ဟုဦးဝင်းထိုက်က ပြောသည်။ ပြည်ပတင်ပို့ကုန်တွေ၊ ဝင်ငွေနဲ့ ကုန်သွယ်မှုတွေကနေ ပေးရမယ့်အခွန်တွေကို နှစ်လတစ်ကြိမ်၊ သုံးလတစ်ကြိမ် ပေးစရာမလိုတော့ဘဲ ဒီနှစ်ကုန်မှသာပေးဖို့ ရွှေ့ဆိုင်းလိုက်ပါတယ်” ဟု၎င်းကပြောသည်။
သို့သော်လည်း ကိုဗစ်-၁၉ ထိခိုက်သည့် စီးပွားရေးလုပ်ငန်းအများအပြားတွင်အခွန်ပေးဆောင်ရခြင်းကို ရွှေ့ဆိုင်းပေးခြင်းထက် သက်သာခွင့် လျှော့ပေါ့ခွင့်ကိုသာ ပေးသည်ဟု ဦးစိုးထွန်းကပြောသည်။ ကျွန်တော်တို့နိုင်ငံမှာတော့ သူတို့က အခွန်တွေပေးဆောင်မှုကိုသာ ရွှေ့ဆိုင်းပါတယ်။ ဒါ့ကြောင့် မေးခွန်းက စီးပွားရေးလုပ်ငန်းက နောက်တော့ ရွှေ့ဆိုင်းထားတဲ့ အခွန်တွေကို မပေးနိုင်ရင် ဘာဖြစ်မလဲ ဆိုတာပဲ ဟု၎င်းကပြောသည်။ ဒါ့ကြောင့်ခြုံကြည့်ရင် စီးပွားရေးကို ကူညီဖို့အတွက် ပံ့ပိုးမှုနဲ့ ဖြေရှင်းချက်တွေဟာ တခြားနိုင်ငံတွေနဲ့ယှဉ်ရင် အားနည်းနေပါသေးတယ်” ဟု၎င်းကဆိုသည်။
လက်ရှိအခြေအနေ၏ လေးနက်မှုကို ဘဏ်လုပ်ငန်းကဏ္ဍမှ လူအများအပြားက အသိအမှတ်ပြုပြီး ၎င်းတို့အနက်အချို့က ကမ္ဘာ့ကပ်ရောဂါကို စီးပွားရေးအကျပ်အတည်းတစ်ခုထက် စစ်ပွဲတစ်ခုနှင့်သာ ခိုင်းနှိုင်းကြသည်။
“ကျွန်တော်တို့က ဒီဗိုင်းရပ်နဲ့စစ်ခင်းနေရတာပါ။ ကဏ္ဍတိုင်းက ထိခိုက်မှုရှိနေပါတယ်” ဟု စီဘီဘဏ်၏ အကြံပေးနှင့် ဒါရိုက်တာဟောင်းတစ်ဦးဖြစ်သူ ဦးဖေမြင့်က ပြောသည်။ ၎င်းကတော့ သုံးလအတွင်း အခြေအနေပြန်ကောင်းလိမ့်မည်ဟု မျှော်လင့်နေသည်။
ထိုစဉ် ပြည်သူများနှင့် စီးပွားရေးလုပ်ငန်းများကို ကူညီနိုင်သည့် နည်းလမ်းများကို စဉ်းစားရန် အရေးပေါ် အစည်းအဝေးများ ကျင်းပနေကြောင်း ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ် မူဝါဒရေးရာအရာရှိချုပ် ဦးဝင်းဇော်က ပြောသည်။ အတိုးနှုန်းကို ၈ ဒသမ ၅ ရာခိုင်နှုန်းသို့ လျှော့ချသည့်အတွက် ဗဟိုဘဏ်ကို ၎င်းကချီးကျူးခဲ့သည်။ ထို့အပြင် ဘဏ်လုပ်ငန်းရှင်များသည် အခြေအနေကို မည်သို့အကောင်းဆုံး တုံ့ပြန်နိုင်သည်ကို စဉ်းစားနေသည်ဟုလည်း ၎င်းကပြောသည်။
“ဒါပေမဲ့ ဒါက ကပ်ရောဂါရဲ့ ဆင့်ကဲဖြစ်စဉ်နဲ့ တိုက်ရိုက်ဆက်စပ်နေလို့ စီးပွားရေးလုပ်ငန်းတွေ ဘယ်အချိန် ပြန်ကောင်းလာမယ်ဆိုတာကိုတော့ ကျွန်တော်မခန့်မှန်းရဲဘူး” ဟု ဦးဝင်းဇော်ကပြောသည်။ ဘဏ်လုပ်ငန်းကဏ္ဍက စီးပွားရေးလုပ်ငန်းများကို ကူညီရန် တတ်နိုင်သမျှ ဆောင်ရွက်နေသည်ဟု KBZ ဘဏ်အကြီးတန်းအကြံပေး ဦးသန်းလွင်က ပြောသည်။ သို့သော်လည်း အကျပ်အတည်းအပေါ် အစိုးရနှင့် ဗဟိုဘဏ်တို့၏ တုံ့ပြန်မှုကိုမူ ၎င်းကဝေဖန်ဆန်းစစ်ခဲ့သည်။
အခြားနိုင်ငံများက များစွာကြီးမားသည့် စီးပွားရေးလှုံ့ဆော်မှုဆောင်ရွက်ချက်များကို အားထားလုပ်ဆောင်နေပြီဟု ဦးသန်းလွင်က ပြောသည်။
“တကယ့်အကျပ်အတည်းအခြေအနေက ဘာလဲဆိုတဲ့အပေါ် ကိုင်တွယ်ဖို့အတွက် ဗဟိုဘဏ်နဲ့ အစိုးရဟာ အရေအတွက်အရ လျှော့ပေါ့ခြင်းလို နည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်” ဟု၎င်းကပြောသည်။
လုပ်သားအခြေပြု အခြေခံအဆောက်အအုံစီမံကိန်း labour-intensive infrastructure projects များ၌သုံးရန် အစိုးရအတွက် ဗဟိုဘဏ်က ငွေစက္ကူများ ရိုက်နှိပ်နိုင်ပြီး ယင်းငွေများမှာ စီးပွားရေးလုပ်ငန်းများနှင့် အလုပ်သမားများလက်ထဲသို့ တိုက်ရိုက်ရောက်သွားမည်ဟု ၎င်းကတင်ပြသည်။
“ဒီလိုအခြေအနေမှာ ငွေကြေးဖောင်းပွမှုနဲ့ပတ်သက်ပြီး ကျွန်တော်တို့ စိုးရိမ်ဖို့မလိုပါဘူး။ ငွေကျုံ့သွားမှာကိုပဲ စိုးရိမ်ဖို့လိုတာပါ” ဟု ၎င်းက Frontier ကိုပြောသည်။
အလုပ်သမားများကို ကာကွယ်ခြင်း
ကိုရိုနာဗိုင်းရပ်၏ အကျိုးဆက်ကြောင့် လူထောင်ပေါင်းများစွာမှာ အလုပ်အကိုင်ဆုံးရှုံးကြသည်။ မြန်မာနိုင်ငံတွင် ပထမဆုံး အတည်ပြုကူးစက်လူနာများ မရှိခင် သီတင်းပတ်များစွာကပင် အထည်ချုပ်ကဏ္ဍမှာ ထိခိုက်ခဲ့ပြီး ကုန်ကြမ်းပို့ဆောင်ရေးကွင်းဆက်များ ပြတ်တောက်မှုအပြင် ဥရောပမှဝယ်လိုအားများ ကျဆင်းမှုကြောင့် စက်ရုံများ ပိတ်ခဲ့ရသည်။ စက်ရုံအများအပြားမှာ ဖွင့်နေသော်လည်း အလုပ်ချိန်နှင့် အချိန်ပိုများ လျှော့ချနေရပြီး အလုပ်သမားတို့၏ ဝင်ငွေသုံးပုံတစ်ပုံ လျော့ကျသွားခဲ့သည်။
ယင်းကဏ္ဍမှ လုပ်သားများ၏ ကျန်းမာရေးအတွက်လည်း စိုးရိမ်မှုများရှိသည်။ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကို ကာကွယ်သောအားဖြင့် အလုပ်သမားများကို အိမ်မှာပင် အလုပ်လုပ်ခွင့်ပေးသည့် စီးပွားရေးလုပ်ငန်းများ အရေအတွက်များပြားလာသည်။ သို့သော်လည်း အထည်ချုပ်စက်ရုံများ၌ အဝေးမှလုပ်ကိုင်ရန် မဖြစ်နိုင်သကဲ့သို့ လူချင်းဝေးဝေးနေရေး အကောင်အထည်ဖော်ရန်မှာလည်း ခက်ခဲလှသည်။
မတ်လ ၂၅ ရက်က အစိုးရအရာရှိများ၊ လုပ်ငန်းပိုင်ရှင်များနှင့် အလုပ်သမားကိုယ်စားလှယ်များသည် မြန်မာနိုင်ငံရှိ အလုပ်သမားသမဂ္ဂများမဟာမိတ်နှင့် အထည်ချုပ်အလုပ်သမားများအတွက် ကျန်းမာရေးအန္တရာယ်များကို တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ မဟာမိတ်အဖွဲ့က အထည?