ကိုဗစ်-၁၉ရိုက်ခတ်မှုဒဏ်ကို အခြားအသက်အရွယ်အပိုင်းအခြားများထက် သက်ကြီးရွယ်အိုများက ပို၍ခံစားနေရသည်။ စစ်တမ်းတစ်ခုတွင်မူ သက်ကြီးရွယ်အိုအများအပြားသည် စားဝတ်နေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို လက်လှမ်းမမီမည်ကို စိုးရိမ်ကြကြောင်း ဖြေဆိုခဲ့ကြသည်။
အောင်ဖေကြည်စိုး ရေးသားသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်မှာနေတဲ့ ဒေါ်ဌေးမြင့်ဟာ သူ့ကိုယ်ပိုင် စားသောက်ဆိုင် လုပ်ငန်းအရှုံးပေါ်တာကြောင့် ၂၀၁၁ကတည်းက သမီးဖြစ်သူ မရည်ရွယ်ဦးနဲ့အတူ ရန်ကုန်မြို့ကို ရွှေ့ပြောင်းခဲ့ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာကစက်ရုံတစ်ခုခုမှာ ပုံမှန်ဝင်ငွေရရှိအောင် အလုပ်လုပ်မယ်ဆိုတဲ့ စိတ်ကူးအိပ်မက်ကိုပါ ဝါးခယ်မကနေရန်ကုန်ကို သယ်ဆောင်ခဲ့တာပါ။
မိခင်ဖြစ်သူကိုထောက်ပံ့ဖို့ အသက်၂၈နှစ်ရှိပြီဖြစ်တဲ့ မရည်ရွယ်ဦးဟာ လှိုင်သာယာစက်မှုဇုန်က အထည်ချုပ်စက်ရုံတစ်ရုံမှာ အလုပ်လုပ်ပါတယ်။ တစ်ရက်ကို လုပ်အားခ ငွေ ၅,၂၀၀ကျပ်ရပြီး အချိန်ပိုအလုပ်ဆင်းရတဲ့နေ့တွေဆို အချိန်ပိုဆင်းခ တစ်နာရီကို ၁,၄၀၀ကျပ်ရပါတယ်။
တကယ်တော့ ဒီဝင်ငွေဟာ မရည်ရွယ်ဦးတို့သားအမိအတွက် လုံလောက်တဲ့ ပမာဏတော့ မဟုတ်ပါဘူး။ အထူးသဖြင့် တစ်လချင်းပေးရတဲ့ အိမ်ငှားခအပြင် အမေဒေါ်ဌေးမြင့်အတွက် အသည်းရောင်အသားဝါစီပိုး ကုသဖို့စရိတ်ကိုပါ တွက်ကြည့်ရင် သူ့လစာက အမြဲလောက်တယ်လို့တော့မဟုတ်ပါဘူး။
ဒီလိုနဲ့ မထင်မှတ်တဲ့အခြေနေတွေ မမျှော်လင့်ဘဲရောက်ရှိလို့လာပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉လူနာစတင်တွေ့ရှိတဲ့ မတ်၂၃ရက်နောက်ပိုင်း မရည်ရွယ်ဦးအပါအဝင် စက်မှုဇုန်တွေမှာ အလုပ်လုပ်ကြတဲ့ အလုပ်သမား ထောင်နဲ့ချီပြီး ဒုက္ခရောက်ကြဖို့ ဖြစ်လာပါတယ်။
ကိုဗစ်-၁၉ကူးစက်ပြန့်ပွားမှာကို စိုးရိမ်ပြီး လှိုင်သာယာစက်မှုဇုန်က အထည်ချုပ်စက်ရုံတွေကို ဧပြီလ တစ်လလုံးအလုပ်ပိတ်သိမ်းဖို့ အစိုးရက အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ တစ်ချို့စက်ရုံတွေကတော့ တစ်လထက်ပိုပြီး ရက်ရှည်ပိတ်ခဲ့ကြပါတယ်။
အကျိုးဆက်အနေနဲ့ စက်မှုဇုန်က အလုပ်သမားပေါင်း ၁၀,၀၀၀နီးပါး အလိုအလျောက် အလုပ်လက်မဲ့ဘဝ ကျရောက်ခဲ့ရပါတယ်။ တစ်ချို့စက်ရုံတွေကတော့ အလုပ်ချိန်လျှော့ချပြီး ပေးတဲ့လစာဖြတ်တောက်ခဲ့ပါတယ်။
ဒါပေမဲ့ အထည်ချုပ်စက်ရုံအတော်များများဟာ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ပိုးစမတွေ့ခင် အချိန်ကတည်းက ပြည်ပအမှာစာလျော့နည်းလာတဲ့ ပြဿနာကြုံတွေ့ခဲ့ရတယ်လို့ စက်ရုံတစ်ချို့က အလုပ်သမားခေါင်းဆောင်တွေက ဆိုပါတယ်။
သူလုပ်နေတဲ့ အထည်ချုပ်စက်ရုံ တစ်လလောက်နီးပါး အလုပ်တွေ ရပ်နားခဲ့တာကြောင့် မရည်ရွယ်ဦးဟာ မတတ်နိုင်တဲ့အဆုံး သားအမိနှစ်ယောက်အထွေထွေစရိတ်တွေကာမိဖို့ အသိတွေဆီက ပိုက်ဆံချေးငှားရပါတော့တယ်။
“ကိုဗစ်-၁၉ ကပ်ရောဂါဘေးကြောင့် ကျွန်မသမီးအလုပ်လုပ်တဲ့ စက်ရုံပိတ်သွားမှာ စိုးရိမ်မိတယ်”လို့ အသက်၆၉နှစ်ရှိပြီဖြစ်တဲ့ ဒေါ်ဌေးမြင့်က ဖရွန်းတီးယားမြန်မာကို ပြောပါတယ်။ ဒီလိုစက်ရုံပိတ်ရက်တွေ ထပ်ဖြစ်လာမှာကိုသူက စိုးရိမ်နေပါတယ်။
ကိုဗစ်-၁၉သက်ရောက်မှုကိုလေ့လာဖို့ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးအဖွဲ့ (HelpAge International Myanmar) က မေလအတွင်း တယ်လီဖုန်းစစ်တမ်းတစ်ခု ကောက်ယူခဲ့ပါတယ်။
ဒီစစ်တမ်းကို အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးအဖွဲ့က မေ၇ရက်ကနေ ၁၈ရက်အတွင်း ဧရာဝတီ၊ ရန်ကုန်၊ ကရင်၊ မကွေး၊ မန္တလေးနဲ့ မွန်စတဲ့ ပြည်နယ်နဲ့တိုင်းဒေသကြီးခြောက်ခုက လူပေါင်း၁၅၁ဦး (အမျိုးသမီး ၈၀ ဦး၊ အမျိုးသား ၇၁ ဦး) ကို ဆက်သွယ်မေးမြန်းခဲ့တာလည်း ဖြစ်ပါတယ်။
စစ်တမ်းအရ ၄၆ရာခိုင်နှုန်းသော ဖြေဆိုသူ အသက်၅၀နဲ့အထက် သက်ကြီးရွယ်အိုတွေဟာ တစ်နေ့တစ်နေ့ စားဖို့သောက်ဖို့အတွက် ကျပ်တည်းနေတယ်လို့ ဖြေဆိုကြပါတယ်။ သက်ကြီးရွယ်အို ၃၄ရာခိုင်နှုန်းကတော့ ကိုဗစ်-၁၉ကာလမှာ သူတို့ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ဆေးဝါးတွေမရရှိကြဘူးလို့ ဖြေဆိုပါတယ်။
အဲဒီစစ်တမ်းရဲ့ တွေ့ရှိချက်အရ ဖြေဆိုသူ သက်ကြီးရွယ်အို ၄၂ ရာခိုင်နှုန်းဟာ အချိန်တိုင်းလိုလို စိုးရိမ်ပူပန်မှုတွေရှိနေပါတယ်။ ခရီးသွားလာမှုကန့်သတ်ခြင်းအပါအဝင် ကိုဗစ်-၁၉ကပ်ရောဂါထိန်းချုပ်ရေး အစိုးရရဲ့အမိန့်တွေကြောင့် အခြေခံစားသောက်ကုန်ပစ္စည်းတွေနဲ့ ဆေးဝါးစီးဆင်းမှု နှောင့်နှေးကြန့်ကြာခဲ့တယ်လို့လည်း အဲဒီစစ်တမ်းကဆိုပါတယ်။
“သက်ကြီးရွယ်အိုများအနက် ၆၀ရာခိုင်နှုန်းမှာ ပုံမှန်ဆေးဝါးသောက်သုံးရန် လိုအပ်သည့် ဆီးချို၊ သွေးတိုးအစရှိသော ရောဂါများအပါအဝင် နဂိုရောဂါအခံရှိသူများဖြစ်ရာ ဆေးဝါးပုံမှန်ရရှိရေးမှာ အရေးကြီးလျက်ရှိသည်”လို့ စစ်တမ်းမှာဖော်ပြထားပါတယ်။
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ လေးရွာစုံရွာက အသက်၇၀ရှိပြီဖြစ်တဲ့ ဦးမြပေါ်ကတော့ ကိုဗစ်-၁၉ကပ်ရောဂါကြောင့် သူအပါအဝင် သက်ကြီးရွယ်အိုတွေဟာ အရင်ကလို နေမကောင်းရင် ဘယ်သွားရမှန်းမသိဖြစ်နေတယ်လို့ ဆိုပါတယ်။
သူတို့ရွာမှာ ကျန်းမာရေးစောင့်ရှောက်ဖို့ သားဖွားအဆင့် သူနာပြုဆရာမတစ်ဦးကို တာဝန်ချထားပါတယ်။ ဒါပေမဲ့ ကိုဗစ်-၁၉ကာလ ပြည်ပပြန်တွေ များလာတဲ့အတွက် မြင်းခြံမြို့ပေါ်က အသွားအလာကန့်သတ်တဲ့နေရာ (ကွာရန်တင်းစင်တာ)တစ်ခုကို တာဝန်ရှိသူတွေက တာဝန်ပြောင်းရွှေ့လိုက်ပါတယ်။
“ပုံမှန်ဆိုရင် ကျွန်တော်တို့က နေထိုင်မကောင်းဖြစ်တဲ့အခါ ရွာက သားဖွားဆရာမဆီကို ပြဖို့သွားကြပါတယ်။ ဒါပေမဲ့ အခုတော့ ကျန်းမာရေးကြောင့်တစ်ခုခုဆိုရင် မြင်းခြံမြို့ကိုပဲ သွားနေရတယ်”လို့ ဦးမြပေါ်က ပြောပါတယ်။
လေးရွာစုံရွာမှာ သူအပါအဝင် သက်ကြီးရွယ်အို ၃၅ယောက်လောက် ရှိနေပါတယ်။
“ကျွန်တော်တို့ရွာမှာ ကျေးလက်ကျန်းမာရေးဌာနဆိုတာ မရှိပါဘူး။ ကျွန်တော်တို့ရွာနဲ့ မြို့နယ်မှာရှိတဲ့ ဆေးရုံကလည်းဝေးတာကြောင့် တာဝန်ရှိသူတွေကို ကျွန်တော်တို့ရွာမှာ ကျေးလက်ကျန်းမာရေးဌာနတစ်ခု ထူထောင်ပေးစေလိုပါတယ်”လို့ ဦးမြပေါ်ကပြောပါတယ်။
ကိုဗစ်-၁၉ကာလအတွင်းမှာ စာ:ရေးသောက်ရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်နေတယ်လို့ အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုစောင့်ရှောက်ရေးအဖွဲ့ကို ဖြေကြားခဲ့တဲ့ မြင်းခြံမြို့နယ်က အသက်၇၇နှစ်ရှိပြီဖြစ်တဲ့ ဒေါ်အောကပြောပါတယ်။
“ခရီးသွားကန့်သတ်ချက်တွေကြောင့် မန္တလေးမှာနေတဲ့ ညီမကလည်း ဒီကိုလာပြီး မကြည့်နိုင်ဘူး။ မျက်လုံးခွဲထားတာကလည်း မကြာသေးဘူးလေ။ အခုတော့ ချက်ရေးပြုတ်ရေးနဲ့ အိမ်မှုကိစ္စ တွေအတွက် အိမ်နီးနားချင်းတွေကိုပဲ အားကိုးနေရတယ်။ အထီးကျန်တယ်။ စိတ်ဓာတ်လည်း ကျတယ်။ ဒီကပ်ဘေးကြီး မြန်မြန်ပြီးသွားပါစေလို့ပဲ ဆုတောင်းပါတယ်”လို့ ဒေါ်အောကပြောပါတယ်။
ဒီမှတ်ချက်စကားတွေဟာ ကိုဗစ်-၁၉ကာလအတွင်း သက်ကြီးရွယ်အိုတွေ ဘယ်လောက်ဒုက္ခ ရောက်ရပြီး၊ ဘယ်လောက်အထိ အကူအညီလိုအပ်နေသလဲဆိုတာကို သက်သေပြနေပါတယ်။ ဒါ့ပြင် ဒါဟာ သက်ကြီးရွယ်အိုတွေ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုဒဏ် ဘယ်လောက်ခံစားနေရသလဲဆိုတာကို သိသာစေပါတယ်။
အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးအဖွဲ့(မြန်မာ)ဌာနေကိုယ်စားလှယ် မစ္စတာ ဂေါ့ဒ်ဖရက် ပေါလ်က ကိုဗစ်-၁၉ထိန်းချုပ်ရေးစည်းမျဥ်းတွေဟာ သက်ကြီးရွယ်အိုတွေကို ကျန်းမာရေးအရရော စိတ်ဓာတ်ရေးရာအရပါ သွယ်ဝိုက်ပြီး သွားမထိခိုက်ဖို့လိုတယ်လို့ ပြောပါတယ်။
လက်ရှိကိုဗစ်ကာလမှာ အစိုးရအနေနဲ့ သက်ကြီးရွယ်အိုတွေကို ငွေကြေးထောက်ပံ့သင့်တယ်လို့ သူကအကြံပြုပါတယ်။
“သက်ကြီး အမျိုးသမီး၊ အမျိုးသားတွေ အလုပ်မလုပ်နိုင်တဲ့အခါ ဒါမှမဟုတ် သူတို့ရဲ့မိသားစုတွေ အလုပ်မလုပ်နိုင်တဲ့အခါမျိုးမှာ စိတ်ချရတဲ့ဝင်ငွေတစ်ခုကို ရရှိစေဖို့ လူမှုကာကွယ်ရေး စောင့်ရှောက်မှုတွေကိုလည်း ဆက်ပြီး လုပ်ဆောင်သင့်တယ်”လို့ မစ္စတာ ဂေါ့ဒ်ဖရက်က တိုက်တွန်းထားပါတယ်။
သက်ကြီးရွယ်အိုတွေဟာ တခြားသူတွေထက် ကိုဗစ်-၁၉ကပ်ရောဂါရဲ့ ဆိုးကျိုးသက်ရောက်မှုတွေကို ပိုခံစားရတယ်လို့ လူမှုဝန်ထမ်းဦးစီးဌာန(လူမှုကာကွယ်စောင့်ရှောက်ရေး) ညွှန်ကြားရေးမှူး ဦးကျော်လင်းထင်က ဆိုပါတယ်။
“သက်ကြီးရွယ်အိုဆိုတဲ့သဘောက နံပါတ်တစ် Economically active (ဝင်ငွေမရှိဘူး) မဖြစ်တော့ဘူး။ ဝင်ငွေရှာတဲ့ အသက်အရွယ်အပိုင်းအခြား မဟုတ်တော့ဘူးဖြစ်တဲ့အတွက် ဝင်ငွေရရှိဖို့အတွက် သူများကို အားကိုးရတယ်”လို့ သူကပြောပါတယ်။
လူမှုဝန်ထမ်းဦးစီးဌာနအနေနဲ့ ၂၀၁၇-၁၈ဘဏ္ဍာရေးနှစ်ကနေစပြီး အသက်၉၀နဲ့အထက် ဘိုးဘွားတွေကို တစ်လငွေကျပ်တစ်သောင်းနှုန်းနဲ့ သုံးလတစ်ကြိမ်ထောက်ပံ့ခဲ့ပြီး ၂၀၁၈-၁၉ဘဏ္ဍာရေးနှစ်မှာတော့ အသက် ၈၅နှစ်နဲ့အထက်ဘိုးဘွားတွေကိုပါ ငွေထောက်ပံ့ပေးခဲ့ပါတယ်။
ကိုဗစ်-၁၉ကပ်ရောဂါရဲ့ အကျိုးသက်ရောက်မှုတွေကို ကုစားဖို့ရည်ရွယ်တဲ့ အစိုးရရဲ့ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်(CEP)အရ အသက်၈၀နှစ်နဲ့ အသက် ၈၅နှစ်အကြား သက်ကြီးရွယ်အိုဦးရေ နှစ်သိန်းခွဲဝန်းကျင်ကို တစ်ယောက် ငွေကျပ်၃၀,၀၀၀နှုန်းနဲ့ တစ်ကြိမ်ထောက်ပံ့ ပေးခဲ့ပါတယ်။
ဒါ့ပြင် အစိုးရက ကိုဗစ်-၁၉ကာလမှာ ဝင်ငွေနိမ့်အိမ်ထောင်စုတွေကို အခြေခံစားသောက်ကုန်ငါးမျိုး ဧပြီတုန်းက ထောက်ပံ့ပေးခဲ့ပြီး ဇွန်မှာလည်း တစ်အိမ်ထောင်ကို ငွေကျပ် ၂၀,၀၀၀ ထောက်ပံ့ပေးခဲ့ပါတယ်။ ဒီထောက်ပံ့မှုကို လှိုင်သာယာမြို့နယ်က မရည်ရယ်ဦးနဲ့ ဒေါ်ဌေးမြင့်တို့သားအမိအပါအဝင် အခြေခံမိသားစုပေါင်း ၉,၀၀၀ကျော်ရရှိခဲ့ပါတယ်။
၂၀၁၆၊ ဒီဇင်ဘာမှာ ပြည်ထောင်စုလွှတ်တော်ကပြဋ္ဌာန်းခဲ့တဲ့ သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေက အသက်၆၀နဲ့အထက် မြန်မာနိုင်ငံသားအားလုံးဟာ သက်ကြီးရွယ်အိုတွေဖြစ်တယ်လို့ အဓိပ္ပာယ်ဖွင့်ဆိုပါတယ်။ ဒီလိုဖွင့်ဆိုတဲ့တိုင် ဝန်ကြီးဌာနက အသက်၈၀နဲ့အထက် သက်ကြီးရွယ်အိုတွေကိုပဲ ထောက်ပံ့ပေးနိုင်တာဖြစ်ပါတယ်။
ဦးကျော်လင်းထင်ကတော့ လူကယ်ပြန်ဝန်ကြီးဌာနက ဘက်ဂျက်ပိုရရင် အသက်၈၀အောက် သက်ကြီးရွယ်အိုတွေကိုလည်း ထောက်ပံ့သွားမှာလို့ ပြောပါတယ်။
“အသက် ၈၀ နှစ်အောက် သက်ကြီးရွယ်အိုတွေကို ကျွန်တော်တို့က ချန်လှပ်ထားခဲ့တာ မဟုတ်ပါဘူး။ လက်ရှိမှာ ရရှိတဲ့ဘက်ဂျက်ရန်ပုံငွေအရ ဒီအသက်အရွယ်ထိပဲ ထောက်ပံ့နိုင်သေးတာဖြစ်ပါတယ်”လို့ သူကပြောပါတယ်။
ထောက်ပံ့ကြေးပေးမဲ့ အသက်အရွယ်ကို ၈၀နှစ်နဲ့ ပိုင်းခြားလိုက်တာကြောင့် မြန်မာနိုင်ငံက အသက်၈၀အောက် သက်ကြီးရွယ်အို ထောင်သောင်းများစွာဟာ အစိုးရရဲ့ ထောက်ပံ့ကြေးခံစားခွင့် ဆုံးရှုံးခဲ့ကြရပါတယ်။ ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်ကနေ လှိုင်သာယာမြို့နယ်၊ ရေဥက္ကံရပ်ကွက်ကို ၂၀၁၅လောက်က ပြောင်းရွှေ့လာတဲ့ ဦးကံအေး (၇၅နှစ်) လည်း ဒီအခွင့်အရေး ခံစားခွင့်မရသူတွေထဲမှာပါဝင်ပါတယ်။
ဦးကံအေးဟာ သုံးဘီးဆိုင်ကယ်ကယ်ရီမောင်းတဲ့အလုပ်နဲ့ အသက်မွေးနေရပြီး ကျန်းမာရေးချူချာတဲ့ အသက်၆၇နှစ်အရွယ် ဇနီးသည်ကို လုပ်ကျွေးပြုစုနေရတာပါ။ ဦးကံအေးတို့လင်မယားဟာ အခန်းငှားခအဖြစ် တစ်လကို ငွေကျပ် ၄၀,၀၀၀ ပေးရပြီး သူ့ဇနီးသည်ရဲ့ တစ်ပတ်ဆေးကုစရိတ်က အနည်းဆုံး ကျပ်၅,၀၀၀လောက်ရှိပါတယ်။
အရင်က တစ်ရက်ကို ပုံမှန်ဝင်ငွေ ကျပ်၅,၀၀၀လောက်ရှိခဲ့ပေမဲ့ ကိုဗစ်ကာလ အသွားအလာ ကန့်သတ်မှုတွေကြောင့် ဆိုင်ကယ်ကယ်ရီစီးတဲ့သူ နည်းပါးလာခဲ့ပြီး လွန်ခဲ့တဲ့ ဩဂုတ်လလယ် လောက်မှာတော့ သူ့ရဲ့တစ်ရက်ပုံမှန်ဝင်ငွေက ၂,၀၀၀ကျပ်လောက်ပဲ ရှိပါတော့တယ်။
“ဒီကိုဗစ်ကာလမှာ အိမ်ငှားခရဖို့နဲ့ စားဖို့သောက်ဖို့အတွက် လုံလောက်တဲ့အတိုင်းအတာရဖို့ ဝင်ငွေရှာရတာ တော်တော်လေး ရုန်းကန်ရပါတယ်။ ကျွန်တော်မိန်းမက ကျန်းမာရေးချူချာတဲ့အတွက် ကျွန်တော့်ကိုမှီခိုနေရတယ်”လို့ ဦးကံအေးက အားပြတ်တဲ့လေသံနဲ့ ပြောပါတယ်။
“ကျွန်တော်သာ ငွေမရှာ နိုင်ရင် သူ့ဆေးကုသစရိတ်က အခက်အခဲဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကိုဗစ်ကာလဆိုတော့ ငွေရှာရတာ မလွယ်ဘူးဗျ”