ကိုဗစ် ၁၉ ကပ်ရောဂါမပြန့်ပွားစေရန် မြို့နယ်လိုက် အိမ်တွင်နေရန်အမိန့် semi-lockdown နှင့် ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်မှုများသည် ရန်ကုန်မြို့၏ ဆင်ခြေဖုံးနေရာများတွင် အိမ်တွင်းအကြမ်းဖက်မှုများကို ပိုမိုဆိုးရွားလာစေသည်။
ခင်ခင်မရ ရေးသားသည်။
ရန်ကုန်မြို့လူဦးရေ၏ ရှစ်ရာခိုင်နှုန်းခန့်သည် ‘ကျူးကျော်’ ဟုခေါ်ကြသည့် တရားမဝင်နေရာများတွင် နေထိုင်ကြပြီး ၎င်းတို့သည် ပိုင်ရှင်မရှိ၊ အငှားစာချုပ်မရှိ၊ ရပ်ရွာအာဏာပိုင်တို့၏ အသိအမှတ်ပြုထားမှုမရှိသည့် မြေများပေါ်တွင် နေထိုင်ကြခြင်းဖြစ်သည်။
ရန်ကုန်၏ အလျင်အမြန် ကြီးထွားလာသော မြို့နယ်တစ်ခုဖြစ်သည့် လှိုင်သာယာမြို့နယ်သည် ကုန်ထုတ်စက်ရုံများ ရှိရာ အချက်အချာနေရာတစ်ခုဖြစ်ပြီး ရန်ကုန်တွင် တရားမဝင် အခြေချနေထိုင်သူစုစုပေါင်း၏ သုံးပုံတစ်ပုံရှိရာ အရပ်ဒေသဖြစ်သည်။
ထိုစက်ရုံများသည် တောရွာမှ ရွှေ့ပြောင်းလာသူများစွာကို ဆွဲဆောင်ထားပြီး အထူးသဖြင့် အထည်ချုပ်စက်ရုံများတွင် အလုပ်လုပ်ကိုင်နေသော အမျိုးသမီးငယ်များစွာကိုဖြစ်သည်။
မည်သို့ဆိုစေ ရန်ကုန်တွင် ယင်းကဲ့သို့ တရားမဝင်နေထိုင်ကြသူများထဲမှ အမျိုးသမီးများ၏ အခြေအနေသည် ကိုဗစ် ၁၉ ကြောင့် အထူးတလည် ထိခိုက်နစ်နာမှုများ ကြုံတွေ့နေရသည်။
တရားမဝင်နေထိုင်သူများသည် ကိုဗစ် ၁၉ ဖြစ်ပွားမှုကို တားဆီးရန် လူထုကျန်းမာရေး ညွှန်ကြားချက်များကို လိုက်နာရန် မဖြစ်နိုင်ကြပေ။
အများစုမှာ ကျပ်ညပ်နေသော ဆင်းရဲသားရပ်ကွက်များတွင် နေကြခြင်းဖြစ်ပြီး မိသားစုဝင်များစွာက အိမ်တစ်လုံးထဲ၌ စုပြုံနေထိုင်ကြသည့်အတွက် လူအများခပ်ခွာခွာနေခြင်း social distancing ကို မလုပ်ဆောင်နိုင်ကြချေ။
လူအများစုမှာ အခြေခံကျသည့် မိလ္လာသန့်ရှင်းရေးစနစ် မရှိကြဘဲ၊ ရန်ကုန်လူဦးရေ၏ ၃၃ ရာခိုင်နှုန်းကသာလျှင် ရေပေးဝေရေးစနစ်ကို ရရှိကြသည်။
ယင်းကဲ့သို့ အခြေခံအဆောက်အအုံ လုံလောက်မှုမရှိသော ရပ်ရွာဒေသတွင်းသို့ ရွှေ့ပြောင်းနေထိုင်သူများ အရှိန်အဟုန်နှင့် စုပြုံနေထိုင်လာခြင်းသည် လူထုအခြေပြုဝန်ဆောင်မှုများ၏ အကျိုးထိရောက်မှုကို သိသာစွာ မနိုင်ဝန်ပိလာစေသည်။
လှိုင်သာယာသည် ရန်ကုန်၏ အခြားနေရာများနှင့်စာလျှင် ဆင်းရဲမှုနှင့် ရာဇဝတ်မှုဖြစ်ပွားမှု မြင့်မားခြင်းကြောင့် တရားဥပဒေစိုးမိုးရေးမှာ ထိရောက်သင့်သလောက် မထိရောက်ပေ။
နေထိုင်မကောင်းပါက အိမ်ထောင်စုအနည်းငယ်သာ အရေးပေါ် ကျန်းမာရေးကုသမှုများကို ခံယူနိုင်ကြသည်။
တရားမဝင်နေထိုင်သူများ၏ ၉၄ ရာခိုင်နှုန်းသည် ကပ်ရောဂါမဖြစ်ပွားခင်ကထက် ဝင်ငွေနည်းပါးကြပြီး ၆၉ ရာခိုင်နှုန်းမှာ အကျပ်အတည်းကာလတွင် စားဝတ်နေရေးအတွက် ဘဏ်မှချေးငွေများ ချေးယူခဲ့ကြရသည်ဟု မကြာခင်က စစ်တမ်းတစ်စောင်၌ တွေ့ရသည်။
တရားမဝင်ရောင်းသောမြေများပေါ်တွင်နေထိုင်သည့် အမျိုးသမီးအချို့သာ ရှားရှားပါးပါး လူမှုဖူလုံရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု ရနိုင်သော အထောက်အထားကတ်များရှိကြသည်။
လူဦးရေ၏ ၂ ဒသမ ၅ ရာခိုင်နှုန်းဖြစ်သော လူမှုဖူလုံရေးကတ် ကိုင်ဆောင်ထားသူများသာ အစိုးရ လူမှုဖူလုံရေးအဖွဲ့မှ ဖွင့်လှစ်ထားသော ဆေးပေးခန်းများတွင် ကျန်းမာရေးကုသမှု အခမဲ့ရယူနိုင်သည်။
လှိုင်သာယာရှိ အမျိုးသမီးများအတွက် ကိုဗစ် ၁၉ စီးပွားရေးသက်ရောက်မှုများသည် ၎င်းတို့နေ့စဉ်ဘ၀ စားဝတ်နေရေး လှုပ်ရှားမှုတွင် တွေ့နိုင်သော ဗိုင်းရပ်စ်အန္တရာယ်ထက်ပင် အတော်လေး ပို၍ကြီးမားနေသည်။
UN- Habitat မှ ခန့်မှန်းချက်တစ်ခု၌ အကျပ်အတည်းကာလတွင် တရားမဝင်နေထိုင်သည့် နေရာများမှ အမျိုးသမီးများသည် အမျိုးသားများထက် အလုပ်အကိုင် ဆုံးရှုံးမှု (မ ၈၈ ရာခိုင်နှုန်းနှင့် ကျား ၇၅ ရာခိုင်နှုန်းအရ) ပို၍များကြောင်း တွေ့ရှိရသည်။
အမျိုးသမီးများသည် အမျိုးသားများထက် သူတို့နေသည့်အိမ်မှ နှင်ထုတ်ခံရမည်ကိုလည်း ပို၍ စိုးရိမ်ကြသည်။
ကပ်ရောဂါသည် ကျန်းမာရေးနှင့် စီးပွားရေးအကျိုးဆက်တို့အပြင် တရားမဝင်နေထိုင်ရာ နေရာများမှ အမျိုးသမီးများကို မမြင်သာသည့်အန္တရာယ်တစ်ခုကို တွေ့ကြုံလာစေသည်။ ယင်းမှာ သွားလာရေး ကန့်သတ်မိန့်များကြောင့် ပိုမိုဆိုးရွားသော အိမ်တွင်းအကြမ်းဖက်မှု ပိုမိုများပြားလာခြင်းပင်ဖြစ်သည်။
လှိုင်သာယာသည် ဧပြီလတွင် မြို့နယ်အလိုက် အိမ်တွင်နေထိုင်ရန် ကန့်သတ်တားမြစ်မိန့်အစီအစဉ် ချမှတ်သည့်စာရင်း၌ပါဝင်ခဲ့ပြီး အချို့အစီအမံများကို မေလတွင် တစိတ်တပိုင်း ရုပ်သိမ်းခဲ့ပြီးဖြစ်သည်။
လူများသည် အလုပ်သွားခြင်းမှလွဲ၍ အိမ်မှာသာနေကြရမည်ဖြစ်ပြီး အိမ်ထောင်စုတစ်စုတွင် လူတစ်ဦးသာ အစားအစာနှင့် မရှိမဖြစ်လိုအပ်သောအရာများဝယ်ရန် အပြင်ထွက်ရမည်ဖြစ်သည်။
မြို့နယ်လိုက်ကန့်သတ်မိန့် ချမှတ်ပြီးနောက်တွင် အခြားနိုင်ငံများမှာ တွေ့ရသကဲ့သို့ပင် မြန်မာနိုင်ငံ၌လည်း အိမ်တွင်းအကြမ်းဖက်မှုများ တိုးလာသည်ဟု ပြောဆိုမှုများရှိလာသည်။
ဧပြီနှင့်မေလအတွင်း အခရာအမျိုးသမီး အဖွဲ့အစည်း၏ ဖော်ပြချက်တွင် နိုင်ငံတဝှမ်းလုံးမှာ အိမ်တွင်းအကြမ်းဖက်မှု ဖြစ်ရပ်အများစုသည် ခုနစ်ဆခွဲခန့် မြင့်တက်လာကြောင်း ဖော်ပြထားသည်။
တရားမဝင်နေထိုင်ရာ နေရာများတွင်နေသော ရွှေ့ပြောင်းလုပ်သား အမျိုးသမီးများသည် ၎င်းတို့ကို ကူညီထောက်ပံ့ပေးမည့် အဖွဲ့အစည်းများမရှိကြချေ။ သို့ဖြစ်၍ ထိုနေရာများ၌ အိမ်တွင်းအကြမ်းဖက်မှု တွေ့ကြုံရသော အမျိုးသမီးများခမျာ အကူအညီများရနိုင်ရန် စိန်ခေါ်မှုကြီးမားနေသည်။
လှိုင်သာယာတွင် အိမ်တွင်းအကြမ်းဖက်မှု ဖြစ်ရပ်များ များပြားလျက်ရှိသည်။ Legal Clinic Myanmar အဖွဲ့က ဇန်နဝါရီလနှင့်ယှဉ်လျှင် မေလတွင် အိမ်တွင်းအကြမ်းဖက်မှုများ နှစ်ဆပိုပြီး တွေ့ရှိရသည်ဆိုသည်။
အိမ်တွင်းအကြမ်းဖက်မှုနှင့် ဖြစ်ရိုးဖြစ်စဉ် သဘောထား
အိမ်တွင်းအကြမ်းဖက်မှုဆိုသည်မှာ မြန်မာနိုင်ငံတွင် ကပ်ရောဂါမတိုင်ခင်ကတည်းက ရှိနေပြီးသားဖြစ်သည်။
အမျိုးသမီးများအား အကြမ်းဖက်မှုကို သာမန်ဖြစ်ရိုးဖြစ်စဉ်အဖြစ် မြန်မာစကားပုံများထဲ၌ “ သားကိုသခင် လင်ကိုဘုရား” “ အရိုးကွဲအောင်ရိုက်မှ အသဲစွဲအောင်ချစ်မယ်” “ မယားနဲ့နွား မသနားနဲ့” စသည်ဖြင့် ပေါ်လွင်ထင်ရှားစွာတွေ့ရသည်။
ကျားမခွဲခြားစံထားမှုများ အမြစ်တွယ်နေခြင်းနှင့် ယဉ်ကျေးမှုစဉ်လာ သတ်မှတ်ချက်များကလည်း အနိုင်ကျင့်ခံရမှုများကို ထုတ်ဖော်ပြောဆိုရန်၊ အကြမ်းဖက်တတ်သော ဆက်ဆံရေးများမှ စွန့်ခွာရန် အမျိုးသမီးများကို အတားအဆီးဖြစ်စေသည်။
“မိခင်ကောင်း” တစ်ယောက်၊ “ဇနီးကောင်း” တစ်ယောက် အဖြစ်ရပ်တည်နိုင်မှုသည် အိမ်ထောင်ဖက်၊ သားသမီးများနှင့် မိဘများထံမှရရှိသော စိတ်သောကမှန်သမျှကို ကြိတ်မှိတ်သည်းခံနိုင်ခြင်းသည်လည်း အပါအဝင်ဖြစ်နေသည်။
အမျိုးသမီးများကိုအကြမ်းဖက်မှုသည် အများပတ်ဝန်းကျင်နှင့်မဆိုင်သည့် အိမ်တွင်းရေးကိစ္စ သက်သက်အဖြစ်လည်း လက်ခံယူဆထားကြသည်။
ကျန်းမာရေးဝန်ကြီးဌာန၏ ၂၀၁၅- ၁၆ လူဦးရေနှင့် ကျန်းမာရေးစစ်တမ်း ကောက်ယူချက်တွင် အိမ်ထောင်ရှိအမျိုးသမီး ငါးဦးတွင် တစ်ဦးသည် အိမ်ထောင်ဖက်၏ ရိုက်နှက်ခံရပြီး အမျိုးသမီးတဝက်ကျော်က ဇနီးသည်များ အရိုက်ခံရခြင်းသည် အခြေအနေအချို့တွင် ဖြစ်သင့်ဖြစ်ထိုက်သည်ဟု ယူဆကြကြောင်း တွေ့ရသည်။
ယင်းတို့အနက် တစ်ရာခိုင်နှုန်းခန့်သာလျှင် ဥပဒေအရ အကူအညီတောင်းခံမှုများရှိပြီး သုံးပုံတစ်ပုံကျော်က သူတို့ခံစားတွေ့ကြုံရသည်များကို မည်သူတစ်ဦးတစ်ယောက်ကိုမျှ မပြောခဲ့ကြပေ။
၂၀၁၈ တွင် လှိုင်သာယာမြို့နယ်၌ ActionAid Myanmar ၏ လုံခြုံဘေးကင်းရေး ဆွေးနွေးပွဲတွင် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ အကြမ်းဖက်ခံရခြင်းကို အကြီးမားဆုံး လုံခြုံဘေးကင်းရေး ပြဿနာအဖြစ် သတ်မှတ်ခဲ့သည်။
ကပ်ရောဂါသည် အိမ်ထဲတွင် စိတ်ဖိစီးမှု ပိုမိုဆိုးရွားစေသော အခြေအနေများကို ဖြစ်ပေါ်စေသည်။
မိသားစုများသည် တိုက်ခန်းတစ်ခုတည်းတွင် ခြေချုပ်မိနေကြပြီး အနိုင်ကျင့်နှိပ်စက်မှုများမှ လွတ်မြောက်ဖို့ ပိုမိုခက်ခဲစေသည်။
အကြမ်းဖက်မှုကို ဥပဒေနည်းလမ်းနှင့် ဖြေရှင်းထားသော၊ ရပ်ရွာကကြားဝင်ဖြေရှင်းပေးထားသော အမျိုးသမီးများပင်လျှင် အိမ်တွင်နေရန်အမိန့်ကြောင့် သူတို့ကို ကျူးလွန်သူများနှင့်အတူနေရပြီး မျက်နှာချင်းဆိုင်နေရသည်။
ဒီလိုအချိန်တွင် အလုပ်လက်မဲ့ဖြစ်ခြင်း၊ ဝင်ငွေနည်းပါးခြင်းတို့ကြောင့် အိမ်ထောင်ဦးစီးအဖြစ် လူမှုအသိုင်းအဝိုင်းက သတ်မှတ်ထားသော အမျိုးသားများတွင်လည်း စိတ်မလုံခြုံသည့် ခံစားမှုများ ဖြစ်လာသည်။
အချို့သည် သူတို့ကိုသူတို့ အားမလိုအားမရဖြစ်ခြင်းကို သူတို့၏ဇနီး၊ သားသမီးများနှင့် မိခင်တို့အပေါ်တွင် ဖြေလျှော့ပစ်တတ်ကြသည်။
ကပ်ရောဂါမှသယ်ဆောင်လာသော လူမှုကဏ္ဍ သီးခြားနေထိုင်ရသော အခြေအနေများသည် လူမှုဆက်ဆံရေးတွင် သာမန်ယဉ်ကျေးမှု အထိန်းအချုပ်များကို အားနည်းသွားစေပြီး အကြမ်းဖက်မှုများကို သတိလက်လွတ်ပြုမူမိစေသည်။
တရားမဝင်နေထိုင်ကြသော နေရာများတွင် ရွှေ့ပြောင်းအလုပ်သမား များပြားခြင်းကြောင့် အိမ်တွင်းအကြမ်းဖက် ခံရသူများကို ကူညီပေးမည့် အကျိုးထိရောက်သော ရပ်ရွာကူညီမှုများ ဆောင်ရွက်နိုင်ရန် စိန်ခေါ်မှုများရှိနေသည်။
တရားမဝင်နေထိုင်ကြသည့် ပတ်ဝန်းကျင်တွင် မြေနှင့်ပတ်သက်ပြီး ပြိုင်ဆိုင်မှုများရှိနေခြင်း၊ ရာဇဝတ်မှု၊ မျက်နှာစိမ်းများကို ကြောက်ရွံ့ရမှုတို့ကြောင့် ဆက်ဆံရေးများသည် အေးစက်တင်းမာပြီး တစ်ဦးကိုတစ်ဦး ယုံကြည်မှုမရှိသည့် အသွင်ဆောင်နေသည်။
နေထိုင်သူများသည် ၎င်းတို့အသိုက်အဝန်းတွင်း ပြောင်းရွှေ့လာသော အပြင်သူစိမ်းများကို မယုံကြည်နိုင်ကြဘဲ အချို့အခြေအနေများတွင် သူတို့ကို မသမာသူများဟု ပုံသေကားချပ်အမြင် ရှိနေတော့သည်။
အိမ်တွင်းအကြမ်းဖက်မှု ဖြစ်ရပ်များကို ရပ်ရွာထဲတွင် သိရှိနေသော်လည်း ခပ်စိမ်းစိမ်းဖြစ်နေသော ဆက်ဆံရေးများကြောင့် အိမ်နီးချင်းများက ကြားဝင်ဖျန်ဖြေရန် စိတ်မဝင်စားကြ၊ မလုပ်ဆောင်လိုကြပေ။
အလုပ်အကိုင်ကြောင့် လှိုင်သာယာသို့ ရွှေ့ပြောင်းလာသော အိမ်ထောင်မရှိသော အမျိုးသမီးများသည်လည်း အိမ်နီးချင်းပတ်ဝန်းကျင်နှင့် ရင်းနှီးကျွမ်းဝင်မှုမရှိဘဲ တကိုယ်တည်း နေထိုင်ကြရသည်။
အဆောင်များတွင်နေကြပြီး ၎င်းတို့ကို ကူညီစောင့်ရှောက်သည့် အဖွဲ့အစည်းများမရှိဘဲ လူစိမ်းများ နှောင့်ယှက်နိုင်သည့် အန္တရာယ်များလည်း ရှိသေးသည်။
မြို့ရောက်လာကြသော အမျိုးသမီးများသည် နေစရာရရှိရန်၊ အလုပ်အကိုင်ရရှိရန် လူစိမ်းများကို အားကိုးနေရပြီး ကိုယ်ကျိုးရှာအမြတ်ထုတ်ခံရခြင်းနှင့် ကျူးလွန်ခံရသူကို အပြစ်ဖို့တတ်သောအမြင်များကို ရင်ဆိုင်ကြုံတွေ့ကြရသည်။
အမျိုးသမီးများခမျာ ဖြစ်ရပ်အပေါ် ဝေဖန်ပြစ်တင်ခံရခြင်း၊ ဖြစ်ရပ်များအတွက် ၎င်းတို့ကိုယ်တိုင်သာ တာဝန်ရှိသည်ဟု အပြစ်ဖို့ခံရမည့်အရေးများကို စိုးရိမ်ကြောက်ရွံ့ပြီး အကြမ်းဖက်မှုများကို မဖော်ထုတ်ဘဲ နေလိုက်ကြတော့သည်။
တရားမဝင်နေရာများမှ အမျိုးသမီးများသည် ၎င်းတို့သည်လည်း အဖွဲ့အစည်းများ၏ ကူညီစောင့်ရှောက်မှု ရနိုင်သည်ကို မူလကပင်မသိရှိကြသည့်အတွက် သီးခြားဖြစ်နေကြရသည်။
အကြမ်းဖက်မှုကို တိုင်ကြားရာ၌ ရဲများနှင့် ရပ်ကွက်အုပ်ချုပ်ရေးများ၏ အေးစက်စက်တုံ့ပြန်မှုများကြောင့်လည်း ကျူးလွန်ခံရသူများကို ပိုမိုအားလျော့စေပြီး လှိုင်သာယာမှ အမျိုးသမီးများအတွက် လုံခြုံဘေးကင်းမှု မရှိဖြစ်နေကြရသည်။
အမှန်စင်စစ် ဒုစရိုက်မှုများသော ယင်းမြို့နယ်တွင် ရဲများနှင့် အစိုးရဝန်ထမ်းများသည် ရာဇဝတ်မှုများ၊ မြေယာပဋိပက္ခများ၊ စက်ရုံများတွင် လုပ်ခအငြင်းပွားမှုများကို ရင်ဆိုင်ဖြေရှင်းနေရသဖြင့် အိမ်တွင်းအကြမ်းဖက်မှုပြဿနာကို ကိုင်တွယ်လုပ်ဆောင်ရန် ဘေးဖယ်ထားရသကဲ့သို့ရှိသည်။
သီးခြားဖြစ်နေသော အမျိုးသမီးများအား စောင့်ရှောက်ကူညီမှု
အိမ်တွင်းအကြမ်းဖက်မှု ခံစားရသော အမျိုးသမီးများအတွက် အထောက်အပံ့များကို မြန်မာနိုင်ငံ၏ ကျန်းမာရေးနှင့် တရားစီရင်ရေးတွင် ခိုင်ခိုင်မာမာ သတ်မှတ်ပြဋ္ဌာန်းထားခြင်းမရှိသေးပေ။
မြန်မာနိုင်ငံတွင် အိမ်တွင်းအကြမ်းဖက်မှုကို ပြစ်မှုအဖြစ် ဥပဒေပြဋ္ဌာန်းထားခြင်းမရှိဘဲ အမျိုးသမီးများကို အကြမ်းဖက်ခြင်းမှ ကာကွယ်တားဆီးခြင်း ဥပဒေမူကြမ်းကို လွှတ်တော်တွင် တင်ထားဆဲရှိသေးသည်။
ယခုအချိန်တွင် အစိုးရက ကပ်ရောဂါကြောင့် လူမှုရေးနှင့် စီးပွားရေးထိခိုက်မှုများကို လျော့ပါးသက်သာစေရန် ဆောင်ရွက်နေပြီး ကိုဗစ် ၁၉ စီးပွားရေး ကုစားမှုအစီအစဉ် (COVID -19 Economic Relief Plan, CERP) တွင် ကျန်းမာရေးစောင့်ရှောက်မှုများကို အားဖြည့်ပေးရန် ရည်ရွယ်လုပ်ဆောင်နေသည်။
အစီအစဉ်တွင် အိမ်တွင်းအကြမ်းဖက်မှုနှင့် ပတ်သက်သည့် ဖော်ပြချက်မပါရှိသည့်အပြင် ကျားမအခြေခံသော အကြမ်းဖက်ပြဿနာ (Gender-based violence, GBV) ပင်လျှင် ကျယ်ကျယ်ပြန့်ပြန့် မပါရှိပေ။
အစိုးရသည် ကိုဗစ် ၁၉ ကြောင့် ဖြစ်ရသော ထိခိုက်နစ်နာမှုများကို လျော့ပါးသက်သာစေရန် အလေးအနက်ထား ဆောင်ရွက်နေသည်ဆိုလျှင် အမျိုးသမီးများ ရင်ဆိုင်နေရသော အိမ်တွင်းအကြမ်းဖက်မှု မြင့်တက်လာခြင်းကိုလည်း ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်သည်။
ကပ်ရောဂါကာလအတွင်းတွင် လှိုင်သာယာမှ အမျိုးသမီးများသည် အိမ်တွင်းအကြမ်းဖက်မှုများကို တိုင်ကြားခြင်းနှင့် ယင်းအခြေအနေများမှ လွတ်လမ်းရှာခြင်းတွင် စိန်ခေါ်မှုနှစ်ရပ်နှင့် ရင်ဆိုင်နေရသည်။
ပထမတစ်ခုမှာ ကိုဗစ် ၁၉ လုံခြုံရေးအစီအမံများတွင် ရဲဝန်ထမ်းများ ပါဝင်ဆောင်ရွက်ရခြင်းကြောင့် အိမ်တွင်းအကြမ်းဖက်မှု ပြဿနာများကို ကိုင်တွယ်နိုင်ရန် ဝန်ထမ်းအင်အား လျော့နည်းစေသည်။
ဒုတိယတစ်ခုမှာ အမျိုးသမီးများအတွက် အကူအညီရယူနိုင်ရန် ဖွင့်လှစ်ထားသော နေရာများသည်လည်း သွားလာမှုကန့်သတ်မိန့်များကြောင့် သွားရန်မလွယ်ကူဖြစ်ရသည်။
Semi-lockdown ကဲ့သို့ ဗိုင်းရပ်စ် ထိန်းချုပ်မှုအစီအမံများသည် GBV ပြဿနာများတွင် ကူညီဆောင်ရွက်ပေးသည့် ရုံးခန်းများပိတ်ထားခြင်း၊ အိမ်မှအလုပ်လုပ်ကြခြင်း၊ အွန်လိုင်းပြောင်းလဲလုပ်ဆောင်ကြခြင်းတို့ကြောင့် အမျိုးသမီးတို့အတွက် အကူအညီရနိုင်ရန် အခွင့်အလမ်းများ နည်းပါးလာသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန သည် အမျိုးသမီးအကြမ်းဖက်မှု အကူအညီဖုန်းလိုင်းများကို စီမံပေးထားပြီး၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများကလည်း အကူအညီပေးသော ဝန်ဆောင်မှုများကို တိုးမြှင့်လုပ်ဆောင်လျက်ရှိသည်။
ဥပမာ – International Alert အဖွဲ့က အမျိုးသမီးရေးရာ အဖွဲ့အစည်းများ၏ ဝန်ဆောင်မှုများ၊ တိုင်ကြားရန်ဖုံးနံပါတ်များ စသဖြင့် GBV နှင့်ပတ်သက်သည့် အချက်အလက်များကို လူမှုမီဒီယာပေါ်တွင် အသိပေးထားပြီး လှုံ့ဆော်လှုပ်ရှားဆောင်ရွက်ခဲ့သည်။
သို့သော် အကူအညီဖုန်းလိုင်း၊ လူမှုမီဒီယာဝန်ဆောင်မှုများသည် အမျိုးသမီးများအတွက် ဖုန်းဆက်နိုင်သည့် အခွင့်အလမ်းရှိခြင်း၊ ဖုန်းဆက်ရန် ၎င်းတို့ကို ကျူးလွန်သူများ၏မမြင်ကွယ်ရာတွင်ရှိခြင်းတို့ပေါ်တွင်လည်း မူတည်နေသေးသည်။
လှိုင်သာယာကဲ့သို့ ရွှေ့ပြောင်းနေထိုင်သူများသော နေရာများတွင် အမျိုးသမီးများ အကြမ်းဖက်ခံရမှုကို အကူအညီများ ရနိုင်သော်ငြားလည်း သီးခြားနေထိုင်ရခြင်းနှင့် အမည်းစက်ဖြစ်ရခြင်းတို့ကြောင့် တိုင်ကြားအကူအညီတောင်းရန် ဆန္ဒမရှိကြသည့် သဘောရှိနေကြသည်။
အဖြေတစ်ခုကတော့ အစိုးရအာဏာပိုင်များက မဆိုင်းမတွ ကူညီဆောင်ရွက်ပေးနိုင်မည့် ရပ်ရွာဝန်ဆောင်မှုများ ဖြစ်လာစေရန် ရပ်ရွာအခြေစိုက် အမျိုးသမီးရေးရာအဖွဲ့များနှင့်အတူပူးပေါင်း လုပ်ဆောင်ရမည်ဖြစ်သည်။
ငြိမ်းချမ်းရေးအတွက် အမျိုးသမီးအဖွဲ့ (Women Federation for Peace, WFFP) ကဲ့သို့ အဖွဲ့အစည်းများကလည်း အရေးပါသောကဏ္ဍမှ ပါဝင်နိုင်သည်။
WFFP အဖွဲ့ဝင်များသည် လှိုင်သာယာတွင် နေထိုင်ကြပြီး ၎င်းတို့သည် ရပ်ရွာမှ အမျိုးသမီးများ၏ လိုအပ်ချက်များကို သိရှိနားလည်ကြသည်။
၎င်းတို့သည် အခြေခံလူတန်းစားအလွှာတွင် ရပ်ရွာခေါင်းဆောင်များ၏ ဦးဆောင်မှုဖြင့် မိသားစုတွင်း ပြန်လည်ရင်ကြားစေ့ရေး၊ ကြားဝင်ဖျန်ဖြေရေး စသည့် အငြင်းပွားပြဿနာများ ဖြေရှင်းရာတွင် ပိုမိုလွယ်ကူချောမွေ့စေရန် ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ခြင်းအားဖြင့် အဖွဲ့သည် တရားဝင် ဥပဒေနည်းလမ်းများနှင့် မဖြေရှင်းလိုသော အမျိုးသမီးများကို တခြားရွေးချယ်စရာနည်းဖြင့် အကြမ်းဖက်အပြုအမူများကို ရင်ဆိုင်ဖြေရှင်းလိုသည့် စိတ်ဆန္ဒရှိလာအောင် လမ်းပြတိုက်တွန်းသည့် အရေးပါသောအခန်းကဏ္ဍမှ လုပ်ဆောင်ပေးလျက်ရှိသည်။
အစိုးရဝန်ဆောင်မှုများသည် ရပ်ရွာမှအမျိုးသမီးများ၏ ယုံကြည်မှုရရှိသော အမျိုးသမီးအဖွဲ့အစည်းများ၏ ကျွမ်းကျင်မှုအကူအညီကို ရယူသင့်သည်။ ၎င်းပြင် အိမ်တွင်းအကြမ်းဖက်မှုမှ လွတ်မြောက်လာသူများ၏ လိုအပ်ချက်များကိုလည်း ၎င်းတို့၏ အကူအညီတောင်းခံမှုမှတဆင့် သိရှိပြီး ရပ်ရွာမှဆောင်ရွက်ပေးနိုင်ရန် လုပ်ဆောင်ရမည်ဖြစ်သည်။
အစိုးရဝန်ဆောင်မှုများ၊ ရပ်ရွာအခြေစိုက်ကွန်ရက်များနှင့် အလှမ်းကွာသည့် တရားမဝင်နေထိုင်ရာနေရာများမှ အမျိုးသမီးများ၏ စိန်ခေါ်မှုများနှင့် ကိုက်ညီသောဝန်ဆောင်မှုများဖြစ်ပေါ်လာရန် အစိုးရကလည်း အမျိုးသမီးရေးရာအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရန် အလွန်လိုအပ်ပါသည်။
အမျိုးသမီးရေးရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်ရာတွင် အစိုးရသည် လူမှုနယ်ပယ်တွင် အိမ်တွင်းအကြမ်းဖက်မှုများအပေါ် လက်ခံထားခြင်းများကို တွန်းလှန်နိုင်ရန် လူထုအသိပညာပေး လှုံ့ဆော်မှုများ တာဝန်ယူလုပ်ဆောင်နိုင်သည်။ ထို့ပြင် အရေးပေါ်ဖုန်းလိုင်းများ၊ အစိုးရဝန်ဆောင်မှုများကိုလည်း အမျိုးသမီးများထံရောက်အောင် ဆောင်ရွက်ပေးရမည်။
GBV ဝန်ဆောင်မှုများကိုရယူရန် ဖုန်းအသုံးမပြုနိုင်သူများ၊ သို့မဟုတ် ကျူးလွန်သူနှင့်အတူ အိမ်တွင်ရှိနေသဖြင့် ဖုန်းဆက်ရန် အဆင်မပြေသူများအား အခြားနည်းလမ်းများကို စီမံပေးရန်လည်း အရေးကြီးသည်။
ကပ်ရောဂါကာလအတွင်း အမျိုးသမီးများ၏ သီးသန့် ထိခိုက်ခံစားရမှုများကို ထည့်သွင်းတွက်ချက်လျှင် အကျပ်အတည်းကာလ၌ အလုပ်အကိုင်ဆုံးရှုံးရသော အမျိုးသမီးများ၊ အိမ်တွင်းအကြမ်းဖက်မှု ခံစားရသော အမျိုးသမီးများ၊ ကျားမအခြေပြုအကြမ်းဖက်မှုမှ လွတ်မြောက်လာသူများကို ကိုဗစ် ၁၉ စီးပွားရေး ကုစားမှုအစီအစဉ် CERP ၏ လူမှုအထောက်အပံ့ အစီအစဉ်တွင် ဦးစားပေး ထည့်သွင်းစဉ်းစားသင့်သည်။
အမျိုးသမီးနှင့် မိန်းကလေးငယ်များ၏ အကြမ်းဖက်ခံရမှုကို အာရုံစိုက်မှုမရှိလျှင် အစိုးရ၏ ကိုဗစ် – ၁၉ အရေးပေါ်ကုစားရေးသည် CERP ၏ “ ဘယ်သူ့ကိုမှ ချန်မထားခဲ့ပါဘူး” ဆိုသည့် ကတိနှင့် မညီညွတ်ဖြစ်နေတော့မည်ဖြစ်သည်။
ဖြိုးဝင်းကိုကို ဘာသာပြန်သည်။
ဤဆောင်းပါးကို Australian National University မှဆောင်ရွက်သော အရှေ့တောင်အာရှမှ အတိုအထွာဖြစ်ရပ်၊ သုံးသပ်ခြင်းများနှင့် အတွေးအမြင်သစ် တို့ကိုဖော်ပြသော New Mandala website တွင် ပထမဆုံးဖော်ပြခြင်းဖြစ်သည်။