ဦးဝင်းမြ ရေးသားသည်။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဟာ အချိန်အနည်းငယ် နာမကျန်းဖြစ်ပြီးတဲ့နောက် သြဂုတ် ၁၈ ရက်နေ့က ကွယ်လွန်သွားတဲ့အကြောင်း စိတ်မကောင်းခြင်းများစွာနဲ့ ကြားသိခဲ့ရပါတယ်။
အာနန်ဟာ လူ့အခွင့်အရေး၊ ဖွံ့ဖြိုးရေးနဲ့ ဥပဒေစိုးမိုးရေးတို့အတွက် အမြဲတစေ ရှေ့နေလိုက်သူတစ်ဦး ဖြစ်ပါတယ်။ သူက သတ္တိရှိသူ၊ ဇွဲရှိသူ၊ စာနာတတ်သူ၊ အထူးသဖြင့် ကြီးမြတ်တဲ့ ခေါင်းဆောင်တစ်ဦးပါ။
၂ဝ၁၆ ခုနှစ်၊ စက်တင်ဘာလမှာ အာနန်ကို ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ဦးဆောင်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုခဲ့ပါတယ်။ ကော်မရှင်ကို ဦးဆောင်ဖို့က အရည်အချင်း မပြည့်သူတွေအတွက် လက်ခံဖို့ နောက်တွန့်မယ့် လုပ်ငန်းတာဝန်တစ်ခုဖြစ်ပါတယ်။ သူက လူ့အသိုင်းအဝိုင်း ပဋိပက္ခနဲ့ ဂိုဏ်းဂဏအကြမ်းဖက်မှုတွေရှိနေတဲ့၊ ဆင်းရဲတဲ့ ဒေသတစ်ခုက ရှုပ်ထွေးတဲ့ အခြေအနေတစ်ခုကို ကိုင်တွယ်ဖို့ ရဲရဲဝံ့ဝံ့ပဲ ရွေးချယ်ခဲ့ပါတယ်။
ပြည်ထောင်စုလွှတ်တော်နဲ့ ရခိုင်ပြည်နယ်လွှတ်တော်က အမတ်တချို့ကတော့ ဒီကော်မရှင်ဖွဲ့တာကို ဆန့်ကျင်ခဲ့ကြပါတယ်။ ဒီလိုကန့်ကွက်မှုနဲ့ တခြားအခက်အခဲတွေရှိနေပေမယ့် သူဟာ ပြဿနာနဲ့ ပတ်သက်လို့ မျှတမှုရှိအောင် အမြော်အမြင်ရှိရှိ၊ ဇွဲရှိရှိနဲ့ ဆောင်ရွက်ခဲ့ပါတယ်။
ရခိုင်အကျပ်အတည်းကို အစိုးရက အဖြေရှာရာမှာ အထောက်အပံ့ဖြစ်စေဖို့ ကော်မရှင်ဟာ အကြံပြု ထောက်ခံချက် ၈၈ ချက်ကို တင်ပြပေးခဲ့ပါတယ်။ ဒီအကြံပြုချက်တွေကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ထောက်ခံခဲ့ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာအတိုင်းအတာအရ ကျယ်ပြန့်တဲ့ ထောက်ခံမှုကို ရရှိခဲ့ပါတယ်။
ကော်မရှင်က နိုင်ငံသားဖြစ်မှုပြဿနာ၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီရရှိမှု၊ ပညာရေး၊ ကျန်းမာရေး၊ တရားမျှတမှုရရှိရေးနဲ့ ဘင်္ဂလားဒေ့ရှ်အပါအဝင် တခြားဒေသဆိုင်ရာ မိတ်ဖက်များနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေကို ကိုင်တွယ်ပြီး ရခိုင်ပြည်နယ်ရဲ့ စီးပွားရေးနဲ့ လူမှုရေး တိုးတက်မှုရရှိအောင် ဆောင်ရွက်ရေး အလေးအနက ်ပြောကြားခဲ့ပါတယ်။
ကော်မရှင်ကို ကိုဖီအာနန်ကော်မရှင်ရယ်လို့ ကျယ်ကျယ်ပြန့်ပြန့် သိရှိထားကြပေမယ့် ကော်မရှင်ဟာ နိုင်ငံပိုင်ကော်မရှင်တစ်ခုဖြစ်ပြီး အဖွဲ့ဝင်အများစုဟာလည်း မြန်မာနိုင်ငံကပဲဖြစ်တယ်ဆိုတာကို အမြဲတမ်း သူပြောလေ့ရှိပါတယ်။
ကော်မရှင်အနေနဲ့ သူတို့ရဲ့ ထောက်ခံအကြံပြုချက်တွေကို ရဲရဲဝံ့ဝံ့တင်ပြကြဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ကော်မရှင်ရာထူးအပ်နှင်းပွဲမှာ တိုက်တွန်းခဲ့ပါတယ်။ ကော်မရှင်ဟာ ဒီတိုက်တွန်းချက်ကို လိုက်နာခဲ့ကာ နားထောင်ပြီး သိအောင်လုပ်ခဲ့ကြသလို ဘက်လိုက်မှုကင်းရှင်းစွာနဲ့ ပေးအပ်ထားတဲ့ အခွင့်အာဏာအတိုင်း ကြိုးပမ်းလုပ်ဆောင်ခဲ့ကြပါတယ်။
စစ်မှန်တဲ့ စိတ်ဓါတ်နဲ့ ဖော်ထုတ်ခဲ့ကြတဲ့ ဒီအကြံပြုချက်တွေဟာ မတူကွဲပြားတဲ့ လူ့အသိုင်းအဝိုင်းတွေကြား သဟဇာတရှိရှိ နေထိုင်နိုင်မှုနဲ့အတူ ရခိုင်ပြည်နယ်မှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို ရည်ရွယ်ပြီး တင်ပြခဲ့တာဖြစ်တယ်လို့ အာနန်က အခိုင်အမာ ယုံကြည်ထားပါတယ်။
မြန်မာနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းဟာ အတူတကွ အများကြီးနီးကပ်စွာ ဆောင်ရွက်ဖို့လိုသလို နိုင်ငံတကာရဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိရင်လည်း မြန်မာဟာ ကိုယ့်ဘာသာကိုယ် ရုန်းကန်ရမယ်လို့လည်း အာနန်က ရှုမြင်ပါတယ်။ ရခိုင်အကျပ်အတည်းနဲ့ ပတ်သက်ပြီး ပြည်တွင်းနဲ့ နိုင်ငံတကာက ပြောကြားချက်တွေကြား ကျယ်ပြန့်တဲ့ ခြားနားချက်တွေ ရှိနေပေမယ့် အာနန်ရဲ့ အစီရင်ခံစာက ခြားနားမှုကို တံတားထိုးပေးရာမှာ အကောင်းဆုံး ဖြစ်နေပါသေးတယ်။
မြန်မာဟာ သူ့ရဲ့ မိတ်ဆွေကောင်းတစ်ဦးကို ဆုံးရှုံးလိုက်ရပြီဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ ရေရှည်တည်ငြိမ် ဖွံ့ဖြိုးရေးကို အထောက်အပံံ့ဖြစ်စေဖို့ ကျွန်တော်တို့ အတူတကွ အလုပ်လုပ်ခဲ့တဲ့ နှစ်သက်ဖွယ်အချိန်တွေကို ကျွန်တော် အမြဲတမ်း အမှတ်ရနေမှာပါ။
အောင်ကျော်ဦး ဘာသာပြန်သည်။