ကိုဖီအာနန်ရဲ့အမွေနဲ့ မြန်မာနိုင်ငံရဲ့ အနာဂါတ်

LAETITIA VAN DEN ASSUM ရေးသားသည်။

သူတို့ ဘယ်ကနေ ထွက်လာသလဲဆိုတာတောင် သတိမထားမိလိုက်ပါဘူး။ ရိုဟင်ဂျာအမျိုးသမီးနဲ့ သူတို့ရဲ့ ကလေးတွေဟာ အရပ်မျက်နှာအသီးသီးကနေ ကျွန်မတို့ဆီ ပြေးလာခဲ့ကြတယ်။ ဒါက ၂ဝ၁၆ ခုနှစ်၊ ဒီဇင်ဘာလကပါ။ နောက်ပြီး ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်လည်း မောင်တောခရိုင်က ကြက်ရိုးပြင်ရွာကို ရောက်နေခဲ့တာပါ။ ဒီခရီးစဉ်မှာ ကိုဖီအာနန်က ကျွန်မတို့ကို ဦးဆောင်ခဲ့ပါတယ်။ ကျွန်မတို့က မကြေညာဘဲ ရောက်လာခဲ့ပြီး ရွာရဲ့ ဖျက်ဆီးခံထားရတဲ့ အပိုင်းတွေကို လေ့လာနေချိန် အဲဒီအမျိုးသမီးတွေက ကျွန်မတို့ကို တွေ့သွားခဲ့တာပါ။

ကျွန်မတို့နဲ့ လိုက်ပါလာတဲ့ လုံခြုံရေးတပ်ဖွဲ့က သူတို့ကို တားဆီးဖို့ကြိုးစားခဲ့ပေမယ့် အာနန်ကတော့ အဲဒီလိုလုပ်ခွင့် မပြုခဲ့ပါဘူး။ အချိန်တိုအတွင်းမှာပဲ ကျွန်မတို့ကို သူတို့ ဝိုင်းအုံလာခဲ့ပါတယ်။ ရခိုင်ရိုဟင်ဂျာကယ်တင်ရေးတပ် (အာဆာ)က ၂ဝ၁၆ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှာ ရဲစခန်းတွေကို ကြောက်မက်ဖွယ် တိုက်ခိုက်ပြီးတဲ့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လက်တုံ့ပြန်ချိန် ရွာမှာဖြစ်ပျက်ခဲ့သမျှကို သူတို့ထံက ကြားခဲ့ရပါတယ်။ ဆုံးရှုံး နာကျင်မှုတွေအကြောင်း ပြောနေခဲ့ကြတာက မချိတင်ကဲ ဖြစ်စရာတွေပါ။ သေဆုံး။ ပျောက်ဆုံး၊ ဒါမှမဟုတ် ဖမ်းဆီးခံ ခင်ပွန်းသည်တွေ၊ သားတွေအကြောင်း၊ လိင်အကြမ်းဖက်မှုတွေ၊ ဖျက်ဆီးခံရတဲ့ အိမ်တွေ၊ ကျောင်းတွေ၊ ဗလီတွေနဲ့ ဈေးတွေ၊ နောက်ပြီးတော့ ဆုံးရှုံးသွားခဲ့တဲ့ အသက်မွေးဝမ်းကျောင်းမှုတွေ အကြောင်းတွေပေါ့။

အာနန်က ငြိမ်ငြိမ်လေးပဲ မတ်တပ်ရပ်ပြီး နားထောင်နေခဲ့ပါတယ်။ သူက မလောပါဘူး။ အမျိုးသမီးတွေအနေနဲ့ သူတို့ရဲ့ ဒုက္ခတွေသောကတွေကို မျှဝေဖို့ သူတို့ကို လုံလောက်တဲ့ အခွင့်အရေးပေးခဲ့ပါတယ်။ “နားထောင်ပြီး သိရှိရန် ကျွန်ုပ်တို့ ကြိုးပမ်းထားသည်” လို့ ကော်မရှင်အစီရင်ခံစာရဲ့ အမှာစာမှာ အာနန်က ရေးသားခဲ့ပါတယ်။ ရိုဟင်ဂျာတွေဆီကသာမက အထူးသဖြင့် ရခိုင်ပြည်နယ်က လူ့အသိုင်းအဝိုင်းအားလုံးဆီက ပြောတာတွေ နားထောင်ပြီး သိရှိအောင်လုပ်ခဲ့တာပါ။ သမာသမတ်ကျခြင်းရဲ့ အရေးကြီးပုံကို အာနန်က အမြဲတမ်း အလေးထားပြောလေ့ရှိပါတယ်။ ပြောင်းလဲမှုက လူ့အသိုင်းဝိုင်းတွေ ကိုယ်တိုင်ကနေ စတယ်ဆိုတဲ့ ခိုင်မာတဲ့ ယုံကြည်ချက်ကို ကျွန်မတို့ရဲ့ အစီရင်ခံစာက ပြောကြားထားပါတယ်။

၂ဝ၁၇ ခုနှစ်၊ သြဂုတ် ၂၅ ရက်နေ့က မြန်မာနိုင်ငံမှာ ပြုလုပ်တဲ့ သူ့ရဲ့ နောက်ဆုံးသတင်းစာရှင်းလင်းပွဲမှာ အာနန်က “အသွင်ကူးပြောင်းရေးဖြစ်စဉ်မှာ ရခိုင်ပြည်နယ်က ပြည်သူတွေအားလုံး အချုပ်အချယ်ကင်းကင်းနဲ့ ပါဝင်ဆောင်ရွက်မှုဟာ မရှိမဖြစ် လိုအပ်ပါတယ်။ ရခိုင်ပြည်နယ်ရဲ့ လူ့အသိုင်းအဝိုင်းတွေအကြား ယုံကြည်မှု တည်ဆောက်တဲ့၊ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှု တစ်ခုကနေ တဆင့်သွားရမယ့် ပြောင်းလဲမှုအတွက် လိုအပ်ချက်ကို သူတို့ ယုံကြည်ရမှာ ဖြစ်ပါတယ်။ ဒါဟာ ရေရှည်တည်တံံ့တဲ့ တိုးတက်မှုရဲ့ အခြေခံအုတ်မြစ်တစ်ခုပါ” လို့ ပြောကြားခဲ့ပါတယ်။

အာဆာအဖွဲ့ရဲ့ နောက်ထပ်တိုက်ခိုက်မှုတွေက မောင်တောင်ခရိုင်ကို တုန်လှုပ်ခြောက်ခြားသွားသလို အချိုးအစားမမျှတတဲ့ လက်တုံ့ပြန်မှုတွေကြောင့်လည်း ရိုဟင်ဂျာ ၇ဝဝ,ဝဝဝ ကျော်ဟာ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးစေခဲ့တာဖြစ်တယ်လို့ အဲဒီနေ့ကပဲ အာနန်က သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။

ကော်မရှင်ရဲ့ နောက်ဆုံးအစီရင်ခံစာဟာ ဆီလျော်မှုမရှိဖြစ်မှာကို အများက စိုးရိမ်ခဲ့ကြပေမယ့် သူတို့မှားတယ်ဆိုတာ ပြသနိုင်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်ရဲ့ နိုင်ငံရေးအခြေအနေတွေမှာ ထင်ရှားတဲ့ ပြောင်းလဲမှုရှိပေမယ့် အစီရင်ခံစာဟာ တကယ်ပဲ ဆီလျော် သက်ဆိုင်နေဆဲပါ။

ပြဿနာတွေရဲ့ အဓိကအကြောင်းရင်းကို ကိုင်တွယ်ရာမှာ မျှတပြီး ဟန်ချက်ညီတဲ့ ချဉ်းကပ်မှုနဲ့ ချိန်ဆမှုတွေဟာ လက်ခံမှုရရှိခဲ့ပြီး၊ ကော်မရှင်ရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော်ခြင်းကသာ ဒုက္ခသည်တွေ ဆန္ဒအလျောက် ပြန်လာနိုင်ဖို့အတွက် မရှိမဖြစ် လိုအပ်ချက်ဖြစ်ပါတယ်။

၂ဝ၁၇ ခုနှစ်၊ အောက်တိုဘာလလယ်လောက်မှာ ကော်မရှင်ရဲ့ တွေ့ရှိချက်တွေကို တင်ပြဖို့ နယူးယောက်က ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရှေ့မှောက်ကို အာနန် သွားရောက်ခဲ့ပါတယ်။ အဖွဲ့ဝင် ၁၅ ဦးပါ လုံခြုံရေးကောင်စီက ကော်မရှင်ရဲ့ အကြံပြုချက်တွေကို ကြိုဆိုခဲ့ပါတယ်။ ဒီလိုမျိုး အစီရင်ခံစာဟာ ရခိုင်ပြည်နယ်နဲ့ ပတ်သက်လို့ မြန်မာနဲ့ ကျယ်ပြန့်တဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းတို့အကြား သဘောတူညီကြတဲ့ နယ်ပယ်အနည်းအကျဉ်းထဲက တစ်ခုမျှသာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာ အပြီးသတ်တော့ မဟုတ်ခဲ့ပါဘူး။

ရခိုင်ကော်မရှင်ရဲ့ အတွေ့အကြုံတွေကို မျှဝေလိုတဲ့ အာနန်က မြန်မာနိုင်ငံအတွက် ပထမဆုံးဖြစ်တဲ့ သင်ခန်းစာတွေကနေ သင်ယူတဲ့ ပရောဂျက်တစ်ခုကို တောင်းဆိုခဲ့ပါတယ်။ နောက်ပြီး ပေါ်လစီချမှတ်သူတွေ၊ ပညာရှင်တွေနဲ့ ပညာကို လက်တွေ့ ကျင့်သုံးသူတွေအတွက် နားလည်လွယ်ပြီး လမ်းညွှန်နိုင်တဲ့ နည်းလမ်းတစ်ခုနဲ့ ကျွန်မတို့ရဲ့ အတွေ့အကြုံတွေကနေ တခြားသူတွေကို အကျိုးဖြစ်ထွန်းစေဖို့လည်း ဖြစ်ပါတယ်။

လေ့လာမှုရလဒ်တွေကို ဒိန်းမတ်အစိုးရက လက်ခံကျင်းပတဲ့ ကိုပင်ဟေဂင်က အစည်းအဝေးတစ်ခုမှာ ၂ဝ၁၈ ခုနှစ်၊ ဇွန် ၈  ရက်နေ့မှာ စတင် ဖြန့်ဖြူးခဲ့ပြီး အဲဒီမှာ မြန်မာအစိုးရရဲ့ ဝန်ကြီးနှစ်ဦးလည်း ရှိနေခဲ့ပါတယ်။

အာနန်ဟာ အဲဒီအရေးကို ဆက်လက်စိတ်ဝင်စားနေခဲ့ပြီး မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်က ဖြစ်ပေါ်ပြောင်းလဲမှုတွေကို နောက်ကနေ အနီးကပ် ဆက်လက်စောင့်ကြည့်နေခဲ့တယ်ဆိုတာ ကိုပင်ဟေဂင်မှာ ကျွန်မ ခဏနေစဉ်က သိခဲ့ရပါတယ်။

နှစ်တွေများစွာအတွင်း လူမျိုးရေးနဲ့ ဘာသာရေးပဋိပက္ခကို ဆန့်ကျင်ပြီး ယဉ်ကျေးမှုထွေပြားခြင်း၊ အားလုံးပါဝင်ခြင်းနဲ့ သည်းခံမှုတွေက အရေးကြီးတဲ့အကြောင်း မကြာခဏ ပြတ်ပြတ်သားသား ပြောနေခဲ့တဲ့ လူတစ်ယောက်က ဒီလိုမျိုးဖြစ်တာက အံ့သြစရာတော့ မဟုတ်ပါဘူး။

အချုပ်အခြာအာဏာဆိုတာက အခွင့်အရေးတင်မဟုတ်၊ တာဝန်ယူမှုတွေလည်း လိုအပ်ပါတယ်လို့ ၂ဝ၁၂ ခုနှစ်က သူ့ရဲ့ စာအုပ် Interventions ထဲမှာ အချုပ်အခြာအာဏာဆိုတဲ့ သဘောတရားနဲ့ပတ်သက်လို့ သူက ကျွန်မတို့ကို သတိပေးခဲ့ပါသေးတယ်။ အချုပ်အခြာနယ်မြေတစ်ခုမှာ နေထိုင်သူအားလုံးအတွက် တာဝန်ယူမှုဆိုတာလည်း ရှိပါတယ်။

မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးကာလဟာ လမ်းဆုံလမ်းခွမှာ ရောက်နေပါတယ်။ ရခိုင်ပြည်နယ်မှာ ကျွန်မတို့ကော်မရှင် ကြုံတွေ့ခဲ့ရတဲ့ ပြဿနာတွေက မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ထွန်းမှုတွေနဲ့ နီးနီးကပ်ကပ် ဆက်စပ်မှုရှိပါတယ်။

မြန်မာပြည်သူတွေဟာ သူတို့ရဲ့ သမိုင်းကြောင်းနဲ့ ကြွယ်ဝ ထွေပြားတဲ့ ယဉ်ကျေးမှုအပေါ် မှန်ကန်စွာ ဂုဏ်ယူတတ်ကြပါတယ်။ ဒါပေမယ့် အတူတကွ ရှေ့ကို တက်လှမ်းဖို့ဆိုရင်တော့ အတိတ်က အားမာန်ပါပြီး တက်ကြွတဲ့ အနာဂတ်အတွက် စိတ်သစ်လူသစ်ဖြင့် နိုးကြားသည့် အမြင်တစ်ခုကို လမ်းဖယ်ပေးရမယ်လို့ ကော်မရှင်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

နိုင်ငံတစ်ခုအနေနဲ့ ဘယ်လို ရှေ့ဆက်သွားမလဲ။ မြန်မာနိုင်ငံရဲ့ အမျိုးစုံလှတဲ့ ပြည်သူတွေဟာ သူတို့ရဲ့ကိုယ်ပိုင်အနာဂတ်ကို ဆုံးဖြတ်ရမှာဖြစ်ပြီး ၂၁ ရာစု မြန်မာနိုင်ငံသားတစ်ယောက်ဖြစ်ဖို့ ဘယ်လိုအဓိပ္ပါယ်ဖွင့်မလဲဆိုတာ အခြေအတင် ဆွေးနွေးဖို့ ကောင်းမွန်စွာ ဆောင်ရွက်ရပါလိမ့်မယ်။.

ဗဟုဝါဒနဲ့ မတူကွဲပြားခြင်းတွေအပေါ်အခြေခံတဲ့ အမျိုးသားရေး အမှတ်လက္ခဏာတစ်ခုကို ပျိုးထောင်ခြင်းက အားကောင်းမောင်းသန် အနာဂါတ်တစ်ခုအတွက် အမြင်တစ်ခုကို ဖော်ဆောင်ရာမှာ အထောက်အကူ ဖြစ်စေပါလိမ့်မယ်။ အဲဒီလိုလုပ်ခြင်းအားဖြင့် သူတို့က ကိုဖီအန်နန်ရဲ့အမွေကို ဂုဏ်ပြုပါလိမ့်မယ်။ ကိုဖီအန်နန်တစ်ယောက် ငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ။

အောင်ကျော်ဦး ဘာသာပြန်သည်။

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar