အေအက်ဖ်ပီ
အရွယ်မရောက်သေးတဲ့ ကလေးစစ်သား ၇၅ ဦးကို တပ်မတော်က နုတ်ထွက်ခွင့်ပေးလိုက်တယ်လို့ ကုလသမဂ္ဂ အေဂျင်စီက ပြောကြားပါတယ်။ အသက်မပြည့်သေးသူတွေကို စစ်မှုထမ်းစေဖို့ အတင်းအကြပ် စုဆောင်းမှုတွေ ပပျောက်စေဖို့အတွက် ဆယ်စုနှစ်နဲ့ချီကာ ဖြေးဖြေးချင်း လုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်အတွက် ယခုနှစ်ထဲမှာ ပထမဆုံး နုတ်ထွက်ခွင့်ပေးတာ ဖြစ်ပါတယ်။
အင်အား ငါးသိန်းလောက်ရှိမယ်လို့ ခန့်မှန်းထားတဲ့ မြန်မာ့တပ်မတော်၊ ဒါမှမဟုတ် နယ်စပ်တစ်လျောက်မှာ တပ်မတော်နဲ့ တိုက်ခိုက်နေတဲ့ တိုင်းရင်းသားစစ်တပ်တွေထဲမှာ ကလေးစစ်သား ဘယ်လောက်ရှိနေလဲဆိုတဲ့ ခိုင်လုံတဲ့ အချက်အလက်တွေ မရှိသေးပါဘူး။
ကုလသမဂ္ဂနဲ့ စတင် ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ ၂၀၁၂ ခုနှစ်ကနေ စတင်ပြီး ကလေးသူငယ်နဲ့ အသက်မပြည့်သေးသူ ၉၂၄ ဦးကို တပ်မတော်က နုတ်ထွက်ခွင့်ပေးခဲ့တယ်လို့ ကုလသမဂ္ဂ ကလေးများ ရံပုံငွေအဖွဲ့ (ယူနီဆက်) ရဲ့ သြဂုတ် ၃၁ ရက်နေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တပ်မတော်ထဲက ထွက်ခွင့်ရတဲ့ ကလေးသူငယ်တွေဟာ အရပ်သားဘဝကို ပြန်သွားနိုင်ဖို့အတွက် ပြန်လည်ပေါင်းစီးရေး အစီအစဉ်တွေကို တက်ရောက်ရဦးမှာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်ကတော့ “စွမ်းဆောင်ရည်ရှိတဲ့ နိုင်ငံသားတွေအနေနဲ့ မြန်မာနိုင်ငံအတွက် တည်တံ့တဲ့ ငြိမ်းချမ်းရေးကို ဆောင်ယူပေးနိုင်စေဖို့” ဖြစ်တယ်လို့ ဆိုပါတယ်။
တပ်မတော်နဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေ တိုက်ခိုက်နေသရွေ့ကတော့ ကလေးငယ်တွေဟာ တပ်သားသစ်တွေအဖြစ် စုဆောင်းခံရမယ့် အန္တရာယ် ရှိနေသေးတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
သူတို့ကို နေထိုင်ရာမြို့တွေမှာရှိတဲ့ ပန်းခြံတွေ၊ ရထားဘူတာရုံတွေလို အများပြည်သူနဲ့သက်ဆိုင်တဲ့ နေရာတွေကနေ အတင်းအကြပ်ဖြစ်စေ၊ ပြန်ပေးဆွဲပြီးဖြစ်စေ ခေါ်ဆောင်လေ့ရှိတယ်လို့ ဆိုပါတယ်။ အကယ်လို့ ငြင်းဆိုခဲ့မယ်ဆိုရင်လဲ ထောင်ချမယ်လို့ ခြိမ်းခြောက်တယ်လို့ ဆိုပါတယ်။
တပ်မတော်အပြင် တိုင်းရင်းသားတပ်ဖွဲ့ ခုနစ်ဖွဲ့ကိုလည်း ကလေးစစ်သားတွေ စုဆောင်းမှု ကျူးလွန်နေသူတွေအဖြစ် ယူနီဆက်က သတ်မှတ်ထားပါတယ်။ အဲဒီအဖွဲ့တွေထဲမှာ တပ်မတော်နဲ့ တိုက်ခိုက်နေတဲ့ ကချင်လွတ်မြောက်ရေးတပ် (ကေအိုင်အေ) နဲ့ ရှမ်းပြည်တောင်ပိုင်း တပ်မတော် (SSA-South) တို့လည်း ပါဝင်ပါတယ်။