ကလေးစစ်သား ၅၅ ဦးကို တပ်မတော်က ထပ်မံနှုတ်ထွက်ခွင့်ပြု

အရွယ်မရောက်သေးသည့် ကလေးသူငယ်နှင့် လူငယ် ၅၅ ဦးအား တပ်မတော်က ထပ်မံ နှုတ်ထွက်ခွင့် ပေးလိုက်သည်ဟု ကုလသမဂ္ဂ ကလေးများ ရံပုံငွေအဖွဲ့ (ယူနီဆက်) က စက်တင်ဘာ ၉ ရက်နေ့က သတင်းထုတ်ပြန်လိုက်သည်။

တပ်မတော်က ကလေးစစ်သားစုဆောင်းခြင်းနှင့် အသုံးပြုခြင်းကို အဆုံးသတ်ရန် ၂၀၁၂ ခုနှစ် ပူးတွဲ လုပ်ငန်းဆောင်ရွက်မှု စီမံချက်ကို ကုလသမဂ္ဂအဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် လက်မှတ်ရေးထိုးပြီးချိန်က စတင်ကာ ကလေးသူငယ်နှင့် လူငယ်လူရွယ် ၈၀၀ ဦးကို နှုတ်ထွက်ခွင့် ပြုပေးခဲ့ပြီးဖြစ်သည်။ ယခုတစ်ကြိမ်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ အာဏာရရှိလာပြီးနောက် ပထမဆုံးအကြိမ် နှုတ်ထွက်ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

တပ်မတော်သားအဖြစ် စုဆောင်းစဉ်က ကလေးအဖြစ် စုဆောင်းခံခဲ့ရပြီး ၂၀၁၂ ခုနှစ်တွင် အရွယ်ရောက်ပြီးဖြစ်သည့် လူငယ် ၁၃ ဦးကိုလည်း ယနေ့ နှုတ်ထွက်ခွင့်ပြုလိုက်သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ၎င်းလူငယ် ၁၃ ဦးမှအပ ကျန် နှုတ်ထွက်ခွင့်ပြုခဲ့သူများသည် အသက် ၁၈ နှစ်အောက် ကလေးသူငယ်များ ဖြစ်ကြသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ယခုကဲ့သို့ နှုတ်ထွက်ခွင့်ပြုခြင်းနှင့်အတူ မြန်မာအစိုးရ၏ ပူးတွဲလုပ်ငန်းဆောင်ရွက်မှု စီမံချက်ကို စိတ်အားထက်သန်စွာ အကောင်အထည်ဖေါ်မှုအတွက် ကြိုဆိုပါကြောင်းနှင့် လက်နက်ကိုင် တပ်ဖွဲ့များအတွင်း ကလေးသူငယ်များအား တပ်သားအဖြစ် စုဆောင်းခြင်းနှင့်အသုံးပြုခြင်းကို ရပ်တန့်ရန် နိုင်ငံတော်အစိုးရအနေဖြင့် ဆက်လက် ကြိုးပမ်း အားထုတ်မှုများ လုပ်ဆောင်ရန် လိုအပ်ပါသည်”ဟု ကြီးလေးသော ကလေးသူငယ် အခွင့်အရေး ချိုးဖောက်မှုများအား စောင့်ကြည့် လေ့လာရေးနှင့် အစီရင်ခံတင်ပြရေး နိုင်ငံအလိုက် အထူးတာဝန်အဖွဲ့ (CTFMR) ၏ ပူးတွဲဥက္ကဋ္ဌဖြစ်သူ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူး Ms. Renata Dessallien က သတင်းထုတ်ပြန်ချက်ထဲတွင် ပြောကြားထားသည်။

ပြီးခဲ့သည့်အစိုးရလက်ထက်က အစိုးရသစ်ထံ အာဏာလွှဲပြောင်းမပေးမီ မတ်လအတွင်းတွင် ကလေးစစ်သား ၄၆ ဦးကို မိဘများထံ လွှဲပြောင်းပေးခဲ့သေးသည်။

မြန်မာနိုင်ငံတွင် တပ်မတော်အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် ခုနစ်ဖွဲ့သည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံတွင် ကလေးသူငယ်များအား တပ်သားအဖြစ် စုဆောင်းခြင်းနှင့် အသုံးပြုခြင်းကို ဆက်လက်ကျူးလွန်နေသူများအဖြစ် စာရင်းသွင်းခံထားရသည်။

ကလေးသူငယ်များအား တပ်သားအဖြစ် ခေါ်ယူစုဆောင်းအသုံးပြုမှုကို အကြိမ်ကြိမ် ကျူးလွန်ခဲ့သည့် အဖွဲ့အစည်းများစာရင်း၌ တပ်မတော်အပြင် ဒီကေဘီအေ Democratic Karen Benevolent Army (DKBA)၊ ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ Kachin Independence Army (KIA)၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့ Karen National Liberation Army (KNLA)၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့ ငြိမ်းချမ်းရေးကောင်စီ Karen National Liberation Army Peace Council၊ ကရင်နီတပ်ဖွဲ့ Karenni Army (KA)၊ ရှမ်းပြည်နယ်တပ်ဖွဲ့ တောင်ပိုင်း Shan State Army South (SSA-S) နှင့် “ဝ” ပြည်သွေးစည်း ညီညွတ်ရေးတပ်ဖွဲ့ United Wa State Army (UWSA) တို့ ပါဝင်ကြသည်။

ကုလသမဂ္ဂအနေဖြင့် အသက် ၁၈ နှစ်အောက် ကလေးငယ်များအား စုဆောင်းခြင်းနှင့် အသုံးပြုခြင်းတို့မှ ကြိုတင်ကာကွယ်ရန်နှင့် အဆုံးသတ်စေရန်အတွက် လုပ်ငန်းစီမံချက်များအား လက်မှတ်ရေးထိုးနိုင်မည့် ဖြစ်နိုင်ခြေအား ဆွေးနွေးရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် မြန်မာအစိုးရအနေဖြင့် ပူးတွဲလုပ်ငန်းစီမံချက်ကို သဘောတူ လက်မှတ်ရေးထိုးခဲ့သည့်အချိန်မှစ၍ စုဆောင်းမှုများကို ဗဟိုမှ ချုပ်ကိုင် ဆောင်ရွက်ခြင်းနှင့် လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင်နေမှုအတွက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ နောက်ဆက်တွဲအခြေပြစာချုပ်အား သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့သော်လည်း အတည်ပြုလက်မှတ်ရေးထိုးရန် လိုအပ်နေသေးသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အစိုးရအနေဖြင့် မဖြစ်မနေလုပ်ဆောင်ရန်ကျန်ရှိနေသော လုပ်ငန်းအဆင့်များ ဖြစ်သည့် အထူးသဖြင့် ကလေးသူငယ်များအား စုဆောင်းခြင်းနှင့် အသုံးပြုခြင်းကို ပြတ်ပြတ်သားသား တားမြစ်ရန်အတွက် မကြာမီ အသစ် ပြင်ဆင်ပြဌာန်းမည့် ကလေးသူငယ်ဥပဒေတွင် ထည့်သွင်းကျင့်သုံးရန်၊ တပ်မတော်အတွင်း တပ်သားအဖြစ် စုဆောင်းရာတွင် အသက်အရွယ် ဆန်းစစ်သည့် လုပ်ငန်းစဉ်များနှင့် ကလေးသူငယ်အခွင့်အရေး ချိုးဖောက်မှုများမှ ကာကွယ်နိုင်သည့်အကြောင်းများကို တပ်မတော် သင်ရိုးညွှန်းတမ်းများတွင် ထည့်သွင်းရန် စသည်တို့ကို အရှိန်အဟုန်မြှင့် လုပ်ဆောင်ရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းပါသည်” ဟု CTFMR ၏ ပူးတွဲ-ဥက္ကဋ္ဌနှင့် ယူနီဆက်မှ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Bertrand Bainvel က ပြောကြားသည်။

ကလေးသူငယ်များနှင့် အရွယ်မရောက်သေးသူ လူငယ်များအား တပ်သားအဖြစ် စုဆောင်းသဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်အထိ တပ်မတော် အရာရှိ ၇၃ ဦးနှင့် စစ်သည် ၃၀၉ ဦးကို စစ်စည်းကမ်းနှင့်အညီ အရေးယူခဲ့သည်ဟု မတ်လအတွင်းတွင် တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။

သတင်း-ဆန်းဦး

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar