ကမ်းခြေစောင့်တပ်ဖွဲ့အား ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်၌ ထားရှိဖွဲ့စည်းမည်

မြန်မာနိုင်ငံ၏ ကမ်းရိုးတန်းနှင့် ပင်လယ်ပြင်လုံခြုံရေးအတွက် ဖွဲ့စည်းရန် ပြင်ဆင်နေသည့် ကမ်းခြေစောင့်တပ်ဖွဲ့အား ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်တွင် ထားရှိဖွဲ့စည်းသွားမည်ဟု ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ပြည်သူ့လွှတ်တော်တွင် ယနေ့၊ မတ် ၁၃ ရက်နေ့က ပြောကြားသည်။

“ကမ်းခြေစောင့်တပ်ဖွဲ့အား ကာကွယ်ရေးဝန်ကြီးဌာနအောက်တွင် ထည့်သွင်းဖွဲ့စည်းပြီး တပ်မတော်၏ ကွပ်ကဲမှုအောက်တွင် ထားရှိကာ လုပ်ငန်းတာဝန်များဆောင်ရွက်ရန်အတွက် လွှတ်တော်သို့ တင်ပြအတည်ပြုချက်ရယူပြီး ဖွဲ့စည်းတာဝန်ပေးအပ်ရေးအတွက် ဆောင်ရွက်နေပါတယ်” ဟု ၎င်းက ပြောကြားသည်။

မြန်မာနိုင်ငံ၏ ပင်လယ်ပြင်သည် စတုရန်းမိုင် ၁၄,၀၀၀ ကျယ်ဝန်းပြီး ကမ်းရိုးတန်းသည် မိုင် ၁၂၀၀ ကျော်ရှည်လျားကာ ကမ်းခြေစောင့်တပ်ဖွဲ့အနေဖြင့် လူမှောင်ခိုကုန်ကူးမှုများ၊ တရားမဝင် ငါးခိုးဖမ်းမှုများ၊ မူးယစ်ဆေးမှောင်ခိုမှုများကို တားဆီးခြင်း၊ မြန်မာ့ပင်လယ်ပြင်တွင်း တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများ၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ကိုင်သွားမည်ဖြစ်သည်။

ထို့ပြင် ရေကြောင်းမတော်တဆမှုများ စုံစမ်းစစ်ဆေးရေး၊ ပင်လယ်ပြင်ရှိ စွမ်းအင်သယံဇာတနှင့်ငါးလုပ်ငန်း စသည့် ရေကြောင်းအကျိုးစီးပွားများ ကာကွယ်စောင့်ရှောက်ရေးနှင့် ရေထုညစ်ညမ်းမှုကာကွယ်ရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေးတို့ကိုလည်း ကမ်းခြေစောင့်တပ်ဖွဲ့က ဆောင်ရွက်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံတော်တွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းများအားလုံးသည် တပ်မတော်၏ ဖွဲ့စည်းမှုအောက်တွင် ထားရှိရန်နှင့် နိုင်ငံတော်အား ပြည်တွင်းပြည်ပအန္တရာယ်များမှ ကာကွယ်ရေးအတွက် တပ်မတော်က ဦးဆောင်ရမည်ဟု ပြဌာန်းထားသည့်အတွက် ကမ်းခြေစောင့်တပ်ဖွဲ့အား ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်တွင် ထားရှိဖွဲ့စည်းပြီး တပ်မတော်၏ ကွက်ကဲမှုအောက်တွင် ထားရှိရခြင်းဖြစ်သည်ဟု ဗိုလ်ချုပ်မြင့်နွယ်က ဆက်လက်ပြောကြားသည်။

ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းပြီးပါက တပ်မတော် (ရေ)၏ကွပ်ကဲမှုဖြင့် မြန်မာနိုင်ငံရေကြောင်းရဲတပ်ဖွဲ့၊ အကောက်ခွန်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ ငါးလုပ်ငန်းဦးစီးဌာန စသည့် သက်ဆိုင်ရာအဖွဲ့အစည်းများမှ ကျွမ်းကျင်သူများပါဝင်သည့် Integrated Comman d Centre(ICC)တစ်ခု ဖွဲ့စည်းတည်ထောင်ကာ သတင်းဖလှယ်ဆောင်ရွက်သွားမည်ဟု ၎င်းကပြောကြားသည်။

နိုင်ငံတကာတွင်မူ ကမ်းခြေစောင့်တပ်ဖွဲ့များကို ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်တွင် ထားရှိခြင်း၊ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်တွင် ထားရှိခြင်း၊ ပို့ဆောင်ရေးဝန်ကြီးဌာနလက်အောက်မှာ ထားရှိခြင်းတို့အပြင် သမ္မတနှင့် ဝန်ကြီးချုပ်များကဲ့သို့ နိုင်ငံခေါင်းဆောင်များလက်အောက်တွင် ထားရှိသည့်ပုံစံများဖြင့် ဖွဲ့စည်းလေ့ရှိကြသည်။

မြန်မာနိုင်ငံတွင် ရေကြောင်းရဲတပ်ဖွဲ့ရှိသော်လည်း ရေယာဉ်ကဲ့သို့ အထောက်အကူပြုပစ္စည်းများ အားနည်းနေသည့်အတွက် ကမ်းရိုးတန်းမြို့များတွင်သာ အခြေစိုက်နိုင်ပြီး ပင်လယ်ပြင်လုံခြုံရေးအတွက် တပ်မတော် (ရေ) ကသာ တာဝန်ယူဆောင်ရွက်ပေးနေသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar