မြန်မာအစိုးရက ဆောင်ရွက်လျက်နေသော မေခရိုစီးပွားရေး တည်ငြိမ်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ခံနိုင်ရည်ရှိမှု ကြိုးပမ်းဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံအစိုးရအား အတိုးမဲ့ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ပေးရန် ကမ္ဘာ့ဘဏ်က အတည်ပြုလိုက်သည်။
ကမ္ဘာ့ဘဏ်၏ ပံ့ပိုးမှုဖြင့် ဆောင်ရွက်မည့် အဆိုပါ လုပ်ငန်းစဉ်တွင် စီးပွားရေး စီမံခန့်ခွဲမှုများ ခေတ်မီ တိုးတက်ရေးနှင့် အုပ်ချုပ်ရေးလုပ်ငန်းများ ပိုမိုတိုးတက် ကောင်းမွန်လာစေရေးအတွက် အဓိကကျသည့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ပါဝင်သည်ဟု ဧပြီ ၂၇ ရက်နေ့က ထုတ်ပြန်သည့် ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် လက်ရှိစိန်ခေါ်မှုများဖြစ်သည့် ငွေကြေဖောင်းပွမှု၊ ပြည်သူ့ကြွေးမြီ ခံနိုင်ရည်ရှိမှုနှင့် အစိုးရ၏ အသုံးစရိတ်နှင့် အခွန်ကောက်ခံမှုများ ထိရောက်မှုစသည်တို့ကို ဖြေရှင်းဆောင်ရွက်နိုင်မည် ဖြစ်သည်။
ထိုချေးငွေဖြင့် မြန်မာနိုင်ငံသည် အတိုးနှုန်းနည်းသည့် နှစ်ရှည်ချေးငွေများကို အရေးပါသည့် ပြည်သူ့ရေးရာလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အသုံးပြုနိုင်မည်ဖြစ်သည်ဟု ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“လုပ်ငန်းစဉ်မှာ အဆိုပြုထားတဲ့ မူဝါဒပြောင်းလဲမှု လုပ်ငန်းတွေရဲ့ အထောက်အကူနဲ့ စီးပွားရေး မူဝါဒတွေကို ခိုင်ခိုင်မာမာ အကောင်အထည် ဖော်နိုင်စေရန်၊ ပြည်သူများအတွက် လျှပ်စစ်ဓါတ်အား၊ ပညာရေး၊ ကျန်းမာရေး အစရှိတဲ့ ပြည်သူ့ရေးရာ ဝန်ဆောင်မှုလုပ်ငန်းတွေ ပိုမိုလက်လှမ်းမှီနိုင်စေရန် ယုံကြည်မှုတည်ဆောက်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဥပမာအားဖြင့် ငွေကြေးဖောင်းပွမှုကို နည်းပါးပြီး တည်ငြိမ်အောင် ထိန်းထားနိုင်မယ်ဆိုရင် အရည်အသွေးမြင့်မားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာနိုင်မှာဖြစ်ပြီး အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်မှာ ဖြစ်ကာ အားလုံးပါဝင်နိုင်တဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်ပါလိမ့်မယ်” ဟု စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ထုတ်ပြန်ချက်ထဲတွင် ပြောကြားထားသည်။
ယခု ချေးငွေသည် ဝင်ငွေနည်းပါသည့် တိုင်းပြည်များအတွက် ရည်ရွယ်သည့် ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးရံပုံငွေ (International Development Association) က ပေးအပ်သည့် ချေးငွေဖြစ်ပြီး ချေးငွေသက်တမ်းမှာ ၃၈ နှစ်ဖြစ်ကာ၊ ခြောက်နှစ် ဆိုင်းငံ့ကာလရရှိမည်ဖြစ်ပြီး အတိုးမဲ့ချေးငွေ အမျိုးအစားဖြစ်သည်။
သတင်း-စောကပလူစိုး