ရုပ်ရှင်လောကသားများအနေဖြင့် လက်ရှိအခြေအနေတွင် တင်းတိမ်ရောင့်ရဲ့မနေဘဲ ကမ္ဘာက စိတ်ဝင်စားအလေးထားသည့် ရုပ်ရှင်ယဉ်ကျေးမှုတစ်ရပ်အဖြစ် တည်ဆောက်စေလိုသည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က တိုက်တွန်းခဲ့သည်။
“နိုင်ငံတကာရုပ်ရှင်တွေနဲ့ အဆင့်အတန်းမီအောင် ရည်မှန်းချက်ထားပြီး လတ်တလောကာလမှာ ဒေသတွင်းရှိ ရုပ်ရှင်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံများလိုဖြစ်လာအောင် ကြိုးစားကြဖို့ တိုက်တွန်းလိုပါတယ်” ဟု မတ် ၂၃ ရက်နေ့က ရန်ကုန်မြို့၌ ကျင်းပသည့် ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
“ရုပ်ရှင်အပါအဝင် ဖျော်ဖြေရေးလုပ်ငန်းတွေကနေတစ်ဆင့် ကျွန်မတို့ ပြည်ထောင်စု နိုင်ငံသားတွေရဲ့ သမိုင်း၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ စိတ်နေစိတ်ထား၊ ကျွန်မတို့ရဲ့ မျှော်လင့်ချက် တွေကို ကမ္ဘာကသိအောင် နားလည် စာနာအောင် လုပ်နိုင်တဲ့ အခွင့်အရေးတွေ အများကြီး ရှိနေတယ်ဆိုတာ မှတ်ယူထားစေချင်ပါတယ်” ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။
အာရှဒေသတွင် ကိုရီးယား၊ ဂျပန်၊ တရုတ်၊ အိန္ဒိယရုပ်ရှင်ဇာတ်ကားများမှာ ၎င်းတို့၏ ယဉ်ကျေးမှု သမိုင်းတန်ဖိုးများဖြင့် တံဆိပ်ခတ်ထားပြီး ကမ္ဘာတွင် ထင်ရှားကျော်ကြားနေသလို မြန်မာနိုင်ငံအနေဖြင့် ၎င်းတို့ကဲ့သို့ ရုပ်ရှင်များကတစ်ဆင့် ဖော်ထုတ်ပြသနိုင်မည်ဆိုပါက နောင်မျိုးဆက်များအထိ ဂုဏ်ယူရမည့် မှတ်တိုင်များအဖြစ် မော်ကွန်းတင်နိုင်မည်ဟု ၎င်းကပြောသည်။
“ကျွန်မတို့ အနေနဲ့လည်း ကိုယ့်နိုင်ငံရဲ့ သမိုင်းအမွေအနှစ်တွေ၊ အနုပညာ အမွေအနှစ်တွေကို တမူထူးခြားတဲ့ ရှုထောင့်က ဖော်ထုတ်ပြနိုင်ပြီး ကမ္ဘာကစိတ်ဝင်စား အလေးထားတဲ့ ရုပ်ရှင်ယဉ်ကျေးမှုတစ်ရပ်အဖြစ် တည်ဆောက်စေချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
“ကမ္ဘာတစ်ဝန်းမှာရုပ်ရှင်ကို စွဲလန်းနှစ်သက်ကြပြီး ရုပ်ရှင်သရုပ်ဆောင်များကိုလည်း ချစ်ခင်လေးစား အရေးထားတတ် ကြပါတယ်။ အထူးသဖြင့် လူငယ်များအဖို့ အားကျ အတုယူဖွယ်ရာ စံနမူနာပုဂ္ဂိုလ်များအဖြစ်လည်း မှတ်ယူတတ်ကြပါတယ်။ ဒါကြောင့်မို့လို့ ရုပ်ရှင်သရုပ်ဆောင်များအနေနဲ့လည်း ကိုယ့်ပရိသတ် ပြည်သူများရဲ့ စံနမူနာပြဖြစ်အောင် ကောင်းမွန်တဲ့ ကိုယ်ကျင့်တရား၊ ကြိုးစားတဲ့စိတ်၊ ရိုးသားတဲ့စိတ်၊ နိုင်ငံနဲ့လူမျိုးကိုချစ်မြတ်နိုး တန်ဖိုးထားတဲ့ စိတ်တွေနဲ့ ဦးဆောင်လမ်းပြသူများအဖြစ် ဂုဏ်ယူတန်ဖိုးထားတတ်ကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု ၎င်းက တိုက်တွန်းခဲ့သေးသည်။
“တစ်ဖက်ကလည်းကိုယ့်ရဲ့ ပရိသတ်ဖြစ်တဲ့ ပြည်သူတွေအားလုံး လိုလား တောင့်တနေကြတဲ့ ငြိမ်းချမ်းရေး၊ အမျိုးသားရင်ကြားစေ့ရေး၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးစတဲ့ ကဏ္ဍတွေမှာ ကိုယ်တတ်ကျွမ်းရာအနုပညာအစွမ်းနဲ့ တစ်ဖက်တစ်လမ်းကနေ ပါဝင်ဆောင်ရွက်ပေးစေလိုပါတယ်။ ရုပ်ရှင်လောကရဲ့ ပရဟိတအင်အားတွေကို ဖော်ထုတ်ပြပေးစေချင် ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့သည်။