ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးလောင်မှုကြောင့် ကျပ်သိန်း ၃၇,၀၀၀ (အမေရိကန်ဒေါ်လာ ၂၇ ဒသမ ၅ သန်း)ဖိုးလောက် ဆုံးရှုံးခဲ့တယ်လို့ ခန့်မှန်းထားကြောင်း ကနဦး စုံစမ်းစစ်ဆေးမှု အစီရင်ခံစာကို အခြေခံပြီး မင်္ဂလာတောင်ညွှန့်မြို့နယ် ရဲတပ်ဖွဲ့၊ စခန်းမှူး ဒုရဲမှူး ဇော်နိုင်ဝင်းက ပြောပါတယ်။
စက်တင်ဘာ ၁၉ ရက်နေ့ နံနက်အစောပိုင်းက စတင်လောင်ကျွမ်းခဲ့တဲ့မီးကြောင့် ဟိုတယ်တစ်ခုလုံးနီးပါး ပျက်စီးသွားခဲ့ပြီး အနည်းဆုံး လူနှစ်ဦး သေဆုံးခဲ့ရပါတယ်။ ဒီဖြစ်ရပ်ကို ရက်သတ္တပတ် နှစ်ပတ်နီးပါးကြာအောင် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက်မှာ မီးလောင်ရတဲ့ အကြောင်းရင်းနဲ့ ဆုံးရှုံးမှု ခန့်မှန်းတန်ဖိုးကို ရဲတပ်ဖွဲ့က ထုတ်ဖော်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
“မီးလောင်တဲ့အကြောင်းအရင်းကတော့ ဆွေးမြေ့တဲ့ ဝါယာကြိုးတွေ အသုံးပြုလို့ဖြစ်တာ”လို့ ကနဦး စုံစမ်းစစ်ဆေးမှု အစီရင်ခံစာကို အခြေခံပြီး ဒုရဲမှူးဇော်နိုင်ဝင်းက ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ထင်ရှားတဲ့ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးတေဇပိုင်ဆိုင်ပြီး မြန်မာနိုင်ငံရဲ့အကောင်းဆုံး ဟိုတယ်တွေထဲကတစ်ခုဖြစ်တဲ့ ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးလောင်မှုကို စစ်ဆေးရာမှာ မီးသတ်ဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ လဝကနဲ့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး၊ လျှပ်စစ်ဌာနအပြင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာနတို့ ပူးပေါင်း ပါဝင်ခဲ့ပါတယ်။
မီးလောင်ချိန်က ဟိုတယ်ရဲ့အခန်း ၉၆ ခန်းမှာ ဧည့်သည် ၁၄၁ ဦး တည်းခိုနေတယ်လို့ သိရပြီး ဧည့်သည်အများစုက နိုင်ငံခြားသားတွေ ဖြစ်ပါတယ်။ မီးလောင်မှုကြောင့် ဂျပန်အမျိုးသားတစ်ဦးနဲ့ ကျားမခွဲခြားနိုင်ခြင်းမရှိသူ ၁ ဦး၊ စုစုပေါင်း ၂ ဦး သေဆုံးခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် မီးသတ်တပ်ဖွဲ့အရာရှိတစ်ဦးလည်း အပြင်းအထန် ဒဏ်ရာရရှိခဲ့ပါတယ်။
မီးလောင်မှုနဲ့ ပတ်သက်ပြီးအသက် ၄၁ နှစ်အရွယ် ဟိုတယ်မန်နေဂျာကို ပေါ့ဆမှုကြောင့် မီးလောင်ကျွမ်းမှုနဲ့ လူသေမှု စတဲ့စွဲချက်နှစ်ခုနဲ့ ရဲတွေက ဖမ်းဆီးထားပြီး နိုဝင်ဘာ ၁၆ ရက်နေ့မှာ ရုံးထုတ်မှာ ဖြစ်ပါတယ်။
သတင်း-ထွန်းခိုင်